Wednesday, November 19, 2014

နိုဝင်ဘာမှာ ရွာတဲ့မိုး (ဇာတ်သိမ်း)

(၁၁)

စောင့်ဆိုင်းခြင်းကို မြင့်မုန်းသည် ။ မြင့်ဘ၀တွင် များစွာသော စောင့်ဆိုင်းခြင်းများကို ပြုခဲ့ဖူးသည် ။ ထိုစောင့်ဆိုင်းခြင်းများထဲတွင် ထိုည၏ စောင့်ဆိုင်းခြင်းကိုမူ မြင့် တစ်သက် ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ချေ ။ မြင့် ကိုကံအေးကို ထိုညက တကယ်ပင် စောင့်ခဲ့ပါသည် ။

မြင့်စကားဆုံးတော့ မျက်လုံးပြူးနေခဲ့သော ကိုကံအေးသည် မြင့်ကို အိမ်ပြန်ဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါသေးသည် ။ သို့သော် မြင့်မပြန်တော့ပြီ ။ ထိုညသည်ပင် မြင့်ဘ၀ကို အဆုံးအဖြတ်ပေးစေတော့ဟု မြင့် ခံယူခဲ့ပါ၏ ။ ကိုကံအေးတို့ အိမ်နားက ညောင်ပင်ကြီးအောက်တွင် မြင့် ကိုကံအေး ပြန်ထွက်လာမည်ကို စောင့်နေခဲ့လေသည် ။

မြင့်ကို လှည့်ကြည့်လှည့်ကြည့်နှင့် အိမ်ထဲဝင်သွားခဲ့သော ကိုကံအေးကို စိတ်နာရုံမှတစ်ပါး မြင့် ဘာမှ မတတ်နိုင်ခဲ့ပြီ ။ နာကျင်စွာ မျက်ရည်ကျရင်း လူလည်း ကတုန်ကရင် ဖြစ်ကျန်ခဲ့ရသည် ။ မြင့် အချစ်ကြောင့် ငိုခဲ့ရပြီ ။ မြင့်ကို ချစ်လှပါချည့်ဆိုသော ကိုကံအေးသည် သူ့အမေနှင့် ပတ်သတ်လာသောအခါတွင် မြင့်အပေါ် ပြတ်သားနိုင်ခဲ့မှုကို မြင့်ကိုယ်တိုင်လည်း အံ့သြခဲ့ရပါ၏ ။

မြင့်ကို ကိုကံအေး သိပ်ချစ်တယ် … သိလား …

နားထဲတွင် သည်စကားတွေ ကြားယောင်လာသော မိမိနားကိုပင် မိမိဖောက်ထုတ်ချင်ခဲ့ရသည် ။ ကိုကံအေးရေ … ရှင်ကတော့ ထားရက်ခဲ့နိုင်ပြီပေါ့ ။ မြင့်က ကျန်ခဲ့ရသူပါ ။ နောက်ဆုံးတော့လည်း မြင့်မှာ စိတ်ဒဏ်ရာတွေ ဗလပွနဲ့ ကျန်ခဲ့ရသူပါ ။ သည်ညမှာ ရှင်ပြန်မထွက်လာခဲ့ရင် ရှင့်ကို မြင့် တစ်ဘ၀စာ မေ့လိုက်ပြီလို့သာ မှတ်ပါတော့လေ ။

ထိုညသည် မြင့် ကိုကံအေးကို တစ်ဘ၀လုံးစာအတွက် ရွေးချယ်ရမည်လား တစ်ဘ၀လုံးစာ နာကျည်းရမည်လားကို ဝေခွဲရတော့မည့် ညဖြစ်ခဲ့သည် ။ ကိုကံအေး ထွက်မလာက ရှိစေတော့ ။ သည်နေရာမှာပင် နေရင်း မြင့် သေပစ်လိုက်တော့မည် ။ ရူးရူးမိုက်မိုက် အရွယ်သာ ရှိသေးသော မြင့်သည် အချစ်အတွက်လည်း အသက်အသေခံဖို့ အသင့်ဖြစ်နေခဲ့ပါသည် ။

အိုင်းစ် …

မိငွေက ထအော်လိုက်သောကြောင့် မာမီမြင့် အလန့်တကြားနှင့် စကား အဆက်ပြတ်သွားလေသည် ။

ဟဲ့ … ကောင်မ … ညည်းက ဘာဖြစ်နေတာတုန်း …

မာမီပဲ အသေခံဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်ဆို … ကြက်သီးထလို့ အော်မိတာပါတော် …

နင်ဆိုတဲ့ကြက်မက အသီးထကိုထနိုင်လွန်းတယ် … ကြက်သီးထမ … ရွမနေနဲ့ …

မာမီမြင့်တို့ ရွာလမ်းကို လျှောက်လာခဲ့ကြပြီ ။ ဆီမီးတွေလည်း တစ်လမ်းလုံး ထိန်ထိန်ညီးနေကြသည် ။ ဇာတ်ပွဲလေးလည်း တည်တည်ပပ ဖြစ်ခဲ့ပါသည် ။ မီးပုံးလွှတ်သူ တစ်ချို့ပင် လွှတ်ကြလို့ ။ ပတ်ဝန်းကျင်ကို မာမီမြင့်တို့သုံးယောက် တမေ့တမော ငေးနေမိရသည် ။ လှလိုက်တဲ့ညနှယ် … ။ ကြယ်အချို့ပင် ပုန်းနေရာမှ ပြန်ပေါ်လာခဲ့ပြီ ။

တော်သေးတယ်နော် … မာမီ … ကောင်းကင်လေး ပြန်ကြည်ပေလို့ … ဒါပေသိ ပွဲခင်းထဲမှာ ငမ်းခဲ့ရတာ မ၀သေးဘူးမာမီရယ် …

ဟဲ့ … နေစမ်းပါဦးဟယ် … မိငွေရယ် … ငါ့ပြန်ပို့ပြီးတော့ ညည်းတို့ ပြန်ထွက်ကြပေါ့ …

အမလေး … မာမီရယ် … မာမီ့ကို ဘယ်သူမှ မဆွဲပါဘူး … သည်ပုံကြီးဆွဲတော့ ဆွဲသူ မောရုံရှိတော့မပေါ့ …

ဟယ် … ကိုယ့်အမေကိုများ ပြောနေလိုက်တာကြည့်စမ်း … မိလှ … ညည်းတော့ မရင်ရွှေဖြစ်တော့မယ် …

ဘာတုန်း မရင်ရွှေက … မာမီ …

ဟဲ့ … ဟိုကားလေး … အမေကိုစော်ကားလို့မြေမျိုသော မရင်ရွှေဆိုတာလေ … ညည်းမကြည့်ဖူးဘူးလား … မြေကြီးတွေ အခြောက်လွန် ပက်ကြားအက်ပြီး ညည်းကို မျိုထည့်လိမ့်မယ် ပြောတာအေ့ …

ဟီးဟီး … သမီးတို့က ချစ်လို့ စတာပါ မာမီရဲ့ … မာမီ့ကို ပို့ပြီးမှ သမီးတို့ ပြန်ထွက်ကြမှာပါ … သမီးတို့နှစ်ယောက် မာမီ့ကို ပို့ပေးမှာပါ …

ဟယ် … ကောင်မတွေ … ငါ့များပို့မတဲ့ … ငါပြန်ပို့လိုက်လို့ ညည်းတို့ အင်္ဂလန်ဆိုတာကိုရောက်ဖူးသွားမယ် …

ဟီးဟီး … နောက်တာပါ မာမီရယ် … မာမီ့ ဇာတ်လမ်း ပြန်ပြောပါဦး … အဲ့သည့်ညက သူလာခဲ့လားဟင် …

မာမီမြင့်က သူ့အတိတ်ဆီကို ပြန်ရောက်သွားတော့ ခုနက ကတ်ကတ်လန်နေသော မျက်နှာမှ ချက်ချင်း သနားစရာ လင်သေမုဆိုးမ မို့မို့မြင့်အောင်မျက်နှာမျိုးလေး ဖြစ်သွားလေသည် ။ ပြီးမှ သူ့ဇာတ်လမ်းကို လမ်းသွားရင်း ဆက်ပြောတော့သည် ။

ဟယ် … ချက်ချင်းကြီး မျက်နှာက ပြောင်းသွားလိုက်တာတော် … ဒါမှ ငါတို့ မာမီဟဲ့ …

ထိုညက မြင့် စောင့်နေခဲ့စဉ်ပင် ရုတ်တရက် မိုးတွေ ရွာချလာခဲ့လေသည် ။ အချိန်ကြည့်တော့ ညဆယ့်နှစ်နာရီ ။ ခုနကတော့ ကိုကံအေးတို့ အိမ်ဘက်က ဆူဆူဆူဆူ အသံတွေ ကြားခဲ့ရသေးသည် ။ အခုတော့လည်း သူတို့အိမ်က တိတ်ဆိတ်နေခဲ့လေပြီ ။ မီးများပင် မှိတ်ခဲ့ကြပြီ ။ မြင့် ကိုကံအေးတို့ အိမ်ဘက်ကိုပင် မမှိတ်မသုန် ကြည့်နေမိခဲ့ပါ၏ ။

မိုးများ ပိုပို သည်းလာခဲ့ပြီ ။ မြင့် တစ်ကိုယ်လုံးလည်း ခိုက်ခိုက်တုန် ချမ်းလာခဲ့ပြီ ။ ကိုကံအေးရယ်… ထွက်လာပါတော့ရှင် ။ မြင့်တစ်ယောက် ကိုကံအေးကို မျှော်ရင်း မျက်ရည်ပင် ကျမိရပါ၏ ။ ကိုကံအေးရယ် … တော့်ကို မြင့် ချစ်လွန်းလို့ တော့်အနောက်လိုက်ဖို့ ထွက်လာခဲ့သူရယ်ပါတော် ။ သည်လောက်တော့ ရက်စက်ဖို့ မသင့်ဘူး ထင်ပါရဲ့ ။

မြင့် နှုတ်ခမ်းတွေ တဆက်ဆက် တုန်လာသည် ။ ဒူးတွေလည်း ညွှတ်ခွေယိုင်လာပြီ ။ ကိုကံအေးများ လာလေမလားဟူသော မျှော်လင့်ချက်ကလေးပင် တဖြည်းဖြည်း နည်းခဲ့ရပြီ ။ မြင့် လဲမကျသွားဖို့ ကိုယ့်ကိုယ်ကို အားပေးနေခဲ့ရပါ၏ ။ အဖျားတက်သလို လူက တဖြည်းဖြည်း ပိုပို တုန်ရီလာခဲ့လေသည် ။

ကိုကံအေးရယ် … ကျုပ်အဖြစ်ကို ကြည့်လှည့်ပါဦးတော့ …

မြင့် နာကျင်စွာ ရှိုက်ငိုလိုက်သည် ။ မကြာခင်တွင် ယိုင်လဲကျသွားတော့မည်ကို မြင့်သိနေခဲ့သည် ။ မြင့် နာကျည်းစွာ အံကို ကြိတ်ထားမိသည် ။ မကြာခင်တွင်ပင် မြင့် လဲကျသွားခဲ့လေသည် ။ လဲကျခါနီး မြင့် ရင်ထဲတွင် နင့်နင့်နဲနဲ သစ္စာတိုင်တည်လိုက်ရသည် ။ ကိုကံအေးကို သည်တစ်သက် ဘယ်တော့မှ ခွင့်မလွှတ်တော့ပြီ ဟုသာ … ။

(၁၂)

မြင့်နိုးလာခဲ့တော့ စမြင်လိုက်ရသည်က ငိုနေသော ဖေဖေနှင့် မေမေ ။ အစ်ကိုကြီးကိုသာပေါ်ကတော့ အံကို တကြိတ်ကြိတ် တောက်တခေါက်ခေါက် ရှိနေခဲ့ပါ၏ ။ မြင့် ဖေဖေနှင့် မေမေတို့ကို ကြည့်ပြီး မြင့် အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ပြီဟု ကိုယ့်ကိုယ်ကို သိလိုက်ရသည် ။ ဖေဖေနှင့် မေမေ့ကို မြင့် ဖက်လိုက်မိသည် ။

ဖေဖေ … မေမေ … မြင့် … မြင့် မှားသွားပါတယ် … မြင့်ကို ခွင့်လွှတ်ပါနော် …

ကိုကို့တက်ခေါက်သံက အကျယ်ကြီး ။ မြင့်ကိုယ်လေးပင် သိမ့်သိမ့်တုန်သွားခဲ့သည် ။

ထွန်းမြင့် … ညီလေး … မင်း သူ့ကို လုံးဝ မေ့ပစ်လိုက်တော့ … သည်ကောင်က မိန်းမတောင် ယူတော့မှာရယ် … မင်း မနေ့ညက သေတော့မလို့ … မသေကောင်း မပျောက်ကောင်း ညီလေးရယ် …

မြင့် ငိုသာ ငိုနေခဲ့ရသည် ။ အစ်ကိုပြောလိုက်သောစကားတွေက မြင့်နားထဲတွင် မိုးကြိုးသွားနှယ် ။ ကိုကံထွန်းက မိန်းမယူတော့မှာတဲ့လား ။ မြင့်ကို ထားသွားရစ်တော့မှာတဲ့လား ။ မြင့်တစ်ခါမှတောင် အိမ်မက်ထဲ မမက်ခဲ့ဖူးသော အဖြစ်က အခုတော့ တကယ်ပင် ဖြစ်လာခဲ့ပါပကောလား ။

အခု ရပ်ကွက်ထဲမှာ ကံအေးအမေက သတင်းတွေ လွှင့်ထားတယ် … မင်းမနေ့ညက သူ့သားကို သွေးဆောင်ဖျားယောင်းဖို့ အိမ်ရှေ့လာစောင့်ခဲ့တာတွေရော … ပြီးတော့ သူ့သားက ငြင်းပစ်လိုက်လို့ မိုးထဲမှာ မေ့လဲသွားခဲ့တာတွေရယ် … အိုကွာ … ငါတို့မျက်နှာတွေ ဘယ်နားသွားထားရမလဲ မသိတော့ဘူး …

အရှက်သည် တစ်ခါတစ်ရံတွင် အသက်ထက်ပင် တန်ဖိုးရှိကြောင်း မြင့် အခုတော့ နားလည်ခဲ့ရပြီ ။ ကိုကံအေး မထွက်လာရင် အသက်သေခံပစ်မည်ဟု ကျုံးဝါးခဲ့သောမြင့်တစ်ယောက် အခုတော့လည်း အသက်ရှင်လျက်နှင့် ဘ၀တစ်ခုလုံး သေဆုံးခဲ့ရပါပြီကော ။ မြင့် ကိုကံအေးကို ခါးခါးသီးသီးပင် အသည်းထဲမှ နာကျည်းခဲ့ရပါလေ၏ ။

လမင်းကြီးကို မာမီမြင့် မော့ကြည့်နေမိသည် ။ သူ့ဘ၀တွင် အခါးသီးဆုံးနေ့ရက်များကို ပြန်တွေးမိတိုင်း အသည်းထဲ တဆက်ဆက်နာရင်း ငိုခဲ့ရဖူးသည် ။ အခုတော့ အသက်လေးရလာတော့ အရင်ကလောက် မငိုမိတော့သော်လည်း သည်လို တန်ဆောင်မုန်း လပြည့်ညဆိုလျှင်တော့ မာမီမြင့် ငိုခဲ့ရသည်သာ ။ လွန်ခဲ့သော ၁၇နှစ်က အဖြစ်တွေသည် မနေ့တစ်နေ့ကလိုပင် ပြန်လတ်ဆတ်လာတတ်ခဲ့ပါပကော ။

မာမီရယ် … သမီးတို့တောင် ငိုချင်ချင် ဖြစ်လာပြီ …

ဟုတ်ပါ့မာမီရယ် … တရုတ်မင်းသမီးတွေ ဇာတ်နာတယ်ဆိုတာ မာမီနဲ့ယှဉ်ရင် ဘာဟုတ်လိမ့်မတုန်း … ၀ါဝါ၀င်းရွှေတို့တောင် မာမီ့ကို အကယ်ဒမီပေးလောက်ပါတယ် မာမီရယ် …

ဟဲ့ … ညည်းတို့က ငါ့ကို တကယ်သနားတာလား … ရွဲ့နေတာလား … ကောင်မတွေ …

တကယ်သနားတာပါ မာမီရယ် … ရွဲ့ဆရာလားလို့ … မာမီ့ဘ၀က တစ်ပိုင်းသေလိုဖြစ်ခဲ့ရတာပေါ့နော် …

အေးပေါ့ မိငွေရယ် … ငါ့ဘ၀ဟာရှင်ရက်နဲ့ သေခဲ့တာပေါ့ …

အဲ့တာကြောင့် သနားတာပေါ့ မာမီရယ် … မာမီ့နှယ် အသက်နှစ်ဆယ်ကျော်လေးနဲ့ ရှေ့ တစ်ပိုင်းသေရတယ်လို့ …

ဟယ် … ကျုပ်က ငါ့သမီးတွေ ငါ့တကယ် သနားတယ်လို့ ၀မ်းသာနေတာ … ညည်းတို့က ငါ့ကို လာဝုန်းနေတာကိုး … ညည်းတို့သာ ဆယ့်ရှစ်နှစ်နဲ့ ပန်းသေကြ ဖာသည်မတွေရေ …

တခွီးခွီး တဟီးဟီး ရယ်ကြရင်း ဘာလိုလိုနှင့်တော့ မာမီမြင့်တို့ အိမ်ရှေ့ရောက်ခဲ့ကြသည် ။ ကွပ်ပျစ်ပေါ်တွင် ခြေဆန့်လက်ဆန့်ထိုင်ရင်း လမင်းကြီးထိန်ထိန်သာကို သုံးယောက်သား မော့ကြည့်မိကြသည် ။ မီးပုံးတစ်ချို့ကိုပင် ကောင်းကင်တွင် တွေ့နေကြရသည် ။ ညသည်ပင် လွမ်းမောဖွယ်ကောင်းနေသလိုလို ဖြစ်နေရပါကလား ။

ငါဘာလို့ နိုဝင်ဘာမှာ မိုးရွာရင် ငိုလဲဆိုတာ ညည်းတို့ သိပြီပေါ့ … မဟုတ်လား …

မိငွေရော မိလှပါ ပြိုင်တူ သက်ပြင်းချပြီး မာမီ့ကို ငေးမောကြည့်မိသည် ။ အခုတော့လည်း မာမီ ငိုမနေပါ ။ သို့သော်လည်း မျက်ရည်လေးတော့ နည်းနည်းဝေ့နေသလို ။ မာမီ့မျက်ဝန်းများက အတိတ်ကို ပြန်သွားနေကြောင်း ဖေါ်ပြနေလေသည် ။

သူ မိန်းမ ယူသွားသလားဟင် … မာမီ …

မာမီမြင့်ဆီမှ မထီတရီအပြုံးကို မိငွေတို့ မိလှတို့ တွေ့လိုက်ရသည် ။ မာမီမြင့်က ဖြည်းဖြည်းချင်း ပြန်ဖြေလေသည် ။

သူ … မိန်းမ ယူသွားခဲ့ပါတယ်လေ …

အို …

မိငွေရော မိလှပါ ပါးစပ်အဟောင်းသားဖြင့် အို သွားခဲ့ရလေသည် ။

(၁၃)

မာမီသူနဲ့ ထပ်တွေ့ဖြစ်သေးလားဟင် …

တစ်ခေါက် ထပ်တွေ့ဖြစ်ခဲ့သေးတယ် …

တစ်ခေါက် … ဟုတ်လား … ဘာလို့ တစ်ခေါက်ပဲ တွေ့ခဲ့တာလဲဟင် …

ကိုကံအေး မင်္ဂလာဆောင်သွားပြီဆိုတော့ မြင့်တစ်ယောက် အရူးမီးဝိုင်း ဖြစ်ခဲ့ရသည် ။ မြေလှိမ့်ငိုခဲ့ရသည် ။ မြင့်မိဘတွေနှင့် အစ်ကိုတို့ပင် မြင့်ကို အပြစ်မဆိုကြတော့ပြီ ။ မစားနိုင်မသောက်နိုင် ဖြစ်နေသော မြင့်ကို ၀ိုင်းဝန်း ဖျောင်းဖျပေးခဲ့ကြရသည် ။

မြင့် ကိုကံအေးတို့ မင်္ဂလာဆောင်ကို အဝေးက ခိုးကြည့်ရင်း သတို့သမီးကိုပင် မနာလိုဖြစ်ခဲ့ရပါ၏ ။ ထိုနေရာတွင် မြင့်သာ ဖြစ်လိုက်စမ်းပါတော့ဟူသော အတွေးကိုတွေးရင်း မြင့်တစ်ယောက် ရင်ထဲတွင် နာနာကျင်ကျင်ဖြစ်ခဲ့ရပါသည် ။

နောက်တော့ သတင်းတစ်ခု ကြားခဲ့ရလေသည် ။ ကိုကံအေး တစ်ယောက် သူ့ဇနီးရှိရာ ရွာသို့ လိုက်သွားတော့မည်ဆိုသော သတင်းပင် ။ သူ့ဇနီးသည်က တစ်ဖက်ရွာမှဟု ဆိုကြပါ၏ ။

ကိုသာပေါ် … ကိုကံအေး ဇနီးက တခြားရွာကဆို … ဘယ်ရွာကလဲဟင် …

မြစ်သာယာရွာကတဲ့ …

အို …

မြင့်တစ်ယောက် အံ့အားသင့်စွာ အော်မိရပါ၏ ။ မြစ်သာယာရွာ ။ မြင့်တို့ တူတူ ထွက်ပြေးပြီး အခြေချကြမည်ဟု ရည်ရွယ်ခဲ့ကြသောရွာ ။ အခုတော့ မြင့်မပါတော့သော ကိုကံအေးတစ်ယောက် ထိုရွာကို သူ့ဇနီး အသစ်စက်စက်လေးနဲ့ သွားဖို့ဖြစ်လာခဲ့ပါပကော ။

ထိုနေ့က မြင့် တစ်ယောက်တည်း လယ်တောတွေဘက်က ပြန်လာခဲ့လေသည် ။ လမ်းတွင် ကန်ဘောင်ရိုးပေါ်က လျှောက်လာခဲ့ရင်း ခေါင်းကိုသာ ငုံ့လာခဲ့ရသည် ။ ကိုကံအေးနှင့် ဝေးပြီးကတည်းက ပတ်ဝန်းကျင်ကို မြင့် ရဲရဲဝံ့ဝံ့ရင်မဆိုင်ရဲသည်မှာ ကြာခဲ့ပြီ ။ ထိုသို့ လျှောက်လာစဉ်မှာပင် အရှေ့တွင် လာပိတ်ရပ်သော ခြေတစ်စုံကို မြင့် မြင်လိုက်ရသည် ။ စိတ်ရှုပ်စွာဖြင့် မြင့်မော့ကြည့်လိုက်မိလေ၏ ။

အို … ကိုကံအေး …

မြင့် … မြင့်ကို ကိုကံအေး စကားပြောချင်လို့ပါကွယ် …

ဖယ်ပါတော့ … ကိုကံအေးကို မြင့်မသိတော့ဘူး … ဟင့်အင်း … သိလည်း မသိချင်တော့ဘူး … မြင့်ကိုကံအေးနဲ့ မတွေ့ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်သွားချင်တယ် … ရေအိုးလေး မကွဲခင် အချိန်ကို ပြန်ရောက်သွားချင်တယ် … အဲ့နေ့က ကိုကံအေးကို စပြီး ရင်ခုန်ခဲ့တဲ့နေ့မှာ ရေအိုးလေး ကွဲခဲ့ရသလို အခုတော့လည်း မြင့်နှလုံးသားတွေ အစိတ်စိတ် ကွဲခဲ့ရပါပကောကိုကံအေးရယ် …

မြင့်ရယ် … ကိုကံအေး မြင့်ကို တောင်းပန်ချင်နေခဲ့တာပါ … ကိုကံအေး နောက်နေ့ မြစ်သာယာရွာကို သွားရတော့မှာ မြင့်ရဲ့ …

သွားမှာဖြင့်သာ သွားပါတော့ ကိုကံအေးရယ် … မြင့်ကို ထားခဲ့ပြီးသာ ထွက်သွားလိုက်ပါတော့ … မြင့်အပူတွေ ထပ်မဆင့်ရပါစေနဲ့တော့ … ကိုကံအေးကိုလည်း မြင့်တစ်ဘ၀စာ နာကျည်းခဲ့ပြီးပါပြီ …

ကိုကံအေးကို မနာကျည်းပါနဲ့ မြင့်ရယ် … မြင့်ဆီက ခွင့်လွှတ်မှုလေး တစ်ခုကို လိုချင်လွန်းလို့ မြင့်ကို တွေ့ဖို့ အခွင့်အရေးကို ကိုကံအေး စောင့်နေခဲ့တာပါကွယ် …

အဲ့တာကိုတော့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့တော့ … ကိုကံအေးကို မြင့်ပေးနိုင်တာ အမုန်းတွေ နာကျည်းမှုတွေသာ ဖြစ်ပါလိမ့်မယ် … ခွင့်လွှတ်ခြင်းဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး …

မြင့်ရယ် … ကိုကံအေးလေ … မြင့်ဆီကို ထွက်လာဖို့ကြိုးစားခဲ့ပါတယ် … မေမေ့ကျန်းမာရေးကြောင့် …

ဘယ်လို … အမေ့ကျန်းမာရေး … ဟုတ်လား ကိုကံအေး … နောက်နေ့မှာ မြင့်မကောင်းကြောင်းကို ရွာလုံးစေ့ လိုက်ပြောနိုင်တဲ့ ကိုကံအေးအမေက အဲ့ညကတော့ သေကောင်ပေါင်းလဲ ဖြစ်ခဲ့တယ်ပေါ့လေ … ဟုတ်ကဲ့လားဟင် …

မြင့်ရယ် … စကားနာ မထိုးပါနဲ့ကွယ် … ကို့ကို မြင့်နားလည်ပေးပါကွယ် …

ဖယ်ပါတော့ ကိုကံအေး … ကိုကံအေးကို မြင့်မုန်းတယ် … တစ်သက်လုံးလည်း နာကျည်းတယ် … မြင့် ကိုကံအေးကို တွေ့ရတာ ဘ၀မှာ ဒါနောက်ဆုံးဖြစ်ပါရစေတော့ …

မြင့် ကိုကံအေးကို တွန်းဖယ်ပြီး နေရာမှ အမြန်ဆုံးထွက်လာခဲ့လိုက်သည် ။ ရင်ထဲတွင် လှိုက်ဟာလွန်းနေလှသည် ။ ကိုကံအေးရယ် … ရှင်မရှိတော့ မြင့်နှလုံးသားနေရာမှာ ဟာသွားလိုက်တာလေ … ။ မြင့်အသည်းနှလုံးတစ်စုံကို ကိုကံအေး ယူသွားခဲ့ပြီးပါပြီရှင် … နှလုံးသားမရှိတော့တဲ့ဘ၀နဲ့ မြင့် ဆက်လက်ကြိုးစား ရှင်သန်နေရဦးမှာပါ ကိုကံအေးရယ် … ။

မြင့်ထိုနေ့ကလည်း ကိုကံအေးကြောင့် မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရပါ၏ ။ ထိုနေ့သည် မြင့် ကိုကံအေးကို နောက်ဆုံးအကြိမ်တွေ့ခဲ့ခြင်းသာ ဖြစ်ခဲ့လေသည် ။

(၁၄)

နောက်တော့ မတွေ့ဖြစ်ကြတော့ဘူးလေ … ဟုတ်လား မာမီ …

နောက်ဆုံးအကြိမ်တွေ့ဖြစ်ခဲ့ကြတာပေါ့ဟယ် … ကိုကံအေးကို တစ်ဘ၀စာ ငါနှုတ်ဆက်ခဲ့ရတာပါအေ …

ဟိုဗီလိန်မကြီးရော … ဘာဖြစ်သွားသေးလဲဟင် …

ကိုကံအေး အမေကို ပြောတာလား …

ဟုတ်တယ်လေ … မာမီ …

ထိုနေ့ကို မြင့် မေ့အံ့မထင် ။ ရွာထဲတွင် မီး … မီး ဟူသော ဟစ်သံကို ကြားလိုက်တော့ မြင့် မျှော်ကြည့်မိသည် ။ ရွာ့မြောက်ဖျားစွန်းကပင် ။ ထိုနေရာတွင် ကိုကံအေးတို့အိမ်ရှိနေသည်ဟူသော အသိက မြင့်ကို ပူလောင်သွားစေသည် ။

ကိုကံအေး မြင့်ကို ခွဲသွားသည်မှာ ငါးနှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း မြင့်ရင်ထဲတွင် လတ်ဆတ်ဆဲပင် ။ ကိုကံအေးတစ်ယောက် သမီးနှစ်ယောက်ပင် ရခဲ့ပြီဟုလည်း သတင်းကြားခဲ့ရသည် ။ ရွာ့မြောက်ဖျား မီးလောင်သတင်းကို မြင့် နားစွင့်ထားမိလေသည် ။

ကြီးတော်စံအေးတို့အိမ် မီးထဲပါသွားတယ် … ကြီးတော်စံအေးလည်း ရွှေထုပ်ဝင်ယူရင်း မီးဟပ်လို့ ညာဘက်လက်နဲ့ခြေထောက်တစ်ခြမ်းလုံး ဒုတ်ဒုတ်ထိလောင်သွားကရော …

အို … ။ သည်သတင်းကြားတော့ မြင့် စိတ်မကောင်းဖြစ်ရသည် ။ ကံကြမ္မာခြားရဟတ် တစ်ပတ်လည်လာခဲ့ပါပကော ။ ရွှေတွေရော အိမ်ပါ ပါသွားခဲ့သည်ဆိုသော ကိုကံအေး အမေ ။ ပစ္စည်းတွေ ပါသွားသည်က ထားတော့ လက်နှင့် ခြေပါ မီးလောင်သွားသည်အထိ ဖြစ်ခဲ့သည် ဆိုတော့ ။

ဆေးရုံ … ဆေးရုံ ပို့မှ ရလိမ့်မယ် …

မီးလောင်ရာနေရာကို သွားကြည့်တော့ ကြီးတော့ စံအေးတစ်ယောက် မီးလောင်ရာတွေနှင့် ။ မန်းလေးကို ချက်ချင်းသွားရမည် ။ ကား … ကားလိုလိမ့်မည် ။ တစ်ရွာလုံးတွင် ကားရှိသည်က ကြီးတော်စံအေးနှင့် မြင့်တို့အိမ် နှစ်အိမ်သာ ရှိသည် ။ ဒါကလည်း လိုလိုမည်မည် ဂျစ်ကားလေးတစ်စီးကို မြင့်တို့ ၀ယ်ထားခဲ့သောကြောင့်ဖြစ်သည် ။

ကြီးတော် စံအေးတို့ ကားကတော့ မီးထဲပါသွားခဲ့ပြီ ။ ပေါ့ဆမီးဟု လူတွေက ဆိုကြသည် ။ ကြီးတော် စံအေးတစ်ယောက် ထမင်းအိုးချက်ပြီး သည်တိုင်းထားခဲ့ခြင်းကြောင့်ဖြစ်သည် ။ မန်းလေးကို ချက်ချင်းခေါ်သွားရမှာ သိကြသော်လည်း မြင့်တို့အိမ်က ကားကို အကူအညီတောင်းဖို့ မည်သူမျှ မ၀ံ့ရဲကြ ။ တစ်ချိန်က အကျယ်အကျယ်ပြဿနာတွေ ဖြစ်ခဲ့ဖူးကြသူတွေ မဟုတ်လား ။

မြင့်တို့အိမ်က ကားနဲ့ ကြီးတော် စံအေးကို မန်းလေးလိုက်ပို့ပေးပါရစေ …

ကိုသာပေါ်ကပင် မြင့်ကို အထူးတဆန်းလို ကြည့်နေခဲ့သည် ။ သို့သော်လည်း သူ့ညီငယ်လေး အလိုကို ဖြည့်ပေးရင်း ကြီးတော်စံအေးကို မန်းလေးအရောက် ကိုသာပေါ်ကပင် လိုက်ပို့ပေးခဲ့လေသည် ။ အခုတော့ မြင့် ကိုကံအေး အမေကို ခွင့်လွှတ်နိုင်ခဲ့လေပြီ ။ ခွင့်လွှတ်ခြင်း၏ အေးချမ်းသော အရသာကို မြင့်ကိုယ်တိုင် ခံစားမိတော့ ထိုအေးချမ်းမှုကိုပင် မြင့် ကြည်နူးတတ်ခဲ့ရလေပြီ ။

မာမီကတော့ တကယ့်ကို မေတ္တာရှင်မကြီးပါပဲ မာမီရယ် …

ဟုတ်ပါ့ … သမီးတို့ဆိုရင် အဲ့လိုမျိုး သဘောထားနိုင်ပါ့မလား မသိဘူးနော် …

လောကမှာ မေတ္တာသာ အရေးအကြီးဆုံးပါ မိငွေနဲ့ မိလှရယ် … သမီးတို့လည်း မှတ်ထားကြနော် …

ဟုတ်ပါပြီ မာမီရဲ့ … မာမီလည်း ကြုံတုန်း သြဇာသီးက ရောင်းသေးတယ်နော် …

ဟဲ့ … မသာမတွေ … ငါ စကားကောင်းကောင်းပြောရင် မဆဲဆဲချင်အောင် ညည်းတို့ ရန်စကြပြီ … ဟာမတွေ … ဟက်တက်ပြဲမတွေ …

ဟီးဟီး … စတာပါ မာမီရယ် … အဲ့တာနဲ့ပဲ မတော်ခဲ့ရတဲ့ ယောက်ခမနဲ့ အဆင်ပြေခဲ့တယ်ဆိုပါတော့ … ဟုတ်လား …

ငါ့စိတ်က တစ်မျိုးအေ့ … ခွင့်လွှတ်တယ် ဆိုပေသိ ကြီးတော် စံအေးကို လုံးဝ မျက်နှာချင်း မဆိုင်ချင်တော့တာမျိုး… အဘွားကြီးလည်း စီးပွါးလည်းကျ … လူလည်း ဆေးရုံမှာ အကြာကြီး ခံလိုက်ရပေါ့ဟယ် … ဆေးရုံကဆင်းတော့ မာန်တွေလည်း ကျပြီး ငါ့ဆီလာ ကျေးဇူးတင်စကား ပြောရှာပါတယ် … ငါ ထွက်ကို မတွေ့ခဲ့တာပါအေ …

ဟယ် ... မာမီတို့ ချေချက်ကတော့ … အားရချက်တော် …

နောက်တော့ အဖွားကြီးလည်း သူ့သားရှိတဲ့ မြစ်သာယာရွာကို ထွက်သွားခဲ့တာပါပဲလေ … ညည်းတို့ကို ငါ ခုနက တစ်ခု မဖြေခဲ့ဖူးနော် … ညည်းတို့ မှတ်မိလား … အဲ့သည့်လပြည့်နေ့ညက ကိုကံအေး ထွက်လာလား မထွက်လာဘူးလားဆိုတာလေ …

ဟင် … မထွက်လာဘူး မဟုတ်လား မာမီရဲ့ …

ဟင့်အင်း … မဟုတ်ဘူး … သူ ထွက်လာခဲ့ပါတယ် … မာမီနဲ့တူတူ ဟိုဘက်ရွာကို မသွားခဲ့ပေသိ … သူထွက်လာခဲ့ပါတယ်လေ …

(၁၅)

ကိုကံအေးတို့အမေ တစ်ဘက်ရွာကို ပြောင်းပြီး ရာသီဥတု သာယာသော တစ်နေ့တွင် အစ်ကို ကိုသာပေါ်က မြင့်ကို ခေါ်ကာ စကားတစ်ခွန်း ပြောခဲ့လေသည် ။ ထိုစကားသည် ထူးဆန်းလှသောကြောင့် မြင့်တစ်ယောက် အခုထိ အမှတ်ရနေဆဲပင် ။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်က တန်ဆောင်မုန်း လပြည့်ညက မင်း အပြင်းဖျားခဲ့တာ မှတ်မိသေးလားဟင် … ထွန်းမြင့် …

ဟုတ်ကဲ့ … မြင့်မှတ်မိပါတယ် အစ်ကို …

အဲ့ညက မင်း မိုးထဲမှာ အပြင်းဖျားနေခဲ့တာလေ … မင်းကို အိမ်ကို ဘယ်သူ လာပို့ပေးခဲ့သလဲ … သိလား … ကံအေး လာပို့ပေးခဲ့တာ ထွန်းမြင့် … သူ အဲ့နေ့ညက ငိုနေလို့ရယ် …

ထိုနေ့ညက ထွန်းမြင့် ပြန်မလာသောကြောင့် ကံပေါ်တစ်ယောက် ညီဖြစ်သူကို စောင့်နေခဲ့မိသည် ။ အဖေတို့ အမေတို့လည်း မအိပ်နိုင်ကြ ။ ထိုအချိန်တွင်ပင် အိမ်ရှေ့ဆီက အော်ခေါ်သံကို ကြားလိုက်ရလေသည် ။

သာပေါ် …. သာပေါ် … ငါကံအေးရယ် … တံခါးဖွင့်စမ်းပါဦးကွာ … မြင့်တစ်ယောက် မေ့လဲသွားလို့ …

တံခါးကိုဖွင့်လိုက်တော့ ရေတွေရွှဲရွှဲစိုပြီး သတိလစ်နေသော မြင့်တစ်ယောက် ။ သာပေါ် ကံအေးကို လက်သီးဖြင့် ဆွဲထိုးပစ်လိုက်သည် ။

မင်း … မင်း ငါ့ညီကို ဘာလုပ်လိုက်တာလဲ … ပြောစမ်း …

ငါ ဘာမှ မလုပ်ဘူး ကံပေါ် … ထွန်းမြင့်ကို ငါ ချစ်လည်းချစ်တယ် … သနားလည်း သနားတယ် … ဒါပေမယ့် ငါ့အမေရဲ့ အသက်ကို စွန့်လွှတ်ဖို့အထိကျပြန်တော့လည်း ငါမတတ်နိုင်ခဲ့ဘူး ကံပေါ် … ငါလေ … ထွန်းမြင့်ကို မင်းဆီမှာပဲ ထားခဲ့မှာပါ … မြင့်ကို အခုထားခဲ့တာနဲ့အတူ ငါ့ရဲ့ နှလုံးသားကိုလည်း မြင့်ဆီမှာပဲ ထားခဲ့ရမှာပါ သူငယ်ချင်းရယ် …

ကံအေး ငိုနေခဲ့လေသည် ။ ကံအေးငိုနေသည်ကိုပင် သာပေါ်တစ်ယောက် အထူးအဆန်းနှယ်ကြည့်နေခဲ့မိသည် ။ ထွန်းမြင့်ကို ထားခဲ့ပြီးသည်နှင့် ကံအေးတစ်ယောက် မိုးထဲလေထဲတွင် ပြေးထွက်ပြီး ထိုနေရာမှ အဝေးဆုံး ထွက်ပြေးသွားခဲ့တော့လေသည် ။

အဲ့တုန်းက ငါ့အစ်ကို ပြောတုန်းကများ ငါလေ … ငိုလိုက်ရတာ …. ချက်ချင်းတောင် ကိုကံအေး ရှိတဲ့ရွာဘက်ကို ပြေးလိုက်သွားချင်ခဲ့တာ … ဒါပေသိ … ငါ့စိတ်ကို ငါ ထိန်းနိုင်ခဲ့ပါတယ်အေ … ငါ ကိုကံအေးကို ကြိုးစားပြီး မေ့ဖျောက်ပစ်ခဲ့ပါတယ် … ဒါပေမယ့်အေ … နိုဝင်ဘာမှာ မိုးရွာတိုင်းတော့ တစ်ချိန်က ချစ်ခဲ့တဲ့ ကိုကံအေးကို ငါ သတိရမိဆဲပါအေ …

မာမီမြင့်ရယ် … အငွေတို့လည်း စိတ်မကောင်းပါဘူး … မာမီတကယ် ခံစား နာကျင်ခဲ့ရမှာပဲနော် …

အခုတော့လည်း ပုတီးနဲ့ဖြေနိုင်တဲ့ အရွယ်ရောက်နေပါပြီအေ … လောကဓံဆိုတာကို ထီမထင် ရင်ဆိုင်တတ်ခဲ့တာကြာပေါ့ … နိုဝင်ဘာရောက်တိုင်းငိုမိတာက လွဲလို့ပေါ့အေ …

ဟီးဟီး … ဒါနဲ့ သမီးတို့ တစ်ခုလောက်မာမီ့ကိုမေးမယ်နော် … မာမီနတ်ကတော်ဘ၀ ဘယ်လိုရောက်လာခဲ့တာလဲ …

အော် … ဒါလာတော့အေ … အဲ့ဒါတွေသိပြီးနောက်ပိုင်းမှာ ငါလည်း စိတ်ညစ်ညစ်နဲ့ ဟိုဘက်ရွာက နတ်ကတော် စိန်အေးဆီ သွားသွားလည်ရာကနေ နတ်တွေနဲ့ တွေ့လာရင်း နတ်ကလည်း ငါ့ချစ်တော့ မြှောက်စားတာကလား … အကြားအမြင်ဆို ဒက်ထိပေးတတ်တာ … သည်လိုနဲ့ ငါ နတ်ကတော် ဖြစ်လာတယ် ပြောပါတော့အေ …

မာမီမြင့် စကားအစသိမ်းတော့ ညဥ့်ပင် နက်တော့မည် ။ ပွဲခင်းဘက်ကတော့ အသံတွေ ကြားနေရဆဲပင် ။ လပြည့်ဝန်းကြီးကလည်း ထိန်ထိန်သာလို့နေတော့သည် ။ မိုးမရွာတော့ဘဲ ပွဲတွေဘာတွေ မပျက်တော့လို့ တော်ပါသေးရဲ့ဟုအောက်မေ့မိရသည် ။

ဒါနဲ့ မာမီ … အခု ဦးကံအေးက ဘာဖြစ်နေပြီလဲဟင် …

ကိုကံအေးလား … သူလည်း ဟိုဘက်ရွာမှာ အဆင်ပြေပြေရှိနေရှာပါပြီအေ …

သူလည်း မာမီ့ကို သတိတရရှိနေမှာပါ …

သတိရမှာတော့ ဒန်သေပဲပေါ့အေ … သူ့အတွက်လည်း ငါက အချစ်ဦးပဲဟာကို … သတိမရဘဲ ရှိပါ့မလားအေ … ဒါပေမယ့်ပေါ့အေ … တစ်ခါတစ်လေတော့လည်း ဘ၀ဆိုတာ ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာတတ်တဲ့အမျိုး မဟုတ်လားအေ့ … သူ့ကိုလွမ်းလို့တွေ့ချင်တိုင်း သူ့အိမ်ရှေ့မှာ ငါမေ့လဲခဲ့ရတဲ့အဖြစ်ကို ပြန်တွေးပြီး သူ့ကို မေ့အောင် လုပ်ခဲ့ရတာပါအေ … လွမ်းစရာကို နာစရာနဲ့ ဖြေခဲ့ရပေမယ့် တစ်ခါတစ်လေတော့လည်း သူ့ကို စိတ်မနာမိတော့ ခက်သားလားအေ …

မာမီရယ် … မာမီတို့တတွေ ဘုရားမှာ ဘ၀ဆက်တိုင်း ပေါင်းဖက်ဖို့ ဆုတောင်းခဲ့ကြတာပဲ … သည်ဘ၀ မဟုတ်တောင် နောက်ဘ၀တော့ ကျိန်းသေပေါင်းရမှာပါနော် … ပေါင်းရဖို့လည်း သမီးတို့ ဆုတောင်းပေးကြပါရဲ့ …

ကဲ … ညဥ့်လည်းနက်ပြီ … ပွဲခင်းလည်း ကောင်းနေပြီ … ညည်းတို့ သွားကြည့်ကြတော့ချေလေ … သည်နေ့တစ်နေ့လုံးညည်းတို့လည်း ငါ့စကားတွေ နားထောင်ရင်း ပျင်းနေကြရော့မယ်မဟုတ်လား …

မပျင်းရပါဘူး မာမီရယ် … သမီးတို့ဖြင့် မာမီ့စကားတွေ နားထောင်ရင်း ရင်တွေဖိုလိုက် ပျော်လိုက် … ၀မ်းနည်းလိုက် … စိတ်မကောင်းဖြစ်လိုက်နဲ့ … ပျင်းရတယ်လို့တောင် မထင်ပေါင် …

မပျင်း ပျင်းပျင်း အခုတော့ သွားမှရမယ် မိငွေရေ … ပွဲခင်းသိမ်းသွားတော့မှ သူငယ်နဲ့မတွေ့ဘဲ အမှိုက်သိမ်းအဖိုးကြီးနဲ့ညားနေရော့မယ် … မာမီရေ … သမီးတို့ သွားမယ်နော် …

မိလှက မိငွေကို ဆွဲပြီး တချိုးထဲ ပွဲခင်းဘက် ပြေးကြတော့သည် ။ ခမျာများ ပျော်ချင်ကြရော့မည် ။ ပွဲခင်းကလည်း လူတွေစည်ကားနေကြသည်ဆိုတော့ ငယ်ရွယ်သူတွေအဖို့ ကြည့်ချင်ရက်လက်တို့ ဖြစ်နေကြရော့မည်မဟုတ်လား ။

မိငွေပြောခဲ့သော စကားလေးတစ်ခွန်းကိုတော့ မာမီမြင့် အမှတ်ထင်ထင်ရှိခဲ့မိပါသည် ။ သည်ဘ၀မဟုတ်တောင် နောင်ဘ၀တော့ ကျိန်းသေပေါင်းရမတဲ့လား ။ ညည်းပြောသလိုသာ ဖြစ်လိုက်ချင်ပါဘိတော့ မိငွေရယ်ဟုသာ မာမီမြင့် တိုးတိုးလေး ညည်းမိရသည် ။ သည်လိုညမျိုးမတော့လည်း တစ်ခါတုန်းက သူ့ကို ချစ်စကားတွေ တီတီတာတာ ပြောခဲ့ဖူးသော ကိုကံအေးကို သတိအရသားရယ် ။

ပြန်မရတော့သော အချိန်တွေက သူ့ဘာသာသူ အတိတ်ဟူသော အကန့်တစ်ခုထဲတွင် ရှိနှင့်ခဲ့ပြီးပြီမဟုတ်လား ။ သည်ဘ၀မှာတောင် သည်လောက်ကြေကွဲနေရသည်မို့ နောက်ဘ၀တွေရှိလျှင်လည်း မာမီမြင့်တစ်ယောက် ထပ်ကြေကွဲဖို့ မရဲနိုင်တော့ပါ ။ ရေစက်ရှိသေးလျှင်တောင် ပေါင်းနိုင်ဖို့ကံပါမှ နောင်ဘ၀ ရေစက်ဆုံပါရစေဟု မာမီမြင့် ဆုတောင်းခဲ့မိပါသေးတော့၏ ။

ခြေခင်းလက်ခင်းလေးဆန့်ကာ အိပ်ရာဝင်ဖို့ ပြင်ဆင်တော့ လမင်းကြီးပင် ထိန်ထိန်ကြီးသာနေခဲ့ပြီ ။ နောင်နှစ် နိုဝင်ဘာ မိုးရွာလျှင်တော့ မငိုမိဖို့ ထိန်းချုပ်ရဦးမည်ဟု မာမီမြင့် တွေးထားမိပါတော့သည် ။

ပြီး … (မင်းခန့်နိုင်)

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...