Friday, May 29, 2015

Porn အကြည့်များရင် ဦးနှောက်ကျုံ့သွားသလား

ဂျာမနီနိုင်ငံ ဘာလင်မြို့က စိတ်ပညာရှင် သုတေသီနှစ်ယောက်ဟာ အသက် ၂၁ နှစ် ကနေ ၄၅ နှစ်အတွင်းရှိ ကျန်းမာရေးကောင်းတဲ့ အမျိုးသား ၆၄ ယောက်ရဲ့ ဦးနှောက်တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိနိုင်ဖို့ fMRI (funtional Magnetic Resonance Imaging) စက်နဲ့ ဦးနှောက်ရဲ့ပုံရိပ်တွေကို ရယူလေ့လာခဲ့ရာကနေ တွေခဲ့တာပါ။
Porn (လိင်မှုဆန္ဒကို လှုံဆော်ပေးတဲ့ ရုပ်ပုံ၊ စာပေ၊ ရုပ်ရှင်) ကိုများများ ကြည့်တဲ့ လူတွေမှာ သိပ်မကြည့်တဲ့လူတွေထက် ညာဖက် striatum (ဦးနှောက်အလယ်ပိုင်းအင်္ဂါတခု) ပိုသေးနေတာကိုတွေ့ခဲ့ပါတယ်။ ညာဖက် striatum က လူတွေမှာ ပျော်ရွင်သာယာမှုကို ခံစားတတ်လာအောင် လုပ်ပေးပါတယ်။ ချမ်းသာချင်တဲ့လူက ပိုက်ဆံရှာရတာမှာပျော်လာအောင်၊ ပညာလိုချင်တဲ့လူက ပညာရှာရတာပျော်လာအောင် လှုံ့ဆော်ပေးတဲ့ ဦးနှောက်ရဲ့အပိုင်းတခုပေါ့။ ဒီနေရာသေးသွားတယ်ဆိုတော့ Porn များများကြည့်ရင် အလုပ်လုပ်ချင်စိတ်တွေပျောက်လာပြီး ပိုပျင်းလာတယ်လို့ပြောနိုင်တာပေါ့။ ဒါပေမယ့် ညာဖက် striatum သေးနေလို့ Porn ကိုများများကြည့်ပါမှ တခြားလူတွေနဲ့တန်းတူ သာယာစိတ်ဖြစ်တာလား၊ Porn ကြည့်တာများလို့ ညာဖက် striatum သေးသွားတာလားဆိုတာ ဒီသုတေသနက အသေအချာ မပြောနိုင်သေးပါဘူးလို့ သုတေသီ Simone Kühn ကပြောသွားပါတယ်။
နောက်ပြီး Porn ကြည့်တာများတဲ့လူတွေရဲ့ ဘယ်ဖက် striatum ဟာ သိပ်မကြည့်တဲ့လူတွေလောက် အလုပ်မလုပ်တာကိုတွေ့ခဲ့ရတယ်။ ဦးနှောက်ရဲ့ အဲဖက်အခြမ်းကတော့ လိင်မှုဆန္ဒကို ဖြစ်စေတဲ့ နေရာဖြစ်ပါတယ်။ ဒီတော့ ဒီလိုလူမျိုးတွေက သူများတွေထက် ပိုပြီးပြင်းထန်တဲ့ လှုံ့ဆော်မှုကိုရပါမှ သူများတန်းတူ လိင်မှုဆန္ဒ ဖြစ်လာပါတယ်။ တယောက်ယောက်က မလုံ့တလုံဝတ်ထားတာလေးကြည့်ပြီး ခံစားလို့ကောင်းတဲ့အချိန်မှာ ဒီလိုလူမျိုးက ကွက်ကွက်ကွင်းကွင်း အကုန်ချွတ်ပြပါမှ တန်းတူခံစားလို့ရနိုင်မယ်ပေါ့။
နောက်တွေ့တဲ့ အချက်တခုက ဒီလိုလူမျိုးတွေရဲ့ ဦးနှောက်မှာ ညာဖက် striatum နဲ့ ဘယ်ဖက်dorsolateral prefrontal cortex (ဦးနှောက်ထိပ်ပိုင်းအင်္ဂါတခု) တို့ ဆက်သွယ်ပြီး အလုပ်လုပ်ဖို့ အားနည်းသွားတယ်ဆိုတာပါပဲ။ အကျိုးဆက်ကတော့ Porn ကြည့်တာများလွန်းရင် မှတ်ဥာဏ်၊ အာရုံစူးစိုက်နိုင်မှု၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေနိုင်မှု၊ လုပ်ချင်ကိုင်ချင်စိတ်နဲ့  ဝေဖန်ပိုင်းခြားနိုင်မှု တွေမှာအားနည်းသွားနိုင်တာပေါ့။.

စကားချက် - ဒါတွေက သုတေသနလုပ်ငန်းတခုရဲ့ တွေ့ရှိချက်တွေကို ကျနော် နားလည်သလို ပြန်ရေးထားထားတာပါ။ သုတေသန ဆိုတာ တခါလေ့လာရုံနဲ့ ပြည့်စုံမှန်ကန်သွားတယ်ဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် အခုအခါမှာ အင်တာနက်အသုံး (internet traffic) ရဲ့ ၅၀ ရာနှုန်းက လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ရှာဖွေနေကြတယ်ဆိုတော့ ဝေဖန် ဆင်ခြင်လို့ရအောင် ရေးထားတာပါ။ ဦးနှောက် အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံကို သိတဲ့လူတွေရှိရင် ပိုပြီးနားလည်နိုင်ကြမှာပါ။

By Sean....
Ref:
  1. JAMA Psychiatry. 2014;71(7):827-834. doi:10.1001/jamapsychiatry.2014.93
  2. Pea brain: watching porn online will wear out your brain and make it shrivel(http://www.dw.de/pea-brain-watching-porn-online-will-wear-out-your-brain-and-make-it-shrivel/a-17681654)

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...