Saturday, January 10, 2015
ကျေးဇူးပြုပြီး ငါ့ရင်ဘတ်ထဲ မင်းမလာပါနဲ့
ကျေးဇူးပြုပြီး ငါ့ရင်ဘတ်ထဲ မင်းမလာပါနဲ့
DDaviDD
“ဖေဖေ…”
“သား…”
သားလေးက မူကြိုကျောင်းထဲကနေထွက်အလာ ဖခင်ဖြစ်သူ မြတ်ဇေကိုမြင်တော့ ပြေးလာသည်။ မြတ်ဇေလည်း ခါးလေးကိုနည်းနည်းကုန်း လက်နှစ်ဖက်ကိုဖြန့်ကားပြီး သားလေးကို ရင်ခွင်ထဲ ထွေးပွေ့ချီကာ ကြိုဆိုလိုက်သည်။
“သား သူငယ်ချင်းတွေနဲ့ ကောင်းကောင်းကစားခဲ့ရဲ့လား”
“ဟုတ်ကဲ့”
“ဆရာမစကားကိုရော နားထောင်ရဲ့လား”
“ဟုတ်ကဲ့ဖေဖေ၊ သည်နေ့ ဆရာမက ပန်းချီဆွဲခိုင်းတာ ဆရာမက သားဆွဲတာအရမ်းကောင်းတယ်လို့ ပြောတယ်”
“ဟုတ်လား၊ သားက သိပ်ကိုလိမ္မာပြီးတော်တာပဲ”
“ဟီဟီ..”
ဖခင်မြတ်ဇေ၏ချီးကျူးသံကြောင့် သားလေးက သဘောကျစွာ ရယ်လေသည်။
“ဖေကြီးရော မလာဘူးလားဟင်..”
“အင်း ဖေကြီးက အလုပ်တွေများလို့ မလာနိုင်ဘူးတဲ့”
“သြော် ..”
သားလေးက မြတ်ဇေအား ဖေဖေဟုခေါ်ပြီး မြတ်ဇေ၏ပါရမီဖြည့်ဘက် ထွန်းသစ်ကိုကျတော့ ဖေကြီးဟုခေါ်သည်။
ထွန်းသစ်ခေါ် ကိုက မြတ်ဇေနဲ့ ရွှေလက်ဆက်အပြီး မကြာမီအတွင်းမှာပဲ ကလေးလိုချင်တယ်ဟု ပူဆာခဲ့သည်။ မြတ်ဇေက “ဖြည်းဖြည်းပေါ့” ဟု ပြောသော်လည်း ကိုသည် ဇွတ်အတင်း ကလေးယူခဲ့သည်။ ကိုက ဘာကြောင့် အသက်ငယ်ငယ်လေးနဲ့ ကလေးလိုချင်ရသည်ကို မြတ်ဇေနားမလည်နိုင်ဖြစ်ခဲ့ရသည်။ “အသက်(၃၀)ကျော်မှ ကလေးယူကြရအောင်” လို့ ပြောသော်လည်း ကိုက “ကလေးမြန်မြန်ယူတော့ မိသားစုလေး မြန်မြန်သာယာတာပေါ့” လို့ ချေပခဲ့သည်။ ကို့ကြောင့် မြတ်ဇေအသက်ငယ်ငယ်နဲ့ ကလေးအဖေဖြစ်ခဲ့ရသည်။
“မနက်ဖြန်ကျရင် ဖေကြီးက လာကြိုပါ့မယ်တဲ့…”
“ဖေကြီးအလုပ်များနေရင် ဖေဖေပဲလာကြိုပါ၊ ဖေဖေလာကြိုလည်း သားပျော်ပါတယ်ဖေဖေရဲ့”
မြတ်ဇေက သား၏ပါးအား တစ်ချက်မွှေးလိုက်သည်။
“သားက လိမ္မာလိုက်တာကွာ၊ ဘယ်သူနဲ့ တူတယ်ကိုမသိဘူး”
“ဖေကြီးတစ်ဝက် ဖေဖေတစ်ဝက်တူတာပေါ့ဖေဖေရ”
“အိုး ဒါ့ကြောင့် ချစ်တာ၊ ကားပေါ်သွားကြရအောင်”
မြတ်ဇေက သား၏ကိုယ်လေးအား  ပွေ့ယူပြီး ကားပေါ်တက်လိုက်ကြသည်။
အိမ်အပြန်လမ်းကို နှင်လိုက်တော့ သားငယ်လေးက ပူဆာလာသည်။
“ဖေဖေ သားရေခဲမုန့်စားချင်တယ်”
“ရေခဲမုန့်စားချင်လို့လား၊ ဖေဖေ၀ယ်ကျွေးမှာပေါ့၊ ရေခဲမုန့်ဆိုင် မောင်းမယ်နော်”
“အင်း..”
သားလေးက ပျော်သွားပြီး အင်းလုပ်ရင်း ခေါင်းတဆတ်ဆတ်ညိတ်နေလေသည်။
ရေခဲမုန့်ဆိုင်ရှေ့ ရောက်တော့ ကားပေါ်ကနေ သားလေးနဲ့ အတူတူဆင်းပြီး ရေခဲမုန့်ဆိုင်ထဲ ၀င်လိုက်ကြသည်။ ရေခဲမုန့်လေးတွေက မျိုးစုံပြီး ပုံစံလေးတွေက လွန်စွာမှ လှပသည်။
“သားကြိုက်တာယူလေ”
“ဟိုဟာ…”
သားလေးလက်ညှိုးထိုးရာဆီ မြတ်ဇေကြည့်လိုက်သည်။ ခရမ်းရောင်အသည်းပုံရေခဲမုန့်ပုံစံလေးသည် တစ်ချိန်တုန်းက ချစ်ရသူ ၀ိုင်းလနဲ့အတူတူ သူခွံ့ကိုယ်ခွံ့ စားခဲ့စဉ်က ရေခဲမုန့်ပုံစံလေးနဲ့ တစ်ထေရာတည်းဖြစ်သည်။ ထိုရေခဲမုန့်လေးကြောင့် ပဟေဠိတွေနဲ့ ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့သော ချစ်သူရ၀ိုင်းလကို ဆို့ဆို့နင့်နင့်သတိလိုက်ရမိသည်။ တစ်ချိန်က ၀ိုင်းလနဲ့အတူ ချစ်ရည်လူးခဲ့၊ အချိန်တွေကို ပျော်ရွှင်ကြည်နူးစွာကုန်ဆုံးခဲ့ပုံများကို မြင်ယောင်လာသည်။ ၀ိုင်းလကို တမ်းတမိတော့ မျက်ရည်များက ကျလာမိသည်။
“ဖေဖေဟိုဟာယူမှာပါဆို”
သားလေးစကားကြောင့် မြတ်ဇေအသိစိတ်ဝင်သွားရပြီး မျက်ရည်လေးကို သုတ်လိုက်သည်။
“သြော် အင်း..၊ ဒါလေးပေးပါလား၊ ဘယ်လောက်ကျလဲ”
“(၅၀၀)ပါ”
“ဟုတ်ကဲ့ပေးပါ”
ငွေရှင်းပြီး သားလေးလက်ထဲ ထည့်ပေးလိုက်သည်။
“ရော့..”
သားလေးက ချက်ချင်းတို့စားလိုက်သည်။ သားလေးကို မြတ်ဇေဖျော့တော့စွာ ပြုံးပြလိုက်သည်။
ကားပေါ်ရောက်တော့ သားလေးကို ခါးပတ်ပတ်ပေးပြီးမှ ကိုယ့်ခါးကိုပတ်ပြီး မောင်းနှင်လိုက်သည်။
အပြန်လမ်းရောက်တော့ အရိပ်တစ်ခုကို မြင်ယောင်မိလေသလားဆိုပြီး ကားကို ရပ်လိုက်မိသည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိဆိုပြီး ကားကို နောက်ဆုတ်ကာ ကြည့်လိုက်သည်။ ရေခဲမုန့်ဆိုင်လမ်းရဲ့ ဟိုမှာဘက်ကမ်းတွင် လူတစ်ယောက် နေကာမျက်နှန်တပ်လျှက် ရပ်နေတာတွေ့လိုက်ရသည်။ ထိုသူဟာ ၀ိုင်းလများလား။ မြတ်ဇေပါးစပ်အဟောင်းသားနဲ့ ထိုသူ့အား မျက်တောင်မခတ်တမ်းကြည့်နေမိသည်။ နှုတ်ကလည်း ရေရွတ်လိုက်သည်။
“၀ိုင်း ၀ိုင်းလ..၊ ၀ိုင်းလ..”
ပြီးမှ အတော်လေးကျယ်သွားအောင် ခေါ်လိုက်သည်။
“၀ိုင်းလ…”
မြတ်ဇေ၏ခေါ်သံကြောင့် ထိုသူ့မျက်နှာလေး လှုပ်ရှားသွားတာ သတိထားမိလိုက်သည်။
“ဖေဖေ သားရှုးရှုးပေါက်ချင်တယ်၊ အိမ်ကိုမြန်မြန်မောင်းပါလား…”
“ဟင် သား ရှုးရှုးပေါက်ချင်နေတာလား၊ ခဏလေးအောင့်ထားပေးနော်၊ ဖေဖေမိတ်ဆွေတစ်ယောက်ကိုတွေ့လိုက်လို့”
“ဟင့်အင်း မရဘူး၊ မအောင့်နိုင်တော့ဘူး၊ ပါချမိတော့မယ်..”
မြတ်ဇေ့စိတ်တွေ ဂဏှာမငြိမ်ဖြစ်နေရသည်။ သားကြောင့် နှစ်ပေါင်းအတော်ကြာ တွေ့ချင်နေခဲ့သူ ၀ိုင်းလ၏အရိပ်အယောင်လေးများ ပျောက်ကွယ်သွားမှာ အလွန်စိုးရိမ်နေမိသည်။
“အေး အေး မောင့်ပါ့မယ်”
သားကို ကတိပေးပြီး ၀ိုင်းလဘက်ဆီသို့ ဆတ်ကနဲ့ ကြည့်လိုက်တော့ နေရာမှာ ၀ိုင်းလမရှိတော့သဖြင့် မြတ်ဇေ၏ရင်ထဲ လစ်ဟာသွားသည်။
“၀ိုင်း ၀ိုင်းလ..”
မြတ်ဇေကားပေါ်မှဆင်းပြီး ၀ိုင်းလရပ်ခဲ့သည့်နေရာလေးဆီ ပြေးလိုက်သည်။ ဟိုဟိုသည်သည် လှည့်ပတ်ရှာကြည့်လိုက်သည်။ မတွေ့ခဲ့ရတော့ပေ။ ၀ိုင်းလ၏အရိပ်အယောင်လေးများ မရှိခဲ့တော့။ မြတ်ဇေ ၀မ်းနည်းလာမိသည်။
“သေ သေချာပါတယ်၊ သူဟာ ၀ိုင်းလပဲ”
ယုံကြည်မှုကြောင့် ဆက်လက်လှည့်ပတ်ရှာကြည့်လိုက်မိပြန်သည်။ မတွေ့ခဲ့ရပြန်။
“၀ိုင်းလ ၀ိုင်းလ ”
မြတ်ဇေဆို့နင့်စွာ ခေါ်လိုက်မိသည်။
ဝိုင်းလအား မတွေ့ရတော့သဖြင့် ကားဆီ ဖြည်းညင်းစွာ လှမ်းလိုက်သည်။ ကားတံခါးကို ဖွင့်လိုက်တော့ ဆိုဖာပေါ်တွင် သေးအိုင်ကြီးကို တွေ့လိုက်ရသည်။
“ဟင် သား ရှုးရှုးပေါက်ချတာလား”
သားလေးက မြတ်ဇေကိုကြည့်ပြီး ခေါင်းတဆတ်ဆတ်ညိတ်နေလေသည်။
“သားမှမအောင့်နိုင်တော့တာဖေဖေရ”
“သြော် အေးပါ”
သားကိုချစ်တဲ့စိတ်နဲ့ သားကို စိတ်မဆိုးရက်။ တစ်သျှူးစများနဲ့ သေးအိုင်ကြီးကို မရွံမရှာသုတ်ပစ်လိုက်သည်။
Xxxxxxxxxxxxxxxxxxxx
ဝိုင်းလ၏အရိပ်အယောင်လေးကိုတွေ့သည့်အချိန်ကစပြီး မြတ်ဇေစိတ်နဲ့ကိုယ်နဲ့မကပ်တော့။ သားလေးကို ရေချိုးပေးရမည်ဖြစ်သော်လည်း မေ့လျော့နေခဲ့သည်။ ကို ရုံးကပြန်မလာခင် ညစာချက်ထားရမည်မို့ ညစာချက်တော့လည်း စိတ်နဲ့ကိုယ်နဲ့မကပ်ပြန်။ စိတ်တွေက ၀ိုင်းလဆီသို့သာ ကြီးစိုးနေတော့သည်။
နေကာမျက်မှန်တပ်လျှက် ရှေ့ တူရူသို့ မားမားမတ်မတ်ရပ်ကြည့်နေသည့် ၀ိုင်းလ၏ပုံရိပ်လေးကို မြင်ယောင်လိုက်မိသည်။ မြတ်ဇေက “၀ိုင်းလ” လို့ လှမ်းခေါ်လိုက်တော့ ၀ိုင်းလတုန်လှုပ်သွားတာ သတိထားလိုက်မိသည်။
မြတ်ဇေခေါင်းရမ်းလိုက်သည်။
“ဟုတ်တယ်၊ သူဟာ ၀ိုင်းလပဲ၊ ၀ိုင်းလမှဝိုင်းလအစစ်”
တထစ်ချထင်မြင်ချက်ကြောင့် ၀ိုင်းလအား တွေ့ရာနေရာလေးဆီ ပြေးမယ်လုပ်တော့ အိမ်ရှေ့ ဆီက ကားသံကြားလိုက်ရသည်။
“ဖေကြီး…”
သားငယ်လေးက ကစားနေရင်းက ကားသံကြားသောကြောင့် ဖေကြီးဖြစ်သူကို အပြေးကလေးသွားကြိုလိုက်သည်။ ဖေကြီးဖြစ်သူ၊ မြတ်ဇေ၏ပါရမီဖြည့်ဘက် ထွန်းသစ်ခေါ် ကိုက သားငယ်လေးကို အပြုံးနဲ့ ပွေ့ချီလိုက်သည်။ မြတ်ဇေလည်း အတတ်နိုင်ဆုံးပြုံးပြီး ကို့ကို သွားကြိုကာ ကို၏လက်ဆွဲအိတ်ကို ကူဆွဲပေးလိုက်သည်။
“ကျောင်းမှာ ပျော်စရာကောင်းခဲ့ရဲ့လားဟင်သား”
“ပျော်တာပေါ့ဖေကြီးရ၊ ဆရာမက ပုံဆွဲခိုင်းလို့ဆွဲတာ သားဆွဲတာက သိပ်ကောင်းတယ်လို့ပြောတယ်”
“ဟုတ်လား၊ သားက တော်လိုက်တာ”
သားလေးကိုချီးကြူးစကားပြောပြီး ဟန်နီကိုကြည့်လိုက်တော့ မျက်နှာသိပ်မကောင်းတာတွေ့ရသဖြင့် စိတ်ပူစွာ မေးလိုက်သည်။
“ဟန်နီ မျက်နှာသိပ်မကောင်းပါလား နေမကောင်းဘူးလား”
“ဟင် မဟုတ် မဟုတ်ပါဘူး၊ နေကောင်းပါတယ်”
အတတ်နိုင်ဆုံးပြုံးထားသော်လည်း ကိုက သတိထားမိသွားသဖြင့် မြတ်ဇေလန့်သွားရသည်။
“တကယ်အဆင်ပြေရဲ့လား၊ အလုပ်တွေ ပင်ပန်းလို့လား”
“မဟုတ်ပါဘူး၊ နေကောင်းပါတယ်၊ ကို လေ့ကျင့်ခန်းလုပ်ဦးမှာလား၊ ပြီးရင် ရေချိုးလိုက်နော်၊ ဟန်နီညစာပြင်ထားလိုက်မယ်”
မြတ်ဇေစကားလွှဲလိုက်ရင်း ရှေ့ က သုတ်သုတ်လေးထွက်သွားလိုက်သည်။ ကို့မျက်နှာ ဘယ်လိုဖြစ်ကျန်ရစ်ခဲ့မည်မသိ။
Xxxxxxxxxxxxxxxxxxxxx
ကိုက ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော်လည်း မြတ်ဇေ့မှာတော့ အတွေးတွေနဲ့ ဟိုသည် လူးလှိမ့်ကာ အိပ်မပျော်နိုင်ဖြစ်နေရသည်။ တစ်ချိန်က ၀ိုင်းလနဲ့ ချစ်ရည်လူးခဲ့ပုံလေးများက မျက်ဝန်းထဲမှာ ပေါ်လွင်လာသည်။
“အချစ်လေးရေ ၀ိုင်းလ…”
“ပြောဇေ..”
“သည်နေ့အားလားဟင်”
“မအားဘူး လုပ်စရာလေးနည်းနည်းရှိတယ်”
“ဖျက်လိုက်ပါ၊ အခု အချစ်လေးနဲ့ တစ်နေရာသွားချင်လို့”
“မဖြစ်ပါဘူး၊ ဖေဖေက ဆူလိမ့်မယ်”
“အဲ့ဒါနောက်မှရှင်းကွာ၊ ငါ သည်နေ့ အချစ်လေးနဲ့ ဘာလုပ်မယ်ဆိုပြီး စိတ်ကူးယဉ်ထားတာကွ၊ ငါစိတ်ကူးယဉ်ထားတာလေးကို မင်းက ဖျက်ပစ်မလို့လား”
“ဇေကလည်းကွာ၊ အင်းပါ အင်းပါ…လိုက်ပါ့မယ်၊ ဘယ်လိုစိတ်ကူးယဉ်ထားတယ်ဆိုတာ သိပြီးသား”
“ဟက်ဟက်ဟက် အချစ်လေးကလည်းကွာ၊ ထင်တတ်တာကလည်းလွန်ရော့ ဟက်ဟက်ဟက်”
“နောက်ပြောင်နေဖို့အချိန်မရှိဘူး၊ မြန်မြန်လာကြိုလှည့်၊ ခဏနေရင် ဖေဖေပြန်လာတော့မှာ၊ ဖေဖေမလာခင်လေး လာကြိုပါ”
“အေးပါ..ချစ်တယ် ရွှတ်”
“ရွှတ်..”
Xxxxxxxxxxxxxxxxx
ဝိုင်းလအ၀တ်အစားမြန်မြန်လဲပြီး အိမ်အပြင်ထွက်ကာ ဖေဖေပြန်လာမည့်လမ်းကို ကျောပေးပြီး နောက်သို့ ဖေဖေပြန်လာလေမလားဆိုပြီး စိုးရိမ်တကြီး လှည့်ကြည့်လှည့်ကြည့်လုပ်ကာ ဇေအလာလမ်းကို ကြိုလေသည်။ ရှေ့ မှာ ဇေ့ကားလေးလာနေသည်ကို မြင်လိုက်တော့ ဖေဖေ့အပူကလွတ်ပါပြီဆိုပြီး ဟင်းကနဲ့ သက်ပြင်းချကာ ဇေ့ကားကို တားလိုက်သည်။ ဇေက အလိုက်သင့် ကားကိုရိပ်ပြီး ကားတံခါးကို ဖွင့်ပေးလိုက်သည်။
“အချစ်လေးကလည်း လာကြိုပါ့မယ်ဆိုနေ၊ ဘာလို့ အတင်းထွက်လာတာလဲ”
“ဇေဘာသိလို့၊ မတော်လို့ ဖေဖေနဲ့တွေ့ရင် ဘယ်နှယ့်လုပ်မလဲ”
ဝိုင်းလက ခါးပတ်ပတ်ရင်းပြောသည်။
“သြော်”
“မောင်း ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ”
“ဟက်ဟက်ဟက် အချစ်လေးက ပိုပြီးတော့တောင် လုပ်ချင်နေပြီပေါ့”
“မလုပ်ချင်ရဘူးလား၊ ဇေ့ကိုချစ်လို့ ဇေ့ဆန္ဒကို လိုက်လျောပေးတာပဲဟာ”
ဝိုင်းလက ဇေ့ပါးလေးကို မွှေးရင်း ပြောလိုက်သည်။
“မြို့ အပြင်သွားကြမလား၊ အချစ်လေးနဲ့ လွတ်လွတ်လပ်လပ်နေချင်လို့၊ မြက်တောတစ်တောတွေ့ထားတယ်၊ လေကောင်းလေသန့်လည်း ရတယ်”
“ဟုတ်လား၊ ကောင်းတာပေါ့”
မြတ်ဇေက ကားလေးကို ကွေ့ပတ်မောင်းလိုက်သည်။
Xxxxxxxxxxxxxxxxxxx
ချစ်သူနှစ်ဦးတစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း မြက်တောထဲ လမ်းလျှောက်လိုက်ကြသည်။ လေလေးများ တဖြူးဖြူးတိုက်ခတ်နေသည်။ မြက်ပင်ရိုင်းရိုင်းကြီးများ၏ အနှံက လေနှင်ရာ ယိမ်းကနေကြသည်။ ချစ်သူနှစ်ဦး အ၀တ်အစားလေးများလည်း လေနှင်ရာ တဖျတ်ဖျတ်လှုပ်ခတ်နေသည်။
“နေရာလေးက လှလားဟင်”
“အရမ်းလှတာပေါ့ဇေရ၊ လေကောင်းလေသန့်လည်း ကောင်းတယ်၊ လူကို လန်းဆန်းသွားတာပဲ”
“အင်း လေတွေကို အဆုတ်ထဲထိရောက်အောင် ရှုသွင်းလိုက်ကြစို့”
“အေး ကောင်းတယ်”
ချစ်သူနှစ်ဦး ပြုါံ်ပြုံးပျော်ပျော်နဲ့ လေကောင်းလေသန့်များကို ကိုယ်ကို မြောက်တက်ပြီး တစ်ဝကြီး ရှုသွင်းလိုက်ကြသည်။
မြတ်ဇေက အသင့်ယူလာခဲ့သော ပိတ်စအဖြူရောင်ပါးပါးလေးကို ဖြန့်ခင်းလိုက်သည်။ ထိုပိတ်စဖြူလေးပေါ် ချစ်သူနှစ်ဦးထိုင်လိုက်သည်။ ၀ိုင်းလက ဇေ့ပုခုံးလေးပေါ် ခေါင်းမှီလိုက်သည်။
“ဇေနဲ့အတူ အခုလိုလေးနေရတာ တကယ်စိတ်ချမ်းသာတယ်”
“တူတူပါပဲချစ်လေးရ”
“ဇေ့ကို အရမ်းချစ်တယ်”
“ငါ့ထက်တော့ မပိုလောက်ပါဘူးနော်”
“မဟုတ်ဘူး၊ ငါကပိုတာ”
“ငါကပိုတာပါ”
“ငါကပိုတာပါဆို၊ ငါက ဇေ့အတွက်ဆို အသက်တောင်ပေးပြီးသား”
“ယုံတမ်းစကားတွေ ပြောတတ်ပါ့”
“တကယ်ပြောတာ”
“ယုံပါတယ်ကွာ ယုံပါတယ်၊ နောက်မှ ငါ့ကို ခွဲမသွားရဘူးနော်”
“စိတ်ချပါဇေရ”
မြတ်ဇေက ၀ိုင်းလပါးလေးကို ကိုင်လိုက်သည်။
“မင်းကို အရမ်းချစ်တာပဲဝိုင်းလရယ်”
“ဟင်း ဟင်း”
“ငါ့ကိုချစ်ပေးလို့ ကျေးဇူးတင်ပါတယ်ဝိုင်းလရယ်”
“ငါကလည်း ကျေးဇူးတင်ပါတယ်ဇေရယ်”
ဝိုင်းလ၏နှုတ်ခမ်းလေးကို နမ်းဖို့ ဟန်ပြင်လိုက်သည်။
“တီတီတီ….”
ဖုန်းသံကြောင့် မြတ်ဇေ၏နှုတ်ခမ်းလေး လေထဲမှာပဲ ရပ်တန့်သွားရသည်။
“ဟာ သည်ကောင် ထွန်းသစ်ဆိုတဲ့ကောင်ပဲ၊ ငါ့ကိုတော်တော်နှောင့်ယှက်တဲ့ကောင်ပဲ”
မြတ်ဇေက စိတ်ပျက်ပျက်နဲ့ ဖုန်းကို ပိတ်ပစ်လိုက်သည်။
“ဘာလို့မကိုင်တာလဲ၊ ပြောစရာရှိလို့နေမှာပေါ့”
“သည်ကောင်ဘာပြောမယ်ဆိုတာသိပြီသား၊ ငါ့ကို မြင်မြင်ချင်းချစ်တယ်၊ အသက်လောက်ချစ်တယ်၊ ငါ့ဆီမှာ ချစ်သူရှိနေမှန်းသိပေမဲ့လည်း တားလို့မရနိုင်လောက်အောင်ကိုချစ်တယ်၊ အဲ့သည်လို ပြောမလို့ပဲ”
“သူက ဇေ့ကို အရမ်းချစ်တာပဲနော်”
“ဘာဖြစ်လဲ၊ ဂရုမစိုက်ဘူးကွာ၊ ငါမှ သူ့ကိုမချစ်တာ”
“သူ တော်တော်သနားဖို့ကောင်းတာပဲ၊ ငါသာမရှိရင် ဇေ့အချစ်ကိုသူရမှာ”
“မင်းနော်၊ ငါ့ကို စိတ်မကောင်းဖြစ်အောင်ပြောနေတာလား”
“သူလည်း လူချမ်းသာတစ်ယောက်မဟုတ်လား၊ ဇေတို့နှစ်ယောက်ပေါင်းလိုက်ရင် အရမ်းအဆင်ပြေကြမှာ”
“၀ိုင်း……”
မြတ်ဇေက အကျယ်ကြီး အော်ချလိုက်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ မတ်တပ်ရပ်လိုက်သည်။
“စိတ်ဆိုးသွားလား”
မြတ်ဇေက လှည့်မကြည့်။ မျက်နှာလွှဲလိုက်သည်။
“ငါက ဟုတ်တာပြောတာပဲ”
ဝိုင်းလစကားကြောင့် မြတ်ဇေက ဆတ်ကနဲ့ လှည့်လာသည်။
“မင်း ဘာတွေပြောနေတာလဲ၊ ငါ့ကို စိတ်မကောင်းဖြစ်အောင်ပြောနေတာလား”
ဒေါသတွေ ဆူဝေနေသော မြတ်ဇေ့မျက်နှာကိုကြည့်ပြီး ၀ိုင်းလက တဟဲဟဲ ရယ်လိုက်သည်။
“ဇေကလည်း တကယ်ကိုမှတ်သွားလိုက်တာ၊ ငါက စကားအဖြစ်ပြောတာပါ”
မြတ်ဇေက ၀ိုင်းလကိုယ်လေးကို ဆတ်ကနဲ့ ပွေ့ဖက်လိုက်သည်။
“နောက်ဆို သည်လိုမပြောပါနဲ့ကွာ”
“အင်းပါ အင်းပါ၊ ငါ့ကိုသည်လောက်ချစ်၊ ငါကလည်း အသက်တမျှချစ်ရတဲ့သူကို ဘာကြောင့် သူများလက်ထဲ ထည့်လိုက်ရမှာလဲ၊ ငါ မတုံးသေးပါဘူးဇေရယ်”
ဝိုင်းလနှုတ်ခမ်းလေးကို တရွှတ်ရွှတ်နမ်းလိုက်သည်။ မြတ်ဇေ၏အနမ်းတွေက ကြမ်းသထက်ကြမ်းလာသည်။ ၀ိုင်းလပင် မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့။ ပိတ်စပါးပါးပေါ် ပက်လက်အနေအထားဖြစ်သွားရသည်။
လေများ တိုးဝှေ့တိုက်ခတ်သွားပြန်သည်။ လိပ်ပြာလေးများ ရှက်စိတ်ကြောင့် ထပျံသွားကြသည်။
နှစ်ယောက်သား မောမောနဲ့ ပက်လက်အိပ်လိုက်ပြီး မိုးကောင်းကင်ကြီးကို ကြည့်နေလိုက်ကြသည်။
“ဇေ့..”
“ဟင် ပြောလေ၀ိုင်းလ”
“သည်နေ့ ရာသီဥတုသိပ်ကိုသာယာတာပဲနော်”
“အင်း ဟုတ်တယ်”
“နေ သိပ်မပူသလို သိပ်ပြီး အေးလည်းမအေးဘူးနော်”
“ဟုတ်တယ်၊ ဒါနဲ့ ၀ိုင်းလ ငါမင့်အတွက် လက်ဆောင်တစ်ခုဝယ်ဖို့ ပိုက်ဆံစုလိုက်ပြီးပြီ”
“ဟင် အားနာစရာ”
“ချစ်သူတွေအချင်းချင်း အားနာစရာလား၊ ဖေဖေနဲ့မေမေကပေးထားတဲ့ ပိုက်ဆံတွေကို စုထားတာလေ”
“ဇေရယ်….”
“အချစ်လေးက ဘာလက်ဆောင်လိုချင်တာလဲဟင်”
“မသိဘူးလေ”
“မင်း ဂစ်တာလေးတွေကို သိပ်ချစ်တယ်မလား”
“အင်း အင်း ဒါပေမဲ့ ဂစ်တာကြီးကိုတော့ လက်ဆောင်မပေးပါနဲ့ကွာ၊ အားနာလွန်းလို့”
“ကိုယ့်ချစ်သူက ပေးတာပဲ အားနာစရာလား၊ အားနာတယ်လို့မပြောပဲ ၀မ်းသာလိုက်တာလို့ ပြောရမှာ”
“ဟင်း…”
“မုန့်ဖိုးရတဲ့ ပိုက်ဆံနဲ့ဝယ်တာပဲကွာ၊ မုန့်မစားပဲ အကျိုးရှိရှိ အသုံးချပြီး အသုံးဝင်တာလေးကိုဝယ်တာပဲ နှမြောစရာမရှိပါဘူး”
“အင်း ဒါဆို ယူမယ်နော်”
“အိုး သည်လိုမှပေါ့၊ မွှေးမွှေးပေးကွာ”
မြတ်ဇေက ပါးလေးတစ်ဖက်ပေါင်းပြလိုက်တော့ ၀ိုင်းလက ရွှတ်ကနဲ့ နမ်းလိုက်သည်။
“၀ိုး အချစ်လေးက လိမ္မာလိုက်တာ၊ လာ အခုပဲ သွားကြစို့”
နှစ်ယောက်သား သွက်သွက်လေးပက်လက်အိပ်ရာကထပြီး ပိတ်စပါးပါးလေးကို အတူတူခေါက်သိမ်းလိုက်ကြသည်။
လမ်းတလျှောက် ကားလေးထဲမှာ နှစ်ယောက်သား ကိုယ်ကို ဘယ်ယိမ်းညာယိမ်းပြီး သီချင်းလေးတွေကို ပျော်ရွှင်စွာ ဆိုနေကြသည်။
မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘ၀မှာ xxxx ချစ်လို့မ၀ပါ နှစ်ယောက်တည်းကမ္ဘာxxxxxx
မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ်ဗာန်xxxxx နှစ်ယောက်တည်းကမ္ဘာxxxxx
“အားးးးး”
“အားးးးးးးး”
ကြည်နူးဖွယ့်တေးသီချင်းလေး သီဆိုလို့မှ မဆုံးသေးခင် ရှေ့ မှ ကုန်တင်ကားကြီးတစ်စီးက မြတ်ဇေတို့ကားသေးသေးကို အရှိန်ပြင်းစွာ ၀င်တိုက်ချလိုက်မှုကြောင့် ချစ်သူနှစ်ဦးလိုက်ပါလာသော ကားလေးမှာ လေမှာ လွင့်ပါသွားသော စက္ကူလုံးလေးအလား လိမ့်ကာ လွင့်စင်သွားလေတော့သည်။ ချောက်ထဲရောက်တော့မှ ကားလေးမှာ ငြိမ်သက်သွားတော့သည်။
ငြိမ်သက်နေသော ကားလေးဆီမှာ မီးခိုးတအူအူထွက်နေသည်။ ခေါင်းမှာ သွေးအလိမ်းလိမ်းနဲ့ ၀ိုင်းလသတိရလာသည်။
အားး ခေါင်းက နာကျင်လို့ပါလား……။
ဘေးဘက်သို့ စိတ်ပူစွာကြည့်လိုက်သည်။ မျက်တွင်းဆီမှ သွေးအလိမ်းလိမ်းနဲ့ ငြိမ်သက်နေသော ချစ်ရသူ ဇေ့ကိုတွေ့လိုက်ရသည်။
“ဇေ ဇေ ဇေ သတိထားပါဦး၊ မျက်လုံးဖွင့်ပါဦး”
ဇေ့မျက်နှာလေးကို လှုပ်နှိုးပါသော်လည်း ဇေသတိရမလာခဲ့။ ရှေ့ မှာ မီးခိုးများစွာ ထွက်နေသောကြောင့် ပေါက်ကွဲတော့မည်မှန်းသိတာကြောင့် ၀ိုင်းလခါးပတ်ကို မြန်မြန်ဖြုတ်ကာ ကားအတွင်းမှာထွက်ပြီး ဇေ့ကိုယ်လေးအား ကားအတွင်းမှ ခက်ခက်ခဲခဲထုတ်ယူလိုက်သည်။ ကားနဲ့အတော်ဝေးရာဆီသို့ လျင်မြန်စွာ ဆွဲယူသွားလိုက်သည်။
“၀ုန်း….”
ကျယ်လောင်သော ပေါက်ကွဲသံနဲ့အတူ ကားလေးမှာ လွင့်စင်သွားလေသည်။
“ဇေ ဇေ ဇေ့ သတိရပါဦး၊ မျက်လုံးဖွင့်ပါဦးဇေရ၊ ဟီး ဟီး ဟီး ကျေးဇူးပြုပြီး မျက်လုံးဖွင့်ကြည့်လိုက်ပါဦးလားကွာ ဟီး ဟီး ဟီး ကယ် ကယ်ကြပါဦး သည်မှာ ဒုက္ခရောက်နေပြီ ကယ်ကြပါဦး”
ဝိုင်းလလည်း နာကျင်မှုတွေကြောင့် မအော်နိုင်သော်လည်း အတတ်နိုင်ဆုံး အော်ဟစ်အကူအညီတောင်းလိုက်သည်။ များမကြာမီ လူနာတင်ကားသံကြားလိုက်သည်။
“ဇေ ငါတို့ကို ကယ်မဲ့သူတွေ လာနေကြပြီ၊ အဲ့သည်အချိန်ထိလေးပဲ တောင့်ထားပေးပါနော်”
Xxxxxxxxxxxxxxxxxxxx
မြတ်ဇေ၏ မျက်လုံးအား ပတ်တီးဖြေသည့်အချိန်က ၀ိုင်းလ၏ မျက်နှာလေးကို ပထမဆုံး မြင်ချင်ခဲ့သော်လည်း မြတ်ဇေ ဘယ်လိုမှ ထင်မှတ်မထားခဲ့သည့် ထွန်းသစ်၏ မျက်နှာလေးကို မြင်ခဲ့ရသည်။
“၀ိုင်း ၀ိုင်းလရောဟင်၊ ၀ိုင်း ဘယ်မှာလဲ၊ ၀ိုင်းလကို ခေါ်ပေးပါ၊ ၀ိုင်းလကို ခေါ်ပေးကြပါ”
“စိတ်ထိန်းပါဦး မြတ်ဇေရာ၊ စိတ်ထိန်းစမ်းပါဦး”
“၀ိုင်းလဘယ်မှာလဲ၊ ၀ိုင်းလတစ်ခုခုဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်”
မြတ်ဇေက ထွန်းသစ်ပုခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းလှုပ်ရမ်းပြီး ၀ိုင်းလအား စိတ်ပူစွာမေးလိုက်သည်။ ထွန်းသစ်မဖြေပဲ ခေါင်းကိုသာ ရမ်းနေလိုက်သည်။
“ပြောလေ ၀ိုင်းလဘယ်မှာလဲလို့၊ ပြောလေ မြန်မြန်ပြောစမ်း”
“သူ သူ ..”
“၀ိုင်း ၀ိုင်း ဘာဖြစ်သွားလို့လဲဟင်၊ ၀ိုင်း ဘာဖြစ်သွားလို့ ပြောမထွက်ဖြစ်နေရတာလဲဟင်၊ ဘာလို့လဲ….”
“သူ သူ သေပြီ”
ထွန်းသစ်ပြောပြီးပြီးချင်း မျက်နှာလွှဲချလိုက်သည်။
ထွန်းသစ်၏စကားကြောင့် မြတ်ဇေချာချာလည်သွားသလို ခံစားလိုက်ရသည်။
“မဖြစ်နိုင်ဘူး၊ မယုံနိုင်ဘူး၊ မင်း မဟုတ်တာလျှောက်မပြောနဲ့၊ မင်း ငါ့အချစ်ကို လိုချင်လို့ ၀ိုင်းလကို မကောင်းမပြောနဲ့၊ မင်း လိမ်ပြောတာမဟုတ်လားဟင်ထွန်းသစ်၊ ၀ိုင်းလဘာမှမဖြစ်ဘူးလို့ ပြောလိုက်လေထွန်းသစ်၊ ပြောလို့….”
ထွန်းသစ်၏ ပုခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းလှုပ်မြဲလှုပ်နေလိုက်သည်။
“သူ သေသွားပါပြီဆို…”
“မဖြစ်နိုင်ဘူး၊ မဟုတ်ဘူး…”
ထွန်းသစ်အားတင်းလိုက်သည်။
“တကယ်ပါ၊ မင်းသတိမေ့နေစဉ်ကတည်းက သူ့ကို သင်္ဂြိုလ်လိုက်ပြီး…..”
ဆက်လက်ကြားနိုင်စွမ်းမရှိတော့တာကြောင့် မြတ်ဇေနားနှစ်ဖက်ကို အုပ်ထားလိုက်သည်။
“၀ိုင်း….အား…..”
အရူးတစ်ယောက်လို အကျယ်ကြီး အော်ချလိုက်သည်။
“သတိထားပါစမ်းပါဦးမြတ်ဇေရာ”
“၀ိုင်းကိုသွားတွေ့ရမယ်၊ ၀ိုင်းဆီသွားမယ်၊ ငါ့ကို ၀ိုင်းဆီလိုက်ပို့ပါ၊ ငါမယုံဘူး၊ ငါ့မျက်စိနဲ့တပ်အပ်မြင်ရမှ ငါယုံမယ်၊ ငါ့ကို မြန်မြန်လိုက်ပို့စမ်း”
“သူက သေသွားပါပြီဆို”
“သူ့အုတ်ဂူဘယ်မှာလဲ..”
“ဟင် အုတ် အုတ်ဂူလား၊ အဲ့ အဲ့ဒါက ..”
“ဘာလဲ..”
“သြော် သူ့ကို မီးရှို့ သင်္ဂြိုလ်ပြီး သူ့ပြာတွေကို မြစ် မြစ်ထဲ မျှော မျှောလိုက်ပြီ..”
“၀ိုင်း….”
မြတ်ဇေအရူးတစ်ယောက်ပမာ အော်မြဲအော်နေတော့သည်။
အိပ်ယာထဲကနေ မြတ်ဇေ အိပ်မက်ဆိုးမက်ပြီး အလန့်တကြား ထလိုက်သူပမာ ငေါက်ကနဲ့ ထလိုက်သည်။
“မဖြစ် မဖြစ်နိုင်ဘူး၊ မယုံနိုင်ဘူး”
မြတ်ဇေ၏အသံကြောင့် ဘေးမှ ကိုပါ နိုးလာသည်။
“ဟန်နီဘာဖြစ်တာလဲ၊ အိပ်မပျော်ဘူးလား၊ အိပ်မက်ဆိုးတွေ မက်နေလို့လား”
“မဟုတ် မဟုတ်ပါဘူးကို၊ နည်းနည်းတွေးစရာလေးတွေ ရှိနေလို့ပါ”
“ဘာတွေများ တွေးနေတာလဲဟန်နီရယ်၊ ကို့ကိုပြောပြလေ”
မြတ်ဇေပြောသင့်မပြောသင့်တွေဝေနေရသည်။ နောက်တော့မှ ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။
“ကို ဟန်နီပြောတာ သေချာနားထောင်နော်၊ မေးတာလည်း အမှန်အတိုင်းဖြေပေးပါ”
“ဘာများလဲဟန်နီရယ်”
“ဟန်နီလေ ၀ိုင်းလနဲ့တူတဲ့လူတစ်ယောက်ကိုတွေ့လိုက်တယ်”
“ဟင်..”
ဟန်နီ့စကားကြောင့် ကို ပါးစပ်အဟောင်းသာဖြစ်ကာ မျက်လုံးပြူးသွားရသည်။
“ဒါ့ကြောင့် ဟန်နီမေးတာကို အမှန်အတိုင်းဖြေပါ၊ အဲ့သည်တုန်းက ၀ိုင်းလတကယ်သေသွားတာကော ဟုတ်ရဲ့လား”
“ဟုတ် ဟုတ်တာပေါ့”
ကို့အဖြေက အလိုလိုနဲ့ ထစ်ငေါ့နေရသည်။
“ကိုက ၀ိုင်းလသေသွားပြီလို့ဆိုပေမဲ့ ၀ိုင်းလရဲ့အလောင်းကို မြင်တဲ့သူ တစ်ယောက်မှမရှိဘူးမဟုတ်လား”
“တ တကယ်ပါဟန်နီရယ်၊ ကို လိမ်မပြောပါဘူး”
“ကို လိမ်မပြောနဲ့၊ ကို ဟန်နီ့ကို တစ်ခုခုဖုံးကွယ်ထားတာရှိတယ်၊ ဟန်နီ့ကို ချစ်ရင်ပြောပြပါ၊ ပြောပြပါ”
ကလေးတစ်ယောက်လို ပူဆာလိုက်သည်။
“ကိုက ဟန်နီ့ကို ဘာကြောင့် ဖုံးကွယ်ထားရမှာလဲ၊ ကိုတို့နှစ်ယောက်ကြားမှာ ဘယ်တုန်းကမှ လျှို့ ဝှက်ချက်ဆိုတာ မရှိခဲ့ဘူးဆိုတာ ဟန်နီသိသားနဲ့”
“ဒါဆို ဘာကြောင့် ၀ိုင်းလကို ဟန်နီတွေ့လိုက်ရတာလဲ၊ ၀ိုင်းလက သေသွားပြီဆိုပါရဲ့နဲ့ ၀ိုင်းလကို ဘာလို့ဟန်နီတွေ့လိုက်ရတာလဲ”
“အဲ့ အဲ့ဒါက လူမှားတာဖြစ်မှာပေါ့ဟန်နီရ၊ လောကမှာ နာမည်တူ လူတူမရှားဘူးလေ”
“မဟုတ်ဘူး၊ ဟန်နီအမြင်မမှားဘူး၊ သူဟာ ၀ိုင်းလမှဝိုင်းလအစစ်ပါ၊ ဟန်နီလေ ၀ိုင်းလရဲ့အသက်ရှုသံကအစမှတ်မိတယ်၊ သူဟာ ၀ိုင်းလဆိုတာ သေချာတယ်”
“ဟန်နီကလည်းကွာ၊ သူက ၀ိုင်းလဆိုရင်တောင် အခုချိန်မှာ သူ ၀ိုင်းလဟုတ်မဟုတ် အရေးကြီးလို့လား၊ ဟန်နီ့မှာ ကိုယ်တစ်ယောက်လုံးရှိနေတယ်ဆိုတာ မေ့သွားပြီလား၊ ကိုနဲ့ ဟန်နီ့တို့ရဲ့ သွေးသားလေးရှိနေပြီဆိုတာ မေ့သွားပြီလား၊ ကို့ကို မချစ်လို့ ဟန်နီ့ရဲ့ ၀ိုင်းလကို မမေ့သေးလို့ ၀ိုင်းလဆီ ပြန်သွားချင်တယ်ဆိုရင်တောင် ကိုတို့မှာ သွေးသားလေးရှိနေပြီလေ၊ ဒါကို ဘယ်လိုမှ ရှောင်လွဲလို့ မရဘူးလေ၊ ဒါကို ဟန်နီမသိဘူးလား”
ကိုက ငိုသံရောစွက်ပြောတော့ ကို့ကို မြတ်ဇေသနားသွားရသည်။ ကိုပြောတာလည်း ဟုတ်သည်။ ကိုနဲ့မြတ်ဇေတို့က အခြေအနေတွေ လွန်ခဲ့ကြပြီ။ မြတ်ဇေ့မှာ ကိုတစ်ယောက်လုံးရှိနေပါရက်နဲ့ တစ်ခြားတစ်ယောက်ဆီ စိတ်ရောက်နေခြင်းက ကို့အပေါ်မှာ ရက်စက်ရာကျသလို သားလေးအပေါ်မှာလည်း ရက်စက်ရာကျသည်။ ကို့မျက်ရည်လေးများကို ညင်ညင်သာသာသုတ်ပေးလိုက်သည်။
“ဟန်နီတောင်းပန်ပါတယ်ကိုရယ်၊ နောက်ဆိုရင် သူ့အကြောင်း စိတ်ထဲမထားတော့ပါဘူးလို့ ကတိပေးပါတယ်ကို”
ကိုက မျက်ရည်လေးတွေကိုသုတ်ပြီး တစ်ဖက်သို့လှည့်ကာ စောင်ခြုံလိုက်သည်။
ကို့ကို ကတိပေးလိုက်ရသော်လည်း မြတ်ဇေကတိကို တည်နိုင်မည်မဟုတ်ဘူးဆိုတာ ကိုယ်တိုင်သိနေသည်။ စိတ်တွေက ၀ိုင်းလဆီသို့သာ ကြီးစိုးရောက်ရှိနေပြန်သည်။
သည်ည ထွန်းသစ်အိပ်ပျော်နိုင်တော့မည်မထင်ပေ။ ဟန်နီ့အား မတတ်သာစွာ လိမ်ညာပြောရသည်ကို တကယ် စိတ်မကောင်းဖြစ်မိသည်။ ထွန်းသစ်၏ သိုသိပ်ဖုံးကွယ်ချက်တွေက သိပ်ချစ်ကြလေသော ချစ်သူနှစ်ဦးအပေါ်မှာ သိပ်ကို ရက်စက်ရာကျနေသလား။ မြတ်ဇေ့ကို ပိုင်ဆိုင်ချင်စိတ်ကြောင့် မြတ်ဇေအတန်အတန်အချိန်ဆွဲနေတဲ့ကြားက ကိုယ့်ရဲ့သွေးသားနဲ့ မြတ်ဇေ့သွေးသား ရောစပ်ပြီး သားလေးကို မွေးဖြစ်ခဲ့ခြင်းက သိပ်ကို အတ္တကြီးလွန်းရာ ကျနေခဲ့ပြီလား။
မျက်ဝန်းတွေထဲ အတိတ်အကြောင်းတွေက တရေးရေးပေါ်လာရသည်။
ဝိုင်းလတစ်ယောက် အသက်ပင်မရှုမိပဲ ငြိမ်သက်စွာ ထိုင်နေသည်။ ပိုင်နိုင်စွာ ချရမည့် ဆုံးဖြတ်ချက်တစ်ခုအတွက် အားမွေးနေပုံရသည်။ အတော်လေးကြာတော့မှ အေးစက်သော မျက်နှာထား၊ တုန်ယင်သော လက်ချောင်းလေးများနဲ့ ဖုန်းလေးကို ကလိလိုက်သည်။
“ဟဲလို အမိန့်ရှိပါ”
“ထွန်းသစ်လား”
“ဟုတ်ပါတယ်ခင်ဗျာ၊ ဘာများအလိုရှိပါသလဲ”
“ငါ မြတ်ဇေရဲ့ချစ်သူ ၀ိုင်းလပါ”
“အဲ့သည်တော့ ငါ့ကို နောက်ဆုတ်ပေးပါလို့ပြောချင်တာလား၊ နိုးပါ၊ သူ့အချစ်ကို မရချင်နေပါစေ၊ သူ့ကိုချစ်တဲ့ ငါ့ရဲ့အချစ်ကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး”
“ဇေ့အပေါ်ထားတဲ့ မင်းရဲ့စိတ်ဓာတ်ကိုသိရတာ ငါ ၀မ်းသာတယ်”
“မင်း ဘာပြောချင်တာလဲ”
“မင်း ဇေ့ကို ရာသက်ပန် စောင့်ရှောက်ပေးပါ”
“ဘာ…”
“သန်ဘက်ခါ မင်းအိမ်ဆီ ငါ စာတစ်စောင်ပို့လိုက်မယ်၊ ဆက်ဆက်စောင့်နေပါ”
“ဘာပြောတယ်”
“ဒါပဲ”
“ဟလို ဟလို.”
“…….”
ဝိုင်းလဖုန်းကို ပိတ်လိုက်သည်။
Xxxxxxxxxxxxxxx
နောက်နှစ်ရက်လောက်ကြာတော့ ပြောထားခဲ့သည့်အတိုင်း ထွန်းသစ်တို့အိမ်ရှေ့ သို့ စာတစ်စောင်ရောက်လာသည်။ ထွန်းသစ်အငမ်းမရဖတ်လိုက်သည်။
“ငါ ၀ိုင်းလ စာရေးပေးလိုက်ပါတယ်ထွန်းသစ်၊ မင်းကို ငါ အကူအညီတောင်းပါရစေ၊ မင်း ဇေ့ကို ရာသက်ပန် ကြင်နာသွားပါ့မယ်၊ ပျော်အောင်ထားပါ့မယ်၊ စောင့်ရှောက်သွားပါ့မယ်လို့ ကတိပေးပါ၊ ငါ ဇေနဲ့ အဝေးဆုံးတစ်နေရာကို ထွက်သွားပါ့မယ်၊ ဇေ့ဘေးကနေ ရှောင်ထွက်သွားပေးပါ့မယ်လို့ ကတိပေးပါတယ်၊ မနေ့က ငါနဲ့ဇေတို့ရဲ့ကား အက်ဆီးဒင့်ဖြစ်ခဲ့တယ်၊ ဇေ့မျက်လုံး အကြီးအကျယ်ထိခိုက်သွားတယ်လို့ ဒေါက်တာကပြောတယ်၊ ငါ ဇေ့အတွက် ဇေ့ကို သိပ်ချစ်လို့ အကြီးကျယ်ဆုံး ပေးဆပ်လိုက်တော့မယ်၊ ငါ့ကိုတော့ အက်ဆီးဒင့်ဖြစ်စဉ်ကတည်းက ဆုံးသွားပြီလို့ ဇေ့ကိုပြောပေးပါ၊ ငါ့ရဲ့ပေးဆပ်မှုအကြောင်း ဇေလုံးဝမသိပါစေနဲ့၊ ဒါကိုတော့ မင်း အထူးဂရုစိုက်ပါ၊ မင်းသည်စာကို ဖတ်နေတဲ့အချိန် ငါ ဇေ့အတွက် ပေးဆပ်ခြင်းဖြစ်ခဲ့ပြီးပြီ၊ ငါလည်း အဝေးဆုံးကို ထွက်သွားခဲ့ပါပြီ၊ မင်း သည်စာကို ဖတ်ပြီးပြီးချင်း ….ဆေးရုံ၊ အခန်းနံပါတ်(..)ကိုသွားပါ၊ ဇေ့ဘေးမှာ ရှိနေပေးပါ။
အရာအားလုံးအတွက် ကျေးဇူးပါ။
ဝိုင်းလ”
စာလေးကို ဖတ်အပြီး ထွန်းသစ်ဘာလုပ်လို့ဘာကိုင်ရမယ်မသိဖြစ်သွားရသည်။ တံတွေးကိုသာ အထပ်ထပ်မျိုချနေရသည်။ ပြီးမှ ပိုက်ဆံအိတ်လေးကို ပြေးယူပြီး မြတ်ဇေရှိရာဆီ ကားလေးနဲ့ အပြင်းနှင်လိုက်သည်။
Xxxxxxxxxxxxxxxx
ညက ဟန်နီပေးခဲ့သည့်ကတိ ဟန်နီတည်နိုင်လိမ့်မည်မဟုတ်ဘူးဆိုတာ ထွန်းသစ်သိနေသည်။ ဟန်နီ့မျက်နှာမှာ ဟန်ဆောင်မျိုသိပ်ထားသည့်အရိပ်အယောင်တွေကို မြင်နေရသည်။ သို့သော်လည်း ထွန်းသစ်နားလည်ပေးလိုက်သည်။ သားလေးရှိနေခြင်းကြောင့် ဟန်နီ၏အချစ်ဦး ၀ိုင်းလဆီ ဟန်နီသွားသော်လည်း အပြီးတိုင်သွားလိမ့်မည်မဟုတ်ဘူးဆိုတာ စိတ်ထဲက ကျိန်းသေသိနေသည်။
“သား ဖေကြီးအလုပ်သွားတော့မယ်”
“ဖေကြီးကို မွှေးမွှေးပေးမယ်၊ ရွှတ်”
“လိမ္မာလိုက်တာ၊ ကျောင်းကျရင် ကောင်းကောင်းကစားခဲ့နော်၊ ဆရာမစကားလည်း နားထောင်၊ ဟုတ်ပြီလား”
“ဟုတ်ကဲ့ဖေကြီး”
သားလေးကို နေ့စဉ်လုပ်နေကျအတိုင်း မွှေးမွှေးပေးလိုက်သည်။ ဟန်နီ့မျက်နှာကိုတော့ ဟန်နီမျိုသိပ်ထားမှုတွေကြောင့် အနေခက်မည်စိုးပြီး မကြည့်မိအောင်ထိန်းထားလိုက်သည်။
ကို ထွက်သွားတော့ သားလေးကို မူကြိုရမည်မို့ မြတ်ဇေမြန်မြန်သွက်သွက်လေးလုပ်လိုက်သည်။ စိတ်ထဲမှာ အစီအစဉ်တစ်ခုကလည်း ရှိသေးသည်ကြောင့် ကားကိုပင် မြန်သထက်မြန်အောင် မောင်းမိသည်။
“ဖေဖေ ဖြည်းဖြည်းမောင်းပါလား၊ သားကြောက်တယ်”
“သြော် အေးပါ”
မြတ်ဇေ့စိတ်တွေ လှုပ်ရှားလွန်းလှသည်။
သားလေးကို မူကြိုကျောင်းထဲပို့ပြီး ၀ိုင်းလ၏အရိပ်အယောင်လေးများတွေ့ခဲ့သော ရေခဲမုန့်ဆိုင်လေးဆီ အပြင်းနှင်လိုက်ပြန်သည်။ ဆိုင်ရှေ့ ရောက်တော့ ကားပေါ်မှဆင်းကာ ၀ိုင်းလရပ်ခဲ့သည့်နေရာလေးဆီ ပြေးလိုက်သည်။ ၀ိုင်းလ၏အရိပ်အယောင်လေးများ မတွေ့ခဲ့။ မြတ်ဇေ ဟိုသည်လှည့်ပတ်ပြေးကာ ရှာလိုက်ပြန်သည်။ လူသာမော၊ ချွေးသာပျံပြီး ၀ိုင်းလ၏အရိပ်အယောင်လေးများ မတွေ့ခဲ့ရပြန်။
“၀ိုင်းလရယ်”
တွေ့ချင်စိတ်ကြောင့် ၀မ်းနည်းကာ ငိုချင်လာရသည်။ သို့သော်လည်း ဇွဲမလျှော့ဘူးဆိုပြီး ကားလေးနဲ့ ဟိုသည်လှည့်ပတ်ကာ ရှာလိုက်ပြန်သည်။
ဝိုင်းလနဲ့ လည်ပတ်သည့်ခဲ့သည့်နေရာများစွာ မချန်လှည့်ပတ်ရှာခဲ့သည်။ မတွေ့ခဲ့ရပြန်။ ကိုယ်သာပါ စိတ်မပါသောအပြန်လမ်းကို နှင်ခဲ့ရသည်။ လမ်းဘေးပတ်ပတ်လည်တွင် လူအုပ်ကြီးတစ်အုပ်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင်လည်း ၀ိုင်းလရှိတန်ကောင်းရဲ့ဆိုပြီး ကားပေါ်မှဆင်းကာ လူအုပ်ထဲတိုးဝင်ကာ ရှာလိုက်သည်။ လူကြားထဲ ၀ိုင်းလများလားဆိုပြီး တစ်ယောက်ပြီးတစ်ယောက်ရှာသည်။ မတွေ့။ လူအုပ်ကြီး၏အလယ်တွင် ကောင်းဘွိုင်ဦးထုပ်၊ နေကာမျက်မှန်နဲ့ မျက်မမြင်တစ်ယောက် ဂစ်တာတီးနေတာတွေ့လိုက်သည်။ ထိုမျက်မမြင်လူကြီးက ဂစ်တာလက်စွမ်းပြနေသည်။ ပရိတ်သတ်အချို့ က ပိုက်ဆံလေးများ စွန့်ကြဲနေကြသည်။ မြတ်ဇေ စိတ်ပျက်ပျက်နဲ့ လှည့်ပြန်မယ်လုပ်တော့ မျက်ဝန်းတွေက လူအုပ်ကြီး၏အလယ်မှ ဂစ်တာတီးနေသော မျက်မမြင်လူတစ်ယောက်ကို ကြည့်ချင်စိတ် ပြန်ဖြစ်ပေါ်လာသည်။ မြတ်ဇေ ခုန်သောရင် လှုပ်ရှားသော စိတ်တွေနဲ့ ဖြည်းညင်းစွာ လှမ်းကြည့်လိုက်သည်။ ထိုသူ ခေါင်းလေးငုံ့နေသော်လည်း နှုတ်ခမ်းလေးကို မြင်နေရသည်။ မြတ်ဇေမျက်လုံးပြူးသွားသည်။ ထိုနှုတ်ခမ်းလေးသည် ၀ိုင်းလ၏နှုတ်ခမ်းမှနှုတ်ခမ်းအစစ်။
“၀ိုင်း ၀ိုင်း ၀ိုင်းလ……”
မြတ်ဇေတိုးတိုးလေးရေရွတ်လိုက်သည်။
သူဟာ ၀ိုင်းလပါလား။ ၀ိုင်းလက ဘာကြောင့် မျက်မမြင်တစ်ယောက်ဖြစ်နေရတာလဲ။ ဧကန္တ အက်ဆီးဒင့်တုန်းကများ မျက်စိကွယ်သွားတာလား။ ဒါ ဒါဆို ၀ိုင်းလအခုလိုဖြစ်ရတာ ငါ့ကြောင့်ပေါ့။ အို မဟုတ်သေးဘူး။ မျက်စိကို ထိခိုက်ခဲ့တာကငါ။ ဒါ ဒါဆို …။
စိတ်အထင်ကြောင့် မဖြစ်နိုင်လောက်ပါဘူးဆိုပြီး ခေါင်းရမ်းလိုက်သည်။
အိုး ဟုတ်တယ်။ ၀ိုင်းလက ဂစ်တာတီးတာဝါသနာပါတယ်။ အဲ့သည်နေ့တုန်းက ငါ ၀ိုင်းလဖို့ ဂစ်တာလေးလက်ဆောင် ၀ယ်ပေးဖို့လုပ်ခဲ့တာပဲ။ အခု ဂစ်တာလေးနဲ့ ပိုက်ဆံရှာနေတာလားဝိုင်းလရယ်။
ချက်ချင်း မြတ်ဇေ့ဆီသွားမယ်လုပ်တော့ …
“အန်ကယ်လက်သံက သိပ်ကောင်းတာပဲနော်”
ဆိုပြီး ခေတ်မီကာ မြူးကြွသွက်လက်သော ကောင်လေးတစ်ယောက်က ၀င်ပြောလိုက်သဖြင့် မြတ်ဇေ့ကိုယ်လေး လေထဲမှာပဲ ရပ်တန့်သွားရသည်။
“ကျေးဇူးတင်ပါတယ်ကွယ်”
ထိုသူက မျက်နှာမော့လာသောကြောင့် ၀ိုင်းလ၏မျက်နှာလေးကို ထင်ထင်ရှားရှားမြင်လိုက်ရသည်။ ၀ိုင်းလဆိုတာ သိပ်ကို သေချာသွားသည်။
 “ကျွန်တော်သီချင်းတစ်ပုဒ်ဆိုချင်တယ်၊ အန်ကယ်က တီးပြပါနော်”
“သိပ်ရတာပေါ့ကွယ်၊ ဘာသီချင်းဆိုချင်လဲဟင်”
“ရဲရင့်အောင်ရဲ့ ရိုမီယို ဂျူးလိယက်”
“သြော် ရတာပေါ့ကွယ်၊ ဒါနဲ့ မျိုးကြီးရဲ့ “မလာပါနဲ့” သီချင်းရော မရဘူးလား”
“သိပ်ရတာပေါ့ဗျာ၊ အန်ကယ်က ဆိုစေချင်ရင် ဆိုမယ်လေ”
“အိုကေ ဒါဆို စလိုက်ကြစို့”
ဂစ်တာသံလေးချိုမြလာသည်။ သီချင်းဆိုမည့်ကောင်လေးက ဘေးမှာထိုင်ပြီး သီချင်းဆိုဖို့ အားယူနေသည်။ ပရိတ်သတ်များက ငြိမ်သက်စွာ နားထောင်နေကြသည်။
ငါ့ရဲ့ရင်ထဲ လောင်တဲ့မီးတွေနဲ့xx အဆုံးသတ်ထိကြိုပြီးသိနှင့်နေခဲ့ xxx မင်းတွက်ကိုလည်း နာကျင်စေမဲ့မီးမျိုးxxx ငါလေမပေးရက်ဘူး xxx မချစ်ရက်ခဲ့ပါဘူးxxxx  မင်းရဲ့ရင်ထဲ အချစ်စိတ်တွေနဲ့ xxx ပြည့်နှက်နေတဲ့ နှလုံးသားငယ် xxx ငါမြင်နေရလည်းကွယ် xxxx နာကျင်စေဖို့ခက် xxxxမလာပါနဲ့ xxxxxx
ငါလျှောက်မဲ့ဘ၀ခရီးကြမ်းတယ် xxxx ကြုံတွေ့မယ့်အခက်အခဲ ဒုက္ခကျောက်ဆောင် xxxx မင်းရင်ဆိုင်ဖို့ခက်မယ်xxxxx မလာပါနဲ့ xxxxအချစ်ရေမလာခဲ့နဲ့ xxxxx
နင်မသိတဲ့အပြင်က လက်တွေ့ဘ၀ဟာxxxxx အန္တရာယ်သိပ်များလွန်းတယ် xxxxxx မလာနဲ့ xxxxx
ဝေးရမှာပဲ xxxxx ဘာကိုလွမ်းနေမလဲ xxxx မတိုးခဲ့ချင်နဲ့xxxxxx ဒီအတွက်ဇွတ်မမိုက်နဲ့ xxxx အလွမ်းနေ့တွေအတွက် xxxx ဘာကိုနင်စတေးမလဲ xxxxx အဖြေဟာမထိုက်တန်ဘူးxxxxxx ငါလုံးဝခွင့်မလွှတ်ဘူး xxxxxxx
မင်းရဲ့ရင်ထဲ xxxxx အချစ်စိတ်တွေနဲ့xxxxx  ပြည့်နှက်နေတဲ့ နှလုံးသားငယ် xxxxx ငါမြင်နေရလည်းကွယ် xxxxxx နာကျင်စေဖို့ခက်xxx မလာပါနဲ့ xxxxx
ငါလျှောက်မဲ့ဘ၀ခရီးကြမ်းတယ်xxxx ကြုံတွေ့မယ့်အခက်အခဲ ဒုက္ခကျောက်ဆောင်xxxxx မင်းရင်ဆိုင်ဖို့ခက်မယ်xxxx မလာပါနဲ့ xxxxx
အချစ်ရေမလာခဲ့နဲ့ xxxxxx နင်မသိတဲ့အပြင်က လက်တွေ့ဘ၀ဟာxxxx အန္တရာယ်သိပ်များလွန်းတယ် မလာနဲ့ xxxxxx  အို………xxxxxx
မင်းရဲ့ရင်ထဲxxxxx အချစ်စိတ်တွေနဲ့ xxxxxx ပြည့်နှက်နေတဲ့ နှလုံးသားငယ် xxxxxx ငါမြင်နေရလည်းကွယ် xxxxxx နာကျင်စေဖို့ခက် မလာပါနဲ့ xxxxx ငါလျှောက်မဲ့ဘ၀ခရီးကြမ်းတယ် xxxxx ကြုံတွေ့မယ့်အခက်အခဲ ဒုက္ခကျောက်ဆောင် xxxxxx မင်းရင်ဆိုင်ဖို့ခက်မယ် xxxxx မလာပါနဲ့ xxxxxx အချစ်ရေမလာခဲ့နဲ့ xxxxx နင်မသိတဲ့အပြင်က လက်တွေ့ဘ၀ဟာ xxxxxxx အန္တရာယ်သိပ်များလွန်းတယ် xxxxxxxx မလာပါနဲ့….xxxxxxxxxx
ကောင်လေးသီဆိုသည့်သီချင်းစာသားတွေက မြတ်ဇေ့အား ၀ိုင်းလဆီ မလာပါနဲ့လို့ တွန်းထုတ်နေသည့်အလား မြတ်ဇေ့ရင်မှာ ခံစားရသည်။ သီချင်းလေးပြီးဆုံးသွားတော့ ပရိသတ်များက လက်ခုပ်တီးကြသည်။ မြတ်ဇေလည်း ရောယောင်ပြီး လက်ခုပ်တီးလိုက်သည်။ တချို့ ပရိတ်သတ်တွေ ဆုငွေချပြီး ပြန်သွားကြသည်။ ထိုသူရယ် မြတ်ဇေရယ် ကောင်လေးရယ်သာ ကျန်ခဲ့သည်။
“အန်ကယ်က သံစဉ်ကို သိပ်ညက်တာပဲနော်”
ကောင်လေးက ၀င်ပြောလိုက်သည်။
“ဟုတ်တယ်၊ အန်ကယ်က သည်သီချင်းလေးကို သိပ်ကြိုက်တာလေ”
“သြော်  ဒါ့ကြောင့်ကိုး”
“မောင်ရင်လေးရဲ့အသံကလည်း သိပ်ကိုကောင်းတာပါပဲကွယ်”
ထိုသူ၏ချီးကျူးသံကြောင့် ကောင်လေးက ရယ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်အန်ကယ်၊ ကျွန်တော်က အဆိုဝါသနာပါတယ်လေ၊ အောင်မြင်တဲ့အဆိုတော်ဖြစ်ဖို့ ကြိုးစားနေတယ်၊ အန်ကယ်က အားပေးနော်”
“အားပေးရမှာပေါ့ကွယ်၊ မောင်ရင့်အသံနဲ့ဆို အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်နိုင်ပါတယ်”
“ကျေးဇူးတင်ပါတယ်အန်ကယ်၊ ကျွန်တော် ပြန်တော့မယ်နော်၊ နောက်နေ့လည်း လာလို့ရမလား၊ အန်ကယ့်လက်သံနဲ့ လေ့ကျင့်ချင်တယ်”
“မောင်ရင်လာမယ်ဆိုရင် အန်ကယ်အမြဲတမ်းစောင့်ကြိုနေပါတယ်ကွယ်၊ မောင့်ရင့်ရဲ့ ၀ါသနာတူသူငယ်ချင်းတွေကိုလည်း ခေါ်ခဲ့လေ၊ အန်ကယ်အတတ်နိုင်ဆုံး ကူညီပါ့မယ်”
“ကျေးဇူးတင်လိုက်တာအန်ကယ်ရယ်၊ ရော့ဒါက အန်ကယ့်အတွက်မုန့်ဖိုး”
ကောင်လေးက ပိုက်ဆံများကို လက်ထဲထည့်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်ကွယ်”
“ဘိုင့်ဘိုင် နောက်နေ့တွေ့မယ်နော်”
“အေး အေး ဘိုင့်ဘိုင်”
ထိုသူတစ်ယောက်တည်းသာ ကျန်တော့သည်။ မြတ်ဇေကတော့ ရှေ့ မှာ မားမားမတ်မတ်ရပ်နေတုန်း။ ၀ိုင်းလအား သနားဂရုဏာသက်စွာ ကြည့်နေသည်။ ပရိတ်သတ်များ စွန့်ကြဲခဲ့သည့် ပိုက်ဆံများကို ထိုသူ ထပ်ကာ သိမ်းဆည်းနေသည်။ ပိုက်ဆံအိတ်နဲ့အတော်လှမ်းလှမ်းမှာရှိနေသည့် ပိုက်ဆံလေးကိုတော့ သတိမထားမိ။ မြတ်ဇေက ထိုပိုက်ဆံလေးကို ကောက်ပြီး ထိုသူ့လက်ထဲထည့်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ထိုသူက ကျေးဇူးတင်ကြောင်းပြောပြီး လက်များက လေထဲမှာ ရပ်တန့်နေသည်။ ကိုယ်ကလည်း မလှုပ်မယှက်။ မော့လို့တော့ မကြည့်ခဲ့။ ခေါင်းကို ငုံ့မြဲသာငုံ့နေသည်။
ဝိုင်းလလက်လေးကို မြတ်ဇေဆုပ်ကိုင်လိုက်သည်။
အချိန်များစွာ တမ်းတနေခဲ့သည့် ချစ်သူ၏လက်ဖြင့် ဆုပ်ကိုင်ခြင်းကို ၀ိုင်းလအလိုရှိနေခဲ့သော်လည်း အံကျိတ်ကာ ရုန်းလိုက်ရသည်။
“၀ိုင်း ၀ိုင်းလ…”
ဝိုင်းလခေါင်းကို ငုံ့မြဲသာငုံ့နေမိသည်။
“မင်း တကယ်ဝိုင်းလပဲကိုး၊ မင်း တကယ်အသက်ရှင်နေသေးပေါ့”
“ဘယ် ဘယ်သူလဲဟင်၊ ဘာတွေပြောနေတာလဲ”
ဝိုင်းလလိမ်ညာပြောလိုက်မိသည်။
“ငါ့ကို လိမ်မနေပါနဲ့တော့ဝိုင်းလရယ်….၊ ငါမြတ်ဇေလေ ငါ့ကိုသိတယ်မဟုတ်လား”
“ဘယ်က မြတ်ဇေလဲ၊ ၀ိုင်းလဆိုတာကော ဘယ်သူလဲ”
ဝိုင်းလလက်လေးကို ပိုပိုပြီး တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြန်သည်။ ၀ိုင်းလက ရုန်းသော်လည်း မလွတ်အောင် ဆုပ်ကိုင်ထားသည်။
“မင်း ဘာလို့ ငါ့ကိုမပြောရတာလဲဟင်၊ မင်း သည်လိုဖြစ်သွားတာငါ့ကြောင့်မဟုတ်လားဟင်၊ ငါ့ကို ဘာလို့မပြောရတာလဲလို့၊ ငါ မင်းကို ဘယ်လောက်တွေ့ချင်နေတယ်ဆိုတာ မင်းသိရဲ့လား”
“ဖယ် ဖယ်ပါ၊ ဘာတွေပြောနေတယ်ဆိုတာ တကယ်နားမလည်နိုင်တော့ဘူး၊ ကျွန်တော်သွားတော့မယ်ဗျ”
မြတ်ဇေ့လက်ထဲက အတင်းရုန်းပြီး အထုပ်များကိုကောက်လွယ်ကာ ခပ်သုတ်သုတ်ထွက်သွားလိုက်သည်။ မြတ်ဇေအပြေးကလေးမီအောင်လိုက်လိုက်သည်။
“၀ိုင်း ငါ့ဆီလာနေပါ၊ ငါ့ဆီလာနေပါလို့”
“မဖြစ်ဘူး၊ မနေဘူး၊ မနေဘူး”
“မင်း အခုတော့ ၀န်ခံပြီပေါ့၊ မင်းတကယ်ဝိုင်းလပေါ့နော်၊ ပြောပါ၊ ဘာကြောင့် ငါ့ဘေးကထွက်သွားရတာလဲဟင်၊ မင်းကျတော့ သည်လိုမျိုးဖြစ်နေပြီး ငါကျတော့ ကောင်းစားနေတာက မင်းအပေါ်မှာ သိပ်ကိုရက်စက်မနေဘူးလား”
“ငါ လုပ်သင့်တာကို လုပ်ခဲ့ရုံပါပဲ၊ ဒါ ငါ့ရဲ့ရွေးချယ်မှုပဲ၊ ငါ့ရွေးချယ်မှုအတွက် ငါ နောင်တမရဘူး”
“ငါ့ကို ဘာကြောင့် မင်းအရာနဲ့ အစားထိုးလိုက်ရတာလဲဟင်၊ ဒါကိုတော့ ပြောပြပါ”
“ဘာလို့ဆို…”
“ပြောလေ”
ဝိုင်းလမျက်နှာလေးမော့လာသည်။ မြတ်ဇေ့မျက်နှာလေးရှိရာဆီစမ်းလိုက်သည်။ မြတ်ဇေကအလိုက်သင့် လက်လေးကို ဖမ်းပေးပြီး ၀ိုင်းလလက်လေးနဲ့ ပါးလေးကို ထိထားစေလိုက်သည်။
“ကျန်းကျန်းမာမာရှိနေလို့ ကျေးဇူးတင်လိုက်တာဇေရယ်၊ ငါ့အတွက်နဲ့ မငိုပါနဲ့နော်ဇေ၊ ငါ့ရွေးချယ်မှုအတွက် မင်း ၀မ်းသာပေးပါ”
“ဘာ ဘာလို့ သည်လိုလုပ်လိုက်ရတာလဲလို့…”
မြတ်ဇေဒေါသသံ ငိုသံရောစွက်ပြီးပြောလိုက်သည်။
“မင်းကိုချစ်လို့ပေါ့ဇေရယ်၊ မင်းအဖြစ်ကိုမကြည့်ရက်လို့ပေါ့”
မြတ်ဇေ့ငိုသံတွေ ပိုပြီး ကျယ်လာသည်။
“ဘာကြောင့် သည်လိုလုပ်ရတာလဲကွာ၊ ဘာလို့ ဘာလို့….”
ဝိုင်းလကိုယ်လေးကို ပွေ့ဖက်လိုက်သည်။ ဇေ့ကျောလေးကို ၀ိုင်းလပုတ်ပေးလိုက်သည်။
“ငါ့ဆီပြန်လာပါလားကွာ၊ ငါနဲ့ တစ်သက်လုံးအတူတူနေကြမယ်နော်၊ ငါ့ဆီလိုက်ခဲ့ပါ”
“မဖြစ်နိုင်တော့ဘူးဇေ၊ ငါ ငါချစ်တဲ့အရာနဲ့ပဲ အတူတူနေတော့မယ်၊ ငါတတ်ကျွမ်းတဲ့ ဂီတလေးနဲ့ လူငယ်တွေကို အတတ်နိုင်ဆုံး ကူညီပေးချင်တယ်၊ မင်းလည်း သားလေးတစ်ယောက်ရနေပြီမဟုတ်လား၊ မင်း မင့်မိသားစုကို ချစ်မြတ်နိုးပါ၊ ကြင်နာပါ၊ ငါ့ကြောင့် ပြည့်စုံနွေးထွေးနေတဲ့ မင့်မိသားစုလေး မပြိုကွဲစေချင်ဘူး၊ ဒါ မင်းဆီက ငါ့ရဲ့ နောက်ဆုံးဆန
ၵပါ”
“ဟင့်အင်း မရဘူး မလိုချင်ဘူး၊ သည်လိုမပြောပါနဲ့ကွာ”
“ငါ လူငယ်တွေကို ကူညီပြီး အရမ်းပျော်နေပါတယ်ဇေ၊ ငါ့ပျော်ရွှင်မှုကို မင်းက ဖျက်ဆီးမယ်လားဟင်”
“၀ိုင်း ၀ိုင်း…”
“ငါ့ကို ဆက်ပြီး ပျော်ရွှင်ခွင့်ပေးပါဇေ၊ ငါ့ကို ပျော်ရွှင်မှုအတွက် မင်းက နောက်ကွယ်ကနေ အားပေးပေးပါလားဟင်ဇေ”
“၀ိုင်းရယ်…”
ဝိုင်းလကိုယ်လေးကို ပွေ့ဖက်လိုက်ပြန်သည်။
Xxxxxxxxxxxxxxxxxxxxxxxx
“ဖေကြီးခွံ့ကျွေးမယ်နော်၊ ပါးစပ်ဟ”
သားလေးက ဟပေးလိုက်သည်။
“အရသာရှိလားဟင်”
“ဟုတ်ကဲ့ အရမ်းအရသာရှိတယ်”
“ခွံ့ကျွေးရအုံးမလား”
“ဟုတ်၊ ဟိုအသားဖတ်ပေး”
“ရော့”
သားလေးဆီကအကြည့်ကို လွှဲပြီး ဟန်နီ့ဘက်လှည့်ကြည့်လိုက်သည်။ ဇွန်းကိုကိုင်ရင်း စိတ်နဲ့ကိုယ်နဲ့မကပ်သော ဟန်နီ့အဖြစ်ကို မြင်လိုက်ရသည်။ ဟန်နီ့အဖြစ်ကို ထွန်းသစ် စာနာသည်။ အတတ်နိုင်ဆုံး နားလည်ပေးရမည်ဟု စိတ်ကူးထားလိုက်သည်။
“ဟန်နီစားလေ၊ ခံတွင်းပျက်နေလို့လား”
ကို့စကားကို မြတ်ဇေ မကြားလိုက်မိ။
“ဟန်နီ”
ကိုက ထပ်ခေါ်လိုက်တော့မှ မြတ်ဇေလန့်သွားကာ အသိစိတ်ဝင်သွားရသည်။
“ဟင် ဘာလဲကို”
“ဘာတွေစဉ်းစားနေတာလဲ၊ ဟင်းတွေက အရသာမရှိဘူးလား”
“သြော် မဟုတ် မဟုတ်ပါဘူး..ဟင်းတွေက စားကောင်းပါတယ်”
ထွန်းသစ်လည်း ဟန်နီ့အတွက် အခက်တွေ့စေမည်စိုးတာကြောင့် ဘာမှဆက်မပြောပဲနေလိုက်သည်။
“ကို ဘာကြောင့် ဟန်နီ့ကို ဖုံးကွယ်ထားရတာလဲဟင်၊ ဟန်နီ့မျက်လုံးတွေက ၀ိုင်းလရဲ့မျက်လုံးတွေဆိုတာ ဘာကြောင့်မပြောရတာလဲဟင်”
“ဒါ ဒါကတော့..”
“ဟန်နီ့ကို ဘာကြောင့် လိမ်ထားရတာလဲလို့”
မြတ်ဇေ့အသံက မထင်မှတ်ပဲ ကျယ်လောင်သွားသောကြောင့် သားငယ်လေးက လန့်ဖျတ်ပြီး ငိုချလိုက်သည်။
“အို သားလေး လန့်သွားပြီ၊ ကလေးရှေ့ မှာ မပြောပါနဲ့ဟန်နီရယ်၊ သား ဘာမှမဖြစ်ဘူး၊ မငိုနဲ့၊ မငိုနဲ့”
မြတ်ဇေနေရာမှ ဆတ်ကနဲ့ထကာ အိမ်ပေါ်မှ ဆင်းသွားလိုက်သည်။
“ဟန်နီ့…”
ကိုက ခေါ်သော်လည်း မြတ်ဇေလှည့်မကြည့်တော့.။။။
Xxxxxxxxxxxxx
မြတ်ဇေလေလွင့်သူလို ကိုယ်သာပါ စိတ်မပါသောခြေဖြင့် ဦးတည်ရာမဲ့ လမ်းလျှောက်နေမိသည်။ အတော်လှမ်းလှမ်းမှ လမ်းဘေးပလက်ဖောင်းတွင် လူအုပ်တစ်အုပ်နဲ့ ဂစ်တာသံ သီချင်းသံများကို ကြားလိုက်ရသည်။ ၀ိုင်းလများလားဆိုပြီး လူအုပ်အနားသို့ လျှောက်လာခဲ့သည်။ အနားနီးတော့ သီချင်းသံများ ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။
ဒီမျက်နှာလေးပေါ်လည်း ဘာမှမဖြည့်နဲ့xxx ရင်မှာလှပြီးသားပါပဲxxx
ဘာမှမဟောင်းနွမ်းသေးဘူး ယနေ့ထက်ထိတော့xxxx ဟိုး အရင်လိုပဲကွယ်xxx အသစ်ဖြစ်နေဆဲပဲxxxx
အချိန်များစွာ ပြောင်းကာ နှစ်တွေဟောင်းခဲ့တဲ့xx ရာသီစက်ဝိုင်းများစွာထဲxxx
မြင်နေတယ်အရေးကြောင်းလေးများက ၀ိုးတ၀ါးတဖြည်းဖြည်းနဲ့ ထင်လာပေမဲ့လည်းxxx မင်းပါးပြင်လေး နူးညံ့ဆဲxxxx အို မွှေးပျံ့ ဆဲပဲxxxxx
ယုံပါ ညှို့အားများကလည်း ရင်ထဲ ချိုမြနေတုန်းပဲ အထိအတွေ့တို့ နွေးထွေးဆဲxxx
ယုံပါနှုတ်ခမ်းများကလည်း ရင်ထဲ ခမ်းနားနေတုန်းပဲ မျက်ဝန်းများတောက်ပဆဲxxxx
သီချင်းသံတွေက ၀ိုင်းလအပေါ် မြတ်ဇေရဲ့ခံစားချက်တွေကို ရည်ညွန်းနေသည့်အလား ရင်ထဲကို တစစ်စစ်နဲ့ ထိုးနှက်စေသလိုခံစားရပြန်သည်။ အဆိုတော်လေး၏ဘေးမှ ၀ိုင်းလ၏ မျက်နှာလေးကို ကြည့်လိုက်သည်။ ၀ိုင်းလမျက်နှာလေးက ကြည်လင်နေသည်။
သီချင်းသံပြီးဆုံးသွားတော့ အဆိုတော်ကောင်လေး၏ သူငယ်ချင်းတွေက လက်ခုပ်သြဘာပေးကြသည်။ အဆိုတော်ကောင်လေးက ၀ိုင်းလ၏ကိုယ်လေးကို ပွေ့ဖက်လိုက်တော့ ၀ိုင်းလ၏ချိုမြသော အပြုံးတွေကို မြင်လိုက်ရသည်။
ဝိုင်းလရယ်..။ မင်းပျော်နေပေမဲ့ ငါ့ဘတ်ထဲမှာတော့ မင်းအတွက်နဲ့ တစစ်စစ်နဲ့ နာကျင်နေတုန်းပါပဲကွာ။
Xxxxxxxxxxxx
နောက်တစ်နေ့ သားလေးကို မူကြိုပို့အပြီး ၀ိုင်းလရှိရာနေရာလေးဆီ ကားလေးကို မြတ်ဇေနှင်လိုက်သည်။ ခါတိုင်း လမ်းဘေးပလက်ဖောင်းလေးမှာပဲ ၀ိုင်းလနဲ့အတူ အဆိုဝါသနာရှင်ကောင်လေးများက ရောက်နှင့်နေကြပေပြီ။ မြတ်ဇေအဝေးတစ်နေရာကနေ စောင့်ကြည့်နေခဲ့မိသည်။
အမှတ်တမဲ့နဲ့ တွေ့ရှိခဲ့တဲ့ တောပ်ပတဲ့မျက်ဝန်းလေးများxxx
ငါ့အသည်းကို ချုပ်ကိုင်ပြီး လှုပ်ရမ်းလို့သွားတာ ပါxxxx
ငါ့အသည်းတွေ အရည်တွေ ပျော်ကုန်ပြီထင်တယ်xxxx
ငါ့အချစ်တွေ မင်းလေးသိနိုင်ဖို့ ငါဘာတွေလုပ်ရမလဲxxxx
နတ်သက်ကြွေတဲ့နတ်သမီးလားxxx နင်ဟာတကယ်ကို လူယောင်ဖန်ဆင်းထားခဲ့တာလားxxx
Tip Tip Top Top xxxxxxxx Tip Tip Top Tip xxxxxxxx
ဘရိတ်ဒန့်များအကများနဲ့ မြူးကြွသွက်လက်နေသော အဆိုတော်ကောင်လေး၏ သီချင်းသံနဲ့အတူ ဂစ်တာလေးကို တီးခတ်နေသော ၀ိုင်းလကိုယ်လေးသည်လည်း သံစဉ်စာသားသွားရာ ကိုယ်ကို ယိမ်းနွဲ့လှုပ်ရှားနေသည်။ ကောင်လေးတစ်ယောက်က ဂစ်တာတစ်လက်နဲ့ သီချင်းထဲ မျောပါရင်း ခုန်ပေါက်နေသည်။ နောက်တစ်ယောက်ကကျတော့ ဒရမ်ကြီးကို ခပ်ကြမ်းကြမ်းတီးနေသည်။ ၀ိုင်းလ၏အပြုံးတွေ၊ ပျော်ရွှင်မှုတွေကို မြတ်ဇေမြင်နေရသည်။
ဝိုင်းလပြောခဲ့သည့် စကားတွေကိုလည်း မြတ်ဇေပြန်လည်ကြားယောင်နေမိပြန်သည်။
“ငါ ငါချစ်တဲ့အရာနဲ့ပဲ အတူတူနေတော့မယ်၊ ငါတတ်ကျွမ်းတဲ့ ဂီတလေးနဲ့ လူငယ်တွေကို အတတ်နိုင်ဆုံး ကူညီပေးချင်တယ်၊ မင်းလည်း သားလေးတစ်ယောက်ရနေပြီမဟုတ်လား၊ မင်း မင့်မိသားစုကို ချစ်မြတ်နိုးပါ၊ ကြင်နာပါ၊ ငါ့ကြောင့် ပြည့်စုံနွေးထွေးနေတဲ့ မင့်မိသားစုလေး မပြိုကွဲစေချင်ဘူး၊ ဒါ မင်းဆီက ငါ့ရဲ့ နောက်ဆုံးဆန
္ဒပါ……ငါ လူငယ်တွေကို ကူညီပြီး အရမ်းပျော်နေပါတယ်ဇေ၊ ငါ့ပျော်ရွှင်မှုကို မင်းက ဖျက်ဆီးမယ်လားဟင်…..၊ ငါ့ကို ဆက်ပြီး ပျော်ရွှင်ခွင့်ပေးပါဇေ၊ ငါ့ ပျော်ရွှင်မှုအတွက် မင်းက နောက်ကွယ်ကနေ အားပေးပေးပါလားဟင်ဇေ”
မြတ်ဇေမျက်ရည်များကြားက အပြုံးပန်းလေးပွင့်လာသည်။ နောက်သို့ ဖြည်းညင်းစွာ နှစ်လှမ်း သုံးလှမ်းလောက်ဆုတ်လိုက်ပြီး ၀ိုင်းလနဲ့ ကျောခိုင်းလိုက်သည်။
ဝိုင်းလ၏မျက်နှာမှာလည်း မျက်ရည်လေးနဲ့အတူ ချိုမြသော အပြုံးလေးများ ခိုကပ်နေသည်။
ဒေးဗစ်
နှလုံးသားရှိသူတိုင်း ခံစားတတ်ပါစေ။။။။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ ကျေးဇူးကြောင့် ဤ၀တ္ထုကို ရေးပါတယ်။ သီချင်းမရလို့ ဘေးမှ ရုံးက သူငယ်ချင်းတို့ဆီက အကူအညီတောင်းခဲ့ရပါတယ်။ ကူညီပေးခဲ့ကြသည့် သူငယ်ချင်းများကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ရဲရင့်အောင်သီချင်းကိုတော့ အားနာလွန်းလို့ အကူအညီမတောင်းခဲ့ရပု။
The Endddddddddddddddd
2:13 PM
8/1/2015
(ရဲရင့်အောင်ရဲ့ ရိုမီယို ဂျူးလိယက်သီချင်းလေးကို ကြိုက်သာကြိုက်တယ် အကုန်တော့မရဘူး။ ဒါကြောင့် ရသလောက်ပဲရေးထည့်လိုက်တာ။။     ။။စကားချပ်)
No comments:
Post a Comment
အချစ်တစ်ခု ပြယုဂ်တစ်ခု
“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...