Saturday, November 28, 2015

ညနေ

လူတစ်ယောက်ကို
နာကျည်းမုန်းတီးလွန်းလို့
အဲ့ဒီလူနဲ့လုံးဝမပတ်သက်တော့ဘူလို့
ဆုံးဖြတ်လိုက်တာ
ဆုံးဖြတ်တဲ့ အတိုင်းလည်း
အဲ့ဒီလူနဲ့ ကောင်းကောင်းဆိုးဆိုး
ဘာမ မပတ်သက်တော့တာဟာ
ဥပေက္ခာ မဟုတ်ဘူး။
ဒေါသပါ။
****************
ကျောင်းအုပ်ကြီးရဲ့ စကားတွေ ကျနော့်နားထဲ ကြား တချက် မကြား တချက် ဖြစ်နေသည်။ ကျနော် ထင်သည် ကျနော် တကိုယ်လုံး တုန်ယင် နေသည်။ ပြီးတော့ ကျနော် ဘာတစ်ခုမျှ မရှိသော လေဟာ နယ်ထဲကို ချက်ချင်း ရောက်သွားသည်။ အရာ အားလုံးဟာ ပေါ့ပါးနေသည်။ ကျနော့် ခြေထောက် တွေ ကြမ်းပြင်နဲ့ မထိတွေ့ဖူးလို့ ခံစား နေရသည်။
ဒီနေ့ မနက် တာဝန်ကျရာ အခန်းတွင်း ကျနော် စာပြနေရာ ဆရာကိုလှအောင်က ကျောင်းအုပ်ကြီး ခေါ်နေတယ် ဆိုတာကြောင့် ကျောင်းသားတွေကို တွက်စာတချို့ ပေးခဲ့ပြီး ကျောင်းအုပ်ကြီး ရှိရာ ရုံးခန်းထဲ ကျနော် ရောက်လာသည်။
ကျနော် ထိုင်ခုံမှာပင် ထိုင်ခွင့် မရလိုက်သေးပဲ ဆရာကြီးရဲ့ ဖြေးဖြေးညင်ညင် နှုတ်ထွက်စကား တစ်ခုကြောင့် ကျော် စိတ်တွေ ယိုင်လဲမတတ် ဖြစ်သွားသည်။ ဝမ်းနည်းလာတဲ့ စိတ် သည် ရင်တွင်း မှ လည်ဝသို့ ချက်ချင်းဆိုသလို ဆို့တက် လာသည်။ ချက်ချင်း မျက်လုံးအိမ်မှာ မျက်ရည်တွေ ဝဲတက်လာသည်။ ကျနော့် ရှေ့ဘက် ထိုင်နေသော ဆရာကြီးသည် ကျနော့် မြင်ကွင်းအတွင်း မပီမပြင် ဝေဝေဝါးဝါး ရှိနေလေသည်။
ကျောင်းဆောင်ရဲ့ လှေကားထစ်တွေကို ကျနော် အထစ်တွေကျော်ပြီး ပြေဆင်းလာသည်။ ကျနော့် ခြေသံတွေသည် ကျောင်းသားတွေရဲ့ စားအံသည့် အသံတွေနှင့် ရောနှောလျက်။
အပြင်မှာ ကျောင်းဖွင့်စရဲ့ ဂျူလိုင်မိုးက တဖွဲဖွဲ ရွာနေ သည်။ မိုးရေစက်တွေနှင့်အတူ မြေနီလမ်းမှာ တပွင့်စီ ကြွေကျနေတဲ့ စိမ့်ပန်းနီနီတွေကို နင်းဖြတ်ကာ ကျနော် စက်ဘီးကို အရှိန်မြင့်ပြီး နင်းလာသည်။ ကျနော့်ရင်မှာ ဗလောင်ဆူးလျက် ရှိနေပြီး နောင်တနှင့် အတူ ဝမ်းနည်းမှုတွေ ပြည့်နေသည်။
"ဖေဖေ"
မိုးစက်တွေကြား ကျနော့် နှုတ်က တမ်းတစွာ ထွက် ပေါ်လာတဲ့ စကားတလုံး။ မခေါ်ဖြစ်တာ ဆယ်စု တစ်နှစ် ရှိနေပြီ ဖြစ်သည်။ ဒီစကားလုံးကို ရှောင်ဖယ် နေတာ ဆယ်စု တစ်နှစ်ရှိနေပြီ။ လျစ်လျူရှုထားတာလည်း ဆယ်စု တစ်နှစ်ရှိနေခဲ့ပြီ။
ကျနော့ပါးပြင်ပေါ်မှ မျက်ရည်တွေ မိုးရေးတွေနဲ ရောနှော ကုန်ကြသည်။ ကျနော့ရင်တွေ နာကျင်လျက် အဖေ့အိမ်ကို ရောက်ချင်နေတဲ့ ဇောတစ်ခုနဲ့ စက်ဘီးကို ဖိနင်းနေသည်။
"ဖေဖေ မလိုက်ရင် ကျောင်းမတက်ဘူး"
ဆိုပြီး နှုတ်ခမ်းကို စူ ခြေဆောင့်ကာ ကျနော်ပြောခဲ့ တုန်းက ကျနော့ အသက်သည် ငါနှစ်မျှသာ ဖြစ် သည်။ ကျောင်းမတက်ရင် စာမတတ်ဘဲ နေမှာပေါ့ ဆိုသည့် စိုးရိမ်စိတ်တစ်ခုနဲ့ အဖေသည် ကျနော့်ကို နေတိုင်း ကျောင်းလိုက်ပို့ရသည်။ ကျောင်းတက်မရဲ့သည့် ကျနော် စာသင်ခန်း ဝင်သည့်အချိန် အဖေ ကျနော့် စာသင်အခန်းရှေ့ ကျောင်းဝရံတာမှာ တနေကုန်အောင် ထိုင်စောင့် ပေးရသည်။
"ဖေဖေ မပြန်ရဘူးနော်"
ဆိုသည့် ကျနော့်စကားကို နားထောင်ကာ ကျနော် ကျောင်းတက်ရက် ၇၅ရာခိုင်နှုန်းရှိလျင် သူလည်း အတူတူဖြစ်သည်။ အဖေ မနက်ခင်းတွေဆို အစော ကြီး ထကာ ရာသီစာ အသီးအရွက်တွေ ရောင်း ပါသည်။ ကျနော် မြင်ဖူးသည့် အဖေ ရောင်းသည့် ဈေးခြင်းတောင်း သည် အသီးအရွက်တွေ အပြည့် ထည့်ထားသော ခပ်ဝိုင်းဝိုင်း ကြိမ်ခြင်းတောင်းကြီး နှစ်လုံး ဖြစ်သည်။
ထိုကြိမ်ခြင်းတောင်းကြီး နှစ်လုံးကို အလယ်က တန်းပိုးဟုခေါ်သော ဝါးပြားကြီးနှင့် လျိုထမ်းကာ နေအိမ်နှင့် တမိုင် ခန့်ဝေးသော မနက်ခင်ဈေးမှာ အဖေ မနက်တိုင်း ဈေးရောင်းပါသည်။
မနက်ခင်းတိုင်း ကျောင်းတက်ချိန် မတိုင်မှီ အဖေ ဈေးမှ အပြေး ပြန်လာရသည်။ အဖေ မီးဖိုချောင် ဝင်ကာ ထမင်းအိုးတည်သည်။ ပြီး ကျနော်ကို ရေချိုးပေးသည် ။ သနပ်ခါး လိမ်းပေးသည်။ ကျောင်းဝတ်စုံ ဝတ်ပေးသည်။ ဈေးက ဝယ်လာ သော ကျနော်ကြိုက်သော သာကူဆိုသည့် ခပ်ချိုချို အဟာရ တခွက်ကို အဖေ ကျနော့်ကို ကျွေးသည်။ ပြီးရင် ကျနော့လက်ကိုဆွဲကာ ကျောင်းလိုက်ပို့သည်။ တနေကုန် ကျောင်းမှာ ကျနော်နှင့် အတူ ရှိနေ ရပါသည်။
စာသင်ရင် အဖေပြန်သွားမလားဆိုသည့် စိတ် ကြောင့် ကျနော့်မှာ နောက်ကို ခဏခဏ လှည့်ကြည့် ရသည်။ ဝရံတာရဲ့ ကြမ်းပြင်ပေါ် အဖေထိုင်နေလျင် ကျနော် မမြင်ရဘူးဆိုသည့် အကြောင်းပြချက် ကြောင့် အဖေ့မှာ ဝရံတာ လက်ယန်းကို မှီပြီး ကျနော် စာသင်ချိန် ပြီးသည့် အထိ တနေကုန်အောင် ရပ်စောင့်ခဲ့ရသည်။ အဖေ့ မျက်နှာပေါ် အပြုံးဆိုတာ ကျနော့် အတွက် ဘယ်တော့မှ ပျောက်ကွယ် မသွားခဲ့ပါ။
ကျနော် မောင်ရင်လောင်းလေး သင်္ကန်းစီးတုန်းက အဖေကပါ ပဉ္ဇင်းတက်ပြီး ဘုန်းတော်ကြီးကျောင်း မှာ ခုနှစ်ရက်တိတိ နေပေးခဲ့သည်။
ကျနော် ကျောင်းပိတ်ရက်တွေ ဖေဖေနဲ့ ဈေးလိုက် သည်။ ဈေးအပြန် ဖေဖေ့ ဈေးခြင်တောင်းထဲ ကျနော် ဝင်ကာ ခိုစီးဖူးသည်။ ကျနော် ဖေဖေ့ကို ကိုယ်ချင်း စာမိပါသည်။ဒီလို နင့်နေအောင် လေးသော ကုန်တွေကို မနက်ခင်းတိုင်း ထမ်းပိုးပြီး အဖေ့ခမျာ ကျနော်ကို ကျောင်းထားပေးဖို့ ပတ်ဝန်းကျင်မှာ ကျနော် မျက်နှာ မငယ်ဖို့ သူများ ကလေးငယ်တွေလို ဝတ်နိုင်စားနိုင်ဖို့ ပိုက်ဆံရှာကာ ရုန်ကန်ရရှာသည်။
ကျနော့်မေမေ ဘယ်မှာလဲလို သူ့ကိုမေးလျင် ဘယ်တော့မှ မဖြေပဲ စကားလမ်းကြောင်း လွဲတတ်ကာ တခြားအကြောင်းအရာတွေကိုသာ အဖေ ပြောပါသည်။ တကယ်တော့ ကျနော်ဘဝမှာ ဖေဖေသာရှိလျင် ဘယ်သူမှ မလိုတော့ပါ။ အရာရာ ပြည့်စုံပြီဟု ခံယူထားသည်။ ဖေဖေသာ ကျနော့ အချစ်ဆုံး ကျော် အရင်းနှီဆုံး ဖြစ်ပါသည်။
ဘယ်တော့မှ မဆူတတ်သော လက်ဖျားနဲ့တောင် မရွယ်သော အဖေ့ကို ကျနော် ပိုချစ်မိတာ မဆန်းပါ။
လောကဓံကို အံတုပြီး အဖေ ကျနော်ကို တစ်တန်းပြီး တစ်တန်း ကျောင်းထားပေးပါသည်။ တခါတခါ မသိတတ်သော ကျနော်က သူများတွေ ဖိနပ် အသစ် စီးရင် ကျနော်ပူဆာမိသည်။ သူများတွေ အင်းကျီအသစ် ဝယ်ရင် လိုချင်မိသည်။ ဘာပဲ တောင်းဆိုတောင်းဆို သူကျနော့်ကို အကုန်ဖြည့်ဆည်း ပေးတတ်သည်။
ကျနော် အသက်တွေ တဖြည်းဖြည်း ကြီးလာသည်။ အဖေလည်း တဖြည်းဖြည်း အသက်တွေ ကြီးလာသည်။ ဒါပေမဲ အဖေ့ရဲ့ မနက်ခင်း ဈေးခြင်း တောင်းသည် မပြောင်း လဲသေးပါ။ မနက်ခင်းဈေး ကို ဈေးခြင်းတောင်း ထမ်းပြီး ကျော်လိုက်ပို့ပါရစေ တောင်းဆိုမှုကို ကျောင်းစာပဲ လုပ်ပါဆိုပြီး အဖေ ငြင်းဆိုသည်။
"ကလေးကို အသိပေးသင့်တယ် မင်း သူ့ကို ဒီအတိုင်း အသိမပေးပဲ ထားတော့မှာလာ မင်းရော အိမ်ထောင် မပြုတော့ဘူးလား"
ကျနော် ရှစ်တန်း တစ်နှစ် ကျောင်းကပြန်လာတော့ ဖွားဖွားနှင့် အဖေ ပြောနေသော စကားကို တစွန်း တစ ကြားမိခဲ့တဲ့ အချိန်မှ စပြီး ကျနော် ထိုအကြောင်းအရာကို သိချင်လာမိခဲ့သည်။ တစွန်းတစ ကြားခဲ့မိသော ဖွားဖွားပြောသည့် စကားသည် အဖေဟာ ကျနော် အဖေ မဟုတ်ဘူးဆိုတာကို ပြနေသည်။
တနေ့ ကျနော် သိခြင်သည့် အကြောင်းကို ဖွားဖွား ကို အဖေ မရှိတုန်း မေးမိသည်။ ဖွားဖွားက မကွယ်မဝှက် ပြောပြပါသည်။ အဖေက မိဘတွေ စွန့်ပစ်ထားတဲ့ ဖွာဖွားကောက်ယူ ကျွေးမွေး ထားသော သူတစ်ယောက် ဖြစ်သည်။ ဖွားဖွားပြောတော့ ကျနော် အဖေကို ချက်ချင်း သနားလာမိသည်။
ပြီးတော့ ဖွားဖွားပြောသော စကားသည် ကျနော် ဆိုတာ ထိုအဖေရဲ့ တာဝန်ယူ စောင့်ရှောက်ယူမှု ခံရတဲ့ သူ ဖြစ်သည်။ သူတောင်းစား အမေအို တစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ဖေဖေက ကျနော်ကို ကျွေးမွေထားသူ ဖြစ်သည်။
ညနေခင်းလေးတစ်ခုမှာ ဖေဖေက ထိုသူတောင်းစား အမေအိုဆီက ကျနော့်ကို လက်ခံယူထားခဲ့လို့ ညနေ ဆိုပြီး ကျနော့်ကို နာမည်ပေးထားတာ ဖြစ်သည် တဲ့။
ကျနော် သူသားအရင်း မဟုတ်ဘူးဆိုတာကို သိရတဲ့ အချိန်မှာ တအား တုန်လှုပ်သွားမိသည်။ မသိစိတ် တစ်ခုကနေ လိုက်ခနဲ ပျော်သွားမိတာကိုတော့ ကျနော် သတိထား မိသည်။ ဘာကြောင့် ပျော်တယ် ဆိုတာကို ကျနော် ထိုအချိန်က မသိခဲ့ပါ။ တွေးလည်း မတွေးတတ်ခဲ့။ စဉ်းလဲ မစဉ်းစား တတ်ခဲ့ပါ။
နောက်ပိုင်း အဖေ့ကို ကျနော်အချိန်ပေး သတိထား ကြည့်မိ တတ်လာသည်။ ညနေဖက် အဖေ အိမ်ရှေ့ ခရေပင်အောက် ရပ်ကွက်ထဲက လူတွေနဲ့ ခြင်းလုံး ခတ်ရင် ကျနော် အဖေ့ကို ငေးမောစွာ ကြည့်မိတတ် လာသည်။ မြင်းခေါင်း တံဆိတ် စွပ်ကျယ်နဲ့ အကွက် စိတ်စိတ် ပုဆိုးကို ပေါင်လည်ကနေ ကတောင်း ကြိုက်ပြီး ခြင်းလုံးကို ခြေဖျာနဲ့ တော့ကာ အဖေ ကစားသည်။ ဒူးခေါင်းနဲ့ တိုက်သည်။ ခေါင်းနဲ့ ဆောင့်သည်။ ခြင်းလုံးကို အဖေ ခြေဖနောင်နဲ့ ခတ်သည်။ ကျနော့အတွက် အဖေကစားတာ အရမ်းကို ကြည့်လို့ ကောင်းသည်။
အဖေ့ ကိုယ်ခန္ဓာ အနေအထား အဖေ့ ခြေသလုံး ကြွက်သားတွေ အဖေ့လက်မောင်းသားတွေ ကို ကျော် သေသေချာချာ ကြည့်မိတတ်လာသည်။ တကယ်တော့ အဖေ့က အသက် သိပ်မကြီး သေးသော လူလတ်ပိုင်းတစ်ယောက် ဖြစ်ပါသည်။
ကျနော့ မျက်လုံးမှာ အဖေဟာ အရမ်းကို ကြည့်ကောင်းသော အမျိုးသားကြီး တစ်ဦး ဖြစ်နေသည်။
အဖေ့လုပ်ရှားမှုတွေကိုကြည့်ပြီး ကျနော် အဖေ့ကို ပိုချစ်မိသည်။ ကျနော့စိတ်ထဲ ဖေဖေနဲ့ ပတ်သက်ရင် စိတ်ထဲ တမျိုးခံစားလာရတာကို ကျော် သတိထားမိလာသည်။ မသိမသာ ခုန်လာတဲ့ ရင်ခုန်သံကို ကျနော် နားထောင်တတ်လာသည်။
ဖွားဖွားပြောသလို အဖေ အိမ်ထောင်ပြုမှာလား ဆိုတာ ကျော်သိခြင် လာသည်။
"ဟင့်အင်း ကျနော်ကလွဲပြီး ဘယ်သူကိုမှ မချစ်ရဘူး"
ဆိုသော တဇွတ်ထိုးစိတ် သည် ထိုးထိုး ထောင်ထောင် ထွက်လာသည်။
" ဟုတ်တယ် ဖေဖေ ကျနော်ကိုပဲ ချစ်ရမယ်။ ကျနော်ကလွဲပြီး ဘယ်သူကိုမှ မချစ်ရဘူး"
ဖေဖေနဲ့ အခန်းခွဲ အိပ်တာ နှစ်နှစ်လောက်ရှိပြီ ဖြစ်ပေမဲ့ ဖေဖေနဲ့ အတူပြန်အိပ်မယ်မယ်လို တောင်းဆိုတော့
"ဟား ငါသားက လူပျို ဖြစ်နေပြီ ဘယ်လို ဖြစ်လို့တုန်း"
လို့ အဖေ ရယ်ရယ်မောမော ပြောတုန်းက အဖေ သည် အရမ်းချစ်ဖို့ ကောင်းသည်။ ညဘက်တွေ ဖေဖေ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး ဖေဖေကို တင်တင်းကြပ်ကြပ် ဖက်ခါ အိပ်တတ်လာသည်။
အဖေက ဘာမ မဖြစ်ပေမဲ ကျနော်ကတော့ ရင်တွေ ခုန်တာ ကျနော် တယောက်သာ အသိဆုံး ဖြစ်သည်။
"ဖေဖေနဲ့ ကျနော် သားအဖ အရင်း မဟုတ်ဘူးနော်"
လို့ ကျနော် အဖေကို မေးရင်
" ဘယ်သူပြောလဲ မင်းကငါ့ရဲ့ သားပဲလေ"
လို့ ပြန်ဖြေတတ်သည်။ အဖေ ဒီလို ဖြေရင် ကျနော့ စိတ်ထဲ သိပ်ပြီး ဘဝင် မကျခြင်ပါ။ ဘာကြောင့်လဲ ဆိုတာကို ကျနော် အဲ့ဒီ အချိန်က နားမလည်ခဲ့။
ကျနော်က အတွန့်တက်ပြီး
" သွေးမတော် သား မစပ်ပဲ အဖေက ကျနော်ကို ဘာလို ချစ်တာလဲလို"
သွေးတိုးစမ်းသည့် မေးခွန်မျိုးကို ကျနော် မေးတတ် လာသည်။ ဒီအဖေ ချစ်တာကို ကျနော် တစ်ယောက်ပဲ ဖြစ်ရမည် ဆိုတဲ့ ကျော့်ရဲ့ မသိစိတ်တစ်ခုမှာ အတ္တဆိုတဲ့ အရာတစ်ခုက တဖြည်းဖြည်း တိုးဝင်လာတာ ကျော် သတိထား မိလာသည်။
တခါတလေ အလိုလိုနေရင် ဝမ်းနည်းကာ မျက်ရည် ကျမိသည်။ ထိုအခါ အဖေက ဘာဖြစ်လိုလဲလို့ မေးရင် ကျနော်မှာ သူဂရုစိုက်မှုကို လိုချင် လှစွာ ထပ်ငိုတော့ သူကျနော့်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး ကျော့် ကျောပြင်ကို သူလက်ကြမ်းကြမ်းတွေနဲ ပတ်သပ်ပေးတတ်၏။
ဖေဖေအပေါ် ကျနော့် အချစ်တွေက ၅၂၈ထက် ပိုကာ ၁၅၀၀အချစ် ဖြစ်နေသည်ကို သတိထားမိတဲ့ နေ့က ဖေဖေ ရေချိုးနေသော နေ့တနေ့ ဖြစ်သည်။ ကျနော် ရေငင်ပေးမည်ဟု ပြောပြီး အဖေရေချိုးဖို့ ကျော် အုပ်ကန်ထဲ ရေဖြည့်ပေးတော့ အဲ့ဒီနေ့က ဖေဖေ ရေစိုပုဆိုးနဲ့ အုတ်ကန်ထဲက ရေတွေကို ခပ်ကာ တဗွမ်းဗွမ်းနဲ့ ရေလောင်း ချိုးနေသည်။ အဖေ့ကို ငေးကြည့်ရင်း လူပျိုပေါက် ကျနော့်ရင်ထဲ တဒိတ်ဒိတ်ခုန်ကာ ဖြစ်နေသည်။ တခါမျှ မခံစားဘူးသော ကျနော့် ရင်ထဲ အေးသွားလိုက် မောသွားလိုက်နဲ့ အသက်ရူမဝသလို ဖြစ်နေမိသည်။
အဖေ့ကို ချေးတွန်းပေးမယ်ဟု ဆပ်ပြာတိုက် နေသည့် အဖေအနားကို ကျနော် ကပ်သွားတဲ့ အချိန် အုတ်ကန်ကြမ်းပြင်ပေါ်က ရေညှိတချို့ကို တက်နင်းမိကာ ကျနော် ခြေချော်လှဲတော့သည်။
ကံကောင်းစွာ အဖေ လှမ်းဆွဲမှုကြောင့် ကျနော် အဖေ့ရင်ခွင်ထဲ ရောက်သွားသည်။ ညနေတိုင်း ရေမချိုးခင် လေးကျင့်ခန်း လုပ်ပါသော အဖေ ခန္ဓာကိုယ်က မာတောင် ကျစ်လစ်နေကာ ၁၄နှစ် အရွယ် ကျနော် ရင့်ခုန်သံသည် တဒုတ်ဒုတ်နဲ့ ပို၍ မြည်လာသည်။
"ဘာဖြစ်သွားသေးလဲ"
ဆိုပြီး အဖေ့ မျက်နှာ ကျနော့ မျက်နှာကို ကပ်ပြီး မေးတုန်းက ကျနော် စိတ်တွေ ထိန်းမရစွာ ရေအိုး အတွင်းက ပိုးလောက်လန်းလေးလို ဂျွမ်းပြန် ထိုးလျက် ယွစိ ခတ်စွာ ရှိနေခဲ့သည်။ ကျနော် ခုန်နေတဲ့ ရင်ကိုဦနှောက်နဲ့ ထိန်းချူပ်ပြီး စိတ်တွေ အသိပြန်ဝင် လာကာ အဖေ့ ရင်ခွင်ထဲက ရုန်းထွက်လိုက်မိသည်။
ငါဘာဖြစ်သွားတာလဲ ဆိုတာ ကိုယ့်ကိုကိုယ် မသိ လိုက်ခင်မှာ ဘုရားရေ ကျနော် သဘာဝတရားကို လွန်ဆန်ပြီး အဖေ့ကို ချစ်နေမိပြီးလား ဆိုပြီး စိုးရိမ် နေမိသည်။
ဒီနောက်ပိုင်းတွေ အဖေ့ဆီက ဂရုစိုက်မှုတွေ ကျနော် ပိုလိုချင်လာသည်။ အလေးထားမှုတွေကို မက်မော လာသည်။ ကျောင်းစာတွေထက် အဖေကို စိတ်ကူး ထဲ ပိုထည့်ထားတတ်လာသည်။ တခုခုဆို အဖေ့ အတွက်ဆိုပြီး ဖြစ်လာတတ်သည်။အဖေ အမျိုးသမီး တွေနဲ့ စကားပြောရင် စိတ်ပူ တတ်လာသည်။
လတွေ နှစ်တွေ ပြောင်းလာသည်။
ကျောင်းအားရက် မနက်ခင်းတွေ အဖေ့အနား နေပြီး ဈေးကူရောင်တတ်နေပြီ။ ငယ်ငယ်ကလို အဖေ့ ဈေးခြင်းတောင်းထဲ ဝင်ခိုပြီး ထိုင်စီးလို့ မရတော့ပေမဲ့ အဖေနဘေး အတူယှဉ်တွဲ လျောက် ရတာကိုလည်း သဘောကျတတ်လာသည်။ ကျော့်စိတ်တွေ ဘာလို့ ဒီလို ဖြစ်နေတာလဲ ဆိုတာ ကို ကျော် စဉ်းစားမတတ်ခဲ့ပါ။ စဉ်းစားလိုက်တိုင်း တွေးမိသည်က ငါဘာလို့ အဖေကို မြင်ရင် တိတ်တဆိတ်ရင်ခုန်တတ်နေတာလဲ ဆိုသည့် မေးခွန်းဖြစ်သည်။ တကယ်ပဲ ငါ အဖေ့ကို ၁၅၀၀ မေတ္တာ တစ်ခုနဲ့ ချစ်နေမိပြီလား။ သေချာမှုတခုကို ပိုမို ပီပြင်စေသည့် တနေ့သည် ထို ညနေ ဖြစ်သည်။
နေဝင်တော့မည့် အချိန် တစ်ခု ဖြစ်သည်။ တိမ် တောက်တောက်တွေနဲ့ နေလုံးရဲရဲကြီးက အိပ်တန်း တက်ချိန် သူ့အလုပ်ပြီးဆုံးပြီ ဆိုပြီး လက်ပြ နှုတ်ဆက်ကာ အနောက်ဘက်စူးစူး တောင်စွယ် ကြား ထိုးဆင်းရန် အားယူနေသော အချိန် ဖြစ်သည်။
အိမ်နောက်ဖက်မှာ ရိတ်သိမ်းပြီး သော အဝါရောင် ကိုင်းတံ အငုတ်လေးတွေ နေဝင်ရီတယောမှာ ရှိနေ၏။
ညနေဆည်ဆာ တစ်ခုမှာ အဖေစိုက် ထားသော မုန်ညှင်းတခင်းကြီးက အဝါရောင် မုန့်ညှင်းပွင့်တွေနဲ့ မွေးပျံစွာလည်း ရှိနေသည်။
ပိတုန်းလေးတွေ မုန့်ညှင်းပင်တွေအကြား ဟိုဒီ ပျံဝဲ နေကြသည်။ ရောင်စုံ လိပ်ပြာလေးတွေလည် ရှိသည်။
ထိုညနေလေး တစ်ခုမှာ ထိုနေရာလေးအနား အဖေ က ကျနော်ကို စကားတခွန်းပြောသည်။
"သားလည်း အရွယ်တစ်ခု ရနေပြီ ဆိုတော့ အဖေ သားကို တစ်ခု ပြောစရာ ရှိတယ်"
အဖေ့ မျက်နှာက အနည်ငယ် ရှက်နေသလို ဖြစ်နေသည်။ တစ်ခုခုကို တွေးတောပြီး သက်ပြင်း ရှည်ကြီး ကိုလည်း ချလိုက်သေးသည်။ တခါမှ အဖေ့ကို ဒီလို ပုံစံမျိုး မမြင်ဖူးပါ။
"သားလည်း အရွယ်ရလာပြီ။ သားကို လည်း အဖေ စိတ်ချပြီ။ ဒါကြောင့် အဖေ အိမ်ထောင် ပြုတော့မလို့"
အဖေ ဆီက အာတစ်ခုယူ ခပ်မြန်မြန် ပြောချ လိုက်သော စကားကို ကျနော် မကြားမိသလို ဖြစ်မိတာကြောင့်
"အဖေ ဘာပြောလိုက်တာလဲ"
ဆိုပြီး ကျနော် ထပ်မေးတော့ အဖေ ဒုတိယ အကြိမ် ထပ်ပြောပါသည်။
အဖေ့ စကားသည် ကျနော့် နားထဲ ပြင်ပြင်ထန်ထန် ရိုက်ခတ်လာသည်။ ကျနော် သတိထားမလိုက်တဲ့ အချိန်မှာ ကျနော် အဖေ့ကို ရင်ခြင်းအပ်ကာ အဖေ့ရင်ခွင်ထဲ တိုးဝင်ပြီ လွတ်ထွက်သွားတော့မည့် အရာလို အဖေ့ကို ခါးမှ တင်းကြပ်စွာ သိုင်းဖက် ထားမိသည်။
"ဖေဖေ မိန်းမ မယူရဘူး အိမ်ထောင် မပြုရဘူး ကျနော်နဲ့ဘဲ နေရမယ် ကျနော့်ကိုပဲ ချစ်ရမယ်"
ဆိုသည့် စကားကို အတွင်တွင် ကျနော် ပြောလျက် ငိုနေမိသည်။ အဲ့ဒီတုန်း က အဖေက ကျနော့ကို နားလည်စွာ ကြည့်နေခဲ့သည်။ အဖေ ထင်တာက ကျနော် သူကို အိမ်ထောင် မပြုစေခြင်တာ သက်သက်ကြောင့် တားဆီနေတာလို ပဲ ထင်နေ သည်။
ကျနော့ စိတ်ထဲ ဖြစ်နေတာက အဖေကို အရမ်းချစ်မိ နေတာကြောင့် တားဆီးနေတာ ဖြစ်သည်။ အဖေ့ကို အခြား တစ်ဦးတစ်ယောက် ပိုင်ဆိုင် သွားမှာကို မလိုလားစွာ ဖြစ်နေမိသည်ကို အဖေ မသိခဲ့ပါ။ ကျနော်ထက် ဘယ်သူကိုမှ မချစ်ရ ဟု အဖေကို ကျနော်ပဲ ပိုင်ဆိုင်ချင်သည့် ဆိုသည့် စကားကို ကျနော် အဖေ့ကို ပြောပြချင်ခဲ့မိသည်။ ကျနော် အဖေ့ကို ချစ်နေသည် ဆိုတာ သေချာသည်။
ထိုအချစ်သည် မိဘအပေါ် သားသမီက ချစ်သော အကို တစ်ယောက်အပေါ် ညီတစ်ယောက်က ချစ်သော ၅၂၈ မျိုးမဟုတ်တာကို ကျော် တစ်ယောက် သာလျင် သိသည်။
"ဘာဖြစ်လိုလဲ သားရဲ့ အဖေ အိမ်ထောင်ပြုပြီးလဲ အတူ နေရမှာပဲလေ"
အဖေက ကျနော့် ခေါင်းက ဆံပင်တွေကို ပွတ်သပ် ပြီး ချော့ ပြောနေတော့
"မဟုတ်ဘူးအဖေ အဖေ ကျနော့်စိတ်ကို နားမလည် ဘူးနော် ကျနော် ဘယ်လိုပြောမှ အဖေ နာလည် ပေးနိုင်မှာလဲ"
အဖေက ကျနော့်ကို အသိ ပေးသလို ပြောတာ ဖြစ်ပေမဲ့ ကျနော့စိတ်ထဲ လုံးဝ လက်မခံနိုင် ဖြစ်နေ ရသည်။ အရာအားလုံး စိတ်မကျေနပ်စွာ ကျနော် ရှိနေခဲ့ပြီး ဝမ်းနည်းလျက် ရှိနေခဲ့သည်။ မကျေနပ်စွာ မျက်စိရှေ့မှာ ရှိနေတဲ့ မုန့်ညှင်းပန်း ဝါဝါတွေကို ကျနော့လက်နဲ့ ခပ်ကြမ်းကြမ်း လွဲရိုက်ပစ် လိုက်သည်။ ဖွာကနဲ လွင်စင်သွားသည့် မုန့်ညှင်းပန်း ဝါဝါတွေနဲ့ အတူ ပိတုန်းလေးတွေ ကျနော်ကို ကြောက်လန့်စွာ အဝေးသို ပျံသန်းသွားကြသည်။
နောက်ဆုံး ပြောမရသည့်အဆုံး အဖွားအရှေ့မှာပဲ ကျနော် အဖေ့ကို
"အဖေ ကျနော်ကို နည်းနည်းလေးမှ နားမလည် ဘူးနော် သွေးမတော် သားမစပ်တဲ့ အဖေကို ကျနော် ချစ်တယ်ဆိုတာ အဖေလို မဟုတ်ဘဲ လင်ယောကျာ် တစ်ယောက်လို ချစ်တာ ကျနော်နဲ့ပဲ နေရမယ် ဘယ်သူ့ကိုမှ လက်မထပ်ရဘူး"
ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောတုန်းက အဖေက ရှက်ဒေါသ တစ်ခုကြောင့် ထင်သည် ကျနော့် မျက်နှာကို သူလက်ဝါးကြမ်းကြမ်းကြီးနဲ့ ဖြတ်ရိုက် လိုက်သည်။ အဖေ့ မျက်နှာတွေ နီရဲနေကာ အဖေ့ ရင်ဘတ်ကြီး မို့ချည် မောက်ချည်နဲ စိတ်တွေ လုပ်ရှားပြီ ဒေါသတွေ ထွက်နေသည်။
"မြေးလေး အဲ့ဒီလို စိတ်မျိုး မထားရဘူးလေ။ ဘာလို့ ယောက်ျာ အချင်းချင်း ချစ်ရမှာလဲ ဘယ်လို လက်ထပ် ရမှာလဲ မြေးလေးလဲ တနေ့ အိမ်ထောင် ပြုရမှာလေ"
ဆိုတဲ အဖွားပြောစကားကိုပင် နားမထောင်ပဲ သူတို့ နှစ်ဦးလုံးကို ရန်သူကြီး သဖွယ် ကျော် ဆက်ဆံ ခဲ့သည်။ အဖေ ချစ်တာ ကျနော် တစ်ယောက် တည်းပဲ ဖြစ်ရမယ် ဆိုတဲ့ အတ္တကြီးက ကျနော် ကိုယ်ပေါ် လွမ်းမိုးလျက် ရှိသည်။
အဖေ သူအိပ်ပျော်နေတဲ့ အချိန်တွေ ကျနော် ခိုးခိုး နမ်းသည်။ အသက် ၁၇ နှစ်အရွယ် လူပျိုပေါက်လေး တစ်ယောက်က အသက် ၃၀ကျော် လူပျိုကြီး တစ်ယောက်ကို စိတ်ဝင်တစား ချစ်မိနေတာ ပတ်ဝန်းကျင်မှာတော့ အပြစ်တစ်ခု ဖြစ်နေသည်။
သို့ပေမဲ့ အဖေ ကျနော့အချစ်ကို လျစ်လျူရှုကာ အိမ်ထောင် ပြုခဲ့ ပါသည်။ ကျနော် အဲ့ဒီရက်တွေ သေလောက်အောင် ခံစားခဲ့ရသည်။ နာကျင် ခဲ့ရသည်။ အဖေ သူ့မိန်းမနဲ့ အတူ ရှိနေရင် ကျနော်မှာ မနာလိုမှုတွေ ဖြစ်ကာ စိတ်တို ဒေါသ ဖြစ်လျက် အဖေကို နာကျဉ်း လာသည်။ ကျနော် နာကျင်မှုကို ကျနော် တစ်ယောက် သာလျင် ကောင်းကောင်း သိသည်။
အချစ်ကြီးရင် အမျက်ကြီးတယ် ဆိုသလို ကျနော့် အချစ်တွေ ကြောက်စရာ ကောင်းလောက်အောင် ပြောင်းလဲ သွားပြီး အဖေ့အပေါ် အမုန်းတစ်ခု စတင် ခဲ့သည်။ ကျနော် နာကျင်ရတာကို ခံစားရတိုင်း အဖေ့ အပေါ် စိတ်နာမိသည်။
နောက်ဆုံး ကျနော် အဖေအိမ်ကနေ ဆင်းခဲ့ပြီး အဆောင်တစ်ခုမှာ ဘဝကို စတင်ခဲ့သည်။ ပတ်ဝန်း ကျင်ကတော့ သူအဖေ အိမ်ထောင် ပြုတာကို လက်မခံနိုင်လို ကျနော် အိမ်ပေါ်က ဆင်းသည်လိုပဲ သိထာကြတာ ဖြစ်သည်။ အသည်းတစ်ခု ကွဲအက် လို ကျနော် အိမ်ပေါ်က ဆင်းသည် ဆိုတာကို အဖေနဲ့ ကျနော် နှစ်ယောက်သာ ကောင်းကောင်း သိသည်။ အဖွားဆုံးတာကို သိပေမဲ့လည်း ကျနော် အိပ်မပြန်ဖြစ်ပါ။
ကြားထဲအဖေ ကျနော့်ကို အိမ်ပြန်လာဖို့ အကြိမ်ကြိမ် ခေါ်သည်။ ကျနော် လက်မခံခဲ့ပါ။ အဖေ စားစရာတွေ ချက်ပြုတ်ပြီ လာပို့တတ်သည်။ ကျနော် ငြင်းပယ်ခဲ့သည်။ ဆွေးဆွေးမြေ့မြေ့ ကြည့်တတ်တဲ့ အဖေ့ မျက်လုံးတွေကို ကျနော် မျက်ကွယ်ပြုခဲ့သည်။ တောင်းပန်သလို ကြည့်ခဲ့တဲ့ အဖေ မျက်နှာကို ကျနော် မမြင်ခြင်ယောင် ဆောင်နေခဲ့သည်။ မတော်တဆ သူ့မိသားစုနဲ လမ်းတွေ့ရင် ကျနော် ရှောင်တတ်လာသည်။
ကျောင်းဆရာ ဆိုတဲ့ ဂုဏ်တစ်ခုက ကျနော့ နာမည်ရှေ့ ရောက်လာသည်။ ကျနော်တို့မြို့ရဲ့ အလယ်တန်း ကျောင်းတစ်ခုမှာ ကျနော် တာဝန် ကျသည်။ ကျောင်းတက် ခလေးငယ်တွေကို မြင်တိုင်း ငယ်ငယ်က အဖေ ကျောင်းကို လိုက်ပို့တာ ကို ပြန်မြင်ယာင်ပြီး အဖေကို သတိတရ လွမ်းဆွတ် မိသည်။ သတိမရသင့်ဘူးအထင်နှင့် အဖေ့ကို ကျနော် စိတ်ထဲ ဝင်လာတိုင်း မောင်းထုတ်မိသည်။
အဖေ နေမကောင်းဖြစ်နေတယ် ဆိုတဲ့ သတင်းကို ကျနော် သဲ့သဲ့ကြားတုန်းက သူ့မိန်းမ တစ်ယောက် လုံး ရှိတာပဲ ဆိုသည့် ကလေးဆန်တဲ့ စိတ်တစ်ခုနဲ့ သတင်းသွားမမေးဖြစ်ပါ။
ရာသီတွေ ပြောင်းလာခဲ့ပြီ ဖြစ်သည်။
"ဆရာ့အဖေ နောက်ဆုံးအချိန် တစ်ခုကို ရောက် နေပြီ။ ဆရာ့ကို တွေ့ချင်တယ်လို့ ဖုန်းဝင်လာလို့ ခေါ်ပြောတာပါ "
ဆိုတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ စကားကြောင့် ကျနော့ စိတ်တွေ ဝမ်းနည်းလာကာ ဖေဖေက နောက်ဆုံးအချိန် ဟုတ်လား။ ကျနော် မယုံနိုင်စွာနဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကို လက်ဖမိုးနဲ့ သုပ်ရင်း ကျောင်းဆောင်တွေအောက် ဒရောသောပါး ပြေးဆင်း လာခဲ့သည်။ ကျနော် ကလေးငယ်တွေကို စာပြပေးနေတဲ့ ဆရာတစ်ယောက် ဖြစ်စေဦးတော့ အဖေနဲ့ ပတ်သက်ရင် ကလေးငယ်လေး တစ်ဦး ကဲ့သို့ ပြန်ဖြစ်သွားပြန်သည်။
ခုအချိန်ထိ အဖေနဲ့ ပတ်သက်ရင် ရင်ခုန်သံတွေ လတ်ဆတ်နေတုန်း ဖြစ်သည်။ အဖေကို ကျနော့် လောက် ဘယ်သူမှ မချစ်နိုင်တာ ကျနော် အသိဆုံး ဖြစ်သည်။ ဆယ်စု တစ်နှစ် ဖုံးဖိထားတဲ့ ကျနော့ အချစ်တွေ လုံးဝတာဆီးမရစွာ ပွင့်အံလာပြန်သည်။
အဖေ့အပေါ်ဟန်ဆောင် အမုန်းတွေ သုံးမရစွာ ကျနော့ အနားက ထွက်ခွာကုန်ကြသည်။ ကျနော် ပြုံးမိသည်။ ဒါပေမဲ့ ကျနော်ပါးပြင်ပေါ် မျက်ရည်တွေ ကျနေသည်။ အဖေ့ကို ကျနော် ပစ်ထားမိခဲ့တဲ့ အတွက် ခုမ နောင်တတွေ ရနေမိပါသည်။
"အဖေ့ နောက်ဆုံးအချိန်"
ကျနော့်နားထဲ ထပ်ခါထပ်ခါ ဝင်လာတဲ့ ဆရာကြီးရဲ့ စကားသံတွေ ကြားနေရသည်။
"အဖေ မသေရဘူး ကျနော် လက်မခံနိုင်ဘူး"
အဖေ ကျေးဇူးပြုပြီး ကျနော်ကို စောင့်ပါဦးနော်။ ကျနော့် အမှားတစ်ခုကို တောင်းပန်ပါရစေ။ အဖေ ခွင့်လွတ်ပေးပါ။ အဖေ ခွင့်လွတ်မှာပါ။ ကျနော့်အပေါ် အဖေ ဘယ်တုန်းကမှ မုန်းခဲ့မှာ မဟုတ်ပါဘူး"
အဖေ့ကို တွေ့ရင် ကျနော် ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတဲ့ စိတ်တစ်ခုနဲ့ ကျနော် စက်ဘီးခြေနင်းကို အသာကုန် နင်းကာ မိုးရေတွေကို အံတုရင်း စိုးရိမ်း နေတဲ့စိတ်တွေနဲ့ အဖေ ဆီရောက်အောင် အဖေ့အိမ်ဆီသို့ နင်းဖြတ်နေသည်။
ဆယ်နှစ်ကျော် တကယ်ကို ဆယ်နှစ်ကျော် မရောက် ဖြစ်တဲ့ အဖေ့အိမ်ကို ကျနော် ရောက်လာ ခဲ့သည်။ အိမ်ရှေ့ ခရေပင်က ခရေပန်းတွေ မိုးဒဏ် ကြောင့် တဖြုတ်ဖြုတ် မြေပြင်ပေါ်သို့ ကြွေကျ နေကြသည်။အိမ်ပေါက်ဝမှာ ကျနော်ကို ဆီးကြို နေတဲ့ အဖေ့ သမီးလေးကို မြင်တော့ ကျနော့်ကိုယ် ကျနော် လိပ်ပြာ မလုံသလို ရှက်မိသည်။
"ဆရာ ရောက်လာပြီ အမေ"
ကလေးမလေးရဲ့ အော်သံကြောင့် အိမ်ထဲက အဖေ့မိန်မ ပြေးထွက်လာပါသည်။
"မောင်လေးရောက်လာပြီ"
ဆိုပြီး ကျနော့လက်ကို သူမ ပြေးကိုင်လာသည်။ သူမ နှုတ်ခမ်းတွေ ပြုံးနေပေမဲ့ သူမမျက်လုံး အိမ်မှာ မျက်ရည်တွေ စိုစွတ်နေသည်။
ကျနော့ ခြေထောက်တွေ လှေကားခုံကို တက်နင်းတော့
"မောင်လေး "
ဆိုပြီး တုန်ရင်နေတဲ့ အသံနဲ့ သူမ ကျနော့်ကို ခေါ်လာသည်။ကျနော့်ခြေလှမ်းတွေ ရပ်တန့် သွားမိသည်။ ပြီးတော့ ကျနော့ကို
"အမကို ခွင့်လွတ်ပါနော် "
တဲ့ ကျနော် နားမလည်သလို ရှိတာကြောင့် သူမ ဆီမှ ငိုရှိုက်ရင်း စကားတွေ ထွက်လာသည်။
"တကယ်တော့ အစ်မက မောင်လေးနဲ့ အကို့ကို သားအဖ ဆိုတာကို ကွဲကွားစေခဲ့သူပါ။ အစ်မသာ အကို့ကို အကူအညီ မတောင်းခဲ့ဘူးဆိုရင် မောင်လေးလည်း အကိုနဲ့ ခွဲနေရမှာ မဟုတ်သလို အကိုလည်း ဒီလို ဝေဒနာ ခံစားရမှာ မဟုတ်ဘူး"
သူမ ဘာတွေ ပြောနေတာလဲ ဆိုတာကို ကျနော် နားမလည် ရှိနေတုန်း သူမ ငိုရှိုက်ရင်း ဆက်ပြောလာသည်။
"ယနေ့အထိ အကိုက အမရဲ့ ကျေးဇူးရှင်ပါ။ အမ အရှက်ကို ကာကွယ်ပေးခဲ့သူပါ။ အမရဲ့ မိုက်ပြစ် ကြောင့် လွယ်ခဲ့ရတဲ့ ကိုယ်ဝန်တစ်ခုကို အကို တာဝန် ယူပေးခဲ့တာ မောင်လေး အကိုက အမရဲ့ အကိုလိုပဲ အမ အပေါ် ဆက်ဆံခဲ့တာပါ"
သူမ ပြောလာတော့ အဖေ့သမီးဆိုသည့် မျက်လုံးဝိုင်းလေးနဲ့ ကြောင်ကြည့်နေတဲ့ ကလေးမလေးကို ကျနော် ကြည့်လိုက်မိသည်။
"ဒီအကြောင်းတွေကို မောင်လေးကို ပြောချင်ပေမဲ့ အကိုက ပြောခွင့် မပေးခဲ့ဘူး။ အမကို ခွင့်လွတ်ပါ နော်။ အကို မောင်လေးကို နေ့တိုင်း မျှော်နေခဲ့တာ။ နောက်ပိုင်းတွေ အရမ်းဆိုလာပြီး အစားအသောက် မမှန်ရာကနေ အိပ်ယာထဲ လှဲသွားတဲ့ အထိပါ"
အဖေ့ မိန်းမဆီမှ ထိုစကားတွေကို ကြားရရင် အဖေ့ စိတ်ထားကို လေးစားမိသည်။ မိဘ မရှိကြသည့် ကျနော်တို့လို ဘဝကို ကိုယ်ခြင်းစာကာ အဖေ ကာကွယ်ခဲ့သည်။
"ဖြစ်ရလေ အဖေရယ် ကျနော် သိပ်ကို မှားသွားပြီ"
ကျနော် ကိုယ့်ကိုကိုယ် နောင်တ ရမဆုံး ဖြစ်နေ မိသည်။ အဖေလာတွေ့တုန်း အတွေ့မခံခဲ့ တာတွေ ကို ကျနော် နောင်တ ရမဆုံးပါ။ ကျနော် အဖေကို တွေ့တွေ့ခြင်း ထိုင်ရှိခိုမိသည်။
အဖေ အိပ်ပျော်နေတာ မဟုတ် အသက်ကို ကြိုးစားပြီ ရှုရှိုက်နေသည်။ နှုတ်ခမ်းနှစ်လွာ ဖွင့်ဟ လျက် အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်နေသည်။ ကျနော့် ငိုမိလေပြီ။ ကျနော့်ကိုယ် ကျနော် တအားကို စိတ်ပျက်မိသည်။ အဖေ့ကို ကျနော့် ပစ်ထားမိသည်။ ကျနော့် စိတ်တစ်ခုနဲ့တင် အဖေ အိပ်ယာထဲ လှဲကာ ဒီဝေဒနာကို ခံစား နေရရှာသည်။
ကျနော် အဖေအနား တဖြည်းဖြည်း ကပ်သွားမိရင်း အဖေ့လက်တွေကို ဆုတ်ကိုင်မိသည်။ အေးစက်စက် အဖေ့လက်တွေ။
အဖေ့ရဲ့ လက်တွေ အရင်ကလို မသန်မာတော့။ အရင်ကလို အသားတွေ ဆူးဆူးဖြိုးဖြိုး မရှိတော့ဘဲ အရိုးပေါ် အရေတင်မျှသာ ရှိနေတော့သည်။
အဖေ့လက်တွေကို ကျနော် ဆုတ်ကိုင်တော့ အဖေ့ခေါင်းလေး တဖြည်းဖြည်းကျနော့်ဘက် ငဲ့စောင်းလာသည်။
ဖြူရော်ရော် အဖေ့နှုတ်ခမ်းတွေ ကျနော့်ကို မြင်တော့ ပြုံးရိပ် သန်းလာသည်။ အားယူပြီ ဖွင့်လာတဲ့ ချိုင့်ဝင်နေတဲ့ မျက်လုံးအိမ်ထဲက မျက်ရည်တွေ ကျုံလီနေတဲ့အဖေ့ပါးပြင်ပေါ် စီးကျလာသည်။
"အဖေ ကျနော့်ကို ခွင့်မလွတ်ပါနဲ့ အဖေရယ် ကျနော် အဖေ့ကို ပစ်ထားခဲ့မိတယ်။ ကျနော် ကို ခွင့်မလွတ်ပါနဲ့"
အဖေ ကျနော်ကို ပြုံးပြနေသည်။ တကယ်ကို အဖေ ကျနော့်ကို စောင့်နေခဲ့ရှာသည်။
ကျနော် အဖေ့ကို ကြည့်ရင့် ငိုမိနေတုန်းမှာပဲ ကျနော် ဖမ်းဆုပ်ထားတဲ့ အဖေ့ရဲ့ လက်ကလေး ကျနော့် လက်တွင်းကနေ အရုပ်ကြိုးပြတ်သလို လွတ်ကျသွားလေသည်။
အဖေ!!!!!!!!
ကျနော် ခေါ်သော်လည်း အဖေ မကြားနိုင်တော့ပါ။ အဖေမျက်နှာလေး ပြုံးလျက် ကျနော့်ကို ထားခဲ့ကာ အဝေးဆုံးကို နှုတ်ဆက်ထွက် သွားလေပြီး ဖြစ်သည်။
(၁၂/ ၁၂/၂၀၁၃)
ကြိုးစားပါဦးမည်။
ချွန်းချွန်း

2 comments:

  1. ကောင်းတယ်အစ်ကို ခံစားရတယ်ဗျာ အားပေးတယ်နော်

    ReplyDelete
  2. အားပေးလျက်ပါ ခံစားရပါတယ်ဗျာ

    ReplyDelete

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...