(၁)
နည်းနည်းတော့ ဆန်းသည်ဟု ဆိုရမည် ။ ဒဂုံတက္ကသိုလ် တစ်ခုလုံး ထွန်းဝေကို သိကြသည် ။ သိကြရသည်မှာလည်း ခိုင်လုံသည့် အကြောင်းတစ်ခုကြောင့်ဖြစ်သည် ။ ထွန်းဝေတစ်ယောက် စိတ်ဖတ်တတ်သည် ။ ထွန်းဝေစိတ်ဖတ်တတ်ပုံက တစ်မျိုးတစ်ဘာသာတော့ ဆန်းသည် ဆိုရမည် ။
လူတစ်ယောက်၏ လက်ကို သူ့လက်နှင့် ဆုပ်ကိုင်လိုက်သည်နှင့် ထိုလူ၏ အတွင်းစိတ်ထဲတွင် ဘာတွေးနေမှန်း ထွန်းဝေ ဒက်ထိ သိနေတတ်သည် ။ ထွန်းဝေ၏ အရင်းနှီးဆုံး သူငယ်ချင်းအချို့က စမ်းသပ်ကြည့်ကြသည် ။ ထွန်းဝေကို လက်ပေးကိုင်ပြီး သူတို့စိတ်ထဲတွင် ရှိသော စကားတစ်ခွန်းကို ပြောလိုက်သည်နှင့် ထွန်းဝေတစ်ယောက် ထိုသူ ဘာပြောနေမှန်းကို သိလေသည် ။
ထွန်းဝေက ၀တ်ပုံစားပုံခေတ်မဆန်ပါ ။ သို့သော် သပ်သပ်ရပ်ရပ်ရှိလှသည် ။ အများသောအားဖြင့် လည်ကတုံးအဖြူကို ပုဆိုးအကွက်စိပ်အရောင်စုံနှင့် တွဲဖက်ဝတ်တတ်သည် ။ အသားလေးက လတ်ပြီး မျက်နှာလေးက ကြည်စင်သောကြောင့် ချောမောသူရယ်လို့ လူတကာက မှတ်ချက်ပေးခြင်းခံရသူဖြစ်သည် ။
ထွန်းဝေက သူ့မွေးနေ့တိုင်း သက်သက်လွတ်စားသည် ။ ဥပုသ်စောင့်သည် ။ အခြားနေ့တွေဆိုလျှင် ငါးပါးသီလတော့ နေ့တိုင်းလုံအောင် ထိန်းသူဖြစ်သည် ။ သူငယ်ချင်းများကြားတွင်လည်း စိတ်သဘော ပြည့်သူမို့ ချစ်ခင်ကြသူများသည် ။
ထွန်းဝေအသက်က ဆယ့်ရှစ်နှစ် ။ ဒုတိယနှစ် သင်္ချာကျောင်းသားဖြစ်သည် ။ ချစ်သူဆိုသည်မှာ မူးလို့ပင် ရှူစရာမရှိသေး ။ အမြဲတမ်း ထူးဆန်းမှုများ ဖြစ်လေ့ရှိသော ထွန်းဝေ၏ ဘ၀ထဲသို့ အချစ်ဆိုသည့်အရာ ၀င်ရောက်လာပုံကလည်း အထူးအဆန်းနိုင်လှပေသည် ။
(၂)
ညီလေးရေ … ရှင်းမယ်ဟေ့ …
ကန်တင်းတွင် ထွန်းဝေတို့ သူငယ်ချင်းတစ်အုပ် နေ့လည်စာ စားပြီးသွားတော့ ပိုက်ဆံရှင်းဖို့ လှမ်းခေါ်လိုက်ခြင်းဖြစ်သည် ။ ထိုစဉ်မှာပင် အသံတစ်သံထွက်လာလေသည် ။
သည်ဝိုင်းကို ကျွန်တော် ရှင်းပါ့မယ် …
ထွန်းဝေ အသံကြားရာဘက်ကို လှည့်ကြည့်လိုက်မိသည် ။ ဒေါင်ကောင်းကောင်း မျက်ခုံးနက်နက် အသားဖြူဖြူ ၊ သည်ကောင်လေးကို ထွန်းဝေသိသည် ။ သူသွားတိုင်းမလှမ်းမကမ်းတွင် တွေ့ရလေ့ရှိသောကြောင့်ဖြစ်သည် ။ နာမည်ဖြင့် ဘယ်သူရယ် ဘယ်ဝါရယ်လို့တော့လည်း မသိပါ ။ ထွန်းဝေ မျက်မှောင်ကျုံ့ကို သူ့ကို ကြည့်လိုက်တော့ သူက ပုခုံးတွန့်ပြီး ရယ်ပြလေသည် ။
ကျွန်တော် သည်မှာ ခဏ၀င်ထိုင်မယ်နော် …
ပြောပြီး ဇိုးကနဲ ဇက်ကနဲပင် ထွန်းဝေဘေးတွင် ခုံတစ်လုံးဆွဲပြီး ၀င်ထိုင်လိုက်သည် ။ ပြီးတော့ သူ့ကိုယ်သူ မိတ်ဆက်လေသည် ။
ကျွန်တော့်နာမည် ဇေယံခပါ … အီးမေဂျာ ဒုတိယနှစ်ကပါ …
အားလုံးက ကြောင်တောင်တောင်ဖြင့် သူ့ကို ကြည့်နေကြဆဲ ။ သူက သွားကိုပင် ပိုဖြဲပြီး ရယ်ပြလိုက်သေးသည် ။ လူချောတစ်ယောက်ပဲဟု ထွန်းဝေ သူ့ကို သတ်မှတ်လိုက်သည် ။
ညီလေး … ဘယ်လောက်ကျလဲ …
ရှစ်ထောင့်ခုနှစ်ရာပါ အစ်ကို …
ရော့ …
ဇေယံခဆိုသော ကောင်လေးက တစ်သောင်းတန်ထုတ်ပေးလိုက်တော့ ထွန်းဝေ ကမန်းကတန်း တားလိုက်ရသည် ။
ဟာ … ရပါတယ် … ကျွန်တော်တို့ ကိုယ်စားတာကိုယ်ရှင်းနေကြပါ …
မဟုတ်ပါဘူး ထွန်းဝေရဲ့ … မိတ်ဖြစ်ဆွေဖြစ် ကျွေးတာပါ … အဲ … မင်းက စိတ်ဖက်တာ နာမည်ကြီးတယ်ဆိုတော့ ငါအခု ဘာတွေးနေလဲဆိုတာ မင်း ငါ့လက်ကို ကိုင်ပြီးဖတ်ပေးနိုင်မလား …
အာ … ငါ အခုအချိန် စိတ်မဖတ်ချင်သေးဘူး …
ငါတောင်းဆိုတာပါ … သူငယ်ချင်းဖြစ်တဲ့အထိမ်းအမှတ် အပျော်ပေါ့ … မဟုတ်ဘူးလား …
ဘေးနားက သူငယ်ချင်းတွေကပါ ၀ိုင်းတောင်းဆိုကြသဖြင့် ထွန်းဝေ ဇေယံ့လက်ကို ကိုင်ကာ စိတ်ဖတ်ပေးဖို့ကို နောက်ဆုံး သဘောတူလိုက်ရသည် ။
ကဲ … ရော့ … ငါ့လက်ကို ကိုင်ပြီး ဖတ်ပေးတော့ …
ဇေယံက စားပွဲထိုးလေး ပိုက်ဆံလာအမ်းသည်ကိုပင် မယူ ။ မုန့်ဖိုးဆိုပြီး ပြန်ပေးလိုက်သည် ။ သည်ကောင် ပိုက်ဆံတွေ တော်တော် ပေါနေသလားဟု ထွန်းဝေတွေးလိုက်မိသည် ။ သူ့လက်ကို ကိုင်ပြီး ဖတ်ပေးပါဆိုတော့လည်း မကောင်းတတ် ၊ ဖတ်ပေးဖို့သူ့လက်ကို ကိုင်လိုက်ရသည် ။
ဇေယံ့လက်ဖ၀ါး နုနုကလေးကို ကိုင်မိတော့ ထွန်းဝေရင်ထဲတွင် ဆက်ကနဲ ခုန်သွားမိရသည် ။ ဇေယံ့စိတ်ထဲက ပြောသောစကားကို ထွန်းဝေ အာရုံခံလိုက်မိသည် ။
ဘုရားရေ … ။ ဇေယံ့စိတ်ထဲက စကားသံကို ကြားတော့ ထွန်းဝေတစ်ယောက် မျက်နှာတစ်ခုလုံး နီရဲသွားရလေသည် ။
ငါ မင်းကို ချစ်တယ် ထွန်းဝေရယ် … တဲ့ ။
(၃)
ထွန်းဝေ … ငါ့စိတ်ထဲက စကားလုံးတွေ မင်း ဖမ်းမိရဲ့လားဟင် …
ထွန်းဝေ သူ့လက်ကို ချက်ချင်းပြန်လွှတ်လိုက်သည် ။ သူ့ကို မျက်နှာချင်းဆိုင်လိုက်ပြီးမှ ထွန်းဝေ ရှက်ကိုးရှက်ကန်း မျက်နှာ ပြန်လွှဲလိုက်ရသည် ။
အင်း …
ထွန်းဝေ … သူက ဘာတွေးနေတာတဲ့လဲ … ငါတို့ကို ပြောပြဦးလေ …
အရေးထဲ ဘေးက သူငယ်ချင်းတွေက အလိုက်မသိ လိုက်မေးနေကြသေးသည် ။ ထွန်းဝေ ရယ်ကျဲကျဲသာ လုပ်လိုက်ရသည် ။ ပြောလို့မဖြစ် ။ အရှက်တွေချည်း ဗြန်းဗြန်းကွဲမည့် အဖြစ်ပေကိုး ။ ဇေယံ့မျက်နှာက ပြုံးဖြီးဖြီး ။ ဇေယံ့မျက်နှာ ဖြီးလေလေ ၊ ဘေးက သူငယ်ချင်းတွေက သိချင်ပြီး မေးလေလေ ။ ထွန်းဝေ အတင်းငြင်းလိုက်ရသည် ။
ပြောလို့မဖြစ်ဘူးကွ … ငါ ငါးပါးသီလစောင့်ထားတော့ လိမ်မပြောချင်ဘူးကွာ … ငါ့ကို ထပ်မမေးကြပါနဲ့ …
ဒါတောင် အတင်းထပ်မေးနေကြသေးသည် ။ ထွန်းဝေ မနည်းကြီး ရှောင်ပတ်ထွက်လိုက်ရသည် ။ တော်တော်ဆိုးတဲ့ ဇေယံနှယ် ။
ထွန်းဝေ … ငါမင်းတို့နဲ့ သူငယ်ချင်း ဖြစ်သွားပြီနော် … နောင်လည်း မင်းတို့နဲ့တူတူ ကန်တင်းထိုင်မယ်နော် …
အခြားသူငယ်ချင်းတွေကပါ ကန်တင်းထိုင်ဖို့ ဇေယံ့ကို ခေါ်ကြတော့ ထွန်းဝေလည်း ခေါင်းညိမ့်လိုက်ရသည် ။ ဇေယံ့မျက်နှာက မှိုရသည့် မျက်နှာမျိုးကြီး ။ အတန်းတွေ ပြန်တက်ပြီး ညနေကျတော့ ထွန်းဝေ အိမ်ပြန်ဖို့ ကျောင်းအပြင်ကို လမ်းလျှောက်ထွက်လာသည် ။
တီ … တီ …
ဟွန်းတီးသံကြားလို့လှည့်ကြည့်တော့ ဇေယံ ။ ထွန်းဝေကို လှမ်းခေါ်နေသည် ။
ထွန်းဝေ … မင်း အိမ်ပြန်မှာ မဟုတ်လား … ငါလိုက်ပို့ပေးမယ်လေ … လာ … ကားပေါ်တက် …
ရတယ် … ငါ့ဘာသာ ဘက်စ်ကားစီးပြန်မယ် …
အာ … စကားမများစမ်းပါနဲ့ … ကားပေါ်တက် … ငါတို့က သူငယ်ချင်းတွေဖြစ်နေပြီပဲဟာကို …
ထွန်းဝေ ကားပေါ်တက်လိုက်တော့ ဇေယံက ထွန်းဝေကို ပြုံးပြီး ရွှန်းရွှန်းစားစားကြည့်နေတော့သည် ။
ဟေ့ကောင် … သိပ်မကြည့်နဲ့ … အရှေ့သာ ကြည့်မောင်း … မင်းကား ငါမစီးရဲတော့အောင် မလုပ်နဲ့ …
ဟုတ်ကဲ့ … အမိန့်တော်မြတ်အတိုင်းပါခင်ဗျာ …
ပြောင်သလိုလိုပြောပြီး ဇေယံတစ်ယောက် လေကလေးပင် ချွန်နေသေးတော့သည် ။ ဇေယံ့ကားလေးက မတ်တူးကားလေးဖြစ်သည် ။ အဲယားကွန်းကိုလည်း စိမ့်နေအောင်ဖွင့်ထားသည် ။ ဇေယံတို့က ချမ်းသာသည့် မိသားစုက ဆင်းသက်လာပုံရသည် ။
ထွန်းဝေ …
ဘာလဲ …
နေ့လည်က ငါပြောထားတဲ့ စကားလေး … ဟဲဟဲ …
တော်ကွာ … အဲ့တာထပ်မပြောနဲ့ … ငါ မသိဘူး … စဉ်းလည်း မစဉ်းစားချင်ဘူး …
ငါ မင်းဆီက အဖြေကို စောင့်နေမယ်နော် … ထွန်းဝေ …
မင်းဘာသာ စောင့်ချင်စောင့်မစောင့်ချင်နေပေါ့ … ငါ ဘာမှ မသိဘူး …
ဟာ … အဲ့လိုတော့ မလုပ်ပါနဲ့ အချစ်လေးရာ … အိမ်ပြန်ပို့ပေးတဲ့မျက်နှာလေးတော့ ထောက်ပါဦးနော် …
မင်းက ငါ့အိမ်ပြန်ပို့မယ်ဆိုရအောင် ငါ့အိမ်ရော သိလို့လား …
ကဲ … မင်းအိမ်လိပ်စာ ငါအလွတ်ရွတ်ပြမယ် … ငါ့လက်ကို ကိုင်ကြည့် … စိတ်ထဲက ရွတ်ပြမယ် …
ထွန်းဝေ သူ့လက်ကို ကိုင်လိုက်တော့ သူက ထွန်းဝေအိမ်လိပ်စာကို စိတ်ထဲက ရွတ်ပြနေသည် ။ သူ့စကားတွေကို ထွန်းဝေ အစကောက်လိုက်တော့လည်း မှန်တော့မှန်သား ။ ထွန်းဝေ ခပ်ပြုံးပြုံးလေးဖြစ်သွားရသည် ။
ငါ မင်းကို လိုက်နေတာ သုံးလလောက်ရှိနေပြီ … မင်း သတိထားမိရဲ့လား …
မင်းကိုငါ မလှမ်းမကမ်းမှာတော့ တစ်ခါတစ်ခါ တွေ့တတ်မှန်း သတိထားမိပါတယ် …
ငါ ချစ်နေတာ ကြာပြီကွ … သုံးလတောင် ကျော်နေပြီ … မင်းအဖြေပြန်ပေးသင့်နေပြီ …
ငါသိတာ သည်နေ့မှလေကွာ … မင်း မစောင့်ချင်လည်းရတယ်လေ … တခြားလူပဲ ပြောင်းကြိုက်ပေါ့ …
ဟာ … အဲ့လိုတော့ မလုပ်ပါနဲ့ကွာ … ငါက မင်းပဲချစ်တာပါ …
ထွန်းဝေ မျက်နှာကြီးရဲသွားရပြန်သည် ။ ယောက်ျားလေးအချင်းချင်း ရင်ခုန်နေသော ကိုယ့်ကိုယ်ကိုလည်း အံ့သြမိရသလိုပင် ။ လူတကာ စိတ်ကို ဖတ်ခဲ့သမျှ အခုတော့ သူ့စိတ်ကို လာဖတ်နေသော ဇေယံနှင့် ဆုံလိုက်ရတော့ ထွန်းဝေ ရင်ထဲ တစ်မျိုးလေးတော့ ဖြစ်မိရလေသည် ။
ထွန်းဝေ အိမ်ရှေ့ရောက်တော့ ကားတစ်စီးရပ်ထားလေသည် ။ မတ်တူးကား အဖြူရောင်လေး ။ ဇေယံ့ကားနှင့် ပုံစံတူပဲဖြစ်သည် ။
ထွန်းဝေ … အဲ့တာ မင်းတို့အိမ်က ကားလား …
မဟုတ်ပါဘူး … ဧည့်သည်ရောက်နေတာ ဖြစ်လိမ့်မယ် …
ကားနံပါတ်က တိုက်ဆိုင်လိုက်တာ … ငါ့ကားနဲ့ နောက်ဆုံးတစ်လုံးပဲလွဲတယ် …
ထွန်းဝေကားပေါ်ကဆင်းပြီး ဇေယံ့ကားနံပါတ်ကို ကြည့်လိုက်တော့ တကယ် ဇေယံပြောသည့်အတိုင်းပင် ။ ထွန်းဝေပင် အံ့သြသွားမိရသည် ။
ထွန်းဝေ … မနက်ကျ ငါမင်းကို လာကြိုမယ်နော် … မင်းဖုန်းကို ငါဆက်လိုက်မယ် … နံပါတ်သိလို့လားလို့ မမေးနဲ့ … မင်း ငါ့လက်ကို ထပ်ကိုင်ရင် ငါ အလွတ်ရွတ်ပြပေးမယ် …
တော်ပါကွာ … အသားကိုယူလွန်းတယ် … ငါ သွားပြီ … ဘာပဲဖြစ်ဖြစ် လိုက်ပို့ပေးတာ ကျေးဇူးပဲနော် …
ဇေယံက ထွန်းဝေကို မျက်စိမှိတ်ပြလိုက်ပြီး ကားမောင်းထွက်သွားသည် ။ ထွန်းဝေတစ်ယောက် ရင်တွေ ခုန်ကျန်ခဲ့ရသည် ။ ဇေယံ့ကားလေးကတော့ မျက်စိအောက်က ပျောက်သွားခဲ့ပြီ ။ သို့သော် ဇေယံ့ပုံရိပ်တွေက နှလုံးသားထဲ ထင်ကျန်နေခဲ့လေသည် ။
(၄)
အိမ်ထဲရောက်တော့ တစ်ခါမှ မတွေ့ဖူးသော လူတစ်ယောက်ကို ကိုပိုင်နှင့်အတူ တွဲတွေ့လိုက်ရသည် ။ ကိုပိုင်ထွန်းက ထွန်းဝေ၏ အစ်ကိုအရင်းဖြစ်သည် ။ ထွန်းဝေထက် ငါးနှစ်ကြီးသည် ။ အိမ်ထဲတွင် တွေ့လိုက်ရသောသူက ကိုပိုင့်သူငယ်ချင်းပင်ဖြစ်လိမ့်မည်ထင်သည် ။
ဟာ … ထွန်းထွန်း … မင်းသည်နေ့စောလှချည်လား …
ကိုပိုင်က ထွန်းဝေကို ထွန်းထွန်းဟုသာ ခေါ်တတ်သည် ။ ထွန်းဝေ ကိုပိုင့်ကို ပြန်ဖြေရင်း ထိုလူကို အကဲခတ်မိလိုက်သည် ။
ဟုတ်တယ်ကိုပိုင် … သည်နေ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကားကြုံရှိလို့လိုက်လာတာ …
အော် … အေးအေး … ဒါက အစ်ကို့သူငယ်ချင်းလေ … သုထက်ဇေယျတဲ့ … သူ့အဖေအလုပ်မှာပဲ ကူနေတာ … သူတို့အလုပ်က ဆန်ပွဲရုံဆိုတော့ ဖျာပုံဘက်မှာ နေတာများလို့ … အခုတော့ ဖျာပုံမှာ စိတ်ချရတဲ့သူနဲ့ ထားပြီး ရန်ကုန်မှာ လုပ်ငန်းလာချဲ့တာတဲ့ …
ဟုတ်ကဲ့ ကိုပိုင် …
ဟေ့ကောင် … ငပိုင် … မင်းညီက မင်းနဲ့တခြားစီပဲ … လူချောလေးပဲကွ … ဟားဟား …
ကိုသုထက်က နောက်သလိုပြောင်သလို ပြောလိုက်သော်လည်း ထွန်းဝေတစ်ယောက် ရှက်သွားရသည် ။ ကိုပိုင်ကတော့ တဟားဟားပဲရယ်နေသည် ။
တွေ့ရတာ ၀မ်းသာပါတယ် ကိုသုထက် …
နိုက်စ်တူမိယူပါ ညီလေးထွန်းဝေ … ရှိတ်ခ်ရှိတ်ခ် …
ပြောပြောဆိုဆိုနှင့် ကိုသုထက်က လက်ကမ်းပေးလေသည် ။ အနောက်တိုင်းဆန်ဆန်နှုတ်ဆက်ခြင်းသာ ဖြစ်သော်လည်း ထွန်းဝေ သူ့လက်ကို ကိုင်ရမည်ကို ရင်ခုန်သလိုလို ရှိမိရသည်က အဆန်းဖြစ်နေသည် ။
လက်ချင်းထိလိုက်ကြတော့ ထွန်းဝေရင်ထဲတွင် ဒိတ်ကနဲ တစ်ချက်ဆောင့်ခုန်သွားလေသည် ။ ထို့အတူ ကိုသုထက်၏ ရင်ထဲက စကားကိုလည်း ထွန်းဝေကြားလိုက်ရသည် ။
ချစ်စရာကောင်းလိုက်တာကွာ … ငါ့ချစ်သူဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ … တဲ့ ။ ဘုရားရေ ။ ကိုသုထက်၏ စိတ်ထဲက စကားတွေက ထွန်းဝေအတွက် ရည်းစားစကားတွေ ဖြစ်နေပါ့လား ။ ထွန်းဝေ ရင်ခုန်ကာ မျက်နှာရဲသွားရပြန်လေသည် ။
ဟေ့ကောင် … ထွန်းထွန်း … သည်ကောင် ဘာတွေ တွေးနေသလဲ … ပြောစမ်း …
ဘာကိုဆိုလိုတာလဲကွ … ငပိုင် ရ …
ဟားဟား … ငါ့ညီက စိတ်ဖတ်တတ်တယ်လေ … အခု မင်း ဘာတွေးနေလဲဆိုတာ မင်းလက်ကို ကိုင်လိုက်တာနဲ့ ထွန်းထွန်းက သိပြီးသားကွ … မင်း ကြိုသိရင် ဘာမှ မတွေးဘဲနေနေမှာစိုးလို့ ကြိုမပြောတာ … ထွန်းထွန်း … ညီလေး … ပြောစမ်း … သည်ကောင် ဘာတွေးနေလဲဆိုတာ …
ထွန်းဝေ ဘာမှ ပြန်မဖြေနိုင်ဘဲ မျက်နှာကြီးရဲနေရသည် ။ ပြီးတော့ ရယ်ပြီး မုသားလည်း မပါအောင် စကားကို အဆင်ချောအောင် ပြောလိုက်ရသည် ။
ဘာမှတ်မဟုတ်ပါဘူး ကိုပိုင်ရယ် … ပေါက်တက်ကရတွေပါ …
ကိုပိုင်က ပေါက်တက်ကရတွေဟူသော စကားကို ကြားတော့ တဟီးဟီးတဟားဟားရယ်နေသည် ။ ကိုသုထက်ကလည်း ရောရောယောင်ယောင် ရှက်ရယ် လိုက်ရယ်သည် ။ ထွန်းဝေကိုတော့ တစ်ချက်တစ်ချက် ခိုးကြည့်ပြီး မျက်လုံးချင်းဆုံပြန်တော့လည်း ခေါင်းပြန်ငုံ့သွားပြန်သည် ။
ကိုသုထက်က ဇေယံလောက်တော့ မှုန်နေအောင် မချော ။ သို့သော် ဇေယံထက်တော့ ယောက်ျားပီသကာ ကြည့်ကောင်းသည် ။ ကိုယ်ခန္ဓာ တောင့်တင်းကာ အသားခပ်ညိုညို ၊ နှာခေါင်းပွပွ မေးရိုးခပ်ကားကားဖြစ်သည် ။ နယ်တွင် ပွဲရုံလုပ်ရသူဆိုတော့ တောင့်တောင့်တင်းတင်းကိုယ်ခန္ဓာက အထူးပင် ကျင့်ယူရမည်မထင် ။ ဆန်အိတ်တွေဘာတွေ ကိုယ်တိုင်သယ်ထားသည့် ကိုယ်လုံးမျိုးဖြစ်သည် ။
သူ့ရင်အုပ်ကားကားဆီက အမွှေးလေးတစ်စွန်းတစ်စကိုမြင်တော့ ထွန်းဝေ ရှက်ကာ မျက်နှာလွှဲလိုက်မိရသည် ။ ကိုသုထက်က ဇေယံ့လောက်တော့ အရပ်မမြင့် ။ ဇေယံ့လောက်သာ အရပ်မြင့်လျှင် ပိုကြည့်ကောင်းလိမ့်မည်ဟုပင် ထွန်းဝေ တွေးမိလိုက်သေးတော့သည် ။
ဟေ့ကောင် … ငပိုင် … ငါပြန်တော့မယ် … အိမ်မှာ အလုပ်ရှိသေးလို့ … ညီလေးထွန်းဝေ … အစ်ကို ပြန်ပြီနော် …
ဟုတ်ကဲ့ အစ်ကို …
ကိုသုထက်က ရှက်ကိုးရှက်ကန်းဖြင့် စကားဖြတ်ပြီး သုတ်ကနဲ ထပြန်တော့လေသည် ။ ထွန်းဝေတစ်ယောက် ရင်တွေ ခုန်ပြီး ကျန်ခဲ့ရလေသည် ။
ညဘက် အိပ်ယာထဲရောက်တော့ ထွန်းဝေတစ်ယောက် သည်နေ့တစ်နေ့လုံး ထူးထူးဆန်းဆန်းတွေချည်း ကြုံခဲ့ရပုံကို သူ့ကိုယ်သူ အံ့သြနေမိလေသည် ။ ချစ်သူမရှိတုန်းက လုံးဝမရှိခဲ့ဘဲ အေးအေးဆေးဆေးဖြစ်ခဲ့သော သူ့ဘ၀ ၊ အခု သူ့ကို ချစ်သည်ဆိုသောသူတွေ ရောက်လာသည် ။ ရောက်လာပြန်တော့လည်း နှစ်ယောက်လုံး တစ်ရက်ထဲ ရောက်လာခြင်းပင် ။
သည်ညတော့ ဇေယံ့ဆီက ဖုန်းလာလိမ့်မည်ထင်သည် ။ သည်သို့တွေးနေစဉ်မှာပင် ဖုန်းကောလ်တစ်ခု ၀င်လာလေသည် ။ ထွန်းဝေ ဖုန်းကို ကောက်ကိုင်လိုက်လေသည် ။ မျှော်လင့်ထားသလို ဇေယံ့ဆီက မဟုတ် ။ မထင်မှတ်ထားသော သူဆီက ဖြစ်နေလေသည် ။
(၅)
ဟဲလို …
ညီလေးထွန်းဝေလား … အစ်ကို သုထက်ဇေယျပါ …
ဗျာ … ဟို … ကိုသုထက် … ဟုတ်လား … ကျွန်တော့်ဖုန်းနံပါတ်ကို … အဲ …
ညီလေး အစ်ကိုဆီက ရတာပါ … သူ့ကို အစ်ကိုက ပြောလိုက်တယ်လေ … ညီလေးတို့ သင်္ချာမေဂျာမှာ အစ်ကို ချစ်နေတဲ့လူရှိနေလို့လို့ … ငပိုင်က ဖုန်းနံပါတ်ပေးတော့တောင်ပြောလိုက်သေးတယ် … ငါ့ညီက အောင်သွယ်တာ တော်တယ်တဲ့ … သေချာအောင်သွယ်ခိုင်းလိုက်နော်တဲ့ …
ဟုတ်ကဲ့ပါ ကိုသုထက် … ကျွန်တော်က ဘယ်သူနဲ့ အောင်သွယ်ပေးရမလဲ … ပြောလေ …
ဟိုကောင်လေးနဲ့ပါ ညီလေး … သူ့နာမည်က ထွန်းဝေတဲ့ …
ဟာဗျာ … ပေါ်တင်ကြီးပါလား …
ပေါ်တင်ကြီးပဲဗျာ … အစ်ကို မထိန်းနိုင်တော့ဘူး … ညီလေး သည်စနေနေ့ ဘုရားသွားမှာ မဟုတ်လား … ညီလေးက မွေးနေ့တိုင်း ဘုရားတက်နေကြဆို … သည်တစ်ပတ် ဘုရားတက်ရင် အစ်ကိုပါ လိုက်ပါရစေနော် … ဘုရားမှာ ပေါင်းဖက်ရဖို့ ဆုတောင်းချင်လို့ပါ …
ဗျာ … ညီ ကိုယ့်ဘာသာ သွားလိုက်ပါ့မယ် ကိုသုထက် …
အစ်ကို လိုက်ပို့ပေးချင်လို့ပါဗျာ … အိမ်ကို လာခေါ်ပါ့မယ် … စနေနေ့ မနက်စောစော … ငပိုင်ကိုတောင် ပြောထားပြီးပြီ …
ဗျာ … ကိုပိုင့်ကို ပြောထားတယ် … ဟုတ်လား …
သြော် … သည်လိုပါ ညီလေးရယ် … စနေနေ့ ငါဘုရားသွားချင်လို့ အဖေါ်လိုက်ပေးလို့ပြောတာ … သည်ကောင်က မလိုက်ဘူးတဲ့ … ထွန်းထွန်းကတော့ စနေတိုင်း ဘုရားတက်နေကျတဲ့ … ငါ့ညီသာ ခေါ်သွားလိုက်တဲ့ … ယောက်ဖကိုယ်တိုင်က ခွင့်ပေးတာပါဗျာ …
ဟားဟား … ဘယ်သူက ဘယ်သူ့ကို ကြိုက်တယ်ပြောသေးလို့လဲ … ယောက်ဖတဲ့ … ပိုင်လှချည်လားဗျာ …
အခုချက်ချင်း အဖြေတောင်းရင် ညီလေး ငြင်းလိုက်မှာစိုးလို့ အဖြေမတောင်းသေးတာပါဗျာ … အစ်ကို့ကို ကြိုးစားခွင့်တော့ ပေးမယ်မဟုတ်လား …
စကားတတ်တိုင်းပြောနေပြန်ပါပြီဗျာ … ဟုတ်ပါပြီလေ … ကိုပိုင် ကိုယ်တိုင်ကလည်း အဖေါ်လိုက်ဖို့ ထည့်ထားတာဆိုတော့ လိုက်ခဲ့ပါ့မယ်ဗျာ …
ဝမ်းသာလိုက်တာ ညီလေးရာ … ဂွတ်နိုက်နော် … ချစ်တယ် …
ကိုသုထက်က သူပြောချင်ရာပြောပြီးဖုန်းချသွားသည် ။ ဖုန်း ကွန်းတက်တွင် ကိုသုထက်ဆိုပြီး ထွန်းဝေမှတ်ထားလိုက်ရသည် ။ မှတ်နေစဉ်မှာပင် နောက်ထပ်ဖုန်းတစ်ကောလ် ၀င်လာလေသည် ။ ဖုန်းကိုင်လိုက်တော့ ဇေယံ့အသံကို ကြားလိုက်ရသည် ။ ဇေယံ ကျွဲမြီးတိုနေပြီထင်သည် ။
ထွန်းဝေ … ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ …
အစ်ကို့သူငယ်ချင်းနဲ့ပြောနေတာ … ဘာလို့လဲ …
အကြာကြီးပဲကွာ … ငါခေါ်နေတာ ကြာလှပြီ …
ထွန်းဝေ ပြုံးလိုက်မိသည် ။ ချစ်သူတောင် မဖြစ်သေးဘူး ။ သ၀န်တိုတာက အရင်ပါလား ။ သည်ကောင်က အလာကြီးပဲဟု တွေးမိလိုက်သောကြောင့်ဖြစ်သည် ။
စိတ်မရှည်လည်း မခေါ်နဲ့လေ … ငါ အတင်းမခေါ်ခိုင်းပါဘူး …
ဟာ … ထွန်းဝေရာ … ပြောရက်လိုက်တာကွာ … ငါ့မှာမင်းကို ဖုန်းခေါ်ချင်လွန်းလို့ … မင်း အားမယ့်အချိန်ကို မှန်းပြီးခေါ်ရတာ …
သည်လိုကျတော့လည်း ထွန်းဝေပင် ပြန်သနားရတော့မလိုလိုဖြစ်နေလေသည် ။
ကဲပါ … ပြော … ဘာဖြစ်နေလို့လဲ …
သည်တစ်ပတ် စနေကို မင်းနဲ့ တူတူ ဘုရားသွားချင်တယ် …
ငါ မအားဘူး … သွားဖို့ ချိန်းထားပြီးပြီ …
ဘာ … ဘယ်သူနဲ့ ချိန်းထားတာလဲ …
ငါ့အစ်ကို သူငယ်ချင်းနဲ့ပေါ့ … ဘာဖြစ်လို့လဲ …
အာ … မသွားရဘူးကွာ … ငါ ပေးမသွားဘူး …
အမလေးဗျာ … ချစ်သူမဟုတ် ဘာမဟုတ်ကို … ငါ့များ ချုပ်ချယ်ချင်တယ်ပေါ့လေ …
မသိဘူးကွာ … မသွားစေချင်ဘူး …
ငါကတော့ သွားဖို့ပြောပြီးပြီ … ကတိကို မဖျက်ချင်ဘူး ဇေယံ … ငါ သွားမှာပဲ …
မသိတော့ဘူးကွာ … မင်းသဘောပဲ … ဒါပေမယ့် မနက်ဖြန်တော့ ငါမင်းကို ကျောင်းသွားဖို့ လာခေါ်မယ် … စောင့်နေ … ဒါပဲ …
ပြောပြီး ဇေယံ ဖုန်းချသွားတော့ ထွန်းဝေ ရယ်မိရသေးသည် ။ သူ့ဘ၀တွင် ထူးထူးဆန်းဆန်းတွေက ဖြစ်ပဲဖြစ်နိုင်လွန်းချည့်လို့လဲ တွေးမိသည် ။
သူ့ဘ၀သည် ဆန်းကြယ်သည်ဟုတော့ ပြောလို့ရသည် ။ သူ့ကို ကိုယ်ဝန်ရှိစဉ်က သူ့အမေ အိပ်မက်မက်ခဲ့သည် ။ ထိုအိပ်မက်ထဲတွင် ဖိုးသူတော်ကြီးတစ်ပါးက သူ့အမေလက်ထဲသို့ ရတနာတွေ ထည့်ပေးသည်ဟု မက်ခဲ့သတဲ့ ။ ထိုသို့ နိမိတ်ထူးသောကြောင့်လည်း သူ့ကို မွေးလာတော့ ဂရုတစိုက်နှင့် စောင့်ကြည့်ခဲ့ကြသည် ။
သူ့အသက် ဆယ်နှစ်လောက်တွင်မူ သူ့စိတ်ဖတ်တတ်မှု စွမ်းအင်ကို သူ့ဘာသာ သိလာခဲ့ရသည် ။ သူ့မိဘများပင် အံ့သြရသည်အထိ ဖြစ်ခဲ့ရသည် ။ ဘယ်သူတွေ ဘာတွေးနေသည်ဆိုသည်ကို ထွန်းဝေတစ်ယောက် လက်ကိုင်လိုက်သည်နှင့် ဒက်ကနဲ သိနေခဲ့လေသည် ။
သည်နေ့တော့ ထူးထူးခြားခြား ယောက်ျားလေးနှစ်ယောက်၏ လက်ကို ကိုင်ခဲ့မိသည် ။ နှစ်ယောက်လုံးဆီကလည်း ချစ်စကားကို ဖတ်မိခဲ့ရသည် ။ ထိုတစ်ညလုံး ထွန်းဝေတစ်ယောက် ရင်ခုန် စိတ်လှုပ်ရှားနေသဖြင့် တော်ရုံနှင့် အိပ်မပျော်ခဲ့ပါပေ ။
(၆)
သည်နေ့ စနေနေ့ … ။
ထွန်းဝေတစ်ယောက် အစောကြီးနိုးနေခဲ့သည် ။ ကိုယ်လက်သန့်စင်ကာ ဘုရားသွားဖို့ ပြင်ဆင်ပြီးချိန်တွင် ကိုသုထက်ဆီမှ ဖုန်းဝင်လာသည် ။ သူ အိမ်ရှေ့ ရောက်နေပြီတဲ့ ။
ထွန်းဝေ ထွက်လာခဲ့တော့ အိမ်ရှေ့တွင် ကိုသုထက်ကားကို တွေ့လိုက်ရသည် ။ ကားပေါ်တက်ခါနီး အနောက်တွင် ရပ်ထားသော ကားကို မြင်ဖူးသလို ရှိသည်နှင့် ထွန်းဝေ လှမ်းကြည့်လိုက်မိသည် ။ အားပါးပါး ။ ဇေယံ့ကားဖြစ်နေသည် ။
ထွန်းဝေ ကားပေါ်တက်ပြီး ကိုသုထက်က ကားကို စထွက်တော့ အနောက်က ဇေယံ့ကားကလည်း ထပ်ကြပ်မကွာ လိုက်ပါလာသည် ။ ထွန်းဝေက အနောက်ကို လှည့်တကြည့်ကြည့် လုပ်နေသောကြောင့် ကိုသုထက်ကပင် မေးယူရသည် ။
ညီလေး … အနောက်မှာ ဘယ်သူပါလို့လဲ …
မဟုတ်ပါဘူး … အသိတစ်ယောက် ကားနဲ့ တူလို့ပါ …
ရွှေတိဂုံဘုရားကြီးကို ရောက်လာခဲ့ကြသည် ။ မနက်စောစောဖြစ်သော်လည်း စနေနေ့မို့ လူနည်းနည်းများလှသည် ။ ထွန်းဝေနှင့် ကိုသုထက်တို့ ကားပေါ်က ဆင်းလာတော့ ဇေယံကပါ သူ့ကားပေါ်က လိုက်ဆင်းလာသည် ။
ဘာစကားတစ်ခွန်းမှတော့ မပြော ။ သို့သော် သူတို့ သွားရာအနောက်သို့ တကောက်ကောက် ပါလာလေသည် ။ ဘုရားရှိခိုးတော့လည်း မလှမ်းမကမ်းက လိုက်ရှိခိုးသည် ။ ဂြိုလ်တိုင်မှာ ပန်းကပ်တော့ ကိုသုထက်က တမင်အသားယူပြီး ပန်းစည်း ကိုင်သလိုလိုနှင့် ထွန်းဝေ၏ လက်ကို လာကိုင်သည် ။
သူ့လက်လာထိလို့ စိတ်ဖတ်ကြည့်လိုက်တော့ အရမ်းချစ်တယ် ညီလေးထွန်းဝေရယ်တဲ့ ။ ထွန်းဝေ ပြုံးလိုက်မိပြီး ဇေယံ့ဘက်ကို ကြည့်လိုက်မိတော့ ဇေယံ့မျက်နှာကြီး စူပုပ်ပြီး နှာခေါင်းကြီးလည်း ရှုံ့နေလေသည် ။ ဇေယံ့မျက်နှာကြီးကို မြင်လိုက်မှ ပိုရယ်ချင်သောကြောင့် မရယ်မိအောင် အောင့်ထားရသေးသည် ။
ဘုရားဖူးပြီး ကားရပ်သည့်နေရာကို ပြန်ရောက်လာကြသည် ။ ဇေယံလည်း အနောက်က လိုက်ပါလာလေသည် ။ ထွန်းဝေ ကားထဲကို ၀င်တော့မည် လုပ်တော့ ဇေယံက ထွန်းဝေလာကို လာဆွဲလေသည် ။
ထွန်းဝေ … ငါ့ကားပေါ်တက် …
ဇေယံ့အသံက ခပ်မာမာပင် ။ ထွန်းဝေ ကြောင်အစွာ ဇေယံ့ကို ကြည့်လိုက်မိသည် ။ ကိုသုထက်က ထွန်းဝေလက်ကို ဇေယံဆွဲနေသည်ကို မြင်တော့ မျက်မှောင်ကျုံ့ကာ ကြည့်ပြီးမေးတော့သည် ။
မင်း … ဘယ်သူလဲ … ထွန်းဝေကို ဘာလို့လာဆွဲနေတာလဲ …
ကျွန်တော်က ထွန်းဝေနဲ့ ချစ်သူတွေ ဖြစ်တော့မယ့်လူပဲ …
ဇေယံ … မင်း ဘာတွေ လျှောက်ပြောနေတာလဲ …
ထွန်းဝေ ဇေယံ့ကို အမြန်တားလိုက်ရသည် ။ တော်ကြာ ကိုသုထက်ဆီကနေ ကိုပိုင့်နားထဲ ဇေယံ့သတင်းတွေ ရောက်သွားလျှင် ထွန်းဝေအတွက် လုံးဝမကောင်းနိုင်ဘူး မဟုတ်လား ။
သည်မှာ ဇေယံဆိုတဲ့ မောင်ရင် … ထွန်းဝေနဲ့ အစ်ကိုနဲ့က အခု မနက်စာသွားစားကြမလို့ … အဲ့တော့ မင်း လာမနှောင့်ယှက်ပါနဲ့လို့ပဲ အစ်ကို မေတ္တာရပ်ခံချင်တယ် …
ခင်ဗျား ဘယ်သူလဲတော့ ကျွန်တော် မသိဘူး … ကျွန်တော်နဲ့ အလွန်ဆုံး အသက်ကွာလှ ငါးနှစ်ပေါ့ … မောင်ရင်တွေ ဘာတွေ လုပ်မနေပါနဲ့ … ခင်ဗျား ထွန်းဝေကို ဘုရားသွားဖို့ပဲ ခေါ်ထားတာ မဟုတ်လား … အခု ဘုရားသွားပြီးသွားပြီလေ … ဘုရားသွားပြီးနောက်ပိုင်း ထွန်းဝေကို ကျွန်တော် ခေါ်သွားခွင့်ရှိတယ် …
မင်းက အပိုင်တွက်လှချည်လားကွ … ထွန်းဝေက ငါနဲ့ မနက်စာစားမှာ … ဟုတ်တယ်မလား ညီလေး …
ကိုသုထက်က မေးလိုက်တော့ ထွန်းဝေ ဘာပြန်ပြောရမှန်း မသိ ။ ကိုသုထက်ကို ခေါင်းငြိမ့်လိုက်လျှင် ဇေယံက လူငယ်ပီပီ မိုက်ရူးရဲဆန်ဆန် ရန်တွေဖြစ်ကုန်တော့မည် ။ ဘုရားဝန်းထဲတွင် ရန်ဖြစ်မည်ကိုတော့ ထွန်းဝေ လုံးဝ မလိုလား ။ ထွန်းဝေ ဘာမှ ပြန်မဖြေဘဲ ခေါင်းသာကုတ်နေလိုက်သည် ။
တွေ့လား … ဘဲကြီး … ခင်ဗျားကို ပြန်တောင် မဖြေဘူး … ထွန်းဝေက ကျွန်တော်နဲ့ မနက်စာ သွားစားဖို့ သဘောတူလိုက်တဲ့သဘောပဲ … လာထွန်းဝေ … မနက်စာ သွားစားမယ် …
ဇေယံက ထွန်းဝေလက်ကို ဆွဲလိုက်ပြန်သည် ။ သည်တစ်ခါတော့ ကိုသုထက်က ထွန်းဝေအနားရောက်လာသည် ။ ဇေယံ ဆွဲထားသော လက်ကို ကိုသုထက်က ဖြုတ်ချပစ်လိုက်သည် ။
ဟေ့လူ … ခင်ဗျား ဘာလုပ်တာလဲ …
မောင်ရင် … မင်း အခု ပြန်သွားရင် ကောင်းမယ် … ဘုရားဝင်းထဲမှာ ညီလေးထွန်းဝေကို ဆွဲလားရမ်းလား မလုပ်ပါနဲ့ …
နှစ်ယောက်သား အခြေအနေတွေက ပိုတင်းမာလာသည် ။ ထွန်းဝေ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ ။ နှစ်ဘက်လုံးကလည်း အလျှော့ပေးကြမည့်ပုံမပေါ် ။ တစ်ယောက်နှင့် လိုက်သွားလျှင် နောက်တစ်ယေက်က အဲ့တစ်ယောက်ကို ပြဿနာ လိုက်ရှာမှာ အသေအချာပင် ။
ကဲ … ထွန်းဝေ … ဘယ်သူနဲ့ မနက်စာ လိုက်စာမှာလဲ …
ဟုတ်တယ် … ညီလေး … အစ်ကိုနဲ့ လိုက်မယ် မဟုတ်လား … ဖြေလေ …
နှစ်ယောက်လုံးက အတင်းအကျပ် မေးလာတော့ ထွန်းဝေ ဘာဖြေရမှန်းမသိတော့ ။ အမှန်တော့ မနက်စာလေးတစ်နပ်က ဘာမှ မဟုတ်လှ ။ သို့သော်လည်း သူတို့နှစ်ယောက်အတွက် သည်မနက်စာလေးတစ်ခုကပင် အနိုင်အရှုံးအဆုံးအဖြတ်လို ဖြစ်နေလေသည် ။
ထွန်းဝေ ရယ်လည်း ရယ်ချင်သည် ။ စိတ်လည်း ပျက်မိသည် ။ နှစ်ယောက်လုံး မျက်နှာကို တစ်လှည့်စီကြည့်မိသည် ။ နှစ်ယောက်လုံးက ထွန်းဝေ ဘာပြောမလဲကို စိတ်ဝင်တစား စောင့်နေကြသည် ။
ထွန်းဝေ အဆုံးအဖြတ်တစ်ခုကိုတော့ ပြတ်ပြတ်သားသားချမှဖြစ်တော့မည်ဖြစ်သည် ။
(၇)
တော်ပြီ … ငါ ဘယ်သူနဲ့မှ မလိုက်တော့ဘူး … မင်းတို့နှစ်ယောက်လုံး နေခဲ့တော့ …
ထွန်းဝေ အပြင်ဘက်ကို လမ်းလျှောက်ပြီး ထွက်မည်ပြုတော့ နှစ်ယောက်လုံးက အတင်းဝိုင်းဆွဲသည် ။
ငါနဲ့လိုက်ခဲ့ ထွန်းဝေ …
အစ်ကိုနဲ့ လိုက်ခဲ့ညီလေး …
တော်ပြီ … ကျွန်တော် တက်စီနဲ့ပဲ ပြန်တော့မယ် …
အိုကေ … အစ်ကို အလျှော့ပေးတယ် ... ညီလေး … ဇေယံနဲ့သာ လိုက်သွားတော့ … တက်စီငှားမယ်ဆိုရင် အဝေးကြီး လမ်းလျှောက်နေရဦးမှာ …
ကိုသုထက်က အလျှော့ပေးလိုက်သည် ။ ကိုသုထက်စကားကြောင့် ထွန်းဝေ အသက်ရှူချောင်ရပါသည် ။ ကိုသုထက်ကိုလည်း ကျေးဇူးတင်စွာ ကြည့်မိသည် ။
ကျေးဇူးတင်ပါတယ် အစ်ကို …
ရပါတယ် ညီရယ် … အိမ်ကိုပဲ တန်းပြန်နော် … အစ်ကို ဖုန်းဆက်လိုက်မယ် …
ဟုတ်ကဲ့ …
ကိုသုထက် ထွက်သွားတော့ ဇေယံက ထွန်းဝေကို လက်လာဆွဲသည် ။ ထွန်းဝေ ဇေယံ့ကို မိုက်ကြည့်ကြည့်ပစ်လိုက်သည် ။
မင်းတော်တော် ရှုပ်တဲ့ကောင်ပဲ …
ငါ ဘာမှ မရှုပ်ဘူး ထွန်းဝေ … မင်းသာ ဟိုဘဲကြီးနဲ့ ရှုပ်ချင်နေတာ … သူ့နာမည်က ဘယ်သူလဲ … မင်းနဲ့ ဘာပတ်သတ်လဲ …
သူ့နာမည် သုထက်ဇေယျ … ငါ့ကို ချစ်ရေးဆိုထားတဲ့လူ …
မင်း သူ့ကို ပြန်ချစ်မှာလား …
ဒါတော့ ငါ့ဆုံးဖြတ်ခွင့် … လွတ်လပ်ခွင့်ပဲလေ …
ဇေယံက ထွန်းဝေ ကားပေါ်တက်ဖို့ ကားတံခါး ဖွင့်ပေးသည် ။ ထွန်းဝေ ဇေယံ့ကို နှာခေါင်းရှုံ့ပြလိုက်ပြီး ကားပေါ်တက်လိုက်သည် ။
မင်း သူ့ကို ပြန်မချစ်ရဘူး …
အိုး … မဆိုင်လိုက်တာ … ငါ ဘယ်လို ဆုံးဖြတ်ဆုံးဖြတ် မင်းစွက်ဖက်ခွင့် မရှိပါဘူး …
ရှိတာပေါ့ … ငါက မင်းရဲ့ချစ်သူဖြစ်တော့မှာလေ …
ပိုင်လှချည်လားကွ … အခုမှ ကြိုးစားဆဲ ရှိသေးတာကို … မင်းလိုပဲ ကိုသုထက်မှာလည်း ကြိုးစားခွင့် ရှိတယ်လေ …
အိုကေ … ဒါဆို ငါ့ကို သူနဲ့ အေးအေးဆေးဆေး ပေးတွေ့ … ငါ သူနဲ့ တရားဝင် ပြိုင်ချင်တယ် …
သေချာလှချည်လား … ဇေယံရဲ့ …
သေချာတာ ဟိုဘက်တောင် လွန်သေး …
ဇေယံက လေကလေး တချွန်ချွန်နှင့် ရှိနေလေသည် ။ ထွန်းဝေ ဇေယံ့ကို မကြည်ကြည့် ကြည့်ပေးလိုက်သည် ။ ဘာပဲဖြစ်ဖြစ် ဇေယံ၏ ဂရုတစိုက် ရှိပေးမှုကိုတော့ ထွန်းဝေ သာယာမိပြန်ပါသည် ။
မနက်စာ မစားဘူးဆိုကာမှ အတင်း မနက်စာကျွေးလိုက်သေးသည် ။ မနက်စာစားတော့လည်း ထမင်းကြော်ထဲတွင်ပါသော ကြက်ကြော်ကို အရိုးသေသေချာချာ နွှင်ပေးနေသေးသည် ။ သည်လိုမျိုးလေးတွေကျတော့လည်း ထွန်းဝေ ပြုံးတုံးတုံး ဖြစ်မိရပြန်သေးလေသည် ။
(၈)
ညီ … အားတဲ့တစ်ရက် အစ်ကို့အိမ် လိုက်လည်မလားဟင် …
ကိုသုထက်က ရုတ်တရက်မေးလာတော့ ထွန်းဝေ ဘာဖြေရမှန်းမသိ ဖြစ်သွားမိသည် ။ ကိုသုထက်နှင့် သိသည်ပင် သိပ်မကြာသေးသောကြောင့် သူ့အိမ်လိုက်လည်ဖို့ကိုတော့ မချင့်ရဲသေး ။
ကောင်းပါ့မလား ကိုသုထက်ရယ် … ကျွန်တော် လိုက်မလည်ချင်သေးဘူး …
ဘာမှမဖြစ်ပါဘူး ညီရယ် … အဓိကကတော့ အစ်ကို့အမေနဲ့ ပေးတွေ့စေချင်တာ …
ဗျာ … အစ်ကို့အမေနဲ့ ပေးတွေ့မယ် … ဟုတ်လား … ကျွန်တော်တို့က ချစ်သူတွေမှ မဟုတ်သေးတာ … လိုက်တွေ့ဖို့ လိုမယ် မထင်သေးပါဘူး …
လိုက်တွေ့ဖို့တော့ လိုလိမ့်မယ် ညီလေး … အမေက ညီလေးကို သဘောကျဖို့လိုတယ်လေ …
အမ် … အဲ့ဒါက ဘာသဘောာကြီးလဲ …
အစ်ကိုက သည်အသက်အရွယ်အထိ အမေ မျက်နှာပျက်အောင် တစ်ချက်တောင် လုပ်ဖူးတာ မဟုတ်ဘူး … အမေနဲ့ ညီလေးနဲ့ တွေ့ကြည့်ပြီး အမေ သဘောကျရင် ပြီးပြီပဲ … အစ်ကိုတို့ တစ်ဘ၀ လက်တွဲလို့ရပြီ …
ဒါဖြင့်ရင် ကျွန်တော်က ကိုသုထက် အမေနဲ့ အဆင်ပြေအောင် မနေနိုင်ဘူး ဆိုရင်ကော …
ထွန်းဝေ သည်စကားပြောပြီး ကိုသုထက်ကို အကဲခတ်လိုက်တော့ သူ့မျက်နှာ ပျက်သွားလေသည် ။ ပြီးတော့ ပျာပျာသလဲလဲ တောင်းပန်လေသည် ။
ဟာ … အစ်ကို တောင်းပန်ပါတယ်ညီရာ … အဲ့လိုတော့ မလုပ်ပါနဲ့ … အမေ့ကိုတော့ အစ်ကို ငယ်ငယ်ထဲက ကြောက်လည်းကြောက်တယ် … ချစ်လည်းချစ်တယ် …
မေမေရဲ့ ဘေဘီလေးနဲ့ လာတွေ့နေပါလားဟု ထွန်းဝေတွေးလိုက်မိသည် ။ ဒါဖြင့်ရင် ကိုသုထက်တွင် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဆိုတာရော ရှိလာပါ့မလား ။ ဒါပေမယ့် အမေကို သားက ချစ်သည်ဆိုသည်ကလည်း သဘာဝကျသည် ၊ ဖြစ်သင့်ပါသည်ဟု ထွန်းဝေ လက်ခံလိုက်ရသည် ။
အိုကေလေ … ကျွန်တော် တွေ့ကြည့်ပါ့မယ် … ကိုသုထက်အိမ်မှာ ထမင်းလိုက်စားသေးတာပေါ့ …
တကယ့်တကယ် သွားဖို့ အိမ်ကို လာခေါ်တော့ ထွန်းဝေ အံ့သြသွားမိရသည် ။ ကားထဲတွင် အ၀တ်အစားတွေ ၊ အစားအသောက်တွေ ၊ အိမ်သုံးကုန် ပစ္စည်းတွေက အပြည့် ။
ကိုသုထက် … ဒါတွေ ဘာလုပ်ဖို့လဲ …
မေမေ့ကို ညီက လက်ဆောင်ပေးတယ်ဆိုပြီး ပေးရမှာလေ …
အာ … အဲ့ဒါတွေကို လိမ်ပြီးပေးရမှာလား … မပေးချင်ပါဘူး …
ခက်တယ် ညီရာ … မေမေက အိမ်ကို ဧည့်သည်လာရင် သည်လို လက်ဆောင်ပေးရင် ပိုကြိုက်တတ်တယ် … လူကြီးတွေက သည်လိုပဲလေ … ညီရဲ့ …
ကျွန်တော် ငါးပါးသီလ စောင့်ထားတယ် ကိုသုထက် … လူကြီးကို မလိမ်ချင်ဘူး … သည်မှာ ကျွန်တော် ကိုသုထက် အမေအတွက် ကော်ဖီအထုပ်ကြီးတစ်ထုပ်နဲ့ ခရက်ကာ တစ်ထုပ် ၀ယ်လာတယ် … ဒါပဲပေးလိုက်မယ် …
ကိုသုထက်က ခက်တယ် ဟုပြောပြီး ခေါင်းသာ တွင်တွင် ကုပ်နေလေသည် ။ ထွန်းဝေကလည်း လုံးဝ အလျှော့မပေး ။ အိမ်ကိုရောက်တော့ ကိုသုထက်က ကားပေါ်က ပစ္စည်းတွေ ချပြီး သူ့အမေကို လောကွတ်လုပ်တော့သည် ။
မေမေ … ဒါက မေမေ့အတွက် သားသူငယ်ချင်းက လက်ဆောင်တွေ ယူလာတာလေ …
ကိုသုထက် အမေဆိုသူကို ထွန်းဝေ အကဲခတ်လိုက်သည် ။ တော်တော်လေး သြဇာအာဏာ ပေးတတ်သည့် ပုံစံမျိုးရှိမှန်း ထွန်းဝေ အကဲခတ်မိသည် ။ ထွန်းဝေကိုလည်း ကိုသုထက်အမေက ခြေဆုံးခေါင်းဆုံးကြည့်ကာ အကဲခတ်နေလေသည် ။
အန်တီ … သည်ကော်ဖီထုပ်နဲ့ မုန့်ထုပ်ပဲ ကျွန်တော် ၀ယ်လာတာပါ … ကျန်တာတွေက ကိုသုထက်က အန်တီ့အတွက် တကူးတက ၀ယ်ပေးထားရှာတာပါ …
ထွန်းဝေ အမှန်အတိုင်းပြောချလိုက်တော့ ကိုသုထက်ရော သူ့အမေပါ မျက်နှာပျက်သွားကြသည် ။ ထွန်းဝေက စကားကို အဆင်ချောအောင် ပြန်ပြောရသည် ။
ထမင်းစားဖိတ်တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်နော် အန်တီ …
မလိုပါဘူးကွယ် … အန်တီတို့က သဒ္ဓါရှိပါတယ် သားရဲ့ … ကိုမသိတဲ့ လူဆိုရင်တောင် အဲ့လူက ငတ်နေရင် ကျွေးမွေးပြီး ကုသိုလ်ယူကြတာ အန်တီတို့မြန်မာတွေရဲ့ ဓလေ့မဟုတ်လား …
ကိုသုထက် အမေ ပြောနေသော စကားတွေက ထွန်းဝေကို ဦးတည်ချက်ရှိရှိ ပြောနေသလိုလို ။ ထွန်းဝေ ဘာမှတော့ ပြန်ပြောမနေတော့ ။ ကိုသုထက် အမေက စကားပြော တင်တင်စီးစီး ရှိလှသည်ဟုလည်း ခံစားမိရသည် ။
ထွန်းဝေ ကိုသုထက်ကို ရွေးမည်ဆိုလျှင် သည်အချက်ကြီးကို အဓိက ထည့်သွင်း စဉ်းစားရတော့မည်ဟု တွက် မိလိုက်သည် ။
ထိုနေ့က ထမင်းဝိုင်းသည် ခြောက်ခြောက်ကပ်ကပ်နိုင်လှလေသည် ။ ကိုသုထက်ကတော့ ထွန်းဝေနှင့် သူ့အမေကို စကားတွေ ပြောပြီး ရင်းနှီးသွားအောင် ဆက်ပေးနေလေသည် ။
ထွန်းဝေကိုယ်တိုင်လည်း အလိုက်သင့် လိုက်ပြောခဲ့သည် ။ သို့သော် ကိုသုထက် အမေကိုယ်တိုင်က စကားကို လိုလိုလားလားပြန်မပြောခဲ့ပေ ။ တစ်ခါဆိုလျှင် ကိုသုထက်ကိုပင် လှမ်းဟန့်လိုက်သေးသည် ။
သား … ထမင်းစားတာ စကားတွေ အရမ်းမပြောရဘူးလေ … ထမင်းစားရင်း စကားပြောရင် ဆင်းရဲတတ်တယ်ကွဲ့ …
ထွန်းဝေ ခေါင်းကိုသာ လေးလေးပင်ပင် ခါလိုက်မိတော့သည် ။
(၉)
ထွန်းဝေ ဇေယံ့ကားပေါ်ကို တက်လိုက်တော့ ဇေယံက ထွန်းဝေကို ပြုံးကြည့်သည် ။ ထွန်းဝေ မလုံမလဲဖြစ်သွားမိသည် ။
ဘာဖြစ်လို့လဲ … ငါ့ကိုယ်မှာ ဘာပေနေလို့လဲ …
မဟုတ်ပါဘူး … ငါ့ချစ်သူလေးက အရမ်းချောနေလို့ပါ …
အံမာ … မင်း ချစ်သူ ဘယ်တုန်းကများ ဖြစ်သွားရတာတုန်း …
သည်နေ့ဖြစ်တော့မှာလေ … အခုပဲ ဘုရားတူတူ တက်ကြတော့မယ့်ဟာကို …
ဟားဟား … လာလာချည်သေး … ဘုရားတူတူ တက်တိုင်းသာ ချစ်သူဖြစ်ကြေးဆို ငါ အစတည်းက ကိုသုထက်နဲ့ ချစ်သူ ဖြစ်နေပြီပေါ့ …
တော်စမ်းပါ … သူ့နာမည်ကြီး မပြောနဲ့ … မကြားချင်ဘူး …
ဘုရားပေါ်တက်ကြတော့ ထုံးစံအတိုင်း ထွန်းဝေက စနေထောင့်တွင် ပန်းကပ် ရေသပ္ပါယ်သည် ။ ဇေယံက ထွန်းဝေကို အရိပ်တကြည့်ကြည့်နှင့် ကျေနပ်နေလေသည် ။
ထွန်းဝေ သည်တစ်လော ကိုသုထက်ကို ရှောင်နေလိုက်သည် ။ ဘာပဲဖြစ်ဖြစ် ကိုသုထက်နှင့် ပတ်သက်ရတော့မည်ဆိုလျှင် သူ့မိသားစုနှင့်လည်း မဖြစ်မနေကို ပတ်သတ်ရတော့မည် ။ ထိုအခါမျိုးတွင် အဆင်မပြေဖြစ်တော့မည်ကို ထွန်းဝေ ကြိုသိနေသည် ။
ထွန်းဝေစိတ်က နည်းနည်း သူများထက်ပိုဆန်းသည် ။ တစ်ခါတစ်ခါ လက်မကိုင်ပါဘဲနှင့် ကြိုသိနေသော အရာမျိုး ရှိနေတတ်သည် ။ ကိုသုထက်တို့ မိသားစုထဲဝင်လျှင် အဆင်မပြေဖြစ်လိမ့်မည်ကို ထွန်းဝေ၏ မသိစိတ်က ကြိုသိကာ သတိပေးနေလေသည် ။
ထွန်းဝေ … ဘုရားပေါ်မှာသာ မင်းဆီက အဖြေကို ငါ ရခဲ့မယ်ဆိုရင် အတိုင်းထက်အလွန်ကို ၀မ်းသာမိမှာ … သိလား …
ငါလည်း မင်းငါ့ကို ဘုရားပေါ်မှာ သည်လို အချစ်ကိစ္စတွေ လာမပြောရင် အတိုင်းထက်အလွန် ၀မ်းသာမိမှာပဲ … သိလား …
ဟာကွာ … မင်းကလည်း … အေးပါ … ဟုတ်ပါပြီလေ … ငါ အခုတော့ မပြောတော့ဘူး …
ဘုရားပေါ်က ဆင်းပြီးတော့ ဇေယံနှင့် မနက်စာ လိုက်စားကြသည် ။ မနက်စာစားပြီးသွားတော့ ဇေယံက ထွန်းဝေနှင့်အတူ ကားလျှောက်မောင်းချင်သည်ဟု ဆိုလာသည် ။
ထွန်းဝေ … ငါတို့ ဒါပြီးရင် ကားလျှောက်မောင်းကြရအောင် …
အင်းလေ … ငါ သည်နေ့တော့ အားပါတယ် … ရတယ်လေ … မောင်းပေါ့ …
ဇေယံ မောင်းသွားသော နေရာတွေက နည်းနည်းတော့ ချောင်ကျသည် ။ ထွန်းဝေစိတ်ထဲတွင် တစ်ခုခု ဖြစ်တော့မည်ကို ကြိုသိနေသလိုလို ဖြစ်လာသည် ။
ဇေယံ … မင်း ဘယ်တွေ မောင်းနေတာလဲ …
ထွန်းဝေ မေးတော့ ဇေယံက ကားကို ရပ်ပစ်လိုက်သည် ။ ပြီးတော့ ဇေယံက ထွန်းဝေဘက်လှည့်ပြီး ထွန်းဝေကို အတင်းဖက်ကာ နှုတ်ခမ်းကို နမ်းလေတော့သည် ။
ဟေ့ကောင် … ဘာလုပ်တာလဲ … လွှတ်စမ်း … ဇေယံ … ငါ မကြိုက်ဘူးနော် … အခုချက်ချင်းလွှတ် …
ထွန်းဝေ အော်လည်းအော် တွန်းလည်းတွန်းပစ်လိုက်သည် ။ ထိုအချိန်တွင် ဇေယံ၏ လက်ကို ကိုင်လိုက်မိတော့ သူ့စိတ်ထဲက စကားတွေကို ထွန်းဝေ သိလိုက်ရသည် ။
မင်းကိုငါ ကျိန်းသေပေါက် ပိုင်ဆိုင်ရမယ်တဲ့ ။ ထွန်းဝေ ဇေယံ့ စိတ်ဓါတ်ကို မုန်းတီးသွားမိသည် ။ တစ်ဖက်လူကို အဲ့လိုအနမ်းမျိုးနဲ့ သိမ်းသွင်းရုံနဲ့ သူ့ဘက်ကို အသေအချာ ပါလာရမတဲ့လား ။ ပြီးတော့ အဓမ္မ နမ်းသော အနမ်း ။
ဇေယံ … မင်းကိုငါ သည့်ထက် မုန်းမသွားခင် ငါ့ကို အိမ်ပြန်ပို့ပါ …
ဆောရီး … ထွန်းဝေ … ငါ မှားသွားတယ် … ငါ … ငါ …
တော်ပြီ … မင်း ဘာတစ်ခွန်းမှ မပြောနဲ့တော့ …
ထွန်းဝေ အံကိုသာ ကြိတ်ထားလိုက်မိသည် ။ ဇေယံတစ်ယောက် သူ့လုပ်ရပ်မဟန်မှန်း သူ့ဘာသာ ရိပ်မိသွားလေသည် ။ ထွန်းဝေ ဇေယံ့လုပ်ရပ်ကို လုံးဝ လက်မခံနိုင်ပါပေ ။
(၁၀)
ထွန်းဝေ သည်ရက်ပိုင်း နှစ်ယောက်စလုံးကို ခဏလောက် အဆက်အသွယ် ဖြတ်ထားလိုက်သည် ။ မနက်ပိုင်း ဇေယံလာခေါ်လည်း သူ့ကားကို လိုက်မစီးတော့ ။ ကိုသုထက် အိမ်လာလည်လျှင်လည်း ကိုပိုင်နှင့်သာ စကားပြောစေပြီး ထွန်းဝေ လုံးဝ ထွက်မတွေ့တော့ ။
အဆက်အသွယ် ဖြတ်ထားတော့မှ ပိုဆိုးလာသည် ။ တစ်နေ့ အိမ်ကို ကိုသုထက် လာလည်သည် ။ ထိုအချိန်တွင် ကိုပိုင်လည်း ရှိမနေ ။ ထွန်းဝေ တံခါးတော့ ဖွင့်ပေးလိုက်သည် ။
ကိုပိုင် အပြင်သွားတယ် … ခဏနေ ပြန်လာမှာပါ …
ဦးတို့ ဒေါ်ဒေါ်တို့ရော …
ဖေဖေနဲ့ မေမေလည်း အပြင်သွားတယ် … ထိုင်စောင့်နေလေ … ကျွန်တော် အခန်းထဲ ၀င်တော့မယ် …
ထွန်းဝေ … ညီလေး … ခဏနေပါဦးကွာ … ဘာလို့ အစ်ကို့ကို ရှောင်နေတာလဲ …
ကျွန်တော့်စိတ်ထဲမှာ အဆင်မပြေနိုင်ဘူးဆိုတာ သိနေလို့ပါ … နောင်မှ ဆိုတာထက် အခုထဲက စိတ်ပိုင်းဖြတ်ထားတော့ ပိုကောင်းမလားလို့ပါ …
အစ်ကိုတောင်းပန်တယ်ကွာ … အဲ့လိုမလုပ်ပါနဲ့ …
ကိုသုထက်တောင်းပန်ရအောင် ဘာအမှားမှ မလုပ်ထားဘဲကို …
ဒါပေမယ့်လည်း ကို့အမေကြောင့် ညီလေး စိတ်မသာမယာဖြစ်ရတယ် မဟုတ်လား …
အဲ့ဒါတော့ အမှန်ပဲ … ဒါပေမယ့်လည်း အဲ့ဒါက ကိုသုထက်ရဲ့ အမှားမဟုတ်သလို ကိုသုထက် အမေရဲ့ အမှားလည်း မဟုတ်ပါဘူး …
အစ်ကို့ကို စိတ်ဆိုးပြေပါတော့ကွာ … အစ်ကို ညီလေးကို ကတိပေးပါ့မယ် …
ကတိ … ဟုတ်လား … ဘာကတိလဲ …
ညီလေးကို အစ်ကို့မိသားစုထဲကို အတင်းကြီး ဆွဲမခေါ်တော့ပါဘူးဆိုတဲ့ ကတိ …
သေချာလို့လား …
သေချာပါတယ် ညီရယ် …
ထွန်းဝေ နည်းနည်းတော့ စဉ်းစားသွားရသည် ။ သည်လိုဆိုတော့လည်း ကိုသုထက်ကို ခွင့်လွှတ်သင့်သည်ဟု တွေးမိသည် ။ ထွန်းဝေ ခေါင်းပြန်ညိတ်လိုက်ပြီး ပြေအေးလိုက်တော့ ကိုသုထက် တော်တော် ပျော်နေပုံရလေသည် ။
ထွန်းဝေ ကိုသုထက်နဲ့ အရင်လို ပြန်ပြီး တွဲသွားတွဲလာ လုပ်နေသည်ကို ဇေယံ သိသွားသည် ။ ဇေယံသိသွားလေတော့ ပြဿနာက ထပ်ဖြစ်လာတော့သည် ။ ထိုနေ့က ထွန်းဝေ ကျောင်းအပြန်တွင် ဇေယံက ထွန်းဝေ အခန်းရှေ့တွင် စောင့်နေခဲ့သည် ။
ထွန်းဝေ …
ထွန်းဝေ လှည့်မကြည့် ။ ကိုယ့်ဘာသာ ဆက်လျှောက်သွားလိုက်သည် ။ ဇေယံ အနောက်က အတင်း ပြေးလိုက်လာသည် ။
ငါခေါ်နေတယ်လေ …
မင်းလည်း ခေါ်လို့ရသလို ငါလည်း မထူးလို့ရတာပဲလေ …
အာ … မညစ်ပါနဲ့ကွာ … မင်း အခု ဟို သုထက်ဆိုတဲ့ ဘဲကြီးနဲ့ ကြိုက်နေတာလား …
ဟေ့ကောင် … ငါတို့က ရိုးရိုးသားသားပဲ သွားလာနေတာ … မင်း လာပြီး ငါ့ကို နာမည်မဖျက်နဲ့ …
ဟူး … တော်ပါသေးရဲ့ကွာ … ငါဖြင့် စိတ်ပူသွားတာပဲ …
စိတ်ပူရအောင် ငါတို့က ဘာပတ်သတ်လို့လဲ … မင်းကိုငါ သိလို့လား …
ထွန်းဝေကလည်းကွာ … စိတ်မဆိုးပါနဲ့တော့ … စိတ်ဆိုးပြေပါတော့နော် …
ငါ စိတ်ဆိုးတာမဟုတ်ဘူး … စိတ်နာတာ … အဲ့တော့ ပြေဖို့လည်း မရှိဘူး …
မင်းစိတ်ဆိုးမပြေရင် အခုလာနေတဲ့ ကားအရှေ့ကို ဖြတ်ပြေးပြမှာနော် …
ပြေးပေါ့ … ငါ ဂရုမစိုက်ပါဘူး …
ထွန်းဝေက ဇေယံ တကယ် မပြေးရဲလောက်ဘူး အထင်နှင့် ပြောလိုက်ခြင်းဖြစ်သည် ။ ဇေယံကလည်း လည်သည် ။ အရှိန်အနည်းဆုံးနှင့် လာသော ကားအရှေ့ ပြေးဝင်သည် ။ ကျောင်းဝင်းထဲတွင်မို့ ကားတိုင်းကလည်း အရှိန်လျှော့မောင်းကြသည်ပါသည် ။
တီ … တီ …
တစ်ဖက်ကားက လူက ဟွန်းတီးပြီး ထွက်ဆဲသည် ။ ထိုကားက ဘရိတ်အုပ်လိုက်သောကြောင့် ဇေယံတစ်ယောက် ဘာမှတော့မဖြစ် ။
ဟေ့ကောင် … သေချင်နေတာလား … ချီးမှပဲ …
ငါ့ဘာသာ လမ်းပေါ်တက်တာ ဘာဖြစ်တုန်း … မင်းပိုင်တဲ့ လမ်းမို့လို့လား …
ကားမောင်းသည့်လူကိုပင် ဇေယံက ရန်တွေ့နေသေးသောကြောင့် ထွန်းဝေ အတင်းဝင်ဆွဲလိုက်ရသေးသည် ။
ဇေယံ … လာစမ်းပါကွာ … ဘာလို့ သူများကို ရန်သွားစတာလဲ …
သူက ငါ့အရင်လာဆဲတာလေ …
ဆဲမှာပေါ့ … မင်းက လမ်းပေါ်တက်တာကိုး …
ဒါတော့ ငါ့ချစ်သူက စိတ်ကောက်နေတော့ သူယုံအောင် လုပ်ပေးရတာပေါ့ …
တော်စမ်းပါကွာ … စကားတတ်တိုင်း လာပြောနေတယ် … ငါတော့ မယုံပါဘူး …
မယုံရင် နောက်ကားတစ်စီး လာရင် ငါ ထပ်အတိုက်ခံပြမယ် …
တော်ပြီ ဇေယံ … ထပ်မလုပ်နဲ့တော့ … ငါ အလျှော့ပေးတယ် … ဟုတ်ပြီလား … ဒါပေမယ့် မင်းလည်း ငါ့ကို ကတိတစ်ခုပေးရမယ် …
မင်း စိတ်ဆိုးပြေမယ်ဆိုတာ သေချာရင် ငါ ကတိပေးတယ်ကွာ …
အိုကေ … ဟုတ်ပြီ … နောက်ကို ငါ အလိုမတူဘဲနဲ့ ဘယ်တော့မှ ငါ့ကို အတင်း အဓမ္မ ဘာတစ်ခုမှ မလုပ်ရဘူး … ပေးနိုင်လား …
ပေးနိုင်တယ်ကွာ … ကတိ …
အိုကေ … ဒါဆိုရင်တော့ ငါမင်းကို စိတ်ဆိုးပြေဖို့ စဉ်းစားရသေးတာပေါ့ …
ထွန်းဝေ ပြုံးပြီးပြောတော့ ဇေယံက ထွန်းဝေကို ပျော်ပြီး ပုခုံးလှမ်းဖက်သည် ။ ထွန်းဝေက အခုပဲကတိဖျက်ချင်ပြီလားဆိုသည့်ပုံဖြင့် ကြည့်လိုက်တော့ လက်ကိုပြန်ရုပ်ရှာသည် ။
ထွန်းဝေ … သည်ညနေတော့ ငါ့ကားနဲ့လိုက်နော် …
ထွန်းဝေ ခေါင်းညိတ်လိုက်မိသည် ။ ထွန်းဝေ ဇေယံ့အပေါ်တွင် စိတ်ဆိုးလည်း ပြေခဲ့လေပြီ ။
(၁၁)
ဒါက သုထက်ဇေယျတဲ့ … ဒါက ဇေယံခတဲ့ …
ထွန်းဝေ နှစ်ယောက်သားကို တစ်ယောက်နှင့် တစ်ယောက် မိတ်ဆက်ပေးလိုက်သည် ။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကမ္ဘာ့ရန်ဘက်ကြီးတွေကို ကြည့်နေကြလေသည် ။
ငါ့သဘောဆိုရင်တော့ မင်းတို့ကို မိတ်မဆက်ပေးချင်ဘူး … ဒါပေမယ့် မင်းတို့ တောင်းဆိုလွန်းလို့သာ ငါ မိတ်ဆက်ပေးရတာ …
တကယ်လည်း ထွန်းဝေကို နှစ်ယောက်စလုံးက တောင်းဆိုလာသောကြောင့်သာ သူတို့နှစ်ယောက်ကို ထွန်းဝေ မိတ်ဆက်ပေးရခြင်းဖြစ်သည် ။
တွေ့ရတာ ၀မ်းမသာပါဘူး …
ဇေယံက ရွဲ့ပြီးပြောလိုက်သည် ။ ကိုသုထက်ကလည်း ငြိမ်မခံ ။ ပြန်ပြောပစ်သည် ။
ငါက မင်းထက်တောင် ပိုပါသေးတယ် …
ငါမင်းနဲ့ ကိုသုထက်ကို ရန်ဖြစ်ကြဖို့ဆိုပြီး တေ့တေ့ဆိုင်ဆိုင် မိတ်ဆက်ပေးတာ မဟုတ်ဘူးနော် …
ထွန်းဝေက သတိပေးလိုက်ရသေးသည် ။ ဒါတောင် နှစ်ယောက်သား ကြည်ကြသေးပုံမပေါ် ။
ကျွန်တော်တို့နှစ်ယောက် နှစ်ယောက်ထဲ သီးသန့်ထပ်တွေ့ဖို့ လိုလိမ့်မယ် …
ထွန်းဝေ အိမ်သာသွားချိန်တွင် ဇေယံက ကိုသုထက်ကို တောင်းဆိုလိုက်ခြင်းဖြစ်သည် ။
အိုကေလေ … ငါ့ဘက်ကတော့ အဆင်သင့်ပဲ …
ကိုသုထက်က မထီတရီပြုံးလိုက်တော့ ဇေယံက နှာခေါင်းရှုံ့လိုက်လေသည် ။
(၁၂)
သည်အတိုင်း ပြိုင်ရတာ ပျင်းဖို့ကောင်းတယ်လို့ မထင်ဘူးလား …
ဇေယံက မေးလိုက်ခြင်းဖြစ်သည် ။ အခု ဇေယံနှင့် သုထက်တို့ နှစ်ယောက်ထဲ တွေ့နေကြခြင်းဖြစ်သည် ။ ဇေယံက သုထက်နှင့် နှစ်ယောက်ထဲ တွေ့ဖို့ ချိန်းလိုက်ကြသောကြောင့် နှစ်ယောက်သား ကော်ဖီဆိုင်တစ်ခုထဲတွင် တွေ့နေကြခြင်းဖြစ်လေသည် ။
ပျင်းတယ်ဆိုတော့ မင်းက ဘာလုပ်ချင်လို့လဲ …
သုထက်က မေးတော့ ဇေယံက ပြုံးပြီးပြန်ဖြေသည် ။
ကျွန်တော်တို့ အလောင်းအစားတစ်ခု လုပ်ရအောင် …
အလောင်းအစား … ဟုတ်လား …
အင်း … ဟုတ်တယ် … ဘယ်လိုသဘောရလဲ …
သုထက် စဉ်းစားမိသည် ။ သူတို့ သည်လိုလုပ်တာ ထွန်းဝေသိလျှင် လုံးဝ ကြိုက်လိမ့်မည်မဟုတ် ။ ပြဿနာတော့ တက်တော့မည်ကို သိသည် ။ ထို့ကြောင့် သူ ငြင်းမှဖြစ်လိမ့်မည် ။
ဟင့်အင်း … မလုပ်ချင်ဘူး … ထွန်းဝေကြိုက်မှာမဟုတ်ဘူး …
ကိုသုထက်က ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူးပေါ့လေ … ဟုတ်လား …
ဘာကွ … ငါက ဘာလို့ ယုံကြည်မှု မရှိရမှာလဲ …
ဟုတ်တယ်လေ … ဒါကြောင့် ကျွန်တော်နဲ့ ပြိုင်ရင် ရှုံးမယ်ဆိုတာ ကြိုသိလို့ မလောင်းရဲတာ မဟုတ်လား …
ဇေယံက ဇွတ်တရွတ်ပြောလာတော့ သုထက်တစ်ယောက် မာနတွေ ခေါင်းထောင်ထလာသည် ။ သည်လို မလောက်လေး မလောက်စားကောင်လေးကို ဘာလို့ ကြောက်ရမှာလဲဟူသော အတွေးတွေ ၀င်လာသည် ။
ငါက ဘာလို့ ရှုံးရမှာလဲကွ …
ရှုံးမှာ ကြောက်လို့ မလောင်းရဲတာ ကျွန်တော် နားလည်ပါတယ်လေ … ဒါဖြင့်လည်း အလောင်းအစား မလုပ်ရုံပေါ့ …
ဟေ့ကောင် … ငါ သုထက်ဇေယျကွ … လုံးဝ မကြောက်တတ်ဘူး … စိန်ခေါ်ရင် တိမ်ပေါ်အထိ လိုက်ရဲတယ် …
ဟားဟား … သည်လိုမှပေါ့ … အဲ့လို စိတ်ဓါတ်မျိုးကို ကြိုက်တာ …
ဒါဖြင့်လောင်းကြေးက ဘာလဲ … ပြော …
ခင်ဗျားရှုံးရင် ကျွန်တော့်ကို … အင်း … ဟုတ်ပြီ … iPhone 6 တစ်လုံး ပေးရမယ် … ကျွန်တော်ရှုံးရင် ကျွန်တော့်ဆီက ခင်ဗျား ဘာလိုချင်လဲပြော …
ဟုတ်ပြီ … မင်း ငါ့ကို ရိုးလက် နာရီတစ်လုံး ပေးရမယ် … ဒေါ်လာတစ်ထောင်တန်အထက်နော် …
ဟားဟား … သည်လောက်ကတော့ ပါးပါးလေးပါ …
နှစ်ယောက်သား ပြောပြီး တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်လိုက်သည် ။ ဆုပ်ကိုင်ရင်းကမှ သုထက်က တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် တွေးတွေးဆဆပြောသည် ။
ငါတို့ လောင်းတာတော့ ဟုတ်ပါပြီ … ထွန်းဝေက သည်လောက်ပါးတာ … ငါတို့လောင်းထားတာကို သိရင် ဘယ်လိုလုပ်မလဲ …
ဒါတော့ ကိုသုထက် ပူစရာ မလိုဘူး … ကျွန်တော်တို့ နှစ်ယောက်ပဲ သည်ကိစ္စကို သိတာ … ကျွန်တော်တို့ မပြောရင် ထွန်းဝေ သိစရာ မရှိဘူး …
အင်း … ဒါလည်း ဟုတ်တာပဲ …
နှစ်ယောက်သား အလောင်းအစားကို စလိုက်ကြတော့သည် ။
ထိုအချိန်တွင် သူတို့နှင့် အဝေးတွင် ရှိနေသော ထွန်းဝေ၏ စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်နေလေသည် ။ မိမိနှင့် ပတ်သတ်ပြီး တစ်စုံတစ်ယောက်က မဟုတ်တာတစ်ခုခု လုပ်ထားလျှင် ထွန်းဝေစိတ်ထဲတွင် ထင့်ထင့်သွားတတ်သည် ။ အခုလည်း ထိုသို့ဖြစ်နေသည် ။ တစ်ခုခုတော့ လွဲနေပြီဟု ထွန်းဝေ သိလိုက်လေသည် ။
(၁၃)
ထို့နောက်တွင် ဇေယံနှင့် သုထက်တို့ ထွန်းဝေကို ချဉ်းကပ်မှုတွေ သိသိသာသာ ပိုမိုလာကြသည် ။ ဒါကို ထွန်းဝေ ကိုယ်တိုင်လည်း သတိထားမိသည် ။ နှစ်ယောက်စလုံးကလည်း ရွေးမည်ဆိုလျှင် ရွေးလို့ရမည့်သူတွေ ။ ဘာမှ အပြစ်ဆိုစရာ မရှိဟုထင်သည် ။
သည်တစ်ခါတော့ ထွန်းဝေ ထိုနှစ်ယောက်၏ အကျင့်ဆိုးလေးတွေကို ရှာဖွေ ဖော်ထုတ်ပြီး ရွေးချယ်ဖို့ စဉ်းစားရပြန်သည် ။
ထိုနေ့က ကိုသုထက်နှင့် ဈေးဝယ်တူတူ ထွက်ကြသောနေ့ဖြစ်သည် ။ ကိုသုထက်တစ်ယောက် ထိုနေ့က ထွန်းဝေအတွက် တစ်နေကုန် အချိန်ပေးထားသောနေ့ဖြစ်သည် ။
ကိုသုထက် … ဒါပြီးရင် ညီတို့ ရုပ်ရှင် သွားကြည့်ရအောင်နော် …
အိုကေ … ညီလေး သဘောပါဗျာ …
ပြဿနာက အဲ့သည့်တွင် စတွေ့တော့သည် ။ ရုပ်ရှင်ရုံထဲတွင် ထိုင်တော့ ကိုသုထက်ဘေးတွင် ကောင်လေးတစ်ယောက် လာထိုင်သည် ။ ကောင်လေးက သားသားနားနား ချောချောမောမောထဲကပင် ဖြစ်သည် ။
ထိုကောင်လေး ရောက်လာသည်နှင့် ကိုသုထက် မျက်လုံးတွေ ဂနာမငြိမ်တော့ ။ ဘေးတွင် ထွန်းဝေ တစ်ယောက်လုံး ရှိနေရက်နှင့် ထိုကောင်လေးကို ကြည့်ကြည့်နေသည်ကို ထွန်းဝေ မခံမရပ်နိုင် ဖြစ်မိသည် ။
သည်လိုကိစ္စမျိုးတော့ ထွန်းဝေ ကိုသုထက်ကို လက်ပင်ကိုင်ကြည့်စရာ မလိုတော့ ။ အဖြေက ရှင်းနေပြီ ဖြစ်သည် ။ ထွန်းဝေ စိတ်ထဲတွင် မတင်မကျ ဖြစ်ခြင်းကြီးက စတင်လာသည် ။
ကိုသုထက်ကို ကြည့်ရသည်မှာ ထွန်းဝေအလစ်ကို ချောင်းပြီး ဘေးက ကောင်လေးကို ကြည့်နေသည် ၊ ထိုသို့ကြည့်နေသည်ကိုလည်း ထွန်းဝေ ရိပ်မိသွားမှာ စိုးရိမ်နေသည် ။
တော်ပြီ ။ သည်လိုလူမျိုးကို ချစ်သူအဖြစ် ထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ ။ ထွန်းဝေ ထိုနေရာမှ ချက်ချင်း ထထွက်လာလိုက်သည် ။ ထွန်းဝေ ထထွက်လာတော့ ကိုသုထက်က အနောက်က ကမန်းကတန်း လိုက်လာသည် ။ သူ့ပုံစံက ပြာပြာသလဲနိုင်လွန်းလှလေသည် ။
ထွန်းဝေ … ဘာဖြစ်တာလဲ … ညီလေး … ရုပ်ရှင် မကြိုက်လို့လား…
ရုပ်ရှင် မကြိုက်လို့ မဟုတ်ဘူး … ကိုသုထက်ကို မကြိုက်လို့ …
ဗျာ … ကိုက ဘာဖြစ်နေလို့လဲ ညီလေးရဲ့ …
ဘေးနားက ကောင်လေးကို တစ်ချိန်လုံး ကြည့်နေတာလေ …
ဘယ်ဘေးနားက ကောင်လေးလဲ …
ရုပ်ရှင်ရုံထဲကလေ … တော်တော့ … ဘာမှ လာငြင်းမနေနဲ့တော့ … ကျွန်တော် ထပ်ပြီး အလှည့်စားမခံနိုင်တော့ဘူး … ပြန်တော့မယ် …
ထွန်းဝေ လှည့်ထွက်မည်လုပ်တော့ ကိုသုထက်က အားရပါးရရယ်တော့သည် ။
ဘာရယ်တာလဲ …
ဟားဟား … ညီလေး သ၀န်တိုတာကို မြင်လိုက်ရလို့ပါ …
ဘာကိုလဲ … ဘာမှ သ၀န်မတိုဘူး …
ဟားဟား … အဲ့ဒါ အစ်ကို့သူငယ်ချင်းပါ … သူ့ဘဲက စင်ကာပူမှာ … မယုံရင် ခဏစောင့်နေလိုက် … သူဆင်းလာလိမ့်မယ် … တမင်သက်သက် ညီလေး အစ်ကို့အပေါ်မှာ ချစ်လား မချစ်လား သိချင်လို့စမ်းလိုက်တာပါ …
ဟုတ်လည်းမဟုတ်ဘဲနဲ့ …
ကဲ … မယုံတော့ သူဆင်းလာရင် မေးကြည့်ကွာ …
တကယ်ပင် ။ ကိုသုထက်ပြောသည့်အတိုင်း ထိုကောင်လေးက ကိုသုထက် တမင် ဇာတ်လမ်းလုပ်ထားခြင်းသာ ဖြစ်နေသည် ။ သည်တစ်ခါတော့ သုထက် ခံလိုက်ရပြီထင်သည် ။ လက်မကိုင်ကြည့်ဘဲနဲ့ ဆုံးဖြတ်မိလိုက်တာ စောသွားခြင်းကြောင့် တစ်ကွက်ခံလိုက်ရခြင်းဖြစ်သည် ။
ကဲ … မငြင်းပါနဲ့တော့ဗျာ … ညီလေး အစ်ကို့ကို ချစ်နေတယ် မဟုတ်လား …
ထွန်းဝေ ဘာပြန်ဖြေရမည်မသိ ။ ပျော်သလိုလို ရှက်သလိုလိုလည်း ဖြစ်နေမိသည် ။
ဖြေလေညီလေး …
မသိဘူးဗျာ … မဖြေတတ်တော့ဘူး …
ထွန်းဝေ ပြောပြောဆိုဆိုနှင့် ကိုသုထက်လက်ကို ဆုပ်ကိုင်လိုက်မိသည် ။ ရုတ်တရက် မထင်မှတ်ဘဲ ကိုင်မိလိုက်ခြင်း ဖြစ်သော်လည်း ထိုသုထက် စိတ်ထဲက စကားတွေကို ထွန်းဝေ ကြားလိုက်ရသည် ။
ရုတ်တရက် ထွန်းဝေ သူခံစားသိရှိလိုက်ရသော စကားတွေကို မယုံနိုင် ဖြစ်နေမိသည် ။ ထွန်းဝေတစ်ယောက် ကြက်သေသေသွားမိလေသည် ။
(၁၄)
ထွန်းဝေ အိမ်ရောက်တော့ ကိုသုထက်နှင့်အကြောင်းကို ပြန်စဉ်းစားနေမိသည် ။ ကိုသုထက်ကို သူ တကယ်ပဲ သ၀န်တိုနေမိသလားကို သူမသိပါ ။ သူ့စိတ် ခံစားမှုတို့ကို သူ့ဘာသာ အံ့သြနေမိသည် ။
ထိုနှစ်ယောက်ထဲမှ ဘယ်သူ့ကို တကယ်ချစ်မှန်း သူ့ကိုယ်သူလည်း မသေမချာဖြစ်နေမိသည် ။ သေချာသည်တစ်ခုကတော့ နှစ်ယောက်လုံးပေါ်တွင် လျော့လည်းမလျော့ ပိုလည်းမပို ။ သို့သော် နှစ်ယောက်လုံးကို ရွေးလို့မရမှန်းတော့ ထွန်းဝေ သိပါသည် ။
သ၀န်တိုတယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လားဟု သူ့ကိုယ်သူ ပြန်မေးမိသည် ။ သည်အခြေအနေသည် ထွန်းဝေ သူတို့နှစ်ယောက်အပေါ် ဆန်းစစ်နေတုန်းပင် ဖြစ်သောကြောင့် သ၀န်တိုခြင်းဆိုသည်မှာ မဖြစ်တတ်သေးဟု ထွန်းဝေ ထင်မိသည် ။
ဒါ ငါ သူ့ကို ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်လောက်သေးပါဘူး … သူ့ကို ဘ၀တစ်ခုလုံးအတွက် ရွေးဖို့ သင့်မသင့် ဆုံးဖြတ်တဲ့ အဆင့်မျိုးပဲ ရှိသေးတယ် ထင်ပါရဲ့ …
ထွန်းဝေ သည်သို့သာ တွေးမိလိုက်သည် ။
ထွန်းဝေ … ညီလေး … အစ်ကို ကျောင်းကို ရောက်နေတယ် …
ကိုသုထက် ဖုန်းဆက်သောကြောင့် ထွန်းဝေ ကန်တင်းကို ထွက်လာလိုက်မိသည် ။ ကန်တင်းကိုထွန်းဝေ ရောက်တော့ ထူးထူးဆန်းဆန်း ကိုသုထက်ကို ဇေယံနှင့် တူတူ တွဲတွေ့လိုက်ရသည် ။
ထိုသို့ တွဲတွေ့လိုက်ခြင်းသည် အမှန်တော့ အဆန်းသိပ်မဟုတ်လှ ။ ထွန်းဝေကိုယ်တိုင်ပင် သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည် ။ သို့သော် အခု ထွန်းဝေစိတ်ထဲတွင် မတင်မကျ တစ်မျိုးကြီး ဖြစ်နေမိသည်မှာ ထူးဆန်းလှသည်ဟု ထွန်းဝေ တွေးမိသည် ။
နှစ်ယောက်သား ရယ်ရယ်မောမောနဲ့ ဘာတွေ ပြောနေကြတာတုန်း …
သြော် … ညီလေး … သည်မှာလေ … ဇေယံက ကျောင်းရဲ့ ဖရှက်ရှာဝဲကမ်းတုန်းက အကြောင်းတွေ ပြောပြနေတာ …
နှစ်ယောက်သား သည်လိုတည့်နေတာ တစ်ခုခုတော့ ဆန်းနေသည်ဟု ထွန်းဝေ သိသည် ။ ထို့ကြောင့်လည်း စကားကို နည်းနည်းပါးပါး အစ်အောက် ကြည့်မိသည် ။
အခုတော့လည်း နှစ်ယောက်သား တကယ့်ကို သူငယ်ချင်းအရင်းတွေ ကျလို့ပါလား … နှစ်ယောက်သားကြားမှာ နားလည်မှု တစ်ခုခုတော့ ရှိနေပြီ ထင်တယ်နော် …
သည်စကားကို ကြားတော့ နှစ်ယောက်လုံး မျက်နှာတွေပျက်ပြီး ပြာပြာသလဲလဲ ငြင်းကြသည် ။
မဟုတ်ဘူး ညီလေး … အစ်ကိုနဲ့ ဇေယံ ဘာမှ မဟုတ်ဘူးနော် … အစ်ကို ဇေယံ့ကို စိတ်လည်းမ၀င်စားဘူး … ညီလေး တစ်ယောက်ထဲကိုပဲချစ်တာ …
ထွန်းဝေ … ငါဆိုတဲ့ကောင်ကလည်း တစ်ယောက်ဆို တစ်ယောက်ပဲနော် … မင်း တစ်ယောက်ကိုပဲချစ်တာ … ကိုသုထက်ကို စိတ်နဲ့တောင် မပစ်မှားဘူး …
မသိပါဘူးလေ … တစ်ခုခုတော့ ဆန်းနေသလားလို့ပါ … နှစ်ယောက်သား ကြိုက်နေကြတာ မဟုတ်ရင်တော့ တခြား တစ်ခုခုပေါ့ …
ဘာတစ်ခြား တစ်ခုခုမှ မရှိဘူး …
နှစ်ယောက်လုံး ပြိုင်တူ ဖြေသည် ။ ထွန်းဝေ စဉ်းစားရပြီ ။ ထွန်းဝေ နှစ်ယောက်လုံးကို မျက်မှောင်ကျုံ့ နှာခေါင်းတွံ့ပြီး ကြည့်လိုက်မိသည် ။ ဆက်စပ် စဉ်းစားစရာတွေ တစ်ခုပြီး တစ်ခု ဖြစ်လာပြီ မဟုတ်လား ။
ထိုနေ့က ကိုသုထက် လာသည်မှာ ဘာအကြောင်း ထွေထွေ ထူးထူးမှ မရှိ ။ ထွန်းဝေတို့ ကျောင်းနားကို အလုပ်ကိစ္စဖြင့် လာရာမှ ထွန်းဝေကို သတိရသောကြောင့်ဟု ဆိုသည် ။ သည်လိုဆိုတော့လည်း ထွန်းဝေ စိတ်ထဲ ကြည်နူးသလိုလို ဖြစ်မိရပြန်သည် ။
ထွန်းဝေ … သည်တစ်ခါ စနေနေ့ ငါမင်းကို ဘုရား လိုက်ပို့မယ်နော် …
ဟေ့ကောင် ဇေယံ … သည်တစ်ပတ် ငါ လိုက်ပို့မှာကွ …
ကိုသုထက်က ပြီးခဲ့တဲ့ တစ်ပတ်က လိုက်ပို့ပြီးပြီလေ … သည်တစ်ပတ် ကျွန်တော်ပဲ လိုက်ပို့မှာ …
နောက်ဆုံးတော့ သူတို့နှစ်ယောက် ငြင်းခုံကြရင်းမှ ဇေယံက လိုက်ပို့ဖို့ဖြစ်သွားသည် ။ ထွန်းဝေ သဘောကတော့ ဘယ်သူမှ လိုက်မပို့လည်း ဖြစ်သည်သာ ။ အရင်ကလည်း တစ်ယောက်တည်း သွားနေကြမဟုတ်လား ။
သူတို့နှစ်ယောက် ဖြစ်နေပုံတွေကိုကြည့်ပြီး ထွန်းဝေ စဉ်းစားမိသည် ။ သည်လိုပုံစံနှင့် လုပ်နေခြင်းသည် နှစ်ယောက်လုံးအပေါ်တွင် ကြိုးရှည်ရှည်နှင့် လှန်ထားရာ ကျနေသလိုဖြစ်နေသည် ။ တစ်ယောက်ယောက်ကိုတော့ ပြတ်ပြတ်သားသား ရွေးချယ်ဖို့ လိုလာပြီဟု ထွန်းဝေ တွေးမိသည် ။
(၁၅)
စနေနေ့ မနက် ထွန်းဝေ စောစော နိုးနေခဲ့သည် ။ ဇေယံက ပုံမှန်ဆိုလျှင် မနက်ငါးနာရီခွဲလောက်ဆို လာခေါ်နေကျဖြစ်သော်လည်း ထိုနေ့က ဇေယံ တော်တော်နှင့် ရောက်မလာပေ ။ ထွန်းဝေ ဖုန်းဆက်ကြည့်တော့လည်း ဖုန်းမကိုင် ။
အစကတော့ တစ်ယောက်ထဲ ဘုရားသွားလိုက်မည် စိတ်ကူးသော်လည်း တဖြည်းဖြည်း စိတ်ပူသလိုကြီး ဖြစ်လာသည် ။ ဇေယံက ထွန်းဝေ ဖုန်းဆက်လျှင် ဘယ်တုန်းကမှ မကိုင်ဘဲ နေခဲ့သူမဟုတ် ။
ဆယ်ခါကျော်လောက် ခေါ်ပြီးသော အခါတွင်မှ တစ်ဖက်က ဖုန်းကိုင်လိုက်သည် ။ သို့သော် ပြန်ထူးသံက ထွက်မလာ ။ ထွန်းဝေ အခါခါ အော်ခေါ်မှ အသံတိုးတိုးလေး ထွက်လာသည် ။
ဟဲလို … ဇေယံလား … ဟဲလို … ပြန်ဖြေဦးလေကွာ …
ထွန်း … ထွန်းဝေ …
ဇေယံ မဟုတ်လား … ဇေယံ … မင်း အသံ ဘာဖြစ်နေတာလဲ …
ငါ … ငါ အခု ဗိုက်အရမ်းနာနေတယ် … အူအတက်များလား မသိဘူး … သေတော့မယ် … ဗိုက်နာတာ …
ဟာ … အဲ့ဒါမှ ဒုက္ခပဲ … မင်း ဆေးခန်းတွေ ဘာတွေ မသွားဘူးလား …
အခု အိမ်မှာ ငါတစ်ယောက်ထဲ … အဖေတို့အမေတို့ ခရီးသွားကြတယ် …
ငါ … ငါလာခဲ့ပေးရမလား …
ထွန်းဝေ တွေးတွေးဆဆ မေးလိုက်ရသည် ။ ဇေယံတို့အိမ်ကို တစ်ခါမှ ရောက်ဖူးသည်လည်း မဟုတ် ။ အတင်းကြီး နန့်နန့်တက် သွားချင်နေသည့် ပုံစံမျိုးလည်း မဖြစ်စေဖို့ ဂရုစိုက်ရသေးသည် ။
လာခဲ့စေချင်တာပေါ့ ထွန်းဝေရယ် … ငါ အခု အောင့်လွန်းလို့သေတော့မယ် …
ကဲ … ဒါဆို မင်းလိပ်စာပေး … ငါ အခုချက်ချင်း လာခဲ့မယ် …
လာသော လမ်းတစ်လျှောက်လုံးတွင် ထွန်းဝေ စိတ်တွေ လှုပ်ရှားနေခဲ့လေသည် ။ ဇေယံသာ တစ်ခုခု ဖြစ်သွားလျှင် ဟူသော အတွေးမျိုးကို တွေးမိပြီး နေမထိ ထိုင်မထိလည်း ဖြစ်နေမိသည် ။
တဖြည်းဖြည်းနှင့် ဇေယံတို့နေသည်ဆိုသော လမ်းကို ရောက်လာသည် ။ လမ်းက အိမ်ကြီး အိမ်ကောင်းတွေချည်းပဲ ဖြစ်သည် ။ ဇေယံတို့အိမ်ကို သိပ်မရှာလိုက်ရ ။ ခြံအရှေ့တွင် တက္ကစီကို ရပ်ခိုင်းလိုက်ပြီး ထွန်းဝေ ခြံရှေ့ရပ်လိုက်သည် ။
ကိုထွန်းဝေဆိုတာလား ခင်ဗျ …
သူပင် ဘာမှ မမေးရသေး ။ ခြံစောင့်ဦးလေးကြီးက သူ့ကို အရင်စမေးသည် ။ မေးသည့်ပုံကလည်း ရိုရိုကျိုးကျိုး ရှိလွန်းနေသလိုပင် ။
ဟုတ်ပါတယ် … ဒါ ဇေယံခတို့အိမ်လားဗျ …
ဟုတ်ပါတယ်ခင်ဗျ … အစ်ကိုလေး အခန်းထဲမှာ ရှိနေပါတယ် … ကိုထွန်းဝေကို စောင့်နေပါတယ်ဗျ …
ထွန်းဝေ စိတ်ရှုပ်ရှုပ်နှင့် ခြံစောင့်ဦးလေးကြီး ခေါ်ရာနောက်ကို လိုက်လာရသည် ။ အိမ်၏ အခြေအနေကို အကဲခတ်ရသလောက် တော်တော်လေး ပြည့်ပြည့်စုံစုံရှိပုံပေါ်လေသည် ။
သည်အခန်းပဲဗျ … အခန်းတံခါး ဖွင့်ပြီး ၀င်သွားလို့ရပါတယ် …
ဟုတ်ကဲ့ … ကျေးဇူးပါပဲ …
ထိုဦးလေးကြီး ထွက်သွားတော့ ထွန်းဝေ အခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည် ။ ထိုအချိန်တွင်ပင် ၀ုန်းကနဲ အသံကို ကြားလိုက်ရသည် ။ ပြီးတော့ ထွန်းဝေကို တစ်စုံတစ်ယောက်က ဖက်လိုက်သည်ကို ထွန်းဝေ သိလိုက်လေသည် ။
(၁၆)
ဟေ့ကောင် … ဇေယံ … လွှတ်စမ်း … ငါ့ကို သည်လို အတင်း မလုပ်နဲ့ မကြိုက်ဘူးလို့ ပြောထားတယ်လေ …
ထွန်းဝေ အော်လိုက်တော့ ဇေယံက မျက်နှာကို စပ်ဖြဲဖြဲလုပ်ပြီး ဖက်ထားသည့် လက်ကို ပြန်လွှတ်လေသည် ။
ရုတ်တရက် အရမ်းပျော်သွားလို့ပါ ချစ်သူလေးရယ် …
အံမာ … ဘာကိုပျော်ရမှာလဲ … ပြီးတော့ ဘယ်က ချစ်သူလေးလဲ …
သည်မှာလေ … ငါ့ချစ်သူလေး ထွန်းဝေ … ငါ့ကို စိတ်ပူပြီး တစ်ခါမှ မရောက်ဖူးတဲ့နေရာကို တက္ကစီနဲ့ တကူးတက ရောက်လာတာ … မဟုတ်ဘူးလား …
မင်းပြောတော့ ဗိုက်နာနေတယ်ဆို … ဘယ်မှာလဲ … နာတယ်ဆိုတဲ့ဗိုက် … ငါ တစ်ခါထဲ လက်သီးနဲ့ ထိုးပေးမယ် …
ဟဲဟဲ … မင်းစိတ်ကို သိချင်လို့ စမ်းမိတာပါ ချစ်သူလေးရယ် … အခုတော့ ငါ အောင်မြင်ပြီ … ထွန်းဝေက ငါ့ကို တကယ်ချစ်လို့ တကယ် စိတ်ပူတာပေါ့ … မဟုတ်ဘူးလား …
ဟေ့ကောင် … ဘာမှ လိုရာ ဆွဲတွေးမနေနဲ့ … မင်းနဲ့ ကိုသုထက်နဲ့ နှစ်ယောက်လုံး တူတူပဲ … ငါ့ကို လာပြီး စမ်းသပ်နေကြတယ် …
အဲ့သည့် ကိုသုထက် ဆိုတာကြီးကို သည်အချိန်ခေါက်ထားလိုက်ပါကွာ … နော် … ငါ့ကို မင်း ချစ်တယ် မဟုတ်လား …
ငါ မဖြေချင်သေးဘူး … အတင်းအကျပ် မမေးပါနဲ့ဆိုကွာ …
ဒါဆို မင်း အခု လာတာ ငါ့ကို စိတ်ပူလို့ မဟုတ်ဘူးပေါ့ …
စိတ်ပူတာက စိတ်ပူတာသပ်သပ် … ချစ်တာက ချစ်တာ သပ်သပ်ပဲလေ … ဆိုင်မှ မဆိုင်တာ …
ဒါပေမယ့် မင်းငါ့ကို စိတ်ပူတယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားပဲလေ … မဟုတ်ဘူးလား …
ထွန်းဝေ စိတ်ညစ်သွားမိသည် ။ နှစ်ယောက်စလုံး အပီတွေ ချုပ်နေကြပါလားဟုလည်း တွေးမိသည် ။ သည်နှစ်ယောက်ကို ကြာကြာ အချိန်ဆွဲထားလို့ လုံးဝ မဖြစ်သည်ကို ထွန်းဝေ ပိုပို သဘောပေါက်လာမိသည် ။
ကဲပါကွာ … မင်း ဘာမှ မဖြစ်ဘူးဆိုလည်း နေတော့ … ငါလည်း ငါ့ဘာသာ ဘုရားသွားတော့မယ် …
ငါ လိုက်ပို့ပေးမှာပေါ့ ချစ်သူလေးရ …
တော်ပြီ … မလိုဘူး … ငါ့ဘာသာ သွားမယ် …
မသွားရပါဘူးကွာ … ငါ့နောက် လိုက်ခဲ့ …
ပြောပြောဆိုဆိုနှင့် ဇေယံက ထွန်းဝေကို လက်ဆွဲပြီး ခြံထဲကို ဆင်းသည် ။ ခြံထဲက ကားဆီကို ခေါ်သွားသည် ။ ခြံထဲကို သွားသော လမ်းတစ်လျှောက်တွင် ဇေယံက ထွန်းဝေ၏ လက်ကို ဆွဲထားသည် ။
ထိုလမ်းတစ်လျှောက်လုံး ဇေယံ၏ စိတ်ထဲက အတွေးတွေကို ထွန်းဝေ အကဲခတ် ဖတ်လို့ရခဲ့သည် ။ ဇေယံ့အတွေးတွေက ကြည်နူးဖွယ်လေးတွေချည်းဖြစ်သည် ။
ရုတ်တရက် ကားနားအရောက်တွင် ဇေယံ တွေးလိုက်သော အတွေးကို ထွန်းဝေ ဖတ်မိလိုက်သည် ။ ထိုအတွေးကို ခံစားမိသောအခါတွင် ထွန်းဝေ ခံစားမိသော သူ့စိတ်နှလုံးကိုပင် သူ မယုံနိုင်အောင် ရှိမိရလေသည် ။
မဖြစ်နိုင်ပါဘူးဟု တွေးနေမိသော်လည်း ပြတ်ပြတ်သားသားကြီး သိလိုက်ရသောကြောင့် မမှားနိုင် ။ ထိုအတွေးနှင့် ဟိုတစ်ရက်က ကိုသုထက်ဆီက ကြားလိုက်ရသော စကားတို့ကို ပြန် အစ ကောက်လိုက်သောအခါ ထွန်းဝေ ရေးတေးတေး ရိပ်မိလာလေသည် ။
ထိုအခါတွင် ထွန်းဝေ မဲ့ပြုံး ပြုံးလိုက်မိလေတော့သည် ။
(၁၇)
သုံးယောက်သား စိန်းလန်းစိုပြည်က စားသောက်ဆိုင်တွင် ထိုင်နေကြသည် ။ လေပြည်ကလေးက တိုက်ခတ်နေသောကြောင့် ပတ်ဝန်းကျင်လေးက ပိုမိုလှပကာ ကြည့်ကောင်းနေလေသည် ။
ညီလေး … အစ်ကိုတို့ နှစ်ယောက်လုံးကို တူတူ ချိန်းတာ ဘာအကြောင်းရှိလို့လဲ …
ဟုတ်တယ် … ထွန်းဝေ … ငါတို့ကို တူတူ ချိန်းပြီး သည်ကို ခေါ်လိုက်တာ မင်း တစ်ခုခု ပြောချင်လို့ မဟုတ်လား …
ဟုတ်တယ် … ငါ မင်းတို့နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုလာပြီ ထင်လို့ …
မင်း ငါ့ကိုပဲ ရွေးမယ်ဆိုတာ ငါ ယုံတယ် ထွန်းဝေ …
ဇေယံက လေကလေး ချွန်ပြီး ခပ်ပြုံးပြုံးပြောလေသည် ။ ထိုသုထက်ကလည်း အားကျမခံ ။
အစ်ကို့ကို သ၀န်တိုတတ်တဲ့ ညီလေးက ပေးမယ့် အဖြေဆိုတော့ အစ်ကို ၀မ်းသာရမှာ သေချာပါတယ် …
ထွန်းဝေ နှစ်ယောက်လုံးကို ပြုံးပြီး ကြည့်လိုက်သည် ။ ဘာမှ မပြောခင် သူ တစ်ခုခုကို သေချာအောင် မေးရဦးမည်ဖြစ်သည် ။
ကျွန်တော် နှစ်ယောက်လုံးကို မေးစရာ တစ်ခုရှိတယ် … နှစ်ယောက်လုံး မှန်မှန် ဖြေမှာလား …
နှစ်ယောက်လုံးက မှန်မှန်ဖြေမည်ဟု ကတိခံကြသည် ။ ထိုအခါမှ ထွန်းဝေလည်း သူ သိချင်သည်ကို မေးမြန်းတော့သည် ။
ကိုသုထက်နဲ့ ဇေယံ … နှစ်ယောက်သား ကျွန်တော့်ကို လိမ်ထားတာများ တစ်ခုခု ရှိနေသလား …
နှစ်ယောက်လုံး၏ မျက်နှာတွေကို ထွန်းဝေ အကဲခတ်နေမိသည် ။ နှစ်ယောက်လုံး မျက်နှာတွေ ပျက်နေကြသည် ။ ထိုအခါတွင်မှ ထွန်းဝေ ထပ်ပြီး နင်းမေးလိုက်သည် ။
အမှန်အတိုင်းဖြေနော် … ကျွန်တော် အမှန်အတိုင်းပဲ သိချင်တယ် …
ရှိ … ရှိ …
ကိုသုထက်က စဖြေမည် အလုပ်တွင် ဇေယံက ကိုသုထက်၏ ခြေထောက်ကို အောက်မှနေပြီး ထွန်းဝေမမြင်အောင် လှမ်းနင်းလိုက်သည် ။ ပြီးတော့ ဇေယံက အပေါ်က အုပ်ပြီး ဖြေလိုက်သည် ။
မရှိပါဘူး … လုံးဝ မရှိပါဘူးကွာ …
သေချာတယ်နော် … နောက်မှ ငါသိရရင် ငါ ခွင့်လွှတ်မှာ မဟုတ်ဘူးနော် …
သေချာပါတယ်ကွာ … လုံးဝ သေချာတယ် …
ကောင်းပြီလေ … ကျွန်တော့်မွေးနေ့ကို ဘယ်သူသိသလဲ …
သိတယ် … နောက်လ ကိုးရက်နေ့ …
နှစ်ယောက်လုံး မှန်အောင်ဖြေနိုင်သည် ။ အခုပဲ လကုန်ဆိုတော့ နောက်လကိုးရက်နေ့ရောက်ဖို့ ကိုးရက်သာ လိုတော့သည် မဟုတ်လား ။
ကျွန်တော့် မွေးနေ့မှာ နှစ်ယောက်လုံးကို အဖြေပေးမယ် …
နှစ်ယောက်လုံး စိတ်လှုပ်ရှားနေပုံပေါ်နေသည် ။ ထွန်းဝေ သူတို့နှစ်ယောက်ကို စိတ်ပျက်စွာ ကြည့်လိုက်မိသည် ။ ယောက်ျားတွေဖြစ်ပြီး အမှန်ကို ၀န်မခံရဲတဲ့လူတွေ ။
ဘာပဲဖြစ်ဖြစ် အဖြေပေးမယ်လို့တော့ ထွန်းဝေ ကတိခံလာမိခဲ့ပြီ ။ အိမ်ပြန်ရောက်တော့ တစ်ယောက်ချင်းဆီကို ဖုန်းစဆက်တော့သည် ။
ဟဲလို … ကိုသုထက်လား …
ဟုတ်တယ် … ညီလေး … ထူးထူးဆန်းဆန်း ဖုန်းတွေဘာတွေ စဆက်နေပါလား …
ကျွန်တော့်မွေးနေ့အတွက် ဘာလက်ဆောင် ပေးမှာလဲ … ပြောလေ …
ညီလေး ဘာလိုချင်လဲ … လိုတာ ရစေမယ် … ဟုတ်ပြီလား …
ညီ့ဖုန်းက သိပ်ပြီး အလုပ်ကောင်းကောင်းမလုပ်တော့ဘူး … အခု အိုင်ဖုန်းကလည်း iPhone6 ထွက်တယ်ဆိုတော့ iPhone 6 လေး တစ်လုံးလောက် လိုချင်နေတာ …
အိုင် … အိုင်ဖုန်း … ဟုတ်လား …
ဘာလဲ … ဈေးကြီးလို့ မပေးချင်တာလား … ဟုတ်လား …
မဟုတ်ပါဘူး … ရစေရမှာပေါ့ … စိတ်ချပါညီလေးရာ …
သြော် … ဒါနဲ့ ကျွန်တော် အိုင်ဖုန်း လိုချင်တယ်ဆိုတာ ဇေယံ မသိစေနဲ့နော် … ကိုသုထက်ကို မျက်နှာသာပေးချင်လို့သာ သည်လိုမျိုး ဘာလိုချင်တယ်ဆိုတာ ပြောပြရတာ …
ထွန်းဝေ တစ်ခါတည်း ပိတ်ပစ်လိုက်သည် ။ ပြီးတော့ ဇေယံ့ဆီကိုလည်း ဖုန်းဆက်လိုက်သည် ။ ဇေယံနှင့် ဖုန်းပြောတော့လည်း ထိုနည်းလည်းကောင်းပင် ။
ငါ့နာရီက သိပ် အချိန် မမှန်တော့လို့ကွာ … နာရီလေး တစ်လုံးလောက် မွေးနေ့လက်ဆောင်ရရင် ကောင်းမှာပဲ …
နာ…နာရီ … ဟုတ်လား …
အင်း … ရိုးလက် နာရီလေးဆိုပိုကောင်းမယ် … ဒေါ်လာတစ်ထောင် အထက်မှ ဖြစ်မှာနော် … ပြီးတော့ ကိုသုထက် သည်ကိစ္စကို မသိစေနဲ့နော် ဇေယံ …
နှစ်ယောက်စလုံးကို ဖုန်းဆက်အပြီးတွင်တော့ ထွန်းဝေတစ်ယောက် သူ့လုပ်ရပ်ကိုသူ ကျေနပ်နေမိလေသည် ။
(၁၈)
သည်နေ့က ထွန်းဝေ မွေးနေ့ ။ မနက်မိုးလင်းကတည်းက မိသားစုနှင့်အတူ ဘုရားသွားခဲ့သည် ။ ကုသိုလ်တွေ လုပ်ခဲ့သည် ။ ငါးပါးသီလတည်ခဲ့သည် ။
ထွန်းဝေက ကိုယ်တိုင်လည်း မလိမ်သလို မိမိကို သူများ လိမ်သည်ကိုလည်း မကြိုက်တတ် ။ ကိုယ်တိုင်လည်း သူများကို အသုံးမချတတ်သလို သူများက မိမိကို အသုံးချမည်ကိုလည်း လုံးဝမကြိုက် ။
အခုတော့ ထိုသို့သော ထွန်းဝေကိုမှ လိမ်ကာ အသုံးချသည်ကို ထွန်းဝေ ခံလိုက်ရသည် ။ ရင်ထဲတွင်လည်း တနုံ့နုံ့နှင့် စဉ်းစားလေ ဒေါသထွက်လေဖြစ်ရသည် ။
ချိန်းထားသော နေရာသို့ ထွန်းဝေ ဆယ့်ငါးမိနစ် နောက်ကျပြီးမှ သွားလိုက်သည် ။ နှစ်ယောက်လုံး ထွန်းဝေကို တမျှော်မျှော် ဖြစ်နေကြပြီ ။
ဆောရီး … ကားပိတ်လို့ နည်းနည်း နောက်ကျသွားတယ် …
နှစ်ယောက်လုံး မျက်နှာတွင် စိတ်လှုပ်ရှားမှုတွေ ပေါ်နေကြသည် ။ ပထမဆုံး ကိုသုထက်က စကားစလေသည် ။
ညီလေး … အစ်ကိုညီလေးကို ၀န်ခံစရာရှိတယ် …
ဟုတ်တယ် … ထွန်းဝေ … ငါလည်း မင်းကို ၀န်ခံစရာရှိတယ် …
ဝန်ခံတာတွေ နောက်မှ ထားပါလေ … အခု ကျွန်တော် လိုချင်တဲ့ လက်ဆောင်တွေ ပါလာတယ် မဟုတ်လား …
နှစ်ယောက်လုံး တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်ကြသည် ။ ပြီးတော့ ထွန်းဝေကို ကြည့်သည် ။ ပြီးမှ အိတ်ထဲတွင် ထည့်လာသော ပစ္စည်းများကို ထုတ်ကြသည် ။
ကိုသုထက်က အိုင်ဖုန်းလေးကို တကယ် ၀ယ်လာတာပဲ …
သြော် … ပြီးတော့ ဇေယံ … မင်းလည်း ရိုးလက် နာရီလေး ၀ယ်လာတာပဲ …
ထွန်းဝေ ပြုံးလိုက်သည် ။ ပြီးတော့ နှစ်ယောက်လုံးကို ကြည့်လိုက်သည် ။ အိုင်ဖုန်းနှင့် နာရီကိုလည်း ကြည့်လိုက်သေးသည် ။
ကဲ … နှစ်ယောက်သား ပစ္စည်းလဲလိုက်ကြပေါ့ …
ထွန်းဝေ …
ညီလေး …
နှစ်ယောက်လုံး ပြိုင်တူခေါ်ပြီးစကားစမလို့ ကြိုးစားကြသည် ။ ထွန်းဝေ လက်ကာပြလိုက်သည် ။
တော်ပြီလေ … နှစ်ယောက်သား လိုချင်တာ ဒါတွေပဲ မဟုတ်လား … ဇေယံ … မင်းက မင်းလိုချင်တဲ့ အိုင်ဖုန်း ကိုသုထက်ဆီက ယူလိုက် … ကိုသုထက် … ကိုသုထက်က ကိုသုထက်လိုချင်နေတဲ့ ရိုးလက်နာရီကို ဇေယံ့ဆီက ယူလိုက် …
အစ်ကို တမင် လုပ်ခဲ့တာ မဟုတ်ပါဘူး … ဇေယံက အတင်းလုပ်ခိုင်းလို့ပါ …
ထွန်းဝေရယ် … ငါလည်း သည်လိုပဲ အပျော်လုပ်ခဲ့မိတာပါ …
မင်းတို့လုပ်တဲ့လုပ်ရပ်ကို ငါ သည်းမခံနိုင်ဘူး ဇေယံ … ပြီးတော့ ကိုသုထက်က ပိုတောင်ဆိုးသေးတယ် … ဇေယံခိုင်းတိုင်း လုပ်ခဲ့တယ်ဆိုကတည်းက ကိုယ်ပိုင် ဆုံးဖြတ်ချက် စဉ်းစားမှု ဘာမှ မရှိတာ သေချာနေတယ် …
အစ်ကို မှားတယ် ဆိုတာ ၀န်ခံပါတယ် ထွန်းဝေ …
ငါလည်း ငါမှားတယ်ဆိုတာ ၀န်ခံပါတယ် ထွန်းဝေ …
ဟုတ်ပြီလေ … မင်းတို့က ငါ့ကို အလောင်းအစားနဲ့ လိုက်ခဲ့ကြတယ်ဆိုတော့ ငါကလည်း မင်းတို့နှစ်ယောက်ကို မဲလိပ်နဲ့ ရွေးမယ် … သည်မှာ မဲလိပ်နှစ်လိပ် …
နှစ်ယောက်စလုံးက ထွန်းဝေ အိတ်ထဲက ထွက်လာသော မဲလိပ်နှစ်လိပ်ကို အထူးအဆန်းကြည့်ကြသည် ။
မဲလိပ်ကြီးနဲ့ ဆုံးဖြတ်တာတော့ မဖြစ်သင့်ပါဘူးကွာ …
ဒါတော့ မင်းတို့တောင်မှ ငါ့ကို ဖုန်းတွေ နာရီတွေနဲ့ အလဲအထပ်လုပ်ခဲ့သေးတာပဲ … ငါ့ကလဲ့ကျတော့ မဲလိပ်နဲ့ ဆုံးဖြတ်လို့ မရဘူးလား …
နှစ်ယောက်လုံး ဘာမှ မပြောတော့ ။ ထိုအခါမှ ထွန်းဝေက ဆက်ပြောလေသည် ။
ငါထွက်သွားတဲ့ အခါမှ မင်းတို့ မဲလိပ်ကို ဖွင့်ရမယ် … တကယ်လို့ မဲလိပ်ထဲမှာ အသဲပုံတွေ့ခဲ့မယ် ဆိုရင် အဲ့ဒါ ပေါက်မဲပဲ … မဲပေါက်တဲ့လူက ညနေ ငါ့ကို အိမ်မှာ လာခေါ်ရမယ် … ငါ စောင့်နေမယ် …
ထွန်းဝေ မဲလိပ်နှစ်လိပ်ကို ထားခဲ့ပြီး ထိုနေရာမှ ထွက်လာခဲ့သည် ။ ဇေယံရော ၊ ကိုသုထက်ပါ ထိုနေရာတွင် ကျန်ခဲ့ကြသည် ။
မဲလိပ်နှစ်လိပ်လုံးတွင် ဗလာမဲများသာပါကြောင်း ဇေယံရော ကိုသုထက်ပါ မသိကြသေး ။ သူတို့နှစ်ယောက်လုံး မဲလိပ်များကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည် ။
ထွန်းဝေ ဆိုင်အပြင်ကို ထွက်လိုက်တော့ ကားတစ်စီး အရှေ့တွင် လာရပ်လေသည် ။ ကားအပေါ်မှ လူငယ်က ထွန်းဝေကို ပြုံးပြလေသည် ။ ပြီးတော့ ကားတံခါးကို အတွင်းမှနေပြီး လှမ်းဖွင့်ပေးသည် ။ ထွန်းဝေလည်း ထိုလူငယ်ကို ပြုံးပြပြီး ကားပေါ်သို့တက်လေသည် ။
ထိုခဏတွင် ထိုကားလေးသည် ဇေယံနှင့် သုထက်တို့ဆီမှ ဝေးရာသို့ မောင်းနှင်သွားလေတော့သည် ။ ထိုကားလေးထဲမှ ရယ်သံလွင်လွင်များသည် ဇေယံနှင့် သုထက်တို့ကို လှောင်နေကြသကဲ့သို့ ရှိကြလေတော့သတည်း … ။
ပြီး (မင်းခန့်နိုင်)
No comments:
Post a Comment