Saturday, June 6, 2015

ဆောင်းမိုးနှင့်သာ မျှောတော့သည် ...........

   ယောယုံတောင် ကမ်းပါးစောင်း၏ ထိပ်စွန်းပိုင်းမှ လွယ်ဂျယ်မြို့ကလေးသို့ နွေမိုးသက် စီးမိုးကြည့်လိုက်မိ
ပေမယ့် နံနက်လေးနာရီဆိုသော အချိန်အခါကြောင့် တောင်ခြေနားက နယ်စပ်မြို့ကလေးသည် မီးရောင်မှိန်ပျပျ
ကလေးနှင့်သာ မြင်နေရပါသည်။
          ခပ်လှမ်းလှမ်းအထိ လှမ်းကြည့်မယ်ဆိုရင်တော့ မီးတွေထိန်လင်းနေသည့် တရုတ်ပြည် ကြမ်းဖုန်းမြို့ကိုတော့လှမ်းမြင်ရသား…။ သို့ပေမယ့် နွေမိုးသက် လှမ်းမကြည့်ရဲတော့ပါဘူး….။
          " ဟူး……. "
          အေးလွန်းသဖြင့် လေကိုမှုတ်ထုတ်လိုက်တော့ နှုတ်ခမ်းဝမှ နှင်းငွြေ့ဖူဖြူတွေသည် ညမှောင်မှောင်မှာ သိသိသာသာကြီးပင် လွှင့်ဝဲသွားကြပါတော့သည်။
          " လွမ်းတယ် မင်းမြူရိပ်ရာ…..ငါမင်းကိုအရမ်းလွမ်းတယ်…. "
ဟု သူ့နှုတ်မှ မကျေမနပ် ညည်းလိုက်မိသည့်အခါ သူ့မျက်ဝန်းတို့က အလိုလိုစိုစွတ်လာခဲ့၏။
ဟုတ်တယ်။ တရုတ်မြန်မာ နယ်စပ်မြို့ကလေးဖြစ်တဲ့ လွယ်ဂျယ်မြို့ကလေးနဲ့ ဟိုဘက်က ခြံစည်းရိုးကလေးသာ ခြားထားသည့် တရုတ်ပြည် လိုင်းရိုင်းမြို့ကလေးတို့ဆီမှ ညအချိန် ပျှံ့လွှင့်လာသည့် မီးရောင်တို့ကို သည်လိုအချိန် သည်လိုအခါမျိုးမှာ ကြည့်ရခြင်းကို မင်းမြူရိပ်က တရှိုက်တမက် နှစ်သက်ခဲ့သောကြောင့် မနက်လေးနာရီဆိုသော အချိန်
အခါတိုင်း သူတို့နှစ်ယောက်သား ဆိုင်ကယ်နှင့် သည်တောင်ကုန်းပေါ်သို့ စဉ်ဆက်မပြတ် တတ်နေကြခြင်းပါလေ…။
          ကိုယ်ကိုယ်တိုင် ဆိုင်ကယ်မောင်းရမှ ကျေနပ်တတ်သည့် မင်းမြူရိပ်ကြောင့် နောက်ကနေလိုက်ရင်း သူ့ခါးလေးကို တင်းတင်းကျပ်ကျပ်ဖက် ၊ သူ့ကျောကုန်းကလေးကိုမှီပြီး ကြည်နူးစွာဖြင့် အနောက်မှ အမြဲတမ်းလိုက်စီးရသော နွေမိုးစက်သည်
          " ငါ အမြဲတမ်း…. မင်းနဲ့ဒီလိုလေးပဲ နေချင်လိုက်တာ မင်းမြူရိပ်ရာ…. "
ဟု ပြောလိုက်တိုင်း မင်းမြူရိပ်က ဆိုင်ကယ်အား ခက်ခက်ခဲခဲမောင်းနေရင်းမှ လက်တစ်ဖက်ကိုလွှတ်ပြီး သူ့ခါးကိုဖက်တွယ်ထားသည့် နွေမိုးစက်၏ လက်ချောင်းကလေးတွေအား ခပ်ကျစ်ကျစ်ကလေးပြန်လည်ဆုပ်ကိုင်လာတတ်သည်။
          လွယ်ဂျယ်မြို့ကလေးကနေ သူတို့တက်မည့်ယောယုံတောင်ကုန်းအထိသည် လမ်းက အတက်တွေချည်းသာ
ရှိ၏။ ပြေပြစ်သော လမ်း ဆိုသည်ကရှားပြီး မတ်စောက်သော အတတ်တွေက ပို၍ပင်များလေသည်။ သည်ကြားထဲအကွေ့အကောက်တွေကလည်း လမ်းဖြေင့်ဆိုသည့်နေရာတွေ မရှိလောက်အောင်ကိုပင် ရှားပါသေးသည်။သူတို့လွယ်ဂျယ်မြို့ကထွက်ရင်အတက်ခရီးကယောယုံအထိမဟုတ်ပါဘူး။ ယောယုံကအစပဲ
ရှိပါသေးတယ်။ တကယ်တော့တောင်တက်တွေက စိန်လုံတောင်အထိရှိတာပါ။ စိန်လုံဟိုဘက်ဆိုရင်တော့ ကျောက်စခန်းကျေးရွာအထိက လမ်းဆင်းတွေချည်းသာ ရှိတော့သည်။ကျောက်စခန်းကနေ မိုးမောက်မြို့အထိဆိုလျှင် သိပ်မလှမ်းတော့ဘဲ မိုးမောက်ကနေ
ဗန်းမော်မြို့ကိုဆိုလျှင် ကိုးမိုင်လောက်သာ ဝေးတော့ပေသည်။
          ထို့ကြောင့် ဗန်းမော်မြို့ကနေ တရုတ်၊မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကလေးကိုလာတဲ့ ခရီးသည်တင်ကား ၊ ဆိုင်ကယ်တွေဟာ လမ်းခလယ်လည်းဖြစ် ၊ တောင်ထိပ်လည်းဖြစ်တဲ့ စိန်လုံရွာကလေးမှာ ထမင်းစားနားကြ၊ကားဘီးရေလောင်းကြ လုပ်တတ်ကြ၏။ကျောက်စခန်းမှ စတတ်လာတဲ့ကားတွေဟာ ပထမတစ်ရစ်အနေနဲ့ လော့းဒန်ရွာကလေးမှာနားကြပြီး.. ထို့နောက် စိန်လုံအထိ ငယ်သံပါသည့်စက်သံကြီးတွေနှင့်ထပ်တက်၊ စိန်လုံ ဟိုဘက်ရောက်တော့မှ ဘရိတ်ကလေးသာသုံး ဂီယာကြီးသာထိုးပြီး ဆင်းတော့တာ။ယောယုံတောင်စွယ်ကနေ တရုတ်ပြည်ကို အပေါ်စီးမှ လှမ်းမြင်ရပြီဆိုလျှင်တော့ ဆိုင်ကယ်တွေဆိုလျှင် သော့ပိတ် ဂီယာဖြုတ်ပြီး သည်အတိုင်းတောင်လွယ်ဂျယ်
မြို့အထိလှိမ့်ချလာလို့ရပြီလေ။ဟိုဘက်ဆိုလျှင်တော့ လော့ဒန်ကျေးရွာကနေ ကျောက်စခန်းအထိပေါ့…။ဒါပေမယ့်
လမ်းကသတိတော့ထားရတယ်…။ တစ်ဖက်က ကမ်းပါး တစ်ဖက်က နက်နဲသည့်ချောက်တွေနှင့်မို့ပါ။
          မင်းမြူရိပ်ကလည်း ယောယုံကနေ လွယ်ဂျယ်ကို အမြဲတမ်းပဲဆိုင်ကယ်နဲ့လှိမ့်ဆင်းတတ်တာလေ။အဲ့ဒီ Felling ကို သူက အရမ်းကြိုက်သည်တဲ့။
          သူနဲ့မင်းမြူရိပ်တို့နှစ်ယောက်သား ယောယုံတောင်ထိပ်မှာထိုင်ပြီး ကြမ်းဖုန်းမြို့ကြီးက မီးရောင်တွေကိုကြည့်ပြီး စကားတွေပြောနေလိုက်ကြတာ တစ်ယောက်တစ်လှည့်စီ ခပ်တင်းတင်းဖက်ရင်း ၊ တစ်ခါတစ်ရံမှာ ညှင်သာ ဖွရွတဲ့ အနမ်းကလေးတွေ ကိုယ်စီပေးရင်းပေါ့…။
          " ဟင်း….. "
          နွေမိုးစက် သက်မတစ်ချက်ကို ခေါင်းမော့ကိုရှိုက်လိုက်တော့ မျက်ရည်စီးကြောင်းနှစ်ခုက နားထင်အစုံသို့အသံတိတ်ဖြတ်ပြီး စီးဆင်းသွားကြပေသည်။
          ရောင်နီကလေးပျို့လာတော့ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမြင်လာရသည့်အခါ စတော်ဘယ်ရီသီးအရိုင်း(Yello BERRY)လို့သူတို့ဘက်ကခေါ်သည့် ချဉ်ပြုံးပြုံးအရသာရှိသော အသီးဝါ၀ါတို့သည် အပင်ကလေးတွေဆီမှာ ပြွတ်သိပ်နေအောင်ပင်ရှိနေကြတာကို နွေမိုးစက်မြင်လိုက်ရသည်။
          သည်အသီးလေးတွေကို မင်းမြူရိပ်က သိပ်ကြိုက်တတ်သည်။ မိုးလင်းလို့ထိုင်ရာက နှစ်ယောက်သား ထလိုက်ကြသည်နှင့် သူက သည်အသီးကလေးတွေကို ကဗျာကယာလိုက်ရှာတတ်ပြီး လက်ခုပ်နှစ်ခုလုံးပြည့်အောင်ကောက်လာတတ်၏။ထို့နောက် နှစ်နှစ်ခြိုက်ခြိုက်စားတတ်သည်။
          ကျွန်တော်က ချဉ်သည့်အရသာကို နည်းနည်းကလေးမျှ မကြိုက်တာမို့ သူစားနေသည်ကိုသာထိုင်ကြည့်ရင်းကျေနပ်နေရသည်လေ။မင်းမြူရိပ်က ကျွန်တော့်ထက် သုံးလကြီးသည်ဆိုပေမယ့် ကျွန်တော်က တည်ငြိမ်သလောက်
သူက ကလေးဆန်သည်။
          ကျွန်တော်က စာဖတ်တာကိုဝါသနာပါသလောက် သူကအပျော်အပါးကိုသာ မက်တတ်၏။ တစ်ခါတစ်လေကျွန်တော်မကြိုက်တဲ့ လောင်းကစားတွေလုပ်တတ်တာရောပေါ့။ ကျွန်တော်က သူလောင်းကစားလုပ်တာကို မနှစ်မြို့ပေမယ့် ဘယ်လိုမှတားမရတဲ့ သူ့ကြောင့် တစ်ခါတစ်ရံမှာ လူငယ်ပီပီ လက်လွန်ခြေလွန်ဖြစ်မည်စိုးသဖြင့် နောက်ပိုင်းမှာ သူနဲ့အတူ ကစားဝိုင်းတွေအထိ ကျွန်တော်လိုက်ဖြစ်ခဲ့သည်။
          ထိုအခါ သူက ကျွန်တော့်ကို ပိုက်ဆံတွေကိုင်ခိုင်းတတ်ပြီး ပေါက်စီလို့ခေါ်တဲ့ တရုတ်ဖဲတုံးဝိုင်းတွေကို တစ်ဝိုင်းပြီးတစ်ဝိုင်း လှည့်ကစားတတ်သည့်အခါ ၊ အခုချိန်မှာ ကျွန်တော်လည်း အဲ့ဒီဖဲတွေကို ကျွမ်းကျွမ်းကျင်ကျင်ကစားတတ်နေခဲ့ပြီလေ။      
          ပိုက်ဆံတွေနိုင်တဲ့အခါ သူ့မျက်နှာကလေးက ရွှင်မြူးနေသဖြင့် ကြည့်ကောင်းနေသလောက် ရှုံးတတ်သည့်အခါတိုင်းတွင် ရှုံ့တွနေတတ်သော မျက်နှာထားတွေကြောင့်လည်း ကျွန်တော်သဘောကျစွာ ရယ်ချင်မိသေး၏။ ရယ်တော့ မရယ်ရဲ…။ သူ ဖဲရှုံးနေတဲ့အချိန် ကျွန်တော်ရယ်မိလို့ သူက ကျွန်တော့်ကို တစ်ပတ်လောက် စကားမပြော အဆက်အသွယ်မလုပ်ဘဲ နေခဲ့ဖူးသည်လေ။
          အဲ့ဒီတုန်းကဆိုရင် ယောက်ျားတန်မဲ့ အိပ်ရာပေါ်မှာ ကျွန်တော်ခဏခဏငိုခဲ့ရဖူးတာ၊ လွမ်းလွန်းလို့ နေရာအနှံ့လိုက်ရှာရဖူးတာ ၊ ဒါတွေအကုန်လုံးကို သူသိပါလျှက်နဲ့ ကျွန်တော့်မထင်ထားတဲ့နေရာတွေကိုပဲ သွားပြီးရှောင်နေတတ်တာ ။ သူ့အိမ်ကိုတောင် ပြန်မလာဘဲပေါ့…။ထိုအချိန်တွေမှာဆိုရင် သူ့အိမ်က အမြဲမေးတတ်
သည်။
          " နင်တို့နှစ်ယောက် ဘာဖြစ်နေကြပြန်ပြီလဲ….." တဲ့…။
ကြည့်စမ်းပါဦး..။သူ့စိတ်ဓတ်က အဲ့ဒီလောက်အထိကိုမာပြီး နေနိုင်တာပါ။ ပြန်တွေ့မယ် တွေ့တော့လည်း သူကိုယ်တိုင်ပဲ ကျွန်တော့်အခန်းထဲထိရောက်လာတာပါ။
          ကျွန်တော့်အိမ်က သူနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကို သဘောမကျလို့ သူနဲ့ပေါင်းနေတာကို မကြိုက်ဘူး။အဲ့ဒီလိုပဲ သူ့ကိုလည်း ကျွန်တော့်အိမ်က အလာမခံဘူး။ ဒါကို သူလည်းသိတယ်။
          ထို့ကြောင့် လူခြေတိတ်တဲ့ ညအချိန်မတော်မှာမှ သူက လူ့တစ်ရပ်ကျော်မြင့်တဲ့ ကျွန်တော်တို့အိမ်ရဲ့ ခြံစည်းရိုးပေါ်ကို ရအောင်ကျော်တတ်လာပြီး ခြံထဲရောက်မှ နောက်ဖေးကဆေးသုတ်တဲ့လှေကားကို တိတ်တိတ်ကလေး
မကာ ကျွန်တော့်အခန်းရဲ့ ပြူတင်းပေါက်ကို သူကလှေကားထောင်တော့တာရယ်…။ပြီးတော့ မှန်ပြူတင်းပေါက်ကိုတိုးတိုးကလေးခေါက်တာပေါ့…။
          သူကလူလည်….။သူနဲ့ကျွန်တော်ဝေးနေရတဲ့အတောအတွင်းမှာ ကျွန်တော်ကောင်းကောင်းအိပ်မပျော်ဘူးဆိုတာ သူကောင်းကောင်းသိတယ်ရယ်။ ပြူတင်းပေါက်မှန်တံခါးကို မသိမသာလေးခေါက်တိုင်း အလျှင်စလိုထပြေးလာပြီး ဟန်မဆောင်နိုင်စွာဖြင့် တံခါးလာဖွင့်ပေးတတ်တဲ့ကျွန်တော့်အကြောင်းကိုလည်း သူသိတယ်။
          ကျွန်တော်ဖွင့်ပေးတဲ့ ပြူတင်းပေါက်တံခါးကနေ အခန်းထဲသို့ သူဝင်လာသည့်အခါ  တရစပ်ဖြင့် မကျေနပ်သည့် မေးခွန်းပေါင်း မြောက်များစွာကို ကျွန်တော်မေးမည်အလုပ်၊ ကျွန်တော်မမေးနိုင်ခင်မှာပဲ ကျွန်တော့်ရဲ့ပြောနိုင်စွမ်းရှိသော နှုတ်ခမ်းတွေကို သူက သူ့နှုတ်ခမ်းတွေဖြင့် ခပ်ကြမ်းကြမ်းနှင့် ခပ်ကြာကြာဖိနမ်းပစ်တတ်သည်။
ရန်မူတော့မည့် ကျွန်တော့်အမူအရာတွေကိုလည်း သူက ကောင်းကောင်းသိပါသည်။ ထိုအခါမျိုးမှာသူက ကျွန်တော့်ခါးကိုသိုင်းဖက်လိုက်ပြီး ကျွန်တော့်ရင်ခွင်ထဲခေါင်းတိုးဝင်တတ်သည်။ပြီးတော့ ထိုအတိုင်းပဲ ကျွန်တော့်ကို ကုတင်ပေါ်တွန်းလှဲပစ်လိုက်ကာ
          " လွမ်းလိုက်တာကွာ…… ငါမင်းကိုအရမ်းလွမ်းတာပဲ ….နောက်ဆို ငါဖဲရှုံးနေတဲ့အခါ စိတ်ကသိကအောက်
            ဖြစ်အောင်မလုပ်နဲ့နော်…. ငါမင်းကိုရှောင်နေတဲ့အတောတွင်းမှာ လွမ်းလွန်းလို့သေတော့မလို့သိလား…
           အဲ့ဒါ ငါသေသွားရင် မင်းတစ်ခုလပ်ဖြစ်သွားမှာစိုးလို့ ပြန်လာခဲ့တာ သိလား…."
          " အောင်မယ်….. ငါ့ဘ၀မှာမင်းမရှိလို့ ဘာမှမဖြစ်သွားဘူး အနေသာကြီးပဲ သိလား….."
ဟု လွမ်းသမျှစိတ်တို့အား ဟန်ဆောင် ဖုံးဖိကာဆိုတော့
          " အေးပေါ့လေ…. ငါကသာလွမ်းနေတာ မင်းကအနေသာကြီးဆိုတာ ငါသိပြီးသားပါ…"
          " မင်းမြူရိပ်….. "
ဟု ကျွန်တော်က အသံမာမာနှင့်ခေါ်လိုက်တော့
          " ဘာလဲ…. "
          " ငါ့ကို မင်းပစ်ထားတဲ့အချိန်တွေတိုင်းမှာ လွမ်းလွန်းလို့မင်းကိုငါဘယ်လောက်အထိလိုက်ရှာနေမယ်ဆိုတာ
           မင်းလုံးဝ မသိတာလား မသိချင်ယောင်ဆောင်နေတာလား….."
ဆိုတော့ သူက နှုတ်ခမ်းကို မဲ့ကာ
" သိသားပဲ….  ငါလည်းမနေနိုင်တော့လို့ ပြန်လာတာပေါ့….လွမ်းလိုက်တာကွာ…..မင်းကိုချစ်ထှာ ရမ်း          ပဲသိလား…… "
ဆိုပြီး သူက လှဲအိပ်နေတဲ့ ကျွန်တော့်ရင်ဘတ်ပေါ် ပါးတစ်ခြမ်းအပ်ပြီး သိုင်းဖက်လိုက်၏။
          ဒါ ကျွန်တော် သူ့ကိုစိတ်ဆိုးမှာ ရန်မူမှာဆိုတာ သူသိလို့ ကျွန်တော်စိတ်မဆိုးနိုင်အောင် သူချွဲတာ။
တွေ့လား ….. သူက လူလည်ပါဆို…..။
          ဘာပဲပြောပြော သူ့ကိုကျွန်တော်စိတ်ဆိုးနေတဲ့အချိန်တွေတိုင်း သူသည် ကျွန်တော်စိတ်ပြေသွားအောင် စိတ်
ကျေနပ်အောင်လည်း တစ်နေကုန်ကြိုးပမ်းနေတတ်သည်။ကျွန်တော့်အိမ်ကလူတွေမသိအောင် ဘယ်သူမှမနိုးခင် အခန်းထဲမှ တိတ်တိတ်ကလေး ခေါ်ထုတ်ကာ အပြင်မှာ ပစ်စလက်ခတ်ရပ်ထားခဲ့သည့် ဆိုင်ကယ်ပေါ်တင်ပြီး ယောယုံတောင်ထိပ်ပေါ်ကို ခေါ်သွား၏။ ပြီးတော့ ကျွန်တော်မရယ် ရယ်အောင် စကားတွေကို ဟာသဆန်စွာပြောပြီး
Joker တစ်ယောက်လို မျက်နှာပေးတွေလုပ်ပြ၏။ စတော်ဘယ်ရီအရိုင်းသီး နှစ်လုံးကို သူ့နှာသီးဝတွေမှာ တေ့ပြီး ပြုတ်မကျသွားအောင် နှာခေါင်းကိုလေနှင့်ရှုံ့ထားချိန်မှာတော့ ဟန်ဆောင်တင်းထားသည့် စိတ်တွေကို ကျွန်တော်မထိန်းနိုင်တော့ဘဲ ရယ်ပစ်လိုက်တော့သည်။
          ထိုအခါမျိုးမှာ ကျေနပ်ပျော်ရွှင်သွားသည့် သူ့မျက်နှာကလေးဟာ ကလေးဆန်ပြီး သိပ်ကိုချစ်ဘို့ကောင်းတာပါပဲ။ ယောယုံတောင်ထိပ်မှာမို့ အောက်ကပင့်တိုက်လာသော လေကြမ်းကြမ်းတွေဟာ သူ့နဖူးစိမ်းစိမ်းကလေးတွေရှေ့မှာ ၀ဲကျနေသည့် ဆံပင်နုနုကလေးတွေကို ၀ဲပျံလှုတ်ယမ်းသွားအောင် တိုတ်ခတ်ကျီစားကြသောအခါ  ၊ သူ့နှုတ်ခမ်း ရဲရဲစိုစိုကလေးတွေ ကွေးညွတ်နေသည်အထိ ရယ်မောနေတတ်သည့်အခါ သူ၏ ထိုနှုတ်ခမ်းများ ၊ ထိုဆံပင်များကို အူယားစွာဖြင့် ကျွန်တော်ခဏခဏဖိနမ်းပစ်လိုက်တတ်သည်။
          ထို့နောက်မှာတော့ အချဉ်ကြိုက်သည့်သူက  ချဉ်စော်ကားသီးခြံတွေထဲ တိတ်တိတ်ကလေးဝင်ပြီး ချဉ်စော်ကားသီးတွေဝင်ခူး၏။ကျွန်တော်က ခြံဘေးမှာစောင့်ကာ အတွင်းမှ သူလှမ်းပေးသော ချဉ်စော်ကားသီးတွေကိုဆိုင်ကယ် BOX ထဲထည့်ရ၏။ အမောက်အလျှံကြီးရတော့မှ သူက ခြံထဲမှထွက်လာပြီး ကျွန်တော်ကြိုက်တဲ့ တည်သီးခြံထဲထပ်ဝင်ပြန်သည်။ သစ်တော်ပင်တွေတွေ့ပြန်တော့လည်း သူက မနေနိုင် ၊ အပင်ပေါ်မှာပြွတ်ခဲနေတာ အူယားစရာကြီး ဆိုပြီး တတ်ပြီးခြွေပြန်၏။ သူ့စိတ်ကြိုက်အသီးတွေ ကြိုက်သလောက်ခြွေပြီးချိန်မှာတော့ နေရောင်တွေကဖြန့်ကျက်လာခဲ့ပြီမို့ ချယ်ရီပင်တန်းတွေအောက်ကို သူကပြေးဝင်သွားပြီး အပင်ခြေရင်းမှာ ခြေပစ်လက်ပစ်ကြီး ပစ်လှဲပစ်လိုက်သည်။
          ထိုအခါ သူ့ဆံပင်နုနုကလေးတွေကို မြက်ပင်တွေက ကပ်ညှိနေတတ်၏။ နှင်းရည်တွေ သူ့ဆံပင်မှာ စိုစွတ်ကုန်မည်စိုးသောကြောင့် ကျွန်တော်က သူ့ခေါင်းကလေးအောက်မှာ ခြေဆင်းထိုင်ပြီးသူ့ခေါင်းလေးအား ကျွန်တော့်ပေါင်ပေါ်တင်လိုက်သည်။
          အဖြူမှာ ပန်းဆီရောင်လေးတွေဖောက်သော ချယ်ရီပွင့်ဖတ်လေးတွေက လေတစ်ချက် တစ်ချက်အဝှေ့မှာမြက်ခင်းပေါ်သို့လည်းကောင်း ၊ ထိုင်နေသော ကျွန်တော့်ခေါင်းပေါ်သို့လည်းကောင်း ၊ပြီးတော့ ဖြူနုသော သူ့မျက်နှာပေါ်သို့လည်းကောင်း တဖြုတ်ဖြုတ်ကြွေကျ လာကြသည်။
          ထိုသို့ကြွေကျလာသော ပွင့်ဖတ်တွေကို တလဲ့လဲ့တောက်ပနေသော မျက်ဝန်းများဖြင့် သူမော့ကြည့်နေ သည့် တာလေးကိုလေ ကျွန်တော့်နှလုံးသားတွေ တစ်လှပ်လှပ်ခုန်လာသည်အထိ ချစ်လိုက်ရတာ…..။
          သူကလေ မြက်ခင်းစိမ်းစိမ်းကလေးတွေပေါ်မှာ ချယ်ရီပွင့်ဖတ်တွေဖွေးဖွေးလှုတ်အောင်ကြွေနေတာ ၊ အပွင့်တွေ ဖွေးဖွေးလှုတ်နေသည့် ချယ်ရီပင်ကြီးကို နေရောင်ခြည်လဲ့လဲ့ကထိုးဖောက်ပြီး အပင်အောက်မှာ ထိုင်နေကြတဲ့ကျွန်တော်တို့နှစ်ယောက်ပေါ်ကျလာတာကို သူက အရမ်းနှစ်သက်တာတဲ့လေ။
          သည်လိုအချိန်မျိုးမှာ သူက ကျွန်တော့်ကိုအမြဲပြောတတ်တယ်။ ကျွန်တော့်လက်ဖ၀ါးကလေးတွေကို သူကဆုပ်ကိုင်ယူပြီး သူ့ပါးပြင်ကလေးနဲ့ပွတ်ပြီးပေါ့….။
          " နွေမိုးစက်…. မင်းငါ့ကိုဘယ်တော့မှ မထားခဲ့နဲ့နော် …. မင်းငါ့ကိုထားခဲ့ပြီး မိန်းမယူသွားရင် ဒါမှမဟုတ် တစ်
           ခြားယောက်ျားလေးတစ်ယောက်ကိုမင်းချစ်သွားခဲ့ရင် မင်းကိုငါသတ်ပစ်မှုာ သိလား ….."
           " အဲ့ဒါဆို ငါသေသွားမှာပေါ့…..ငါသေသွားရင် မင်းတစ်ယောက်ထဲနေနိုင်မှာမို့လို့လား….. "
          သူ့အမေးကြောင့် မင်းမြူရိပ်တဒင်္ဂလေး တွေဝေးသွားပြီးမှ
          " မနေနိုင်ပါဘူး…. မင်းကိုသတ်ပြီးသွားရင် ငါလည်းငါ့ကိုယ်ငါ သတ်ပြီးသေလိုက်မှာ အဲ့ဒါဆိုရင် နောက်ဘ၀မှာ
           မင်းနဲ့ငါ ၀ိညာဉ်တွေအဖြစ်နဲ့ ပြန်တွေ့ကြမှာပေါ့….အဲ့ဒီအခါကျရင် ငါကမင်းကိုသတ်ထားလို့ ငါ့ကိုမုန်းမနေပါနဲ့နော်….ငါကလေ မင်းကိုငါတစ်ယောက်ထဲပဲ ပိုင်ဆိုင်ချင်လို့ပါ နွေမိုးစက်ရာ…."
ဟု သူဆိုလာတိုင်း ကျွန်တော့်ပေါင်ပေါ်မှာ လှဲအိပ်ပြီးကျွန်တော့်ကိုမော့ကြည့်နေသည့် သူ့မျက်နှာကလေးကို ကျွန်တော် တစိမ့်စိမ့်ကြည့်မိသည်။
          " ငါမင်းကို ဘယ်တော့မှ ဘယ်လိုပုံစံမျိုးနဲ့မှ မုန်းသွားမှာမဟုတ်ဘူးဆိုတာ ငါသစ္စာဆိုရဲပါ       ပါတယ်ကွာ….."
          ဆိုတော့ သူက ကျွန်တော့်ကို ကျေနပ်စွာပြုံ့းပြ၏။ ပြီးနောက် ထထိုင်လိုက်ပြီး ကျွန်တော့်ကို ခပ်တင်းတင်း တွယ်ဖက်လိုက်သည်။
          " ငါမင်းကို အရမ်းချစ်တယ်နွေမိုးစက်….ငါလေ မင်းအပေါ်မှာအရမ်းဆိုးတယ် အနိုင်ကျင့်နေမိတယ်ဆိုတာ
           ငါသိပါတယ်…. အဲ့ဒါကလည်း မင်းငါ့ကိုဂရုစိုက်စေချင်လို့ ပြီးတော့ ငါဆိုးလို့ရတဲ့ တစ်ယောက်ထဲသောသူ
           ဟာ မင်းတစ်ယောက်ထဲပဲဖြစ်စေချင်လို့ပါကွာ….. ငါဘယ်သူ့အပေါ်မှာမှ မဆိုးတာမင်းအသိဆုံးပါ….. "
ထိုအချိန် ၊ ထိုခဏ ၊ ထိုရက် ၊ထိုနေ့များအတွင်းမှာ ကျွန်တော်တို့နှစ်ယောက် ချစ်ခဲ့ကြသည်။ ကျွန်တော်တို့နှစ်
ယောက် စိတ်ဆိုးခဲ့ကြသည်။ ပြီးတော့ မနေနိုင်ဘဲနှင့် ကြိတ်မှတ်၍ တစ်ပတ်လောက်မတွေ့ဘဲလည်း နေဖူးခဲ့ကြသေး သည်။
          ထိုသို့ရသစုံသော၊ အရောင်အသွေးစုံသော ကျွန်တော်တို့နှစ်ယောက်၏ ပန်းချီကားကြီးကို ၊ ခမ်းနားသောပန်းချီကားကြီးကို အလယ်မှ ထက်ပိုင်းပိုင်း၍သော်လည်းကောင်း ကန့်လန့်ဖြတ်သော်လည်းကောင်း တစ်စစီ ရစရာမရှိအောင် ဆုတ်ဖြဲလိုက်သည့် မနက်ခင်းကိုတော့ ကျွန်တော့်ဘယ်တော့မှမမေ့တော့ဘူး….သေတဲ့အထိပေါ့…..။
          ဟာ…. မဟုတ်ဘူး … နောက်ဘ၀အထိ …. အိုးးးးးး သံသရာအထိ…. ဟုတ်တယ် သံသရာအထိကျွန်တော် ဘယ်တော့မှမမေ့တော့ဘူး….
          အဲ့ဒီနေ့ကပေါ့….
          တရုတ်ပြည်ကို တရားမ၀င်သစ်တွေခိုးထုတ်နေသည့်ကားတွေအား နယ်စပ်သက်ဆိုင်ရာ အဖွဲ့စုံတွေက အဖွဲ့ခွဲပြီး ဖမ်းနေကြတဲ့အချိန်ပေါ့….။ အဲ့ဒီနေ့မနက် လေးနားရီမထိုးခင် မင်းမြူရိပ်က ကျွန်တော့်ကိုဆိုင်ကယ်နဲ့လာခေါ်တယ်။ ဒါပေမယ့် သူ့ဆိုင်ကယ်က မီးတစ်ချက်တစ်ချက်လွတ်နေသည်မို့ တောင်တက်လမ်းလည်းရောက်ရော သူ့
ဆိုင်ကယ်ရဲ့ရှေ့မီးက လုံးဝမလင်းတော့ဘူး….။ အဲ့ဒီမှာ သစ်တွေခိုးတင်လာတဲ့ကားက မီးထွန်းပြီးဆင်းလာရင် အောက်က သက်ဆိုင်ရာအဖွဲ့တွေမြင်မှာစိုးသဖြင့် မီးပိတ်ပြီး ၊ စက်ကိုလည်းလျှော့ပြီး ကုန်းဆင်းအတိုင်းပဲ လှိမ့်ဆင်းအလာ …..
          မင်းမြူရိပ်က အတတ်ဆိုတော့ အရှိန်နှင့်တတ်နေတာမို့ တောင်ကွေ့စွယ်ထဲက သစ်ကားကြီး ရုတ်တရက်ထွက်လာတာမြင်လိုက်ရတော့ စိတ်တွေလှုတ်ရှားသွားသည်ထင်၏။ လက်ကိုင်က ယမ်းသွားသည်။သို့သော် ကားတစ်စီးသာသွားလို့ရသည့်လမ်းကျဉ်းနေရာမို့ ၊ အဆင်းကားကလည်း ၀ိတ်နှင့်ဆင်းလာခြင်းမို့ ဘယ်လိုမှရှောင်လို့၊ ရုတ်တရက် ရပ်လို့လည်းမရတော့တာမို့ မင်းမြူရိပ်က လက်ကိုင်တွေကိုရုတ်တရက်လွှတ်လိုက်ပြီး နောက်ကိုခါးလှည့်ကာ သတိလက်လွတ်ဖြင့် ကြည့်နေသောနွေမိုးစက်အား ဆောင့်တွန်းချလိုက်၏။ ထို့ကြောင့်
နွေမိုးစက်က ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသွားပြီး လမ်းဘေးသို့ကျသွား၏။ သို့သော် ဆိုင်ကယ်ကတော့ သစ်ကား
အောက် တည့်တည့်သို့ လဲသွားကာ ကားရှေ့ဘီးက မင်းမြူရိပ်၏ကျောကုန်းတည့်တည့်ကို တက်ကြိတ်ပစ်လိုက်
တော့သည်။ ပြီးမှ ဆိုင်ကယ်ကိုထပ်ကြိတ်ပစ်လိုက်၏ ။ ကားဘရိတ်က သစ်တွေနှင့် ကုန်းအဆင်းကြီးမှာမို့ ချက်ခြင်းမမိ။ ဘီးတွေရပ်သွားတော့လည်း နောက်ဘီးနှစ်လုံးပြူးကြီးရဲ့ အောက်တည့်တည့်မှာမှ မင်းမြူရိပ်၏ ခေါင်းနှင့်ရင်ဘတ်တွေဆီမှာသာမို့ မင်းမြူရိပ်၏လက်ချောင်းကလေးတွေနှင့် ခြေချောင်းကလေးတွေက တဆတ်ဆတ်နှင့်တုန်ယင်နေ
တာကို နွေမိုးစက်က အတိုင်းသား မြင်နေခဲ့ရသည်။ ထိုမြင်ကွင်းတွေကို သူမမြင်ခဲ့မိခဲ့ရလျှင် သို့မဟုတ် မျက်စိမှိတ်ထား မိခဲ့လျှင်တော့ အကောင်းသား….။အခုတော့ ထိုမြင်ကွင်းကို နွေမိုးစက်မြင်ခဲ့ရသည်။
          ဘ၀မှာအချစ်မြတ်နိုးဆုံးလူတစ်ယောက်၏ ဆိုးရွားသော အဖြစ်အပျက်ကို သူကိုယ်တိုင်မြင်ခဲ့ရပါသည်။
          ထိုမြင်ကွင်းကို မျက်လုံးအပြူးသားနှင့် နွေမိုးစက် လမ်းဘေးမှာ ထိုင်လျှက်လဲနေရင်းမှသတိလက်လွတ်ကြည့်နေမိခဲ့၏။အော်လည်းမအော်မိ လှုတ်လည်းမလှုတ်မိ။
          ကားဘီးအောက်တွေမှ အိုင်ထွန်းလာသောသွေးတွေ ၊ စီးကျလာသော သွေးတွေ…..ပြီးတော့ တဆတ်ဆတ်တုန်ယင်နေသောနွေမိုးစက်၏ခြေချောင်း လက်ချောင်းကလေးတွေ……..
          နွေမိုးစက် ထိုအတိတ်တွေထဲမှ ခေါင်းကိုစိတ်ရှိလက်ရှိခါယမ်းပစ်လိုက်ပြီး ရုန်းထွက်လိုက်သည်။
ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိ ချစ်ခဲ့ကြပါလျှက်နဲ့ ပေါင်းစည်းခွင့်မပေးတဲ့ ၊ရက်စက်တဲ့၊ယုတ်မာတဲ့ ကံကြမ္မာကြီးကို ငါမုန်းတယ်မင်းမြူရိပ်…
          အဲ့ဒီနေ့ အဲ့ဒီအချိန်အခါမှာ မင်းနဲ့အတူတူ ငါပါတစ်ခါတည်းသေသွားခဲ့ရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ…။ တစ်ခါတစ်လေ ရှင်နေတဲ့လူတွေထက်စာရင် သေသွားတဲ့လူတွေကမှ တော်သေးတယ်လို့ ငါတွေးမိ
တယ်။ ငါအခုဘာအတွက် ပြီးတော့ ဘာ့ကြောင့် အသက်ဆက်ရှင်ရဦးမှာလဲ…။
          ချယ်ရီပင်အောက်ရောက်တိုင်း လွမ်းနေရတဲ့ဘ၀မှာ……
          ဒီယောယုံတောင်ထိပ်ကိုရောက်တိုင်း လွမ်းနေရတဲ့ဘ၀မှာ….
          စတော်ဘယ်ရီအရိုင်းသီးလေးတွေတွေ့တိုင်း တိတ်တိတ်ကလေး ကြိတ်ငိုတာတစ်မျိုး အော်ဟစ်ငိုကြွေးမိတာတစ်မျိုး နဲ့ ရူးသွပ်စွာ လွမ်းနေမိတဲ့ဘ၀မှာ….
အို….. အဲ့ဒါတွေတင်မကပါဘူး….အရာရာကိုမြင်တိုင်း တွေ့တိုင်း မင်းရဲ့စိတ်တွေနဲ့ပဲ အသက်ရှင်နေရတဲ့ ငါ့ဘ၀ကို မင်းသာသိရင် သနားနေမှာလား….။
ငါဆက်မနေချင်တော့ဘူးမင်းမြူရိပ်ရာ… မင်းပြောခဲ့ဖူးတယ်….။ ငါ့ကိုသတ်ပြီး
မင်းကိုယ်မင်းပါသတ်သေရင် ၀ိညာဉ်အနေနဲ့ ငါတို့ထပ်တွေ့ကြမယ်တဲ့လေ….။ဒါဆို အခုမင်းငါ့ဘေးမှာရှိနေမလား…။
ရှိနေတယ်မလားဟင်….။
          သူ့မျက်ရည်များ အထိန်းကွပ်မဲ့စွာ စီးဆင်းလာခဲ့သည်။
ငါမေးနေတယ်လေကွာ….။
သူ စိတ်မရှည်စွာဖြင့် အော်ဟစ်ပြီး ကိုယ်ကိုတစ်ပတ်လည်မေးပစ်လိုက်သည်။ ပြီးနောက်
ဖြည်းညှင်းစွာ ထိုင်ငိုပစ်လိုက်သည်။  အားရအောင် ငိုပစ်လိုက်၏။ အားရအောင် ငိုပြီးတော့ မတ်တပ်ထရပ်လိုက်၏။
ထို့နောက် တောင်ထိပ်ဂမူစွန်းမှာ မတ်တပ်ရပ်လိုက်သည်။
          မနက်၏ ရောင်နီပျို့သော အချိန်မှာ တောင်ကုန်းအောက်က ကျောက်ခင်းလမ်းမကြီးကို အတိုင်းသား အဖွေးသားမြင်နေရသည်။ တစ်ချို့ကျောက်တွေက ကားတွေက ယက်ထားကြသဖြင့် ငေါထွက် ကြွေထွက်နေကြတာကိုလည်း သူမြင်နေရသည်။
          သူ မျက်စိကို စုံမှိတ်ပစ်လိုက်၏။ ပြီးနောက် အသက်ကို၀၀ရှုလိုက်သည်။
          " ကျွန်တော့်ရဲ့အချစ်သာ စစ်မှန်ခဲ့သည် သူ့ရဲ့အချစ်သာ မှန်ကန်ခဲ့လျှင်ဆိုရင်ဖြင့် သူနှင့်ကျွန်တော် ပြန်တွေ့
            ရပါစေ…"
 သူ ဘယ်အရာကိုမှ နာမည်မတပ်တော့ဘဲ အားလုံးကို တိုင်တည်ပစ်လိုက်၏။ ကိုယ့်နှလုံးသားမှ အချစ်ကို ကိုယ်ယုံသလို သူ့အချစ်ကိုလည်း ကိုယ်ယုံကြည်ပါသည်။
          သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်အထိချစ်ခဲ့ကြသည်ဆိုတာ ဒီတော ၊
ဒီတောင် ၊ ဒီတောင်ကုန်း ၊ ဒီချယ်ရီပင်တွေအသိဆုံးပဲမို့…… ဘာမှမရှိတော့သည့် လေဟာနယ်အတွင်းသို့ သူခြေတစ်လှမ်းတိုးလိုက်ပြီးသည်။ ထို့နောက်တွင်တော့………..
          ကျောက်ခင်းလမ်းမပေါ်မှာ သွေးများဖြင့် နီရဲကုန်ကြတော့၏။
 သူတို့နှစ်ယောက် မမြင်နိုင်သော တစ်ခြားတစ်ဖက်မှာ ပြန်တွေ့ကြသလား …. မင်းမြူရိပ်ကပဲစောင့်နေသလားဆိုတာစာရေးသူကျွန်တော်မသိ။ ကမ္ဘာကြီးကတော့ သူ့ဝတ္တရားအတိုင်းပဲ ဆက်၍ လည်ပတ်နေလိုက်တာ…။
          ဒါပေမယ့် သူ့အပေါ်မှာဖြစ်ပွားခဲ့သည့် လွမ်းဆွတ် ရင်နင့်ဖွယ် ဒဏာရီလေးတစ်ပုဒ်ကို အသိအမှတ်ပြုလေသလားမသိ။ အချိန်အခါမဟုတ်ပါဘဲ မိုးတွေရွာချပေးခဲ့၏။ ထိုမိုးရေများသည် နွေမိုးစက်၏ ခေါင်းမှ ထွက်ကျလာသော
သွေးများကို ကျောက်ခင်းလမ်းမ ကုန်းဆင်းအတိုင်းပွတ်တိုက် သယ်ယူသွားကြပြီ။တဖြည်းဖြည်း မိုးကပိုသည်းလာသောကြောင့် မိုးရေစီးကြောင်းထဲမှာ သွေးတို့က အရောင်ဖျော့သွားကြသည်။ပြီးနောက် ချိုင့်ခွက် ရေအိုင်လေးထဲမှာစုဝေးသွားကြ၏။
          သည်အချိန်မှာပဲ ချယ်ရီနံ့ပါသော လေပြေကလေးသည်လည်း တစ်ချက်ဝှေ့ကာ နှုတ်ဆက်သွားသေးခဲ့၏။
ထို့နောက်………
ထို့နောက်………
                                                          နှလုံးသားထဲက
                                                        လက်တစ်စုံဖြင့်
                                                ဘုန်းသင်္ဂါ

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...