Thursday, October 30, 2014

The One That Got Away

(၁)

တောင်ကြီးမြို့လေး၏ မနက်ခင်းသည် သာယာလှပလွန်းနေသည် ။ မြူခိုးလေးက မှိုင်းဝေရီနေသော တောင်တန်းများ၏ ထိပ်ဖျားများကို အိမ်ခေါင်မိုးပေါ်မှ ကြည့်ရသည်ကို စိုင်းလွန်းခန့် နှစ်သက်သည် ။ အရှေ့တွင်မူ ၀ိုင်ပုလင်းတစ်လုံးကို ချထားသည် ။ သည်နေ့လည်း စိုင်း အပြင်မထွက်ချင်ပါ ။ တစ်နေ့လုံး သည်ဝိုင်တစ်လုံးနှင့် အချိန်ဖြုန်းမိဦးမည် ထင်သည် ။

သည် တောင်ကြီးမြေသည် စိုင်းကို အမှတ်တရများစွာ ပေးခဲ့သည် ။ နာကျည်းမှု များစွာ ပေးခဲ့သည် ။ ပျော်ရွှင်မှု များစွာ ပေးခဲ့သည် ။ အသက်ထက် ချစ်ရသော လူ တစ်ယောက်ကို သည် တောင်ကြီးမြေကပင် သူ့ကို လက်ဆောင်ပေးခဲ့ဖူးသည် ။ ဘုရားပေးသော လက်ဆောင်ဟု တစ်ချိန်က သူ သတ်မှတ်ခဲ့ရဖူးသော လူ တစ်ယောက် တစ်ခါက သူ့တွင် ရှိခဲ့ဖူးသည် ။

အခုတော့ရော … ။ အခုတော့ အတိတ်တွေသည် အတိတ်မှာပင် ကျန်ရစ်ခဲ့ကြလေပြီ … ။

(၂)

ဒါ မင်းတို့အတန်းကို အသစ်ပြောင်းလာတဲ့ ကျောင်းသားသစ် … ဇယံမိုး တဲ့ … သားတို့ မှတ်ထားရမယ်နော် …

ဇယံမိုးသည် ကျွန်တော့် ဘေးတွင် လာထိုင်လေသည် ။ ထိုအချိန်က ကျွန်တော်တို့ ကိုးတန်းနှစ် ဖြစ်သည် ။ ဇယံသည် ကျွန်တော့် အခင်ဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့လေသည် ။ တစ်နှစ်လုံး တူတူသွား ၊ တူတူလာ ၊ တူတူ စားနှင့် စာတူတူ ကျက်ခဲ့ကြသည် ။ နှစ်အိမ့်တစ်အိမ် ဖြစ်လာခဲ့ကြသည် ။ မိဘများက ပင် သည် သူငယ်ချင်းနှစ်ယောက် သိပ်ချစ်ကြတာပဲဟု မှတ်ချက် ပေးခဲ့လေသည် ။

ကိုးတန်း စာမေးပွဲ ဖြေပြီးသော နေ့တွင် ကျွန်တော် ဇယံ့ကို အတတ်ကောင်း တစ်ခု သင်ပေးခဲ့သည် ။ ယင်းမှာ ၀ိုင် သောက်ခြင်းပင် ဖြစ်သည် ။ အိမ်တွင် ဖေဖေက ညဘက်ဆိုလျှင် ၀ိုင်သောက်လေ့ရှိသည် ။ ဖေဖေ့ ၀ိုင်ပုလင်းတွေ ထားသော နေရာကို ကျွန်တော်သိသည် ။ ဖေဖေ မသိအောင် တစ်လုံးလောက် ခိုးပြီး သောက်ချင်သော စိတ်တော့ အမြဲရှိခဲ့သည် ။ ဒါပေမယ့် ကျွန်တော် တစ်ယောက်ထဲတော့ မသောက်ချင် ။ ထို့ကြောင့် ဇယံ့ကို အဖေါ်ညှိကြည့်သည် ။

ကောင်းပါ့မလား စိုင်းရယ် …

ကောင်းပါတယ် ဇယံရဲ့ … မင်းကလည်း … ယောက်ျားမဟုတ်ဘူးလား … ယောက်ျားဆိုတာ သောက်တတ်မှ ယောက်ျားပီသတာတဲ့ …

အံမာ … ငါက ဘာလို့ ယောက်ျားမဟုတ်ရမှာလဲ … သောက်မယ် … ဟေ့ကောင် … သောက်မယ် … ဒါနဲ့ ငါတို့က ဘယ်မှာ သွားသောက်ရမှာလဲ …

ငါ့အိမ် ခေါင်မိုးထပ်မှာလေ … အမိုးအကာမရှိတဲ့ ခေါင်မိုးလဟာပြင်ကြီးများ တောင်တန်းကြီးတွေရဲ့ အလှကို ခံစားပြီးတော့ပေါ့ … ပြောရင်းနဲ့တောင် အရသာ ရှိလာပြီ … လာ … အိမ်မြန်မြန် ပြန်ကြမယ် …

အိမ်ရောက်တော့ ဖေဖေ ၀ိုင်ပုလင်းများ ထားသောနေရာမှ အေးသာယာ စပျစ်ဝိုင် တစ်ပုလင်းကို ကျွန်တော် ဖေဖေ မသိအောင် တိတ်တိတ်လေး ဆွဲလာလိုက်သည် ။ ကံကောင်းသည်ဟု ပြောရမည် ။ ဖေဖေရော မေမေရော အပြင်သွားနေကြချိန်ဖြစ်သည် ။

ဇယံ … လာ … ငါ သည်မှာ ၀ိုင်သောက်တဲ့ ခွက်တွေပါ ယူလာတယ် …

ဝိုင်တွေ ထည့်ပြီးသော အခါတွင် နှစ်ယောက်သား ချီးယား … ၀မ်းရွှတ် ဟု အော်ကာ သောက်လိုက်ကြသည် ။ ကျွန်တော် ၀ိုင်အရသာကို ကြိုက်သွားသည် ။

ဟေ့ကောင် … မိုက်တယ်နော် … ပူရှိန်းရှိန်းလေး … ချိုချိုမွှေးမွှေးလေး …

အေး … ကောင်းတယ်နော် … စိုင်း … အရင်က ဒါမျိုးမသောက်ဖူးခဲ့တာ နာတာပဲကွာ …

တဖြည်းဖြည်းနှင့် နှစ်ယောက်သား သောက်လိုက်ကြသည်မှာ ရီဝေေ၀ဖြစ်လာကြသည် ။ စကားတွေကလည်း တောင်ရောက်မြောက်ရောက် အဆီအငေါ်မတည့်တွေ ပြောလာကြသည် ။

လာပါဦးကွ … ငါ့ချစ်ချစ်လေး ဇယံ …

အံမာ … မင်းကများ … သေတော့မယ် … ငါက မိန်းမယူရင် မင်းကို ယူမှာကွ … စိုင်းလွန်းခန့်ရ …

အံမာ … ငါက မိန်းမ လုပ်စရာလား … မင်းပဲ မိန်းမလုပ် …

မိန်းမကို နမ်းရင် သည်လို နမ်းရတယ်ကွ … သိလား …

ပြောရင်းနှင့် ဇယံက ကျွန်တော့်ကို စနောက်ဖို့ သူ့ခုံမှ ထလာသည် ။ ပြီးတော့ သူ့ကိုယ်သူ မနိုင်ဘဲ ကျွန်တော့်ပေါ်သို့ ပြုတ်ကျလေသည် ။ သူ့နှုတ်ခမ်းနှင့် ကျွန်တော့် နှုတ်ခမ်းတို့ ထိသွားကြသည် ။ ထိုအချိန်တွင် ကျွန်တော့် ရင်ထဲ ကြက်သီး ဖျန်းကနဲ ထသွားလေသည် ။

နှုတ်ခမ်းချင်း ထိနေမှန်း သိသော်လည်း နှစ်ယောက်သား မခွါမိကြ ။ ဘယ်လို ဘာဆက်လုပ်ရမယ်မှန်းလည်း မသိကြ ။ တစ်မိနစ်သည် တစ်နှစ်လောက် ကြာသွားသည် ထင်ရသည် ။ တစ်မိနစ်ခန့် ကြာတော့မှ ဇယံ ရှက်ကိုးရှက်ကန်းနှင့် ကျွန်တော့်အပေါ်မှ ပြန်ထလေသည် ။ သူ့ကြည့်ရသည်မှာ ကျွန်တော့်လိုပင် အမူးပြေသွားပုံ ပေါ်လေသည် ။

(၃)

ငါတို့ အသက်ကြီးတဲ့အထိ သည်လိုပဲ နေသွားကြမယ်နော် စိုင်း …

ငါလည်း နေချင်ပါတယ် ဇယံရယ် … ငါတို့ အသက်ကြီးလာလို့ ပိုက်ဆံတွေ ရလာရင် အိမ်တစ်လုံး ၀ယ်ပြီး မင်းနဲ့ငါနဲ့ တူတူ နေကြမယ်လေ … မကောင်းဘူးလား …

စိုင်း … မင်းက ဘာတက်မှာလဲ … ဆယ်တန်း ပြီးသွားရင် …

ငါလား … GTC  တက်မှာလေ … ဇယံ … မင်းလည်း ငါ့လိုပဲ GTC လိုက်တက်ရမယ်နော် …

တက်မှာပေါ့ကွ … ငါတို့နှစ်ယောက်က ဘယ်တုန်းက ခွဲဖူးလို့လဲ … တက်ကသိုလ် ပြီးတဲ့အထိ တူတူ တက်ကြမှာပေါ့ …

ငါတို့ ကျောင်းပြီးသွားရင် တူတူ နေကြမှာနော် … ဇယံ … တွေးမိတာနဲ့တင် ပျော်စရာကြီးနော် …

ကျွန်တော် ပြောရင်းနှင့် ဇယံ့ပုခုံးကို ဖက်လိုက်သည် ။ ဇယံကလည်း အလိုက်သင့်လေး ငြိမ်နေလေသည် ။ ကျွန်တော်တို့ နှစ်ယောက်၏ အနာဂတ်ကို တွေးကာ ကျွန်တော်တို့ နှစ်ယောက်လုံး ပျော်နေကြလေသည် ။ တစ်ယောက်ကို တစ်ယောက် ချစ်သည်ဟူသော စကားကို မပြောခဲ့ကြသော်လည်း တစ်ဦး၏ အချစ်ကို တစ်ဦးက နှလုံးသားနှင့် ခံစား နားလည်နေကြပြီး ဖြစ်လေသည် ။

(၄)

XXX အချိန်တိုင်းပဲ … သူ့အကြောင်းတွေး … ခွဲခွါဖို့လည်း မဖြစ်နိုင်ပါဟေ့ …
       အချစ်ဦးမို့ … တစ်သက်လုံးပဲ … လောကဓံကြုံပစေ မခွဲနိုင်ပါဟေ့ … XXX

ကျွန်တော် လက်ခုပ်တီးလိုက်သည် ။ ဇယံက စတူဒီယိုထဲတွင် သီချင်း သွင်းနေခြင်း ဖြစ်သည် ။ ကျွန်တော်က သီချင်းဆိုခြင်းကို ဇယံ့လိုတော့ ၀ါသနာ မပါလှ ။ သို့သော် သီချင်းရေးခြင်းကိုတော့ တော်တော်လေး ၀ါသနာပါလှသည် ။ ထို့ကြောင့် ကျွန်တော် ရေးသော သီချင်းတွေကို ဇယံက ဆိုသည် ။ စတူဒီယိုတွင် အသံသွင်းပြီး ကျွန်တော်တို့ Sample ခွေလေး လုပ်ကြည့်နေကြခြင်း ဖြစ်သည် ။

စိုင်း … ငါ ရင်ခုန်လိုက်တာ … Sample အခွေကို ဝေကြည့်ရင် လူတွေ ဘာဝေဖန်ကြမလဲ မသိဘူးနော် …

ဇယံကလည်း … မင်းက အဆို သည်လောက်ကောင်းတာ … သေချာတယ် … မင်းကို ချီးကျူးကြမှာပါ …

စိုင်း … ငါ့လက်ဖျားတွေ ကိုင်ကြည့်စမ်း … အေးစက်နေတာပဲ …

ကျွန်တော် ဇယံ့လက်ကလေးကို ကိုင်လိုက်သည် ။ ဇယံ့လက်ဖျားတွေ တကယ်ပင် အေးစက်နေလေသည် ။ ကျွန်တော် ဇယံ့လက်ကလေးကို ကိုင်ရင်း ဘေးဘီကို ကြည့်လိုက်သည် ။ လူရှိမနေ ။ ထို့ကြောင့် ဇယံ့လက်လေးကို ဆွဲယူပြီး ကျွန်တော့် ပါးနား ကပ်ပေးလိုက်မိလေသည် ။

နွေးရဲ့လား … ဇယံ …

ဟာ … စိုင်းကလည်းကွာ …

ဇယံ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့နေလေသည် ။ ကျွန်တော် ဇယံ့လက်ကလေးကို ရွှတ်ကနဲ နမ်းပစ်လိုက်သည် ။ ဇယံသည် ကျွန်တော့်ကို ပြုံးကာ ကြည့်နေလေသည် ။

(၅)

နည်းပညာတက်ကသိုလ်ကို နှစ်ယောက်လုံး တူတူ ၀င်ခွင့်ရခဲ့ကြသည် ။ အဆောင် တစ်ခုထဲတွင် တူတူ နေကြပြီး တစ်ခန်းထဲ တူတူ နေကြသည် ။ ကျွန်တော် ဇယံ့ကို သိပ်ချစ်သည် ။ ဇယံကလည်း ကျွန်တော့်ကို သိပ်ချစ်သည်ဟု ကျွန်တော် ယုံကြည်သည် ။ သို့သော် ထိုအချစ်သည် ဖွင့်ပြောစရာ မလိုသော အချစ်ဟု ကျွန်တော် မြင်ခဲ့သည် ။

ထိုသို့ ကျွန်တော် မြင်ခဲ့သော အချက်ကပင် ကျွန်တော်တို့နှစ်ယောက်ကို တစ်စ တစ်စနှင့် ဆုံမှတ်တွေကို သွေဖီသွားခဲ့စေလား ကျွန်တော် မပြောတတ်ခဲ့ ။ သို့သော် သေချာသည့် မပြောင်းလဲသော အချက်မှာ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ကြသည်ဟူသော အချက်ပင် ဖြစ်သည် ။

စိုင်း … ငါတို့အတန်းကလေ … မြတ်နိုးသိမ့် ဆိုတဲ့ တစ်ယောက်ကို မင်း သိတယ်မဟုတ်လားဟင် …

အင်း … သိတယ်လေ … ဘာဖြစ်လို့လဲ ဇယံ …

ကောင်မလေးက မနက်က ငါ့ကို လာမေးတယ် … ဇယံ့မှာ ချစ်သူရှိလားတဲ့ … ငါ ဘယ်လိုဖြေရင်ကောင်းမလဲဟင် …

ကျွန်တော် ဇယံ့မျက်လုံးတွေကို ဖျက်ကနဲ ကြည့်လိုက်မိသည် ။ ဘုရားရေ ။ ဇယံဟာ ကျွန်တော် သူ့ကို ရည်းစားစကားပြောဖို့ လမ်းကြောင်းပေးနေခြင်းများလား ။ ကျွန်တော် ရုတ်တရက် ဘာဖြေရမှန်း မသိ ဖြစ်သွားမိသည် ။ ထို့ကြောင့်လည်း ဖြေမိဖြေရာကို ဖြေလိုက်မိသည် ။

ကြိုက်သလိုဖြေပေါ့ဟ … မင်း ကောင်မလေးနဲ့ အကြောင်းများ ငါ့ကို လာကြွားနေသေးတယ် …

ကျွန်တော် ပြောပြီး ထသွားလိုက်သည် ။ တကယ်တော့ ကျွန်တော် ပြောချင်သည့်စကားက တစ်မျိုးဖြစ်သည် ။ မင်းချစ်သူက ငါလို့ ပြောလိုက်ပေါ့ဟု ကျွန်တော် ပြောလိုက်ချင်သည် ။ သို့သော် ဇယံ ကျွန်တော့်အပေါ်တွင် အခင်အမင်လျော့သွားမှာ စိတ်ဆိုးသွားမှာကိုလည်း ကျွန်တော် စိုးရိမ်မိသည် ။ ဟုတ်တယ်လေ ။ ကျွန်တော်က ဇယံ့ရဲ့ အတွင်းမှာ ရှိနေတဲ့ စိတ်တွေ အကုန်လုံးကို သိနိုင်တာမှ မဟုတ်ဘဲလေ ။

(၆)

ကျွန်တော့် ညာဘက်လက်နှင့် ဇယံ့ဘယ်ဘက်လက်တို့တွင် ဂီတ သင်္ကေတ တက်တူးလေးကို ဆင်တူ ထိုးလိုက်သော နေ့သည် ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် မမေ့နိုင်သော နေ့လေးပင် ဖြစ်သည် ။ နှစ်ယောက်သား ဆင်တူ တက်တူးလေးကို ကြည့်ပြီး ပျော်ရွှင်နေမိကြသည် ။

ဇယံ … လှတယ်နော် … တက်တူးလေးက …

အင်း … စိုင်း … ဒါနဲ့ ငါ တစ်ခု မေးချင်လို့ …

မေးလေ … ဇယံ …

မင်း အရင်ကလိုပဲ ငါနဲ့ တူတူ နေဖို့ စိတ်ကူးရှိသေးရဲ့လားဟင် …

အာ … ဘယ်လို ပြောလိုက်ပါလိမ့် … ဇယံရယ် … ငါတို့က တစ်သက်လုံး တူတူနေကြမှာ … သည် တက်တူးလေးကိုလည်း ဘယ်တော့မှ  မဖျက်ကြဘူးလေ … နော် …

ထိုနေ့က ကျွန်တော်တို့ Sample အခွေကို ကျောင်းတွင် ဝေကြသည် ။ နောက်နေ့တွေကျတော့ သီချင်းစာသားတွေရော အသံရော ကောင်းသည်ဟု သူငယ်ချင်းများက ပြောလာကြသည် ။ ကျွန်တော်တို့ နှစ်ယောက် မျက်ရည်ကျမိလောက်အောင် ပျော်မိကြသည် ။ သီချင်းနားထောင်ပြီး အားပေးသူများထဲတွင် မြတ်နိုးသိမ့် ဆိုသော ကောင်မလေးက အကဲဆုံး ဖြစ်သည် ။

ဇယံရယ် … အရမ်းတော်တာပဲ … တို့က ဇယံ့ရဲ့ ထာဝရ ပရိသတ်နော် … သိလား …

ဇယံ့ကို ထိုကောင်မလေးက ဟိုကိုင် သည်ကိုင် ဆွဲလားထိလား လုပ်နေသည်ကို ကြည့်ရင်း ကျွန်တော် စိတ်တိုလာမိသည် ။ လူအရှေ့တွင်တော့ ဇယံ့ကို ဘာမှ မပြော ။ အဆောင်ရောက်မှ ပြသနာ ရှာမိတော့သည် ။

(၇)

နေစမ်းပါဦး … ခင်ဗျားလေးက တော်တော် ပျော်နေတယ် … ဟုတ်လား … အားပေးတဲ့လူကလည်း အိနြဒရေကို မရဘူး …

မြတ်နိုးက ငါ့ပရိတ်သတ်လေ … စိုင်းရဲ့ … ငါက အလိုက်အထိုက် ဆက်ဆံပေးတာလေ … ဒါပဲ မဟုတ်လား …

မဟုတ်ပါဘူး … မင်း အဲ့ကောင်မလေးကို ကြိုက်နေတာ မဟုတ်လား … အဲ့လောက် ကြိုက်နေရင် အဲ့ကောင်မလေးပဲ တွဲလိုက်ပါလား …

စိုင်း … မင်း ငါ့ကို အဲ့လို လာမစွပ်စွဲနဲ့ … ငါ သူ့ကို ကြိုက်လည်း မကြိုက်ဘူး … ကြိုက်စရာ အကြောင်းလည်း မရှိဘူး …

တော်စမ်းပါ … ငါ သိပါတယ် … မင်း ခုနက အဲ့ကောင်မလေးကို ပြုံးပြီး ကြည့်နေတာများ … ဟိုက လာကိုင်ရင်လည်း မင်းက တားလိုက်ပေါ့ …

ဟာ … စိုင်း … မရစ်နဲ့ကွာ … ဟိုက မိန်းကလေးလေ … နေစမ်းပါဦး … မင်း ငါ့ကို သ၀န်တိုနေတာ မဟုတ်လား … တကယ် ငါ့ကို ကြိုက်နေတာက မင်း မဟုတ်လား …

ဇယံက နောက်ပြောင်လိုသော သဘောနှင့်သာ ပြောလိုက်ခြင်း ဖြစ်သည် ။ သို့သော် ထိုအချိန်တွင် ကျွန်တော့်စိတ်ထဲတွင် တော်တော်လေး ခံစားလိုက်ရသည် ။ ဘာမှ မဟုတ်သော မိန်းမတစ်ယောက်နှင့်မှ ငါ့ကို နှိုင်းရက်လေခြင်း ။ သူ့ကို ငါက မိန်းမတစ်ယောက်နှင့် ယှဉ်လုနေသည့် ပုံစံမျိုး ပြောရက်လေခြင်းဟု တွေးကာ ရင်ထဲတွင် နာကျင်လာရသည် ။ ဇယံသည် သူ့စကား မှားသွားမှန်း သူ ရိပ်မိပုံ လုံးလုံး မပေါ်ချေ ။

ဟေ့ကောင် … ဇယံ … ငါမင်းကို အခုလည်း မကြိုက်ဘူး … နောက်လည်း လုံးဝ မကြိုက်ဘူးကွ … မင်း ငါ့ကို မစော်ကားနဲ့ …

ကျွန်တော် ပြန်ဖြေလိုက်သော စကားကြောင့် ဇယံ ကျွန်တော့်ကို တအံ့တသြ ကြည့်နေလေသည် ။ ပြီးတော့ ဇယံ့အသံ တိုးတိုးလေး ထွက်လာသည် ။

မင်း ငါ့ကို ချစ်နေတာ မဟုတ်လား … ငါ သိပါတယ် စိုင်းရယ် … ဘာလို့ ပွင့်ပွင့်လင်းလင်း မပြောရတာလဲ …

သူ့စကားသည် ကျွန်တော့်မာနကို နောက်တစ်ကြိမ် ခေါင်းထောင်လာစေပြန်သည် ။ ဘာလို့များ ဇယံဟာ ကျွန်တော့်ကို သည်လောက်တောင် အထင်သေးပြီး အပိုင်တွက်ရက်ရတာလဲ ။ ကျွန်တော့်ကို သူ့ဘက်ကတော့ ချစ်ပါတယ်ဆိုတဲ့ စကား တစ်ခွန်းမှ မပြောဘဲ ဘာလို့ ကျွန်တော်ကပဲ သူ့ကို ချစ်နေတာပါလို့ အသာစီး ပြောရက်ရတာလဲ ။ ကျွန်တော် ဇယံ့ကို နာကျည်းစွာ ကြည့်လိုက်မိသည် ။

ဇယံ … မင်း ငါ့ကို သိပ်အထင်သေးတာပဲ … ငါ မင်းကို လုံးဝ မချစ်ဘူး … ကြိုက်လည်း လုံးဝ မကြိုက်ဘူး … ဘယ်လောက်ထိတောင် မကြိုက်လဲဆိုတော့ မင်းနဲ့ တစ်ခန်းထဲ တူတူ မနေချင်လောက်အောင်ကို မင်းကို မကြိုက်တာ …

ဘာ … ဘာပြောလိုက်တယ် … စိုင်း … မင်း စကားကို မင်း ပြန်ပြင်ပြီး ပြောပေးလို့ ရမလား … မင်းက ငါနဲ့ တစ်ခန်းထဲ မနေချင်ဘူး … ဟုတ်လား …

ဟုတ်တယ် …

ကျွန်တော် မာနကြောင့် ခပ်ဆက်ဆက် ပြောပစ်လိုက်သည် ။ စိုင်းက တစ်ချက်ရယ်သည် ။ သူ့ရယ်သံမှာ နာကျည်းမှုများ ရောဆွတ်နေသည့်နှယ် ။

မသိပါဘူး စိုင်းရယ် … ငါက မင်းနေချင်တယ်ဆိုလို့ တူတူ နေပေးတာပါ … မင်း ငါနဲ့ တစ်ခန်းတည်း တူတူ နေရတာ အဆင်မပြေရင် အစတည်းက ပြောရောပေါ့ကွယ် … ငါက မင်းကို သနားလို့ တူတူ နေပေးရတာပါ …

ဘာ … တောက် …

ကျွန်တော့် တက်ခေါက်သံသည် တော်တော်လေး ကျယ်သွားမည် ထင်သည် ။ ဇယံသည် ကျွန်တော့်ကို ထပ်ပြီး စော်ကားလိုက်ပြန်ပြီ ။ ရန်ဖြစ်လာချိန် ခဏလေးတွင် ပြောမိသော စကားများသည် တစ်သက်လုံး ချစ်လာကြသူ နှစ်ယောက်ကို တစ်သက်စာ ဝေးစေရန်ပင် အကြောင်း ဖန်လာခဲ့ပြီ ထင်သည် ။

ပွင့်ပွင့်လင်းလင်း ပြောပြတာ ကျေးဇူးတင်ပါတယ် … စိုင်း … မနက်ဖြန်က စပြီး ငါ အဆောင် ပြောင်းတော့မယ် …

ပြောပြီး ဇယံ အခန်းပြင်ကို ထွက်သွားလေသည် ။ ကျွန်တော့်ခြေထောက်တွေသည် ဇယံဆီသို့ ပြေးသွားပြီး ကျွန်တော့်လက်တွေသည် ဇယံ့ကို ဖက်ကာ မသွားပါနဲ့ တူတူ နေကြရအောင်ဟု ပြောချင်နေသည် ။ သို့သော် ကျွန်တော့် ဦးနှောက်နှင့် ကျွန်တော့်မာနတို့သည် ကျွန်တော့်ကို ထိုနေရာမှ မလှုပ်ဘဲ မြဲမြဲ ရပ်နေအောင် အတင်း ချုပ်နှောင်ထားလေသည် ။

(၈)

စိုင်း … မင်းတို့ တူတူ ထိုးထားတဲ့ တက်တူးကို ဇယံက ဖျက်ပစ်လိုက်ပြီ ထင်တယ်နော် … မတွေ့တော့ဘူး … သိလား …

ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက် လာပြောတော့မှ ကျွန်တော် ဇယံ့လက်ကို အဝေးက ငေးကြည့်မိသည် ။ စာသင်ခန်းထဲတွင် ကျွန်တော့် အရှေ့ နှစ်တန်းကျော်တွင် ဇယံ ထိုင်နေလေသည် ။ သူ့ဘေးက ကောင်မလေးကတော့ မြတ်နိုးသိမ့်ဖြစ်သည် ။ ဟုတ်ပါရဲ့ ။ ဇယံ့ လက်မှာ တက်တူးလေး မရှိတော့ပါလား ။ ကျွန်တော့်ရင်ဘက်ကို မြှားနှင့် စိုက်လိုက်သလို နာကျင်သွားမိလေသည် ။

ကျွန်တော် အဆောင်ကို ပြန်တော့ အနောက်က လူတစ်ယောက် ပါလာသည်ကို ခံစားမိသောကြောင့် လှည့်ကြည့်လိုက်မိသည် ။ ဘုရားရေ ။ ဇယံ ။ သူ ကျွန်တော့်နောက် ဘာလာလုပ်တာပါလိမ့် ။

စိုင်း … ငါ … ငါ မင်းကို ပြောစရာ ရှိလို့ …

ပြောပါ … ငါ နားထောင်နေပါတယ် …

ဇယံ ကျွန်တော့် အရှေ့တွင် လာရပ်သည် ။ ပြီးတော့ ဇယံ ကျွန်တော့်မျက်လုံးတွေကို စာဖတ်နေလေသည် ။ ကျွန်တော် မသိချင်ယောင် ဆောင်နေလိုက်မိသည် ။

ငါ … ငါ မင်းသီချင်းတွေကို ၀ယ်ချင်လို့ … အခွေထုတ်တဲ့အခါကျရင် မင်း မကျေနပ်မှာစိုးလို့ …

ဘုရားရေ ။ ဇယံက ကျွန်တော့်သီချင်းတွေကို ၀ယ်မယ်တဲ့ ။ ဒါဟာ ရယ်စရာ သိပ်ကောင်းလွန်းမနေဘူးလား ။ ဇယံဟာ ကျွန်တော့် သီချင်းတွေကို ၀ယ်မယ်ဆိုတာ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ သီးခြားစီ ဖြစ်သွားပြီလို့ ဆိုလိုနေတာ မဟုတ်ဘူးလား … ။

မလိုပါဘူး … ဇယံ … ငါ့ရဲ့ နောက်ဆုံး လက်ဆောင် အဖြစ်နဲ့ အဲ့သီချင်းတွေ မင်းကို ပေးလိုက်ပါတယ် …

စိုင်း … ခေါင်းမမာပါနဲ့တော့ကွာ … မင်း ငါ့ကို ချစ်နေတုန်းပဲ မဟုတ်လား … ငါနဲ့ တူတူ နေချင်တုန်းပဲ မဟုတ်လား …

ကျွန်တော် ထိုအချိန်တွင် သူ့စကားများထဲ နစ်မျောသွားကာ ဟုတ်တယ် … ငါ မင်းကို သိပ်ချစ်တာပဲဟု ပြောလိုက်ဖို့ ပါးစပ်ကို ပြင်မိလိုက်သေးသည် ။ သို့သော် သူ့လက်ခုံက တက်တူးဖျက်ထားသော နေရာလေးကို ကြည့်မိလိုက်သော အခါတွင် ကျွန်တော် ထိုသို့ဖြေဖို့ကို သိပ်ရှက်သွားမိသည် ။ ကျွန်တော့်လက်က တက်တူးကိုလည်း သူ မမြင်အောင် ဖုံးအုပ်ထားလိုက်သည် ။

Never …

သည်တစ်ခွန်းပဲ ကျွန်တော် ဖြေပြီး အံကို ကြိတ်ကာ စိတ်ကို အားတင်းပြီး သူ့ဘေးက ကျွန်တော် ထွက်လာခဲ့လိုက်သည် ။ အနောက်က သူ့အော်သံ ထွက်လာလေသည် ။

စိုင်း … ငါ နှစ်ကုန်လို့ ကျောင်းပြီးရင် မြတ်နိုးနဲ့ လက်ထပ်ရတော့မှာ … မင်းသိလား … ငါ မင်းဆီက အဖြေကို လိုအပ်တယ် … စိုင်း …

ရုတ်တရက် မိုးတွေ ရွာချလိုက်သည် ။ ကျွန်တော် ထီးကို ဖွင့်လိုက်ပြီး မြန်သထက် မြန်အောင် လျှောက်နေမိသည် ။ အနောက်ကို လှည့်ကြည့်လိုက်တော့ ဇယံ ။ မိုးရွာထဲတွင် သည်အတိုင်း ရပ်နေလေသည် ။ ကျွန်တော် အနောက်ပြန်လှည့်ပြီး ဇယံ့ဆီ သွားဖို့ လုပ်လိုက်သည် ။ ထိုအချိန်တွင် ထီးတစ်ချောင်းနှင့် ဇယံ့ဆီ ပြေးလာသည်က မြတ်နိုးသိမ့် ။ ကျွန်တော် နာကျင်စွာ ပြုံးလိုက်မိသည် ။

ဇယံရယ် … မင်းနိုင်ပါတယ် … မင်းနဲ့ တူတူ မနေချင်တော့ဘူးလို့ ပြောခဲ့မိတဲ့ ငါ့စကားတစ်ခွန်းအတွက် မင်း ငါ့ကို ဒဏ်ပြန်ခတ်လိုက်ပုံက ချီးကျူးထိုက်ပါတယ်ကွယ် … ငါ တကယ်ကို ခံစားရအောင် မင်း လုပ်နိုင်ခဲ့ပါတယ် ဇယံရယ် …

(၉)

မာနတွေ တင်းခံခဲ့ကြသည် ။ တစ်ယောက်ကို တစ်ယောက် စကားလေး တစ်ခွန်းပင် အတင်မခံနိုင်ဘဲ မာနတွေ ပြိုင်ခဲ့ကြသည် ။ မှားခဲ့ကြသည် ။ စိုင်းလွန်းခန့်ရော ၊ ဇယံရော နှစ်ယောက်လုံး မှားခဲ့ကြသည် ။ စိုင်း အတိတ်တွေဆီက ပြန်လည် နိုးထလိုက်သည် ။ ၀ိုင်ပုလင်းကို ပြန်ဖွင့်ရင်း တစ်ချိန်က ၀ိုင် တူတူ သောက်ခဲ့ဖူးသည်ကို ပြန်သတိရမိသည် ။

ယခုဆိုလျှင် ဇယံသည် အဆိုလောကတွင် အောင်မြင်သူ တစ်ယောက် ဖြစ်နေခဲ့ပြီ ။ စိုင်းလွန်းခန့်သည်လည်း အောင်မြင်သော တေးရေးဆရာတစ်ယောက် အဖြစ် ထင်ရှားလာခဲ့ပြီဖြစ်သည် ။ ဇယံနှင့် မြတ်နိုးသိမ့်တို့ လက်ထပ်ဖြစ်ခဲ့ကြသည် ။ လက်မထပ်ခင် တစ်ရက်အလိုက ညကို စိုင်း ပြန်သတိရမိသည် ။

ထိုညက ဇယံ စိုင်းဆီကို ရောက်လာခဲ့သည် ။

စိုင်း … ငါ … ငါ မြတ်နိုးကို လုံးဝ မချစ်ဘူး …

ဘာ … ဇယံ … မင်း ဘာပြောလိုက်တယ် … မနက်ဖြန် မင်းတို့ မင်္ဂလာဆောင်လေ …

ငါ … ငါ သူ့ကို လက်မထပ်နိုင်ဘူး စိုင်းရယ် … ငါဝန်ခံပါတယ် … ငါ ချစ်တာ မင်းတစ်ယောက်တည်းကိုပါ …

ဇယံရယ် … ဒီစကားကို မင်း လွန်ခဲ့တဲ့ တစ်နှစ်က ပြောခဲ့ရမှာကွ … အခုတော့ အားလုံး လွန်ကုန်ပြီလေ …

ဟင့်အင်း … မလွန်သေးပါဘူးကွာ … မင်းလည်း ငါ့လိုပဲ ငါ့ကို ချစ်တယ် မဟုတ်လားဟင် … ငါတို့ ထွက်ပြေးကြရအောင်နော် …

ဟင့်အင်း … ဇယံ … ငါ မလုပ်နိုင်ဘူး … မင်း မြတ်နိုးဆီကို ပြန်သွားစမ်းပါကွာ …

ငါမှ သူ့ကို မချစ်ဘဲ … ငါ တကယ်ချစ်တာ မင်းလေ …

အားလုံး လွန်ကုန်ပြီ ဇယံရယ် … ငါ့ကို မေ့လိုက်ပါတော့နော် … ငါတို့တွေ ဖြစ်မှ မဖြစ်နိုင်တော့ဘဲ ဇယံရယ် …

ထိုညက ဇယံ စိုင်း၏ ပုခုံးကို မှီကာ ငိုနေခဲ့လေသည် ။ တော်တော် ညည့်နက်မှ ဇယံ ပြန်သွားခဲ့သည် ။ ထိုအကြောင်းတွေကို ပြန်တွေးပြီး စိုင်း မျက်ရည်ကျမိရပြန်သည် ။

တောင်ကြီးမြို့ကလေးက ယခင်ကလိုပဲ လှပနေဆဲဖြစ်သည် ။ အိမ်ခေါင်မိုးပေါ်မှာ အခုတော့ စိုင်းတစ်ယောက်တည်း ထိုင်နေခဲ့သည် ။ ထိုနေ့ညက ဆုံးဖြတ်ချက်အတွက် စိုင်း ဘယ်တော့မှ နောင်တရလိမ့်မည်မဟုတ် ။ အသက်ကြီးတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ အရာတွေကို ပြန်တွေးမိတဲ့အခါ နောင်တရစရာတွေ မရှိစေနဲ့ဟု ဆုံးမခဲ့ဖူးသော ဖိုးဖိုး၏ စကားကို ပြန်သတိရမိသည် ။

တစ်ယောက်တည်း ဆိုသော စကားသည် စိုင်းအတွက်တော့ အသားကျနေခဲ့ပြီ ဖြစ်သည် ။ ရန်ကုန်ပြန်လျှင် သီချင်း အပ်ထားသူတွေကို သီချင်းပေးဖို့အတွက် စိုင်း သီချင်းရေးဖို့ Mood သွင်းနေမိသည် ။ ထိုအချိန်တွင် ဘေးဘက်နားက အိမ်က ဖွင့်လိုက်သော Katy Perry ၏ The one that got away သီချင်းလေးက လေထဲတွင် လွင့်ပျံလာလေသည် ။ စိုင်း တိုးတိုးလေး လိုက်ဆိုလိုက်မိသည် ။

And in another life , I’ll be your guy
We keep full of promises , be us against the world
And in another life , I would make you stay
So I don’t have to say you were the one that got away , the one that got away

နောက်ဘ၀ဆိုတာ ရှိခဲ့ရင် ချစ်ရသောသူနှင့်သာ ပေါင်းပါရစေဟု စိုင်း တိုးတိုးလေး ဆုတောင်း လိုက်မိလေသည် ။

The One That Got Away ကို ခံစားကာ ရေးသားပါသည် ။

 ပြီး … 
(မင်းခန့်နိုင်)

1 comment:

  1. Really really nice!!! I love it and love to read like that kind of love fiction! Pls more write for us!!!I will be ur fan!!!

    ReplyDelete

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...