Monday, November 10, 2014

နိုဝင်ဘာမှာ ရွာတဲ့မိုး (ဒုတိယပိုင်း)

(၆)

ထိုနေ့က မြင့်ရော ကိုကံအေးပါ ကံဆိုးခဲ့ကြရှာပါသည် ။ မြင့်တို့နှစ်ယောက်ထိုနေ့က ချောင်းကလေးနားတွင်ပင် ချိန်းတွေ့ခဲ့ကြသည် ။ ထိုချောင်းကလေးက မြင့်တို့နှစ်ယောက် ချိန်းတွေ့နေကြ ချောင်းကလေး ။ မြင့် တို့ ချောင်းနားက ချုံကလေးတွင် ပျော်ပျော်ပါးပါးကလေး ရှိနေခဲ့ကြသည် ။

ကိုရယ် … မြင့်လေ … ကို့ကို သိပ်ချစ်တာပဲ … သိလား …

ကိုကံအေးက မြင့် လက်ကလေးကို တယုတယ ဆုပ်ကိုင်ထားသည် ။ အခုဆိုလျှင် ဘာလိုလိုနှင့် မြင့်တို့ ချစ်လာကြသည်ပင် နှစ်နှစ်ထဲ ရှိခဲ့ပြီ ။ ချစ်သက်တမ်းလေး ရလာသည်နှင့်အမျှ အချစ်တွေကလည်း ပိုမိုတိုးလို့သာ ခိုင်မြဲလာခဲ့ရပါ၏ ။ ကိုကံအေး၏ တပြန့်တပြောရင်ခွင်ကျယ်ကြီးတွင် မြင့် ခေါင်းမှီထားခဲ့လေသည် ။

မြင့်သာ မိန်းကလေးဆို ကိုကံအေး မြင့်ကို လက်ထပ်တယ် … သိလား …

ကိုကံအေးရယ် … မြင့်လည်း သိပါရဲ့ … မြင့်သာ မိန်းကလေးဆိုရင်လည်း ကိုကံအေးကို သားတွေ သမီးတွေ မွေးပေးပြီး တည်တည်ပပ လင်ယောက်ျားရယ်လို့ ပြုစုပေးချင်ပါရဲ့ …

ပေးသူနှင့် ယူသူ အချင်းချင်းကတော့ မျှခဲ့ပြီ ။ ခက်သည်က လောကသဘာဝတရားကြီးက သူတို့နှစ်ယောက်ကို အခွင့်မပေးခဲ့ ။ ထိုအခါတွင် ကံကိုသာ ပုံချရုံမှလွဲပြီး ဘာတစ်ခုမှ မလုပ်နိုင်ဘဲ ရှိခဲ့ရပါ၏ ။ မြင့်တို့တွေလည်း အသက်နှစ်ဆယ်လေး စွန်းစပြုလာခဲ့ကြလေပြီ ။

မြင့်သည်ပင် အစ်ကိုနှင့် အဖေတို့၏ လယ်အလုပ်တွင် ကူပေး စာရင်းလုပ်ပေး ရှိလာခဲ့ရပါ၏ ။ ကိုကံအေးကတော့ မိသားစုတွင် တစ်ဦးတည်းသော သားမို့ စီးပွါးရေးတွေကို ကျားစီးဖားစီး ဦးဆောင်ဖို့ ဖခင်က အထိုင်တကျ သင်ပေးနေခဲ့လေပြီ ။

ရွာကတော့ ယောက်ျားချင်း ချစ်နေကြပဟဲ့လို့လည်း မတွေးမိ မတွေးတတ်ကြသည်မို့ ကိုကံအေးနှင့် မြင့်ကို စစ နောက်နောက် ရှိကြသော်လည်း မထင်ဝံ့ကြပြန်ပေ ။ သည်လို ကြိုက်လို့ ရသည်လို့လည်း ထင်ကြပုံမပေါ်ကြပါ ။

မြင့် … ကိုကံအေး မြင့်ကို နမ်းချင်တယ်ကွယ် …

အို … သည်နေရာကြီး နေ့ခင်းကြောင်တောင်မှာရယ် …

မြင့်ရယ် … အရင်ကလည်း လစ်ရင် ခိုးနမ်းနေကြဟာကို …

မြင့် ရှက်ပြုံးလေးပြုံးလိုက်သည် ။ ခုနက စကားက မြင့်တစ်ယောက် မူလိုက်ခြင်းရယ်ပါ ။ တကယ့်တကယ် ချစ်သူ နမ်းမည်ဆိုတော့လည်း မငြင်းသာ ။ နမ်းလိုက နမ်းနိုင်သည်သာ ။ မြင့်တစ်ယောက် မျက်လုံးလေးမှိတ်ထားလိုက်သည် ။

ကိုကံအေး အနမ်းတွေက မြင့်နှုတ်ခမ်းပေါ်ကျလာသည် ။ အို … ။ ချိုမြလိုက်တဲ့ အနမ်းတွေ ။ ချစ်သူနမ်းတဲ့ အနမ်းတွေလောက် ချိုမြိန်တာ မရှိတော့ဘူးရယ်လို့ မြင့် ထင်မိရတော့သည် ။

ဟာ … ကံအေး … မင်း … မင်းကွာ … သည်အခြောက်နဲ့မှ နမ်းနေရတယ်လို့ …

ခြုံအကွယ်နားက ဖိုးကျော်တို့ ထွက်လာကြသည် ။ ထွက်လာသည်က သုံးယောက် ။ မြင့်တို့နှစ်ယောက်ကို အထူးအဆန်းလို ၀ိုင်းကြည့်နေကြသည် ။ သူတို့မျက်လုံးတွေထဲတွင် ကိုကံအေးကို သမျောတသနေကြသည့်ပုံ ။ အခြောက်နဲ့မှ ကြိုက်ရလေခြင်းလို့ ကြိတ်မနိုင် ခဲမရဖြစ်နေကြပုံ ။ မြင့် သူတို့ကို ရင်ဆိုင်ကာ ပြန်ကြည့်လိုက်မိသည် ။

နင်တို့နဲ့ ဘာဆိုင်လို့လဲ … ဖိုးကျော် … နင် ဘာဖြစ်လို့ ချောင်းကြည့်နေခဲ့တာတုန်း … ပြော …

ချောင်းမကြည့်ရပေါင်ဟာ … နင်တို့လာမထိုင်ခင်ထဲက ငါတို့ ဘေးနားဘက် ငါးမျှားနေကြတာရယ် … နင်တို့သာ မိုးမမြင်လေမြင် … မကြားဝံ့ စကားတွေ ပြောနေကြတာ …

ဟဲ့ … လူလူချင်း ချစ်တာ ဘာများမကြားဝံ့မနာသာ ရှိလိမ့်မတုန်း …

တော်စမ်းပါ … နင် ဘာဆေးတွေများ ထည့်ထားလဲ … ငါ့သူငယ်ချင်းက နင်မှနင်ဖြစ်နေရအောင် …

အခြေအနေတွေသည် တင်းမာသွားလေသည် ။ မြင့် သူတို့ကို ဒေါသမျက်လုံးများနှင့် ရင်ဆိုင်ပစ်လိုက်သည် ။ ဖိုးကျော်ကလည်း မြင့်ကို အထင်သေးသော မျက်လုံးများနှင့် ကြည့်ပြန်သည် ။ ထိုအကြည့်များကို မြင့် မုန်းလွန်းလှပါ၏ ။ လူကို လူဟု သဘောမထားသော အကြည့်မျိုး ။

အခြေအနေမလှတော့သည်ကို ကိုကံအေး သိသည် ။ သည်အတိုင်းဆိုလျှင် ရွာလုံးပေါက် သိကုန်ကြရော့မည် ။ သူ့မိသားစုသာ သိသွားလျှင် အခြေအနေတွေ အလွန်ဆိုးသွားနိုင်ကြောင်း ကိုကံအေး ရိပ်မိပါ၏ ။ ထို့ကြောင့် မြင့်ကို ထိန်းရင်း တစ်ဖက်ကလည်း ဖိုးကျော်တို့အဖွဲ့ကို လေပြေကလေး ထိုးရပါသည် ။ ဖိုးကျော်တို့အဖွဲ့ကလည်း တင်းမာနေကြဆဲပင် ။

မြင့် … တစ်ရွာထဲသားချင်းတွေလေ …  စိတ်လျှော့ … ဖိုးကျော် … သူငယ်ချင်း … မင်းလည်း စိတ်လျှော့ပါကွာ … သည်ကိစ္စကို သည်မှာပဲ ရပ်စမ်းစေချင်တယ် … အကျယ်အကျယ် မဖြစ်စေချင်ဘူး …

အို … ကိုကံအေးရယ် … အကျယ်အကျယ်ဖြစ်တော့ကော ဘာဖြစ်သတုန်း … ဒင်းတို့တွေကများ လူပါးဝလို့ … ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲရယ် …

ဟဲ့ … ငါတို့လူပါးဝတာ မဟုတ်ဘူး … နင်တို့သာ ယိုသူမရှက်မြင်သူရှက်ဖြစ်အောင် လုပ်နေကြတာ …

(၇)

ဟယ် … ဒါဆို မာမီက အဲ့အချိန်တည်းက အကျယ်အကျယ်ဖြစ်ဖို့ကို စိတ်အားသန်ခဲ့တာပေါ့ … ဟုတ်လား …

ဟုတ်ပါ့နော် … အကျယ်အကျယ်ဖြစ်တော့ကော ဘာဖြစ်သတုန်းတဲ့ … မာမီတို့များ ငယ်ငယ်တည်းက ရဲရဲတောက်ချက်တော့ …

ဟဲ့ … အကောင်မတွေ … မိငွေနဲ့ မိလှတို့ … ညည်းတို့တွေနော် … အခြောက်ပါးတွေများ လာ ၀ နေလို့ … ငါဆဲလိုက်ရ … နင်တို့ တစ်မျိုးလုံး ပါကုန်တော့မယ် …

ဟီးဟီး … စတာပါ မာမီရယ် … အဲ့လိုနဲ့ ဘာတွေဖြစ်ကုန်ကြသတုန်းဟင် …

အဲ့တုန်းကတော့ ငါလည်း ငယ်သူမို့ မသိပါ ဇာတ်တွေ ရိုက်ခဲ့တာပေါ့အေ … ငယ်ကလည်း ငယ်သေး … ကတ်ကတ်လန်ဖို့ကလည်း အားရှိသေးဆိုတော့ ဟိုကောင်တွေကို ကတ်ကတ်တွေ လန်ခဲ့သပေါ့အေ … နှုတ်ခမ်းတလန် ပန်းတလန် ရန်တွေ့ဖြစ်ခဲ့တာများ အားရချက်တော့ … အမှန်တော့အေ … ကိုကံအေးပြောသလို သူတို့ကို ရန်မတွေ့ဘဲ ပြေပြေလည်လည်ဆက်ဆံခဲ့ရမှာ … ငါသူတို့ကို ဆက်ဆံပုံ ဆက်ဆံနည်း မှားခဲ့တယ် …

မိငွေနှင့် မိလှတို့က စကားပြောရန် ပြိုင်တူ ပါးစပ်ပြင်နေစဉ်မှာပင် အဖွားကြီးက လက်ကြီးကာပြီး အတင်း ဆက်ပြောသည် ။

ဆက်ဆံတယ်ဆိုတဲ့ စကားပါတာနဲ့ ညည်းတို့ငါ့ကို ပြောကြတော့မယ်မဟုတ်လား … မရဘူး ကောင်မတွေ … ညည်းတို့ပြောမှာ ကြိုသိပြီးသား … ညည်းတို့ကလဲ့ကျမှသာ ပုံစံမျိုးစုံနဲ့ လိင်ဆက်ဆံကြ … ဟုတ်ပလား …

ဟယ် … တတ်လိုက်တာ … မာမီနော် … သမီးတို့က ဘာမှတောင် မပြောရသေးဘူး …

ဘာမှ မပြောနဲ့ … ငါပြောတာပဲနားထောင် … ငါ အဲ့နေ့က အဲ့လို လုပ်လိုက်တဲ့ အကျိုးဆက်က တော်တော်ဆိုးခဲ့မှန်း နောက်တစ်နေ့မှာပဲ ငါသိလိုက်ရတယ် …

ရွာထဲတွင် သတင်းစကားတွေ ပြန့်ကုန်ခဲ့လေသည် ။ မြင့်တစ်ယောက် ကိုကံအေးကို သွေးဆောင် ဖြားယောင်းပါသည်ဆိုသော စကားဖြစ်သည် ။ ကြားစကတော့ မြင့် တော်တော်လေး ဒေါကန်သွားခဲ့သည် ။ ဖိုးကျော်တို့ကိုပင် ရန်သွားတွေ့ခဲ့လိုက်သေးသည် ။

ထွန်းမြင့် … မင်း ငါ့သူငယ်ချင်း ကံအေးနဲ့ ကြိုက်နေတာဆို … ဟုတ်လား …

အစ်ကိုကြီး ကိုသာပေါ်ကပင် မေးလာသည်မို့ မြင့် သည်သတင်း ဘယ်လောက်အထိ တာ နေပြီ ဆိုသည်ကို သဘောပေါက်လိုက်ပါ၏ ။ မြင့် လိမ်ဖို့လည်း စိတ်မကူးတော့ပါ ။ အမှန်ကို အမှန်အတိုင်းသာ ပြောလိုက်ရပါ၏ ။

ဟုတ်တယ် အစ်ကို … မြင့်တို့ ချစ်နေကြပြီ …

ဘာ … ချစ်နေကြပြီ ဟုတ်လား … မင်းစကား ဘယ်ရောက်လို့ရောက်မှန်းရော နားလည်ရဲ့လား … မင်းတို့က ယောက်ျားတွေလေ … နှစ်ယောက်လုံး ယောက်ျားစစ်စစ်တွေလေ …

ဖေဖေတို့ မေမေတို့ကပါ ၀ိုင်းတားကြသည် ။ မြင့်စိတ်ညစ်ရသည် ။ အိမ်က စိတ်ဆင်းရဲရသည် ဆိုတော့ မြင့်လည်း စိတ်မကောင်းလှပါ ။ သို့သော် မြင့်တွေးထားသည် တစ်ခုရှိသည် ။ အိမ်က သဘောမတူလို့ ကန့်ကွက်ကြပြီဆိုလျှင် ကိုကံအေးကို မြင့်ကို လာခိုးလှည့်ပါဟု တောင်းဆိုတော့မည် ။ ကိုကံအေးမျက်နှာ တစ်ကမ္ဘာလုပ်ပြီး ကိုကံအေးခေါ်ရာသာ လိုက်တော့မည် ။

သားရယ် … မင်း ကြိုက်သလို နေပါလို့ ဖေေ ပြောခဲ့တယ် မဟုတ်လား ထွန်းမြင့် … ဒါပေမယ့် အခုပုံစံကြီးကတော့ မဖြစ်ပါဘူးကွယ် … သားမှာရော သူ့မှာပါ သည်ပစ္စည်းပဲရှိတာမဟုတ်လား …

အဖေက သည်လိုကိစ္စတွေကို နားမလည်ဘဲ ရိုးရိုးရှင်းရှင်းကြီး ပြောချလာပြန်တော့လည်း မြင့်တစ်ယောက် ဘာပြန်ပြောရမှန်းမသိ ရှိခဲ့ရပါ၏ ။

ဟယ် … မာမီ့အဖေက ဂွမ်းချက်တော့ … ဒါတောင် သူမသိဘူးလား …

အင်းလေ … မာမီကလည်း ပြန်ပြောလိုက်ပေါ့ … သမီးမှာ အနောက်ပေါက်လည်း ပါတယ်ဆိုတာ ဖေဖေ မေ့နေသလားလို့ …

သြော် … လူကြီးလေဟဲ့ … သူ ဘယ်သိမှာတုန်း … နင်တို့ငါတို့တောင် ကံထူးလို့ ဂန်ဒူးဖြစ်ပြီး သည်လို သုံးပုံသုံးနည်း လျှို့ဝှက်ချက်ကြီးကို သိကြတာကို …

အို … လျှို့ဝှက်ချက် မဟုတ်ရပါဘူး မာမီရယ် … သည်ကောင်မ မိငွေဆို မွေးကတည်းက အဲ့အပေါက်နဲ့ လုပ်စားလာတာ …

ဟဲ့ … ဖာသည်မ မိလှ … ညည်း ငါ့ကို ဘာမှတ်တုန်း … လက်ဖက်ဇလုံနဲ့ ကောက်တီးလိုက်ရ …

အရေးထဲ ကောင်မနှစ်ကောင် ရန်ဖြစ်လို့ ဆွဲရပါသေးသည် ။ ကိုယ်က ပြောချင်ရက်လက်တို့ဖြစ်နေတာကို ကောင်မတွေ ဇန်းထလို့ ရန်ကဖြစ်နေကြသေးသည် ။ သူတို့ကို ဖျန်ဖြေပေးရသည်က အလုပ်တစ်ခု ။ သိပ်တော့လည်း မဖြန်ဖျေရပါ ။ ဘာမှ မကြာလိုက် ပြန်တည့်သွားကြသည် ။ ထိုအခါမှပင် မာမီမြင့်တစ်ယောက် သူ့ဇာတ်လမ်းကို ဆက်ရပါသည် ။

ထိုနေ့က မြင့်တစ်ယောက် အိမ်တွင် ရှိနေခဲ့သည် ။ အဖေ့ လယ်စာရင်းတွေကို ကူလုပ်ပေးနေခဲ့သည် ။ ထိုအချိန်တွင်ပင် အပြင်ဘက်မှ အော်သံ စူးစူးရှရှကြီးကို ကြားလိုက်ရတော့သည် ။

ဟဲ့ … ထွန်းမြင့်ဆိုတဲ့ ကောင်မ … ထွက်ခဲ့ချေစမ်း … ညည်းကများ … ငါ့သားကိုချိုင်ချင်သေး … ထွက်ခဲ့စမ်း …

ကိုကံအေး အမေ အသံပါလားဟု မြင့်သိလိုက်ရသည် ။ မြင့်၏ ကိုယ်ကလေး ရုတ်တရက် တောင့်ခနဲ ဖြစ်သွားခဲ့ရလေသည် ။

(၈)

အမေရယ် … လူကြားလို့မှ မကောင်းပါဘူး … မြင့် အမေ့ကို ဘာများစိတ်ဆိုးအောင် လုပ်မိသလဲဟင် …

အမလေး … ငါ့များ အမေတဲ့ … နင့်ပါးစပ်မို့ ခေါ်ထွက်တယ် … ဘာအမေမှ မဟုတ်ဘူးဟဲ့ … နင့်လို အခြောက်မကများ … ငါ့ကို အမေတဲ့ …

ကဲ … ဟုတ်ပါပြီ အရီးရယ် … ပြန်ပါတော့နော် … စကားပြောစရာ ရှိတယ်ဆိုရင်လည်း မြင့် ညနေမှ အရီးတို့ အိမ်ဘက် ထွက်လာပါ့မယ် …

အို … ဘယ်မှ လာစရာ မလိုဘူးအေ့ … ညည်းနဲ့ ငါ့သားအကြောင်းကို ငါ သိလိုက်ရလို့ ညည်းကို သတိပေးဖို့လာတာ …

နေပါဦးအရီးရယ် … သတိပေးရအောင် မြင့်က ဘာတွေများ မဟုတ်တာ လုပ်နေလို့လဲ …

အမလေးအေ … ညည်းက ငါ့သားကို မြှူဆွယ်နေတာ ရပ်သိရွာသိအေ့ … ကျုပ်သားက ကလေးသာသာ ရှိသေးတာရယ် … မနူးမနပ်နဲ့ဆိုတော့ ညည်း မြှူချင်တိုင်းမြှူ ပတ်ချင်တိုင်းပတ် …

ဒါတော့ လွန်ပြီထင်ပါတယ် အရီး … မြင့်တို့ နှစ်ဦးသဘောတူ ချစ်ကြတာပါ …

နှစ်ဦးသဘောတူ ချစ်တယ်ပေါ့လေ … ဟုတ်လား … ချစ်ဦးဟယ် … ကဲ …

မြင့်၏ ပါးကို ကိုကံအေးအမေက ဖျန်းကနဲ ရိုက်ချပစ်လိုက်သည် ။ မြင့်ရုတ်တရက်မို့ ကြောင်သွားမိသည် ။ မထင်မှတ်သောအချိန်တွင် အရိုက်ခံလိုက်ရသည်မို့ ။ ကိုကံအေးအမေ စွာတတ်မှန်း ကြားဖူးသော်လည်း သည်လို ကိုယ်ထိလက်ရောက် လုပ်လိမ့်မည်ဟု မြင့် မထင်မိခဲ့ ။

ခင်ဗျား လူကြီးဖြစ်ပြီး ရိုင်းလှချည်လား …

ဒေါသသံကြားလိုက်သဖြင့် မြင့် ကြောင်အနေရာမှ လှည့်ကြည့်လိုက်တော့ အစ်ကို သာပေါ် … ။ ဓါးကြီးကိုဆွဲပြီး အိမ်ပေါ်က ဆင်းလာလေသည် ။

ခင်ဗျားနဲ့ ကျုပ် သည်နေ့တော့ တစ်ယောက်ယောက် အသေပဲ … ဟုတ်ပြီလား …

အစ်ကို … မလုပ်ပါနဲ့ … မြင့်တောင်းပန်ပါတယ် … မြင့်ကို သနားရင် သည်လို မလုပ်ပါနဲ့နော် …

ကိုသာပေါ်ကို အတင်းဆွဲထားပြီး မြင့် ငိုကာ တောင်းပန်ရတော့သည် ။ ကိုကံအေး အမေကတော့ ပြေးလည်းပြေး ပြောလည်းပြောရင်း အိမ်ရှေ့က ပျောက်သွားတော့သည် ။ မသွားခင်ပင် တင်တင်စီးစီး ပြောသွားခဲ့သေးသည် ။

နင့် ညီလား ညီမလား မသိတဲ့ဟာကို ထိန်းထားစမ်းပါ … နောက်တစ်ခါ ငါ့သားနဲ့ မတွေ့စေနဲ့ … ငါ့သားနဲ့ ထပ်တွေ့ရင် သည့်ထက် ပိုဆိုးမယ်မှတ်ပါ … ငါကလည်း အားအားယားယား နင်တို့ အိမ်ရှေ့ ထပ်မလာချင်ပါဘူး …

ထိုနေ့က မေမေလည်းငိုသည် ။ ဖေဖေကတော့ စိတ်မကောင်းဖြစ်နေသော်လည်း ဘာမှမပြောရှာ ။ သူ့ဘာသာ တရားစာအုပ်ကြီးကိုသာ မဲဖတ်နေသည် ။ စာဖတ်ချင်ယောင်ဆောင်နေသော်လည်း ဖေဖေ စိတ်ဆင်းရဲနေသည်ကို မြင့် သိပါသည် ။ အစ်ကို ကိုသာပေါ်ကလည်း အံကြီးကြိတ်လို့ ဒေါသတွေ ထွက်နေခဲ့လေသည် ။

အဲ့နေ့က ဂယက်ထသွားတာများ ညည်းတို့ကို မြင်စေချင်တယ်အေ … အဘွားကြီးတစ်ယောက် နှုတ်ခမ်းတလန် ပန်းတလန်နဲ့ …

မာမီမြင့်က မျက်နှာကြီး မဲ့ရွဲ့ပြီး အတိတ်ဆိုးတွေကို ပုံဖေါ်နေသေးတော့သည် ။ မိငွေနှင့် မိလှတို့လည်း မျက်လုံးအ၀ိုင်းသားဖြင့် နားထောင်နေကြရရှာသည် ။

မာမီကလည်း … ရန်ပြန်တွေ့ပစ်လိုက်ရောပေါ့ … ခံနေသေး …

ဟဲ့ … အဲ့တုန်းကတော့ မတော်ရသေးတဲ့ ယောက်ခမကိုအေ့ … သည်လိုအချိန်မျိုး တွေ့ကြည့်ပါလား … အဖွားကြီးကို ငါကိုယ်တိုင် ထမိန်ကတောင်းကျိုက်ပြီး ၀င်လုံးမှာ …

ဟုတ်တယ် … မာမီ … အဲ့လိုလုပ်ပစ်ရမှာ … ကျေနပ်တယ် …

ကောင်မတွေ … ညည်းတို့ အခု ညနေလည်း စောင်းနေပြီ … ဘုရားပွဲဘက် သွားကြမှာ မဟုတ်လား …

ဟုတ်တယ်မာမီ … မိုးလည်း တိတ်တော့မယ်လေ … သည်ညတော့ မီးထွန်းပွဲ ဖြစ်လောက်ပါရဲ့ … ဘုရားပွဲဘက် လမ်းလျှောက်ချည်သေးတာပေါ့ …

ညနေ လမ်းလျှောက်ထွက်တော့ အားလုံးက မာမီမြင့်တို့ သုံးယောက်ကို ပြုံးစိပြုံးစိကြည့်ကြသည် ။ စချင် နောက်ချင်လို့ ကြည့်မှန်း မာမီမြင့်ကတော့ သိနေပြီ ။ ကောင်မနှစ်ကောင်ကတော့ နင့်ကိုကြည့်တာ ငါ့ကိုကြည့်တာနှင့် အချင်းချင်း ငြင်းခုန်နေကြသေးသည် ။ ရွာဦးက ဆုတောင်းပြည့်ဘုရားလေးဆီသို့ သုံးဦးသား သွားနေကြခြင်းဖြစ်သည် ။

သည်လမ်းတွေကို လျှောက်တော့ ကိုကံအေးနှင့် တူတူ သွားခဲ့ဖူးကြတာတွေ သတိရမိသေးတော့သည် ။ တစ်ချိန်ကများဆိုလျှင် သည်လမ်းတွေမှာ သူတို့ခြေရာတွေ ထပ်ခဲ့ကြလို့ ။ ဆုတောင်းပြည့် စေတီမှာလည်း အတူတူ ဆုတွေ တောင်းခဲ့ကြလို့ ။

အသက်ကလေး ဖက်လာတော့လည်း အနိစ္စသဘော မမြဲခြင်းကို မာမီမြင့်တစ်ယောက် ကပ်မိခဲ့ပြီ ။ တစ်ချိန်တုန်းက ဘ၀မုန်တိုင်းတွေ ထန်တုန်းကလည်း အရူးတစ်ပိုင်း ဖြစ်ခဲ့ရပြီးပြီ ။ ဒါတွေ ပြန်မတွေးချင်တော့ ။ ပြန်တွေးတိုင်းလည်း အသစ်က အဟောင်းဖြစ်ရသည် ။ မျက်ရည်ကလေးက လည်လာရသည် ။ မြှုပ်နှံထားသင့်သော အတိတ်တွေပင် မဟုတ်လား ။

ရွာဦးစေတီလေးရောက်တော့ ဆီမီးတွေ ထွန်းနေခဲ့ကြလေပြီ ။

(၉)

ဘုရားတွင် လူတွေ ဥဒဟို စည်ကားလှသည် ။ ကမ်းဦးယံ ရွာတင်မက ၊ ရွာနီးစပ်ချုပ်က လူတွေပါ လာကြသဖြင့် သည်သို့ စည်ကားနေရခြင်းပင် ။ ဘုရားပွဲတွင် ဇာတ်အဖွဲ့ပါ ထည့်ထားသည်မို့လည်း ရွာနီးပါးတွေကပါ လာကြခြင်းဖြစ်သည် ။

နေ့လည်က မိုးရွာလိုက်တော့ ကတော့ပွဲတွေဖြင့် ညနေဘက် မိုးမရွာအောင် တားနေကြရသည် ။ မိုးတိတ်တော့လည်း အားလုံးပွဲကြည့်ကြရမည် ။ မိုးမတိတ်တော့လည်း ပွဲပျက်တော့မည်သာ ။ ပွဲကြည့်ချင်လွန်းကြသောကြောင့် အားလုံး ဆုတောင်းနေကြရော့မည် ။

ပွဲခင်းကို ဖြတ်ကျော်ခဲ့ပြီး ဘုရားပေါ်ကို မာမီမြင့်တို့သုံးယောက် တက်လာလိုက်သည် ။ ဘုရားဖူးပြီး မိငွေနှင့် မိလှတို့က ဟိုငမ်း သည်ငမ်း လုပ်နေကြသေးသည် ။ မာမီမြင့်က ကောင်မနှစ်ကောင်ကို ခုနက ပြောလက်စ ဇာတ်လမ်းကို ဘုရားပေါ်မှာတင် ဆက်ပြန်သည် ။

သည် ဘုရားမှာ ငါတို့နှစ်ယောက် ဘ၀ဆက်တိုင်း တူတူ ပေါင်းဖက်ရပါစေလို့ ဆုတောင်းခဲ့ဖူးပါ့တော် …

ပြောရင်းနှင့် မာမီမြင့်တစ်ယောက် မျက်ရည်လည်လာခဲ့သည် ။ ကိုကံအေးရယ် … ။ ရှင့်ကို မြင့် လွမ်းလိုက်တာတော် ။ ရှင်သာ ဘေးနားရှိနေခဲ့ရင် မြင့် ဘ၀မှာ ဘာမှ နောက်ထပ်မလိုတော့ပါဘူးတော် ။ ရှင်ရယ် … မြင့်နဲ့ဝေးရာကို ထွက်သွားခဲ့ပါပကောလား ။

မငိုပါနဲ့ မာမီရယ် … ဘုရားပေါ်ရောက်မှ ငိုတယ်ဆိုရင် သရဲပူးနေလို့ ဘုရားပေါ်မှာ ကြောက်ငိုငိုတယ်ဆိုပြီး ထင်နေကြပါဦးမယ် …

ဟုတ်ပါ့ မာမီရယ် … မာမီ့ရုပ်က သရဲနဲ့ တူပါဘိနဲ့ …

ဟာမတွေ … ငါ ဘုရားပေါ်မှာ မဆဲချင်ဘူးနော် … နင်တို့တွေ နတ်နဲ့ မကိုင်ခိုင်းဘဲ ငါကိုယ်တိုင် ကိုင်မိတော့မယ် …

ဟယ် … ပုလင်းကွဲတွေပါတော့ …

ကောင်မနှစ်ကောင်က ဘုရားပေါ်တွင်ပင် စခွီထနေကြသေးသည် ။ မာမီမြင့်ကတော့ တစ်ချိန်က သူ့ဘ၀ပုံရိပ်တွေကို ပြန်သတိရနေမိသည် ။ ဘုရားပေါ်တွင် ကိုကံအေးနှင့် ပျော်ခဲ့ကြပုံများ ။ တူတူ ယှဉ်တွဲကာ ပန်းကပ် ဆီမီးကပ်ခဲ့ကြပုံများ ။ အခုတော့ ပြန်တွေးကြည့်တော့လည်း ပုံပြင်လေး တစ်ပုဒ်လိုသာ ရှိတော့သည် မဟုတ်ပါလား ။

အဲ့သည့်နေ့ကပေါ့အေ … ငါ သူ့ကို သွားတွေ့ခဲ့တာ …

ပြောရင်းနှင့် မာမီမြင့်၏ မျက်လုံးသူငယ်အိမ်များသည် အဖြူအမည်းကာလာပြောင်းကာ အတိတ်ကို ပြန်ရောက်သွားလေတော့သည် ။

ကိုကံအေး … မြင့်ကို ခိုးပါတော့ ကိုကံအေးရယ် … မြင့်တို့ သည်ရွာက ထွက်ပြေးကြရအောင် …

ဖြစ်ပါ့မလား မြင့်ရယ် … ကိုတို့ မိဘတွေ စိတ်ဆင်းရဲကြမှာပေါ့ …

မြင့်လည်း မိနဲ့ ဘနဲ့ ဆွေနဲ့ မျိုးနဲ့ နေတာပါ ကိုရယ် … ဘာလဲ … ကိုက အိမ်ရဲ့ စည်းစိမ်ချမ်းသာတွေနဲ့ ဝေးရမှာ ကြောက်လို့လား …

မဆိုင်လိုက်တာ မြင့်ရယ် … အခု ကိုကံအေးကို အမွေတစ်ပြားမှ မယူနဲ့ … မြင့်နဲ့ သဘောတူတယ်လို့ ပြောလာခဲ့ရင် ကိုကံအေး မြင့်ကို တကယ်ယူမှာဗျား … အမွေတွေ အကုန် ထားရစ်ခဲ့မှာဗျား …

သည်လိုဆိုပြန်တော့လည်း ကိုကံအေးကို မြင့် ယုံကြည် ကိုးစားမိရပြန်ပါ၏ ။ မြင့်တို့နှစ်ယောက်၏ အနာဂါတ် ရှေ့ရေးအတွက် အစီအစဉ်တွေ ဆွဲမိကြသည် ။ ကမ်းဦးယံရွာ၏ ဟိုဘက်ကမ်းက မြစ်သာယာ ရွာကလေးဘက်ကို ကူးကြဖို့ စီစဉ်ကြသည် ။ တူတူ ရွာက ထွက်ပြေးကြဖို့ ရက်ကိုတော့ တန်ဆောင်မုန်း လပြည့်ညကို မြင့်တို့ ရွေးချယ်ခဲ့ကြသည် ။

တန်ဆောင်မုန်း လပြည့်ရောက်ဖို့ပင် သုံးရက်ပဲ လိုတော့တာ မဟုတ်ကလား ။

(၁၀)

ဟဲ့ … နိုဝင်ဘာဆိုတာ ပါလာပြီ မဟုတ်လား … မိငွေနဲ့ မိလှရဲ့ …

ဟင် … ဘယ်မှာလဲ နိုဝင်ဘာ …

ဟဲ့ … တန်ဆောင်မုန်းလဆိုတာ နိုဝင်ဘာမဟုတ်လို့ ဘာတုန်း … အူပါဘိနဲ့ … ညည်းတို့ ဒါကြောင့် ငါ နင်တို့ကို အင်းလိပ်စာ သင်ဆိုတော့ မသင်ကြဘူး …

ကိုယ်တိုင်တောင် အင်္ဂလိပ်စာကို အသံမှန်အောင် မထွက်တတ်သော်လည်း သည်လို ဆရာလုပ်လိုက်ရမှ မာမီမြင့်က နေသာထိုင်သာ ရှိသူဖြစ်သည် ။

အဲ့တာနဲ့ ခိုးပြေးကြရောလားဟင် …

နေပါဦး မိငွေရဲ့ … မာမီ့ကို ငါမေးလိုက်ပါဦးမယ် … မာမီ့ကို သူက ခိုးတာလား … မာမီက သူ့ကို ခိုးတာလားဟင် …

ဟဲ့ကောင်မ … မရွဲ့နဲ့ … ဘယ်သူ့ဘယ်သူခိုးခိုး ခိုးပြီး ကုတင်ပေါ်ရောက်ရင်တော့ သည်ဟာပဲ လုပ်ကြတာပဲ … ညည်း ရှည်ကြောလာထမနေနဲ့ …

ဘုရားပေါ်တွင် လူစည်ကားလှပြီ ။ မာမီမြင့်တို့သုံးယောက် ဘုရားအောက် ဆင်းခဲ့သည် ။ ပွဲဈေးတွေ ပတ်ကြသည် ။ သည်လို ပွဲဈေးပတ်တော့လည်း ကိုကံအေးကို သတိရမိရသည်သာ ။ သည်လို ဘုရားပွဲတွေ အတူသွားခဲ့ဖူးလှပေါ့ ။

ချစ်တုန်းကလည်း သူမတူအောင် နင့်နင့်နဲနဲ ချစ်ခဲ့ကြပြီးပြီ ။ ဝေးကွာသွားခဲ့တော့လည်း ခံနိုင်ရည်ရှိအောင် မာမီမြင့် နေတတ်ခဲ့ပြီ ။ လွန်ခဲ့သော ဆယ့်ခုနစ်နှစ်က အဖြစ်အပျက်တွေသည် မနေ့တစ်နေ့ကလိုပင် မာမီမြင့် ရင်ထဲတွင် တစ်ခါတစ်ရံ လတ်လတ်ဆတ်ဆတ် ရှိနေတတ်ခဲ့ပါလေ၏ ။

တစ်ယောက်ကိုတစ်ယောက် မုန့်ခွံ့နေသော အတွဲတွေကို မြင်ရတော့လည်း လွမ်းရသည်သာ ။ မြင့်ကို ကိုကံအေးတစ်ယောက် လူလစ်လျှင်လစ်သလို မုန့်တွေ ခွံ့ကျွေးနေခဲ့ကျ မဟုတ်လား ။ ကောင်မနှစ်ယောက်က မုန့်တီသောက်ချင်သည် ဆိုသဖြင့် မုန့်တီဆိုင် ထိုင်သောက်ကြသည် ။ ဆိုင်လာထိုင်သော ကောင်လေးမှန်သမျှ အလွတ်မပေးဘဲ စစ နောက်နောက် လုပ်နေကြသောကြောင့် မာမီမြင့်ကပင် ထိန်းရသေးသည် ။

ဟဲ့ … မစစမ်းပါနဲ့အေ … ငါတို့တွေက ဘာရယ်မဟုတ်ဘူး … စလိုက်တာ … သူတို့တွေ ပါးစပ်ထဲမှာ ငါတို့တွေက သိက္ခာမရှိဘူး … အရှက်မရှိဘူး … အညှာလွယ်တယ် … ယောက်ျားတွေကို သွေးဆောင်ဖျားယောာင်းနေတယ်ဆိုပြီး ဖြစ်ရော … အဲ့လိုအပြောတွေကို ငါ ကြောက်လိုက်ပါဘိနဲ့ …

သည်လို ထိန်းတော့လည်း သူတို့လေးတွေ ငြိမ်ရှာပါသည် ။ ဒါတောင် အချင်းချင်း ခွီနေလိုက်သေးသည် ။

မာမီရဲ့ … သူက မိန်းမလျာပျက်လေ … မိန်းမတွေ ဖာလုပ်စားရင် မိန်းမပျက်လို့ခေါ်သလိုမျိုးပေါ့ …

အံမာ … မိလှမ … ညည်းကများ ငါ့ပြောရရှိသေး … ရွာထဲက ယောက်ျားမှန်သမျှ … ကလေးတောင် အလွတ်မပေးဘဲ လိုက်ငမ်းနေတဲ့ ဟာမကများ …

သည်လို စနေ နောက်နေကြတော့လည်း မာမီမြင့် ပျော်ရပါသည် ။ မိန်းမလျာတွေကို သည်ခေတ်မှာ စကားတင်းဆိုနေကြသည်ကို မနှစ်သက်တာလည်း ပါပါသည် ။ ထို့ကြောင့်လည်း မာမီမြင့် သည်လို ထိန်းနေရခြင်းဖြစ်သည် ။

မာမီ … မာမီလင်နောက်လိုက်တဲ့ အကြောင်းပြောပြလေ …

ဟုတ်တယ် … မာမီ … စွန့်စားခန်းကြီး ဆက်ပါဦးလေ …

အဲ့နေ့က ညဦးယံမှာ သူ့အိမ်ရှေ့ကို ငါ ရောက်နေခဲ့တာပေါ့အေ …

သေချာပါပြီ … ဒါဆို … မာမီက စခိုးတာပေါ့ … မိန်းမကြမ်းကြီး … ဟိဟိ …

မြင့်တစ်ယောက် ရင်တွေ တလှပ်လှပ် ခုန်နေခဲ့သည် ။ အိမ်ကို ဘုရားပွဲသွားမည်ဆိုပြီးပဲ ထွက်လာခဲ့သည် ။ အဖေတို့ အမေတို့ကိုတော့ စိတ်ကသာ မှန်းပြီး ကန်တော့ခဲ့လိုက်ရသည် ။ မြင့်အတွက် ဆင်ထားသော ရွှေထည်လေးတွေကို ကောက်ထည့်လာခဲ့ပြီး ကိုကံအေးတို့ အိမ်ဘက် ထွက်လာခဲ့လိုက်သည် ။

ကိုကံအေးလည်း ထွက်လာခဲလှသည် ။ မြင့် ရင်တွေ ပူလာသည် ။ ကိုကံအေးများ မထွက်လာခဲ့လျှင် မြင့် အရှက်ကွဲရတော့မည် ။ ကိုကံအေး ထွက်လာပါစေလို့ မြင့် ဆုတောင်းနေမိသည် ။ တစ်နာရီခန့်လောက် ကြာတော့ ကိုကံအေးတို့ အိမ်ထဲက လူရိပ်တွေ့လိုက်သည် ။ ကိုကံအေး ထွက်လာခဲ့ပြီ ။ မြင့် ပျော်ရွှင်စွာဖြင့် ကိုကံအေးကို စောင့်နေခဲ့လေသည် ။

မြင့် …

ကိုရယ် … မြင့်ဖြင့် စောင့်လိုက်ရတာ … ဘာလို့ သည်လောက် ကြာနေတာလဲ … လာလေ … မြင့်တို့ သွားကြရအောင် …

ကို မလိုက်နိုင်တော့ဘူး မြင့် … ကို မလိုက်နိုင်တော့ဘူး …

ဘာရယ် … ကို … ကိုဘာပြောလိုက်တယ် …

ကိုကံအေး စကားသံတွေက မြင့်နားထဲတွင် မိုးကြိုးပစ်ချလိုက်သည့်နှယ် … ။ မြင့် ချက်ချင်းပင် မျက်ရည်တွေ ကျလာခဲ့ရသည် ။ ဘာလို့များ ကိုကံအေး မြင့်ကို သည်လို သစ်စိမ်းချိုး ချိုးလိုက်ရတာလဲဟု မြင့် မေးလိုက်ရသည် ။ မြင့်ငိုတော့ ကိုကံအေးက မြင့်ကို ချော့ကာ သူ့ရင်ခွင်ထဲ ထည့်ပါ၏ ။ မြင့် ကိုကံအေးကို တောင်းပန်နေမိသည် ။

မြင့်ကို မထားခဲ့ပါနဲ့ ကိုကံအေးရယ် … မြင့်သေသွားလိမ့်မယ် … မြင့် မခံစားနိုင်ဘူး …

မြင့်ရယ် … ကိုလည်း လိုက်ခဲ့ချင်တာပေါ့ကွယ် … ကိုယ်ချစ်သူနဲ့ တူတူ ထွက်ပြေးရမှာပဲ … ကို လိုက်ခဲ့ချင်တာပေါ့ … ဒါပေမယ့်ကွယ် … ကို … ကို … ကို့မေမေကို မလွန်ဆန်ရက်ဘူး … မေမေ စိတ်ဆင်းရဲပြီး တစ်ခုခု ဖြစ်မှာကို ကို မမြင်ရက်ဘူး … အခု ကို သွားမယ်ဆိုတာ မေမေ ရိပ်မိသွားပြီး အိပ်ယာထဲ ဘုန်းဘုန်းလဲနေပြီ မြင့် …

မဟုတ်ဘူး ကိုကံအေး … အဲ့တာ ကိုကံအေး မြင့်နဲ့ မလိုက်ရအောင် တမင် ဟန်ဆောင်တာ …

ကို့အမေအကြောင်းကိုသိလို့ပါ မြင့်ရယ် … မေမေ့မှာ နှလုံးရောဂါရှိတယ် … ကိုလိုက်သွားရင် ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ်ချည်း လုပ်နေတာ … မြင့်ရယ် … ကို့ကို မေ့လိုက်ပါတော့နော် …

အို … သည်လောက် လွယ်သတဲ့လား … ဟင် … မြင့်က သည်လောက် ချစ်ရလွယ် မေ့ရလွယ်တဲ့အထဲကတဲ့လား … အဲ့လိုများ ထင်ရော့သလားဟင် … ကိုကံအေး …

မဟုတ်ဘူးမြင့်ရယ် … ကိုလည်း သည်ဆုံးဖြတ်ချက်ချဖို့ ဘယ်လောက်အထိ နာကျင်ရူးသွပ်နေခဲ့ရသလဲဆိုတာ မြင့်သိစေချင်တယ် … ကိုတမင် သည်လို ဆုံးဖြတ်ချက်ချခဲ့တာ မဟုတ်ဘူး … မြင့် …

မြင့် တစ်ခုခုတော့ လုပ်ရတော့မည် ။ သည်လိုတော့ လုံးဝ မပြန်သွားနိုင် ။ ကိုကံအေး မြင့်အနောက်ကို ပါကိုပါလာရမည် ။ မြင့် ဆုံးဖြတ်ချက်တစ်ခုကို အမြန်ဆုံး ချက်လိုက်ရပါ၏ ။

ကိုကံအေး … မြင့် နောက်ဆုံးစကားပြောပါရစေတော့ … မြင့်သည်မှာ စောင့်နေမယ် … ကိုကံအေး မြင့်အနောက်လိုက်ဖို့ ထွက်မလာမချင်း မြင့် သည်မှာ စောင့်နေမယ် … နောက်ဆုံး ကိုကံအေး ထွက်မလာရင် မြင့်သည်မှာတင် အသက်အသေခံလိုက်တော့မယ် …

မြင့်စကားသည် ပြတ်သားလွန်းလှလေတော့ ကိုကံအေးသည် မြင့်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ရလေသည် ။

By
Dr. Min Khant

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...