Wednesday, January 14, 2015

ကျွန်မနာမည် ခင်မေသိန်း (၄)

Published by: Ram on 5th Sep 2013 | View all blogs by Ram 
 ကျမ နမည် ခင်မေသိန်း "
. . . . အပိုင်း(၄) . . . .

ယခင်ဇာတ်ကြောင်း-ကိုးတန်းကျောင်းသား ခင်မောင်သိန်းရဲ့  ရယ်ရွှင်ဖွယ် ကနွဲ့ ကရဖြစ်စဉ်များနှင့် စတင်ပြီး၊ မိတ်ကပ်မာမီတစ်ယောက်နှင့် တွေ့ ဆုံကာ ခင်မောင်သိန်းမှ ခင်မေသိန်းဟု စတင်ပြောင်းလဲခဲ့သည်။ သူ့ တွင် အမြဲမခွဲတစ်တွဲတွဲနှင့် အရမ်းချစ်ခင်ရသော မောင်မောင်နှင့် နှင်းဆီဟူသော သူငယ်ချင်းများရှိသည်။ 
မိန်မးလျာတို့ ပျော်မွှေ့ ရာ ဘုရားပွဲတွင် ရယ်စရာအဖြစ်များနှင့်အတူ တိမ်တောက်နှင့်စတင်ဆုံခဲ့ကာ မေ့မေ့ပျောက်ပျောက်နဲ့  ပြန်တွေ့ စရာအကြောင်းမရှိသလိုဖြစ်ခဲ့သည်။
ကိုးတန်းကျကာ မိတ်ကပ်လိမ်း ဆံပင်ညှပ်ဆရာ မိန်းမလျာဘဝသို့  ပတ်ဝန်းကျင်အခက်ခဲများကို ရင်ဆိုင်နိုင်အောင် အမေနဲ့ အစ်ကိုများ လက်ခံပေးနိုင်အောင်ကြိုးစားနေခဲ့ရင်း .......

. . . . ( က ) . . .
ညရဲ့ အလင်းခပ်သဲ့သဲ့အောက် ထမီဝတ် မိန်းမလျာတစ်ယောက်၏ အသွင်ပြင်သည် မိန်းမနှင့်လည်းမတူ ညငှက်မကလေးများကဲ့သို့ လည်း ထပ်တူမကျ ညဘက်တစ်ယောက်တည်း လမ်းလျှောက်ပြန်လာရသူ မိန်းမလျာတစ်ယောက်အဖို့  သာမန်စနောက်ခံရသည်မှာ ပြဿနာမဟုတ် ရိုးလွန်းသော်လည်း လူပြတ်သည့်နေရာမျိုးတွင် အနိုင်ကျင့် နှောက်ရှက်ခံရသည်မျိုးလည်း ရှိသလို မိန်းမလျာဖြစ်တည်မူအား လောင်ရယ်ပျက်ရယ်ပြုစနောက်ကြသည်လည်းကြုံရသည်။ 

ခင်မေသိန်းတစ်ယောက်လည်း ဆိုင်မှ မိုးချုပ်နောက်ကျပြီး ပြန်လာရသည့်အချိန်မျိုးတွင် အရက်မူးသမား လူရမ်းကားများနှင့် တွေ့ တတ်ကာ နှောက်ရှက်စနှောက်ခြင်းခံရလေ့ရှိသည်။

ပို၍ဆိုးဝါးစွာ ခံရသည်က ယောက်ျားဖြစ်ရက် မိန်းမလျာစိတ်ပေါက်သူများအား တစ်ဖက်သက်မုန်းတီးသူတို့ နှင့် တွေ့ သည့်အခါမျိုးတွင် ညစ်ညမ်းစွာဆဲရေးခံရသလို လက်ပါချင်သောသူများနှင့်တွေ့ ရသည့်အခါ ဝိုင်း၍အနိုင်ကျင့်ခံရမူတွေအတွက် အလွန်ဝမ်းနည်းရသည်။ 

ဆန္ဒနှင့်ခံယူချက်တို့ အတွက် ဖြစ်တည်မူတွေကို ကြိုးစားလို့ ရပ်တည်နေရသည်။မိမိ ရွေးချယ်မူလမ်းပေါ် မှားသည်မှန်သည်ထက် အကောင်းဆုံးဖြစ်အောင် လျှောက်လှမ်းရတော့မည်။ အစွန်းရောက်နားမလည်နိုင်သူတွေအတွက် နားလည်စေအောင်လည်း မကြိုးစားလိုတော့ပါ။ 

.. . . .. ( ခ ) .. . . .. .

နာမည်ကျော် အားကစားသမားဖြစ်ချင်သော မောင်မောင်က ဆယ်တန်းကို လေးဘာသာဂုဏ်ထူးနဲ့ အောင်ကာ ဆေးကျောင်းတက်ခွင့်ရခဲ့သည်။ဆရာဝန်ဖြစ်ချင်သော နှင်းဆီကတော့ ရိုးရိုးသာအောင်ပြီး ဒဂုံတက္ကသိုလ်တက်ခဲ့သည်။

မောင်မောင်နဲ့ သာ တွေ့ ဖြစ်ပြီး နှင်းဆီနဲ့ သိပ်မတွေ့ ဖြစ်တော့ပါ။ နှင်းဆီရဲ့ အကြောင်းတွေကို မောင်မောင်ဆီမှသာ တဆင့်ကြားရသည်။ 

နှင်းဆီသည် ငယ်ငယ်တုန်းကလို ရိုးရိုးလေးနဲ့ ချစ်စရာကောင်းသော ကောင်မလေးမဟုတ်ဘဲ ပူလောင်သော လိင်ဆွဲဆောင်မူကိုအသားပေး ဝတ်ဆင်တတ်သော မိန်းကလေးတစ်ယောက် အဖြစ်ပြောင်းလဲသွားခဲ့သည်။

ယောက်ျားလေးများအား ချစ်သလို မချစ်သလိုနဲ့  မာယာများသော မိန်းမတစ်ယောက်အဖြစ် နာမည်ကြီးလာသည်။ မောင်မောင်ပြောစကားဆိုလည်း အရင်လိုနားမထောင်တတ်တော့ပါ။ မောင်မောင်ဟာ သူတို့ အဖွဲ့ ရဲ့ ခေါင်းဆောင် တစ်ယောက်လိုဖြစ်ခဲ့သည်လေ။

မောင်မောင်သည် ယောက်ျားလေးတွေနဲ့ တစ်ယောက်ပြီးတစ်ယောက်တွဲသွားနေသော နှင်းဆီအား မြင်ရကြားရတိုင်း ခင်မေသိန်းအား မကျေနပ်စွာလာပြောပြလေ့ရှိသည်။ မောင်မောင်သည် နှင်းဆီအတွက် စိတ်ပင်ပန်းနေရှာသည်။ သူလည်း နှင်းဆီကို ဖြောင်းဖျကြည့်ဖူးပါသည်။ နှင်းဆီသည် ဆရာဝန်ဖြစ်ချင်ခဲ့ရာမှ မိမိကမဖြစ်နိုင်ခဲ့ပဲ မထင်မှတ်ဘဲ မောင်မောင်က ဆေးကျောင်းတတ်ခွင့်ရခြင်းအပေါ် ယခင်ပြောခဲ့သောစကားများအတွက် ရှက်ရမ်းရမ်းကာ အသားလွတ် အရွဲ့ တိုက်သလိုဖြစ်နေသည်။

ပိုဆိုးလာသည်က မောင်မောင်သည် ပထမနှစ်ကုန်တော့ သူတို့ ဆေးကျောင်းမှ ကောင်မလေးတစ်ယောက်နှင့် ရည်းစားဖြစ်သွားသည်။ ကောင်မလေးက ရိုးရိုးယဉ်ယဉ်လေးနှင့်ချစ်စရာကောင်းသည်ဟု ပြောလေ နှင်းဆီက မကျေနပ်လေဖြစ်တတ်သည်။

"နှင်းဆီ နင် မောင်မောင်ကို ငယ်သူငယ်ချင်းထက်ပိုသလား" လို့ မေးတော့လည်း နှင်းဆီက ခပ်မဲ့မဲ့သာပြုံးလေ့ရှိခဲ့သည်။

မောင်မောင်သည် ခပ်ညိုညိုအသားရည်ပိုင်ဆိုင်ကာ ခန္ဓာကိုယ် ခပ်တောင်တော့င့်အရပ်ရှည်ရှည်မျိုးနှင့် ယောက်ျားပီသသော အသွင်မျိုးဖြစ်လာသည်။ ဆေးကျောင်းသား၊ ယောက်ျားပီသသောရုပ်ရည်၊ ပိုက်ဆံရှိသားသမီးတစ်ယောက်အနေနဲ့  ချစ်ကြိုက်ချင်သူမိန်းကလေးတွေ များနေသော မောင်မောင်ကို နှင်းဆီအရွဲ့ တိုက်ရင်း ခပ်စောင်းစောင်းဖြစ်လာသည်ဟု သူထင်မိသည်။

"မောင်မောင် နင် နှင်းဆီကို ချစ်သလား " 
ဟု မေးတော့လည်း မောင်မောင်က ကောင်းကောင်းမဖြေသည့်အပြင် ထိုသို့ မေးသည်ကို မကြိုက်ဟန်ရှိသလိုသာ ပြောလေ့ရှိသည်။

သူတို့ နှစ်ယောက်ရော သူရော တစ်လမ်းဆီလျှောက်ကြရင်း ဆုံမှတ်တစ်ခုမှာ ပြန်ဆုံကြသည့်အခါ ပျော်စရာတွေနဲ့ သာ ကြုံရဖို့  သူတွေး၍ ဆုတောင်းနေမိသည်။

ငယ်ရွယ်နုပျိုစင် အပူပင်ကင်းမဲ့သော သူငယ်ချင်းတစ်စု၏အချိန်လေးများသည် ကုန်ဆုံးလွန်မြောက်ကာ အားလုံးပြောင်းလဲသွားခဲ့ပြီ။

. . . . . . ( ဂ ) . . .
သုံးလတစ်ခါထိုးသော ဆေးများ၏ အစွမ်းများနှင့် သူ့ ခန္ဓာကိုသည်လည်း ခါးသေးရင်ချီ တင်ကားလာကာ သူ့ ရဲ့ ခပ်ကျယ်ကျယ်ပုခုံးပြင်ကျယ်နှင့် မလိုက်ဖက်စွာဖြစ်လာသည်။ ဆံပင်ရှည်သည်လည်း ချိုင်းထိရောက်ကာ အပေါ်ဖြောင့်အောက်ကောက်ပုံစံလေးနဲ့ ပုံသွင်းထားသည်။
ဘယ်သူတွေဘယ်လိုပဲ အတိုအပြတ်တွေဝတ်ဝတ် သူကတော့ မြန်မာဆန်ဆန် လုံချည်နဲ့ အင်္ကျီကိုသာ စွဲမြဲစွာ ဝတ်ဆင်ခဲ့သည်။

ဆံပင်ညှပ်မလား မိတ်ကပ်လိမ်းမလား သူသည် အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်လာသည်။ မိတ်ကပ်ဆံပင်ကို အနုပညာဆန်စွာ ခံစား၍ ထိုသူနဲ့ ဘယ်နေရာ ဘာလေးလိုနေလို့  ဘယ်လိုဖြည့်ဆီးပေးရမလဲ၊ ဘယ်အရာက ထိုသူကို မလှစေသလဲ၊ မိတ်ကပ်နဲ့ ဘယ်လို အကာကွယ်ယူမလဲ၊ အားသာချက်တွေကို ဘယ်လိုဖော်ရမလဲ စသည်ဖြင့်မြင်နိုင်အောင် သူကြိုးစားလျက်ရှိသည်။ 

မာမီသောင်းဆီမှာ ပညာသင်စီးပူးရင် အလုပ်လုပ်လာသည်မှာ သုံးနှစ်ကျော်ခဲ့ပြီ။ ပညာစုံသလောက်ဖြစ်ပေမယ့် ဖန်းတီးနိုင်စွမ်းတွေကို ဆက်လက်တင်ယူရင်း မာမီဆိုင်မှာသာ ကျေးဇူးစပ်ကာ အလုပ်ကျွေးပြုခဲ့သည်။ မြဇ္ဇူအလှပြင်ဆိုင်မှာ ဆက်နေရလျင် ရှေ့ ဆက်အောင်မြင်ဖို့  ဆိုင်ခွဲလျင် မိတ်ရဖို့  နာမည်ရဖို့  လမ်းစဖြစ်မည်မို့  မြဇ္ဇူအလှပြင်သင်တန်းဆင်းသူတိုင်း ဆက်လက်နေခွင့်ရဖို့ မျှော်လင့်ကြသည်။ ထိုတွင် သူသည် မာမီသောင်း၏ ထူးချွန်ကျောင်းသားအသိအမှတ်ပြုအဖြစ် ကံကောင်းစွာ အခွင့်ရေးရရှိခဲ့သည်။ သို့ သော် သူ့ ရဲ့ ကြိုးစားမူနှင့် ရိုးသားမူသည် မမျှော်လင့်သည့်အချိန်တစ်ခုမှာ အရောင်ဆိုးခံလိုက်ရသည်။

ထိုနေ့ က ဆိုင်သို့  မောင်မောင်က သူ့ ကောင်မလေးခေါ်လာမည် အလှဆုံးပြင်ပေးဟု ဆို၍ မျှော်နေဆဲ မျှော်လင့်မထားသောသူ နှင်းဆီက ရောက်ချလာသည်။ နှင်းဆီနှင့် မောင်မောင်နဲ့ သူ့ ကောင်မလေးတို့ အား တတ်နိုင်သမျှ မဆုံစေချင်၍ နှင်းဆီအား နောက်နေ့ မှ ပြန်လာဖို့ ဖျောင်းဖျပြောဆိုသော်လည်း နှင်းဆီသည် မပြန်ဘဲ ဆံပင်ပုံစံပြောင်းပေးဖို့  ဂျီကျနေခဲ့သည်။ 

ခနအကြာတွင် မောင်မောင်တို့ အတွဲရောက်လာသည်။ မောင်မောင်ရဲ.့ ကောင်မလေးသည် မောင်မောင်ပြောသလို မြန်မာဆန်ဆန်ရိုးရိုးလေးနှင့် ချစ်စရာကောင်းကာ နှင်းဆီသဘောမကျသည်ကို မေ့၍ ထုတ်ဖော် ချီးကျူးပြောမိနေသည်။ မိနှင်းဆီသည် ကောင်မလေးနဲ့ မိတ်ဆက်ပေးမူကို စကားပြန်မပြောဘဲ ထုံးစအတိုင်း ပေကပ်ကပ်လုပ်နေတော့ မောင်မောင့်ကောင်မလေး " ဖြူနှင်းမှုန် " ၏ မျက်နာသည်လည်း တစ်ခုခုကိုအလိုမကျသလိုဖြစ်လာသည်။ 

သူတို့ သုံးယောက် အလှပြင်ခန်းမမှာ အတူဆုံမိတော့ ငယ်ငယ်ကပြောခဲ့သည်ကို ပြန်အမှတ်ရနေမိသည်။ နှင်းဆီရော မောင်မောင်ရော အမှတ်ရနေလိမ့်မည်ထင်သည်။ 

နှင်းဆီပြောဖူးတယ်လေ။

သူတို့  သုံးယောက်မခွဲရအောင် အလှပြင်ခန်းမဖွင့်ပြီး အတူတူလုပ်ကြမယ်၊ ပြီးတော့ သူရော မောင်မောင်ပါ ကပ်ကြေးကိုင် မိတ်ကပ်လိမ်းပေးကာ မာမီတွေ လုပ်ရမယ်ဟု နှင်းဆီက စပြော ပြော၍ သူတောင် ရယ်နေခဲ့ဘူးသည်။ မိန်းမနဲ့ နှိုင်း၍ စနောက်ပြောင်ခံရလျင် အမြဲရှက်တတ်သော မောင်မောင်က အဲ့တုန်းကတောင် စိတ်ဆိုးနေခဲ့သေးတယ်လေ။

အတွေးစများထဲနစ်မြောနေဆဲ ဆူဆူညံညံအသံများထွက်လာသည်။ သူတို့ မာမီသောင်းရဲ့  စိန်လက်စွပ်ပျောက်လို့ တဲ့ ။ မာမီသည် စိန်လက်စွပ်ကိုချွတ်ခဲသည်။ မချွတ်စဖူး ခနချွတ်၍ အခန်းထဲထားခဲ့ကာ အခန်းတွင်းက ရေအိမ်ဝင်ဆဲ ပျောက်သွားခြင်းဖြစ်သည်။ 

မာမီအခန်းထဲသို့  ဝင်ထွက်ရသူမှာ သူတစ်ယောက်သာရှိသည်။မာမီက သူ့ ကို ငယ်မွေးခြံပေါက် ဆိုင်မှာ ဖင်မြဲသူယုံကြည်ရသူမို့ အစစအရာရာ သူ့ ကိုသာ မျက်နာသာပေးလေ့ရှိသည်။ သူ့ ထက် စီနီယာကျသောသူများရှိသော်လည်း ထူထူပိန်းပိန်းများဟု ဆိုကာ မာမီက သိပ်သဘောမကျပါ။

လက်စွပ်ပျောက်တယ်ဆိုတော့ သူလည်း မနေနိုင်စိတ်ပူစွာနဲ့  မာမီအခန်းထဲ ဝင်ကူရှာပေးသည်။ ကုတင်အောက်တွေ ဘာတွေများပြုတ်ကျသလားလို့ ။ သို့ သော် လက်စွပ်သည် တွေ့ ပြီဟူသော အသံများသည် အလှပြင်ခန်းမထဲမှ ထွက်လာသည်။

မာမီရောသူပါ ထွက်ကြည့်တော့ သူ့ စလင်းပတ်ထဲမှ လက်စွပ်ကိုတွေ့ သည်ဟု ဆိုသည်။ အထင်မှတ်ထားသည့် အဖြစ်တစ်ခုအတွက် သူ ကြောက်လန့် သွားရသည်။

- လုပ်ထားပုံက ရိုးလွန်းပါသည်။ သို့ သော် ကိုယ်တိုင်ခံရတော့ အခံရခက်လွန်းတာ ကြုံမှ သူ သိတော့သည်။ လက်စွပ်လေးအား အသုံးပြုပြီးသား တစ်ရှူးစနှင့်တောင် ပတ်ထားသေးသည်။
မရှိခိုးနိုးဆိုသလို သူ့ အမေကျန်းမာရေး သိပ်မကောင်းလို့  ပိုက်ဆံလိုနေသည်ကို သိထားကြသည်။

ဆိုင်ဝန်ထမ်းများ၏အိတ်တွေ အကုန်ဖွင့်စစ်ရင်း သူ့ အိတ်ထဲမှ တွေ့ သည်ဟုဆိုသည်။ ပိုဆိုးသည်က အနည်းငယ် ပိရိသည်ပြောရမည်။ တစ်ရှူးစလေးနဲ့ အမှိုသဖွယ်ပတ်သိမ်းထားလို့  ပိုဆိုးနေသည်။ ဆိုင်တွင် သူတစ်ယောက်သာ တစ်ရှုးစ တစ်ကိုင်ကိုင်နဲ့ အကျင့်ရှိသည်။

မာမီသည် ထိုအဖြစ်အားမယုံကြည်။

" ငါ မရှာခိုင်းပဲ ဘယ်သူကစရှာဖို့ လုပ်သလဲ " ဟု မာမီသည် ထိုအဖြစ်အား မယုံကြည်စွာမေးတော့ ဝန်ထမ်းအားလုံးက သူတို့ က " မနေတတ်လို့ အစစ်ဆေးခံတာပါ ဘယ်သူကမှစတာမဟုတ်ပါဘူး "ဟု ပြောတော့ လက်သည်မပေါ်ပဲ သူ့ ကိုသာ ပစ္စည်းနဲ့ တကွမိသလိုဖြစ်တော့သည်။

ငယ်သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေရှေ.့ မှာအရှက်ကွဲသည့် အဖြစ်အား သူသည့် ရှက်ရှက်နဲ့ ငိုမိကာ မာမီကို သူ မဟုတ်ကြောင်း အကြောက်အကန်ငြင်းမိသည်။

" မာမီ ကျမ အဲ့လို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတာကို ယုံပါ။ ဒါဘယ်လိုဖြစ်လဲ မပြောတတ်ပေမယ့် ကျမ ခင်မေသိန်း ကြိမ်ပြောပါတယ် သွေးအန်သေပါစေ၊ သူများ ပစ္စည်းခိုးတဲ့အကျင့် ခင်မေသိန်းမှာဘယ်တုန်းကမှ မရှိခဲ့ဘူးပါဘူး နောက်လည်းမရှိပါဘူး " ဟု ငိုယိုကာငြင်းဆန်မိသည်။ 

မောင်မောင်နဲ့ နှင်းဆီကလည်း သူ့ ကိုယ်ကျင့်တရားကို ယုံကြည်ကြောင်း ဒီကိစ္စလုံးဝမဖြစ်နိုင်ကြောင်း သက်သက်လုပ်ကြံတာ ဟု ဒေါသထွက်စွာ ဝိုင်းပြောကြသည်။

မာမီသည် သူအား ယုံကြည်ကြောင်း မျက်ရိပ်မျက်ကဲပြသော်လည်း ယုံကြည်စရာမရှိသော အခြေအနေကို ရိပ်စားမိကာ ဒီကိစ္စကို ထပ်မပြောဖို့ အမိန့် ပေးလိုက်သည်။

- . . . . ( ဃ ) . . . . .

. ဖြေရှင်းရန် ခက်ခဲသော အခြေအနေတွေအတွက် နောက်ဆုံးမှာ မြဇ္ဇူသို့  သူ မသွားနိုင်တော့ပါ။ သူ့ အား အရင်ကတည်းကမှ မနာလိုမရှူ.့ စိတ်ထားသော အလုပ်အတူလုပ် ဆိုင်မှမိန်းမလျာများသည် သူ့ အား တရားခံတစ်ယောက်ပမာ ကြည့်သည့်အနေထားမျိုးလာသည်။ မာမီသည်လည်း သူ့ ကိုဆက်ထားလျင် ဘက်လိုက်လွန်းသည့် ပုံစံသိသာစွာပိုထွက်လာကာ လက်အောက်အလုပ်သမားတွေ ထိန်းရသည်မှာ ခက်ခဲလာတော့မည်။ 

နောက်ဆုံးမှာ သူအလုပ်ထွက်လိုက်ရသည်။ မြဇ္ဇူတွင် ဆက်နေရလျင် ရရှိနိုင်သော ပျိုးထောင်မူ လက်တွဲခေါ်ယူမူ အနုပညာသည်များအပါအဝင် မိတ်ရမူ စသည်တို့ အားဆုံးရှူံးလိုက်ရသည်။
တစ်ခြားဆိုင်တစ်ခုသို့  မာမီက ချိတ်ပေးသော်လည်း စွပ်စွဲခံရသည့် ပုံစံမျိုးနဲ့  တခြားဆိုင်များတွင်လည်း လက်တလော အလုပ်မလုပ်ချင်ပါ။

သူသည် လုပ်နေကျ မလုပ်ရပဲ နေရတော့ နေမကောင်းချင်သလို ဖျားချင်သလိုနဲ့  စိတ်ဓာတ်ကျလာမိသည်။ မိတ်ကပ် ဆံပင်ဖန်တီးရှင် ခင်မေသိန်းအဖြစ် ရပ်တည်နိုင်အောင် သူဘယ်လောက်တောင် ကြိုးစားရဦးမည်လဲ။ ဓါးတောင်ပေါင်းမည်မျှဖြတ်၍ မီးပင်လယ်ပေါင်းများစွာ ကူးဖြတ်မှ အောင်မြင်မည်သတဲ့လား လောကကြီးရေ.......။

" အို အရှင်တော်ဘုရား တပည့်တော်မ ခင်မောင်သိန်းခေါ် ခင်မေသိန်း တစ်ဖြစ်လဲအား အခက်များစွာ ကျော်ဖြတ်နိုင်စွမ်း ပေးသနားတော်မူပါ ကျမ နာမည် ခင်မေသိန်း အဖြစ်ရပ်တည် နိုင်ခွင့်ပေးသနားတော်မူပါ ကျမနမည် ခင်မေသိန်းပါ "

ဆက်ပါဦးမည်.........


Credit
to read more, to be a liker or follower on page
www.facebook.com/cakewritter

ချစ်ခြင်းအားဖြင့်

ကိတ်မုန့် 
12;30pm,7Aug2013

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...