Saturday, November 8, 2014

နိုဝင်ဘာမှာ ရွာတဲ့မိုး (ပထမပိုင်း)

နိုဝင်ဘာမှာ ရွာတဲ့မိုး

(၁)

တစ်ခါတုန်းကပေါ့အေ … ငါ့အသက်က ဘာရှိသေးမှာတုန်း … အလွန်ဆုံးရှိလှ ဆယ့်ရှစ်နှစ်ပေါ့ …

အင်းပေါ့နော် … မာမီမြင့်တို့ အဲ့တုန်းက အပျိုဖျန်းလေး နေမှာပေါ့ … အခုလို ရရစ်နဲ့ပြိုတဲ့ အာပြိုကြီး ဘယ်ဟုတ်ပါ့မလဲ …

ဟဲ့ … မိငွေမ … ညည်း စကား ဘယ်ရောက်လို့ရောက်မှန်း ညည်းမသိ … ငါ့များအေ … ညည်းတော့ … ငါ အမေဂျမ်းနဲ့ ကိုင်ခိုင်းလိုက်ရ …

ဟဲ့ … ညည်းငြိမ်းစမ်းပါအေ … မာမီမြင့် ပြောပါစေ … ငါ့အမေက အခုတောင် သည်လောက် လှနေတာ … ငယ်ငယ်တုန်းကလည်း လှလိမ့်မပေါ့ …

အေး … မိလှကမှ တော်သေးအေ … အလိုက်သိပါ့ … နေစေဦး … ညမှ ငါ ညည်းအတွက် ကိုယ်တော်တွေဆီက သူငယ်လေးတစ်ယောက်လောက် တောင်းပေးဦးမယ် …

မာမီမြင့်ရယ် … တစ်ယောက်နဲ့တော့လည်း ရမလား … အနည်းဆုံး သုံးယောက်လောက်ပေါ့ …

ဟဲ့ … တံကျင်လျှိုမ … ညည်းဟာလေ … ဒါနဲ့ ပတ်သတ်ရင် မက်စက်လွန်းတယ် … တံကျင်လျှိုခံရမှ ဖင်ထိပ်အာထိပ် နေသာမယ်ဆိုတဲ့ ဟာမ …

နေရာလေးက မာမီမြင့်၏ နတ်ခန်းတစ်ဖြစ်လဲ နေအိမ်ကလေးတွင်ဖြစ်သည် ။ စကားပြောနေသူ သုံးဦးက မာမီမြင့်ခေါ် ထွန်းမြင့် … မိငွေခေါ် စိုးငွေ … မိလှခေါ် အောင်လှ တို့သုံးဦးဖြစ်သည် ။ ပန်းခြောက်လေးတွေ ဆိုသော်လည်း တကယ့်ပန်းစိုလေးတွေနှင့်မခြား လှအောင်ပအောင် ပြင်ဆင်ထားကြသည်မို့ တစ်မျိုးလေး ဆန်းကာ ကြည့်ကောင်းနေပြန်ပါ၏ ။

ရာသီက ဆောင်းဝင်ခဲ့ပြီ ။ နိုဝင်ဘာလပင် ရောက်ခဲ့ပြီ ။ တလောကတော့ဖြင့် ပူလိုက်သေးသည် ။ အခုတော့ အညာဒေသသည် ဆောင်းတွင်းကြီး မိုးရွာခဲ့ပါပကော ။ တန်ဆောင်မုန်းလပြည့်ကြီးလည်း ဖြစ်ပြန် ၊ မီးထွန်းပွဲကျင်းပလိုက်မဟဲ့ဟု ခဲထားပြန်တော့ အညာမိုးကိုပင် အညာသူအညာသားတို့ ငြိုငြင်ကြရပြီ ။ မိုးရွာတော့လည်း လူအထွက်အပြုက နည်းနေသေးသည် ။

နေ့လည်က စတုဒီသာတစ်ခုတွင် မိငွေနှင့် မိလှတို့ ဗိုက်ရိုက်ပြီး စားခဲ့ကြပြီးပြီ ။ အခုတော့ နေ့လည်နေ့ခင်း တအောင့်တဖြုတ် နားဦးမည်ဆိုကာ သူငယ်ချင်းနှစ်ယောက် မာမီမြင့်အိမ်ကို ထွက်ခဲ့ကြသည် ။ မာမီမြင့် အိမ်ကို ရောက်တော့ မာမီမြင့်က မိတ်ကပ်တွေ အဖွေးသားဖြင့် ငိုနေသောကြောင့် မိငွေနှင့် မိလှတို့ မေးယူကြရသည် ။ ဘာလို့ငိုတာလဲဆိုတော့ နိုဝင်ဘာမှာ မိုးရွာလို့ ငိုတာတဲ့ ။

တောတွင် မြန်မာလနှင့် မှတ်ကြတာ များသည်ဆိုပေသိ ခေတ်ဆန်လှသော မိန်းမလျာကြီး မာမီမြင့်ကတော့ ဘိုလို ရက်စွဲတွေနှင့် မှတ်ထားတတ်သည် ။ မာမီမြင့်က နိုဝင်ဘာဆိုတော့လည်း လိုက်ပြီး နိုဝင်ဘာလိုက်ရသည်သာ ။ နိုဝင်ဘာမိုးရွာတာနဲ့ မာမီမြင့် ငိုတာနဲ့ ဘာဆိုင်လဲဆိုတော့ ဆိုင်တယ်တဲ့ ။ သူ့မှာ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်တဲ့ … နားထောင်မလားတဲ့ ။

နားထောင်မည်တောင် မပြောရသေး ၊ မာမီမြင့်က သူ့ဇာတ်ထုပ်ကို စခင်းပြတော့သည် ။ သည်တော့လည်း မိငွေနှင့် မိလှတို့ နားထောင်ကြရသည်သာ ။ မာမီမြင့်က သူတို့နှင့် ဘ၀တူတွေ မဟုတ်လား ။ ပွင့်ပွင့်လင်းလင်း ပေါင်းရာပေါင်းကြောင်းဆိုလို့ မာမီမြင့်သာ ရှိသည်သာ ။ သူငယ်ချင်းလိုတစ်မျိုး ၊ မွေးစားအမေလိုတစ်ဖုံ အားကိုးယုံကြည်ကြရပါ၏ ။

ကမ်းဦးယံရွာ တစ်ရွာလုံး ပြေးကြည့်မှ မိန်းမလျာဆိုလို့ သည်သုံးရောက်သာ ရှိသည်ဆိုတော့ သည်သုံးယောက် အချင်းချင်း စည်းလုံးကြရသည်သာ ။ မာမီမြင့်က အသက်လေးဆယ်ဝင်ခဲ့ပြီ ။ နတ်ကတော် လုပ်စားသည် ။ နွားပျောက် ကျွဲပျောက်ကအစ အိမ်ထောင်ရေး ပြဿနာအဆုံး မာမီမြင့်ဆီ နားပူနားဆာလိုက်ကြရုံသာ ။ ရတာလည်း ရ ၊ မရတာလည်း မရ ရှိတတ်သည် ။ သို့သော် ရတတ်သည်က များသောကြောင့် မာမီမြင့်ဆို ရွာက အားကိုးတတ်ကြသည် ။ ရိုးရာပျောက်နေလျှင်လည်း သူပဲ ရိုးရာပြန်ရှာပေးတတ်တာ မဟုတ်ကလား ။

အဲ့တော့အေ … ငါ စပြောမယ် … ငါ့အသက် ဆယ့်ရှစ်နှစ်တုန်းကပေါ့ …

မာမီမြင့်က ချောင်းတစ်ချက်ဟန့်လိုက်ကာ သူ့ဇာတ်လမ်းကို စလိုက်တော့လေ၏ ။

(၂)

ကမ်းဦးယံတစ်ရွာလုံး ထွန်းမြင့်ဆိုလျှင် သိကြသည် ။ ကာလသားတွေ ကြားတွင် တမူထူးနေသည်မို့ သူ့မြင်လျှင် ရယ်ချင်လက်တို့ရှိကြသည် ။ ထွန်းမြင့်တို့ကလည်း ဘယ်သူ့မှ ဂရုစိုက်မနေ ။ ခြောက်စရာရှိ ထင်းကနဲ ခြောက်ပစ်လိုက်သည်သာ ။ စကားပြောတော့လည်း နွဲ့တဲ့တဲ့ ။ လမ်းလျှောက်တော့လည်း ရမ်းတမ်းတမ်း ။ ထွန်းမြင့်မို့ လမ်းလျှောက်လာပြီဆိုလျှင် ကာလသားတွေ ပွဲညံသွားအောင် စတတ်သည် ။

ကာလသားတွေများဆိုတာအေ … ငါ့ကို စချင် နောက်ချင်လွန်းလို့ ငါ ရေခပ်ဆင်းရင် စောင့်နေကြတာများတော့ … နင်တို့မြင်စေချင်ပါ့ … နင်တို့အဖေတွေတောင် ပါလိုက်သေးပေါ့ … ဟင်းဟင်းဟင်း …

ဟင်းဟင်းဟင်းဆိုပြီး ရယ်လိုက်သံက တင်တင်စီးစီး ခြောက်ခြောက်ကပ်ကပ်ကြီးဆိုတော့ မိငွေနှင့် မိလှတို့ အချင်းချင်း မျက်စပစ်ပြီး မဲ့ ပြကြသည် ။ ဒါကို မာမီမြင့်ကြီးက မြင်ဖြစ်အောင်မြင်ပြီး လှမ်းငေါက်လိုက်သေးတော့သည် ။

ဟဲ့ကောင်မတွေ … ရွဲ့များနေသလားအေ … ငါ မန္တလေး အထိဆင်းပြီး ဆေးရုံလိုက်ပို့ရဦးမလား …

အို … မာမီမြင့်လိုက်ပို့တော့လည်း ကျုံးဘေးမှာ သူငယ်ထောင်ရချည်သေးတာပေါ့ …

ဟဲ့ … ဟိုမှာ ရဲကိုကိုတွေက နင်တို့ကို လိုက်ဖမ်းနေတာ … ဟိုမှာ သံတိုင် ဖက်အိပ်ချင်လို့လား … ဟမ် …

သံတိုင်တဲ့ … ရင်ခုန်စရာနော် … အဲ့ဒါ  ရဲကိုကိုကြီးရဲ့ နာမည်လားဟင် …

ဟယ် … အချုပ်မကြောက် ဒုတ်မကြောက် ဟာမတွေ … တွေ့စမ်းစေချင်သေး … အချုပ်ခန်း သံတိုင်နဲ့ …

ဖွဟဲ့ … လွဲပါစေ … ချော်ပါစေ … မာမီမြင့်ကလည်း လုပ်ကရော့မယ် … ဆက်ပြောပါဦး … မာမီမြင့်ဇာတ်လမ်း …

မာမီမြင့်က ရုပ်ရှင်တွေထဲကလို ငါပြောတာ ဘယ်အထိရောက်သွားပြီလဲလို့ မမေးပါ ။ အဖွားကြီး … ဥာဏ်ကလည်း ကောင်းလိုက်တာမှ ။ သူ ရောက်သွားသည့် နေရာက ဆက်ပြောလေသည် ။

ငါပြောတာ နင်တို့ အဖေတွေ ငါ့ကို ရှိုးတဲ့အထိ ရောက်ပြီလေ … ဟုတ်တယ် ဟုတ် … အဲ့တုန်းကပေါ့အေ ... ငါဆိုတာ လှလိုက်တာမှ … ညည်းတို့ သည်ခေတ် အိမ်ကျယ်လင်နာ ဂျိုးလီးတို့ ဘယ်မှီပါ့မလဲအေ …

မာမီမြင့်က အိမ်ကျယ်လင်နာ ဂျိုးလီးဆိုတော့ မိငွေတို့ မိအောင်တို့က လိုက်ပြီး အင်းရရုံသာ ။ သူတို့လည်း နိုင်ငံခြား မင်းသမီးနာမည်တွေ မကြားဖူး ။ မာမီမြင့် ပြောတာကိုသာ အတည်ယူကြရသည် ။

တစ်နေ့ပေါ့အေ … ငါ ရေခပ်ပြီး ပြန်လာတော့ ရွာသားတွေက ၀ိုင်းစလိုက်ကြတာများ … သူတို့ကလည်းစ … ငါကလည်း ရှက်ရှက်နဲ့ ပြန်ဆဲ …

ဟယ် … ရှက်တယ်လည်းဆိုသေး … ဆဲတယ်လည်း ဆိုသေး …

ဟုတ်ပါ့ … မာမီမြင့်ရယ် … ပါးစပ်ကသာ ဆဲတာ … စိတ်ထဲက ကြိတ်သာယာနေတာမှုတ်လား …

အေးပေါ့ … သာယာတာပေါ့အေ … အယ် … ဟဲ့ကောင်မ … မိငွေ … ညည်းနော် … ငါ တကယ် ကိုင်ခိုင်းလိုက်တော့မယ် …

ကိုင်ခိုင်းရင်လည်း သူငယ်သာခေါ်ပြီး ကိုင်ခိုင်းပါ မာမီမြင့်ရယ် … ဟီးဟီး … မာမီ့ကို ချစ်လို့ စတာပါ … ဆက်ပြောနော် …

ညည်းတို့နဲ့ပြောရတာ မောပါ့အေ … ငါ့မျက်နှာကို ဂြိုလ်တုနဲ့ ပွတ်ဦးမှပါ …

ဂြိုလ်တုနှင့်ပွတ်မည်ဆိုတော့ မိန်းမလျာလေးနှစ်ယောက် … မိငွေနှင့် မိလှတို့ မျက်လုံးမျက်ဆန်ပြူးသွားရသည် ။ ဘယ့်နှယ် … ဂြိုလ်တုလဲပေါ့ ။ သည်အဖွားကြီး သူတို့ မသိအောင် ဘာတွေ ခိုးသုံးလဲပေါ့ ။ ကြည့်လိုက်တော့ မာမီမြင့်က ကရင်ပက်တစ်ဘူးကို ပိုက်ဆံအိတ်ကြီးထဲက ထုတ်ပြီး သူ့မျက်နှာကို တို့ပတ်ပွတ်နေသည် ။ တံဆိပ်ကြည့်လိုက်တော့ DOARU ဟု ရေးထားသည် ။ သူတို့လည်း စာမဖတ်တတ်တော့ မာမီမြင့်ပြောသည်ကို အဟုတ်မှတ်လိုက်ရုံသာ ။ ဒိုရူး ကရင်ပတ်ဟုလည်း သိရှာပုံမရ … ။ မာမီမြင့်က တို့ပတ်တွေ ဖွေးနေအောင် ပွတ်ပြီး သူ့ဇာတ်လမ်းဆက်သည် ။

အဲ့မှာပေါ့အေ … ငါဆဲတော့ ကာလသားတစ်ယောက်က ငါ့ကို တွန်းလိုက်တာ … သူကတော့ ကျီစယ်ရုံတွန်းတာပါ … မိုးကလည်းရွာ … ရွာလမ်းကလည်း ချောနေတော့ … ငါ့မှာ ပြုတ်ကျပြီး သောက်စေ့တော့ ကွဲကရော့ အောက်မေ့တာ … အဲ့သည့်မှာအေ … သူ … သူရောက်လာပြီး … ငါ့ကို …

မာမီမြင့်၏ မျက်နှာများသည် သတိတရ ရှိမှုနှင့်အတူ ပြန်လည် နုပျိုကာ တက်ကြွနေပါလေ၏ ။

(၃)

ပြုတ်ကျကရော့ အထင်တွင် လက်တစ်စုံက ဖေးကူလိုက်သောကြောင့် ထွန်းမြင့်တစ်ယောက် မလဲမယိုင်ရှိခဲ့ပါ၏ ။ ရေအိုးကတော့ အောက်တွင် ကွဲခဲ့ပြီ ။ ထိုစဉ်မှာပင် သူ့ကို ကူလိုက်သော ရွာသားနှင့် မြင့်တစ်ယောက် မျက်လုံးချင်း ဆုံခဲ့ရလေသည် ။ ထိုစူးရှသော မျက်လုံးများအောက်တွင် ကြင်နာမှု ၊ သနားမှု ၊ ငဲ့ညှာမှုတို့ကို မြင့် တစ်ယောက် မြင်ခဲ့ရလေပြီ ။

မြင့်ရင်ထဲတွင် ရှိန်းတိန်းဖိန်းတိန်း ရှိနေရပါ၏ ။ ရင်ခုန်သံတွေ ဆူလွန်းပြီး နှလုံးသားပင် ကွဲထွက်တော့မလို ။ ထိုရွာသားကို မြင့်သိနေပါသည် ။ ရွာ့မြောက်ဖျားစွန်းက ။ သောင်သောင်သာသာရှိသော မိသားစုက ပေါက်ဖွားလာသော သူ တစ်ယောက် ။ မိဘများကလည်း လက်ညှိုးထိုးမလွဲ မြေယာတွေ ပိုင်ဆိုင်သူ ။ မြင့်လို အညတရ မိန်းမလျာတစ်ယောက်နှင့် ဘာမှမဆိုင်ဟုပင် တွေးမိပြီး မြင့် အားငယ်မိရပါ၏ ။

ထွန်းမြင့် … ချော်လဲမယ် … သတိထားလေ … ဟိုကောင်တွေကလည်း သိပ်မနောက်ကြပါနဲ့ကွာ … ကိုယ့်ရွာသား အချင်းချင်းကို …

အို … ။ အိပ်မက်သူရဲကောင်းကြီး ။ ရှင်ကြီးရယ် ။ တစ်ခါဖူးမှပင် မချစ်ဖူးသော မြင့်၏ အသည်း နုနုကလေးကို တသွင်သွင် အေးမြနေစေပါပကော ။ မြင့် သူ့ကို ပြန်ကြည့်ရင်း ပြုံးပြလိုက်မိသည် ။ ထိုအပြုံးသည်ပင် မြင့်နှင့် မောင်ကံအေးတို့နှစ်ယောက်၏ ဘ၀ဘ၀က တူတူပြုခဲ့ဖူးသော ရေစက်တွေကို ပြန်လည် အစဖော်ပြုပေးသကဲ့သို့ ရှိခဲ့လေသည် ။

မောင်ကံအေးကလည်း မြင့်ကို ပြန်လည် ပြုံးပြခဲ့ပါ၏ ။ ထိုအပြုံးနှစ်ခုသည်ပင် မြင့်တို့နှစ်ယောက်၏ နောင်ဖြစ်ပေါ်လာမည့် ဘ၀လမ်းတို့တွင် များစွာ အရိပ်ထိုးခဲ့လေသည် ။ မချစ်ဖူးသောမြင့်တစ်ယောက် အိမ်အပြန်တွင် ရင်တွေ တလှပ်လှပ် ခုန်ခဲ့ပါပကော ။

ဟယ် … ရေအိုးကြီးကွဲသွားတော့ ဂွမ်းကနဲ မြည်သွားတာပေါ့နော် … မာမီမြင့် …

ဟုတ်ပါ့ … မာမီမြင့်ရဲ့ … ရေအိုးကြီး ကွဲတော့ ပုလင်းကွဲတွေ မရှကုန်ကြဘူးလား …

မိငွေနှင့် မိအောင်တို့က အကောင်းပြောလျှင် သည်လိုပဲ ၀င်ဝင်ဖောက်နေကြ ။ ကောင်မနှစ်ကောင်ကို မြင့်တစ်ယောက် ခပ်ငေါက်ငေါက်စကားဆိုရပါ၏ ။

ဟဲ့ … ပုလင်းကွဲရှရအောင် မိငွေနဲ့ မိလှနဲ့ ကြိုက်ကြတာလည်း မဟုတ်ဘူး … ညည်းတို့သာ ပုလင်းကွဲမရှအောင်နေ … အရေးထဲ … ငါ့မှာ ခုနက တက်လာတဲ့ဖီလင် ဘယ်ကျသွားမှန်းကို မသိတာ …

မာမီမြင့်ရယ် … ပြောတာလည်း ပြောတာပေါ့ … မောတာလည်း မောတာပေါ့ … လက်ဖက်လေး ဘာလေးများ မရှိဘူးလား … အငွေ အခုတစ်လော လက်ဖက်ကို ချင်ချင်းတက်လွန်းလို့ပါ …

ငတ်ရင် ငတ်တယ်ပေါ့အေ … နင့်ပေါင်ကြားကဟာလည်း အားနာဦး … ကြက်သားအိမ် ၀က်သားအိမ်ထည့်ပြီး ကလေးမွေးခိုင်းလိုက်မှ မကောင်းရှိရော့မယ် … နောက်ဖေးမှာ ရှိသပါ့အေ … လှန်လှပ်သာ သုတ်ပြီး စားကြရော့ …

မိငွေနှင့် မိလှတို့ ခဏနေတော့ လက်ဖက်သုပ်ကို ချဉ်ငံစပ်လေး သုပ်ပြီး ထွက်လာသည် ။ အပြင်တွင် မိုးတွေ ရွာနေဆဲ ။ အဖွားကြီး မာမီမြင့်ကတော့ မိုးတွေကိုကြည့်ပြီး ထပ်ငိုနေပြန်သည် ။ မိငွေနှင့် မိလှတို့ထွက်လာတာ မြင်တော့မှ ပြန်ထိုင်ပြီး ခုနက ဂြိုလ်တုဆိုတာကြီးကို မျက်နှာပြန်ပွတ်နေလေတော့သည် ။

နောက်တော့ ကြိုက်သွားရောလား မာမီ …

ဟယ် … ညည်းပြောပုံကလည်း အပေါစားမြန်မာဇာတ်လမ်း ဆန်လိုက်တာအေ … နေပါဦး … မောင်မျိုးမင်းတွေ ရင်တွင်းဖြစ်ပါရစေဦး … မောင်ပြည့်ဝတွေ စိတ်ကူးပုံဖော်ပါရစေဦးအေ … သည်လိုအေ့ … နောက်တစ်ရက်တော့ သူရယ်ပေါ့ … အိမ်ကိုရောက်လာတယ် … ငါ့အစ်ကိုနဲ့ သူနဲ့က သူငယ်ချင်းတွေလေ …

သြော် … မာမီမြင့် အစ်ကိုဆိုတာ ဘကြီး သာပေါ်ကို ပြောတာလား မာမီ … ဘကြီး ကိတ်ကြီးလေ …

အေးဟုတ်တယ် … ညည်းတို့အေ … ငါ့အစ်ကိုတော့ မပြစ်မှားကြပါနဲ့ … သားနဲ့ မယားနဲ့ပါအေ …

စတာပါ မာမီရဲ့ … ဆက်ပြော ဆက်ပြော …

မာမီမြင့်က ဆက်ပြောဖို့ အားယူသည် ။ ရုပ်ရှင်တွေထဲကလို မျက်လုံးအိမ်တွေ ကျဉ်းမြောင်းသွားသည် ။ သည်တစ်ခါလည်း ကြည်နူးရသည်မို့ မာမီမြင့်တစ်ယောက် ထပ်ပြီး ပျိုနေလေတော့သည် ။

(၄)

ကိုကံအေးဆိုသည်မှာ အရင်ထဲက မြင်ဖူးသည်မို့ မြင့်စိတ်ထဲ စိတ်ကူးလေးနှင့်ပင် ပစ်မှားကြည့်လို့ မရခဲ့သောသူ … ။ အခုတော့ ကောက်ကာငင်ကာဆိုသလိုပင် မြင့်တစ်ယောက် ကိုကံအေးကို ရင်ခုန်ခဲ့ရသည် ။ ထိုနေ့က သီချင်းတအေးအေးနှင့် အ၀တ်တွေ လက်ချုပ်လိုက်နေသော မြင့်အနားကို ကိုကံအေးရောက်လာခဲ့ပါ၏ ။ ပြီးတော့ မြင့်ကို လေသံလေးနှင့် ခေါ်လိုက်လေသည် ။

မြင့် …

အို … ကိုကံအေးနှယ် …

ဟုတ်ပါ့မြင့်ရယ် … ကျုပ်ပါဗျာ … မနေ့က မြင့်ကို ဟိုကောင်တွေ ၀ိုင်းစနေတာ မြင်တော့ ကိုကံအေး စိတ်မကောင်းဘူးရယ် …

အို … စိတ်မကောင်းမဖြစ်ရပါဘူး ကိုကံအေးရယ် … မြင့်လည်း သည်လိုပဲ ကျန်းမာရေးလေး ဘာလေး ဖြစ်အောင် ရေခပ်တဲ့သဘောပါ … ပုံသေအားဖြင့်တော့ မိပွေတို့ မိဘုတ်တို့ ပါသားလား … မနေ့ကတော့ သူတို့လည်း တစ်ဖက်ရွာက ဘုရားပွဲ ရောက်နေလေတော့ …

နောင်ဆိုရေလိုရင် ကိုကံအေးကို ပြောပါ မြင့်ရယ် … ရေဘယ်နှထမ်းလိုချင်လဲ … ရစေရမယ်ဗျာ … ကိုင်း …

မလိုပါဘူး ကိုကံအေးရယ် … ကိုကံအေး ပင်ပန်းနေပါရော့မယ် …

မြင့် ကိုကံအေးကို ရွှန်းရွှန်းစားစားကြည့်မိပါ၏ ။ ကိုကံအေးကလည်း ထိုသို့နှယ်ပင် ။ မြင့်စိတ်ထဲမယ် သာယာရွှန်းမြနေမိရသည် ။ ကိုကံအေးကလည်း မြင့်ကို ပြုံးကာဖြင့် စူးစူးစိုက်စိုက်ကြည့်နေခဲ့သည် ။ ကိုကံအေး၏ အခေါ်အဝေါ် ထူးခြား ပြောင်းလဲသွားပုံကို မြင့် သတိထားမိလိုက်သည် ။ အရင်က ထွန်းမြင့်လို့ ခေါ်ခဲ့သမျှ အခုတော့လည်း မြင့်တဲ့ ။ ခေါ်ပုံက နူးညံ့ညင်သာနေသောကြောင့် မြင့်ရင်တွေ ခုန်လွန်းမက ခုန်နေခဲ့သည် ပြောလျှင် မြင့် လွန်အံ့မထင် ။

ရွာ့တောင်ဘက်က ချောင်းကလေးနားတွင် မြင့်နှင့် ကိုကံအေးတို့ မကြာမကြာတွေ့ဖြစ်ခဲ့သည် ။ ထိုစဉ်က ကိုကံအေးလည်း အသက်ဆယ့်ရှစ် … မြင့်လည်း အသက်ဆယ့်ရှစ် ။ ချစ်သူလို့ တည်တည်ပပ မဖြစ်တတ်သေးသော်လည်း ကိုကံအေး လာခေါ်တိုင်း မြင့်ပျော်ရသည်သာ ။ မြင့်ရေ … လမ်းလျှောက်ထွက်မယ်ဟေ့ဟု ဆိုလိုက်သည်နှင့် မြင့်တစ်ယောက် ပြင်ဆင်ပြီး အိမ်ရှေ့ တန်းရောက်လာတတ်ခဲ့ပြီ ။

ရွာက မ စ မနောက်ကြဘူးလား မာမီမြင့်ရယ် …

စ ကြတာပေါ့အေ … သက်သက် ဂယက်တွေပါ … ငါ့ကို မရတော့မှန်းသိလို့ လွတ်တဲ့ငါးက ပိုကြီးသွားတာလေ … ထူးခြားတာက ကိုကံအေးက ငါ့ကို တကယ်ချစ်ရှာတော့ လူတစ်ကာ စ နောက်လည်း ဂရုမစိုက်ပါဘူးအေ …

မာမီမြင့်တို့ အိမ်ကရော ဘာမှမပြောဘူးလား …

မပြောပါဘူးအေ … ငါတို့တောမှာ အခြောက်ရယ် ဘာရယ်လို့လည်း သိပ်ပြီး နှိမ်ကြတာမှ မဟုတ်ဘဲ … ငယ်ငယ်ကတော့ ပြင်ကြပါသေးတယ် … ပြင်ဆို ငါ့ကို သစ်သားနဲ့လုပ်တဲ့ ဓါးလွတ်တွေ ၀ယ်ပေး … ဘောလုံးတွေကန်ခိုင်း … ကျားကျားယားယားနေခိုင်းနဲ့ … ရမလားအေ … ငါက မွေးကတည်းကခြောက် … သွေးထဲကခြောက်အေ့ … သူတို့ မောရုံရှိကြရောပေါ့ … နောက်တော့လဲ ငါနေပျော်သလို နေတော့ဆိုပြီး လွှတ်ထားလိုက်ကြတော့တာပဲ …

မာမီတို့များ ကံထူးချက်နော် … ခြောက်တာတောင် ပေါ်ပေါ်ထင်ထင် ခြောက်ခွင့်ရှိတယ် …

လိုင်စင်ရ အခြောက်ပေါ့နော် … ဟိဟိ ခွိခွိ …

ကောင်မတွေ … ငါကျွေးတဲ့ လက်ဖက်စားပြီး ငါ့အတင်းပြောကြသိလား … စားသမျှ အပင်းဖြစ်နေမယ် … ဗိုင်းတာမတွေ …

သည်လို ဆဲဆဲဆိုဆိုလုပ်တော့လည်း မိငွေတို့ မိလှတို့က မနာရေးချ မနာ ။ ဟီးဟီးဟားဟားနှင့် ပြီးကြသည်သာ ။ မာမီမြင့်လည်း သူ့ဇာတ်ထုပ်ကြီးကို ဆက်ခင်းရသည် ။

တစ်နေ့ပေါ့အေ … ငါတို့ ရင်းနှီးပြီး ခြောက်လလောက် အကြာမှာပေါ့ … ကိုကံအေးရယ်လေ … လက်ပံပင်ကြီးအောက် ခေါ်သွားပြီး … ငါ့ကို …

လက်ပံပင်ကြီးအောက်ဆိုတော့ မိငွေနှင့် မိလှတို့ ပြေတီဦးနှင့် စိုးမြတ်သူဇာ ၊ ဖွေးဖွေးတို့ပါသော လက်ပံကားကို သတိတရရှိမိသည် ။ ဟိုတစ်လောကပင် မန်းလေးကို တက်ပြီး သွားကြည့်ထားခဲ့ကြသည် မဟုတ်လား ။ လက်ပံပင်အောက်မှာ တစ်ခုခု ဖြစ်ခဲ့ကြတာဆိုတော့ အနီရဲရဲတွေ ၀တ်ပြီး လက်ပံထဲကလို စိုးမြတ်သူဇာတွေများ ဆန်နေမလားဟု မိငွေနှင့် မိလှတို့ ကြည့်မိကြသည် ။

ပုံမှန်သာ ။ အနီရောင်ဆိုလို့ နဖူးတွင် စည်းထားသော အနီစည်းကြီးတစ်ခုသာ ရှိသည် ။ အ၀ါဝမ်းဆက်တော့ ၀တ်ထားသည်ဆိုတော့ လက်ပံပင်အောက်မှာများ မာမီမြင့်ကို နနွင်းလူးသွားသလားဟု ပေါက်ပေါက်ရှာရှာတွေးမိရသည် ။

လက်ပံပင်အောက်ဘာလုပ်တာတုန်း …

ဟုတ်တယ်လေ … ဆက်ပြောလေ … မာမီရဲ့ … တန်းလန်းကြီး ရပ်ထားပြန်ပြီ …

ပြောမှာပေါ့အေ … ညည်းတို့ကလည်း … ငါ ကိုရီးယားဇာတ်လမ်းတွဲတွေ ဆန်ပါရစေဦး … တစ်ဖြတ်လေး ဖြတ်ပါရစေဦးအေ …

ပြောလည်းပြောနှင့် မာမီမြင့်တစ်ယောက် မိုးအေးအေးတွင် မအိုက်ပါဘဲလျက် သူ့ နံ့သာဖြူအစစ်နှင့် လုပ်ထားသည်ဆိုသော တရုတ်ကလာသည်ဆိုသည့် ယပ်တောင်ကြီးကို တမင် ထုတ်ခပ်နေလေတော့သည် ။

(၅)

မြင့် … မြင့်ကို ကိုကံအေး ချစ်တယ် …

ဟော … ကိုကံအေးရယ် … ဗြုန်းစားကြီးပါ့လား …

မြင့်ရယ် … ဗြုန်းစားကြီး မဟုတ်ရပါဘူး … ကိုကံအေး မြင့်ကို ချစ်နေတာ ကြာနေမင့်ဟာ … မြင့်လည်း သိကရောပေါ့ … မလိမ်နဲ့နော်မြင့် … မြင့်မျက်လုံးတွေမှာ ကိုကံအေးမြင်နေရတယ် …

အို … ။ ကိုကံအေးကို မြင့် လူရိုးလေးမှတ်တယ် ။ အခုတော့ ကိုကံအေးတစ်ယောက် မြင့်ကို စကားလုံးတွေနှင့်ပင် ချုပ်တတ်နေပါပကော ။ သည်ကလည်း ချစ်နေသပါ့လို့ အဖြေပြန်ပေးချင်သော်လည်း ချက်ချင်းကြီးတော့ မပေးချင်မိသေး ။ မြင့် မူထားလိုက်ရပါသည် ။

အို ကိုကံအေးရယ် … မြင့်ကို သည်လောက်တောင် အထင်သေးရော့လား … မြင့်ရဲ့ ဘ၀ကို ကိုကံအေး သိနေလို့ပဲ မြင့်ကို သည်လို အကျပ်ကိုင်ရော့သလားဟင် …

မဟုတ်ဘူး မြင့် … အို … မဟုတ်ဘူး … မြင့် ကိုကံအေးကို အထင်လွဲနေပြီ …

မြင့် အစကတော့ ဘာရယ် မဟုတ် ပြောလိုက်သည်သာ ။ ပြောပြီးမှ ကိုယ့်ဘ၀ကိုယ် ပြန်တွေးမိပြီး မြင့်တစ်ယောက် ၀မ်းနည်း မျက်ရည်လည်မိရပြန်ပါ၏ ။ မြင့် မျက်ရည်ကျသည်ကို မြင်တော့ ကိုကံအေးတစ်ယောက် ပြာပြာသလဲ မြင့်ကို ချော့မော့ရပါ၏ ။ ခြေမကိုင်မိ လက်မကိုင်မိ ရှိမိရပါ၏ ။

မြင့်ရယ် … မငိုပါနဲ့ကွယ် … ကိုကံအေး စိတ်ထဲ ဘယ်လိုမှ မကောင်းလို့ပါ …

ပြောပြီး မြင့်ကို ကိုကံအေးတစ်ယောက် ဖက်လေသည် ။ မြင့်လည်း ကိုကံအေးကို ပြန်ဖက်ပြီး ငိုမိသည် ။

ဟောဗျာ … ရည်းစားစကားလေး ပြောမိပါတယ် မြင့်ရယ် … သည်လောက်ငိုနေရသလား …

ခုနကတော့ ၀မ်းနည်းလို့ငိုတာပါ … အခုတော့ ၀မ်းသာလို့ ငိုတာပါ ကိုကံအေးရယ် …

အလို … ၀မ်းသာတယ် … ဟုတ်စ … မြင့်က ကိုကံအေး ရည်းစားစကားပြောတာကို ၀မ်းသာတယ်တဲ့လား …

မြင့်တစ်ယောက် ကိုကံအေးရင်ခွင်ဆီမှ ခွါပြီး ရှက်ပြုံးပြုံးကာ ခေါင်းကြီး ငုံ့နေရပါ၏ ။ သည်စကားကပင် ကိုကံအေးအတွက် မြင့်ပေးသော အဖြေ ဖြစ်ခဲ့ပြီ မဟုတ်လား ။ ကိုကံအေးကတော့ သူကြားချင်သည့် အဓိကစကားကို အတင်းကာရော မေးနေပြန်တော့သည် ။

မြင့် … ကိုကံအေးကြားချင်တဲ့ အဖြေကို ပေးပါရော့ဗျာ …

အို … ကိုကံအေးနှယ် … ခုနက စကားထဲမှာပဲ အဖြေပါနေမင့်ကို …

မရဘူး မြင့်ရာ … တည်တည်ပပ အဖြေပေးစမ်းပါဗျာ … ကိုကံအေး လွတ်လွတ်ကျွတ်ကျွတ် ၀မ်းသာစမ်းပါရစီ …

မြင့် ရှက်ပြုံးလေးပြုံးကာ စကားဆိုဖို့ အားယူလိုက်ရသည် ။ သည်အရွယ် သည်လူပျိုက သည်စကားပြောတာကို ကြားရပြန်တော့လည်း မြင့် အရှက်သားလား ။ သို့သော် ချစ်ရသူက ကြားချင်သည် ဆိုမှတော့ မြင့်တစ်ယောက် ကြိုးစား အားစိုက်ကာ ပြောရပါလေမည် ။

မြင့်ကလည်း ကိုကံအေးကို ချစ်ပါသတဲ့နော် …

ကိုကံအေး ပျော်လိုက်တာ မြင့်ရယ် …

ကိုကံအေးတစ်ယောက် မြင့်ကို မလွှတ်တမ်း ဖက်ထားခဲ့လေသည် ။

ဟယ် … မလွှတ်တမ်းတောင်ဖက်တယ်တဲ့ … ကိုကံအေး သနားပါတယ်နော် မိလှ …

ဘာလို့လဲ မိငွေရဲ့ …

ငါတို့ မာမီက သုံးရက်တစ်ခါမှ ရေချိုးတာလေ … ဟိုမှာများခမျာ နံရှာရော့မပေါ့ …

ကတဲမှ … ဟာမတွေ … ဂယက်မတွေ … ပြန်ကြတော့ … ညည်းတို့ကို ကျုပ်ဘာမှ ထပ်မပြောတော့ဘူး …

အို … သည်လိုတော့ မလုပ်ပါနဲ့ မာမီရယ် … ဆက်ပြောပါ … ကောင်းခန်းကြီးမှာမှ …

ဟုတ်ပါ့ မာမီရယ် … ဆက်ပြောပါနော် … မာမီ့ဇာတ်လမ်းနဲ့ နိုဝင်ဘာမိုးနဲ့ ဘယ်လိုဆက်စပ်သလဲဆိုတာ အခုထိ အစကောက်လို့ မရသေးဘူးရယ် …

ဟဲ့ … ပါလာမှာပေါ့ … လောတတ်ရန်ကော … ညည်းတို့ ငါ မေးစမ်းပါဦးမယ် … ညည်းတို့ မြန်မာကား ကြည့်ဖူးရော့မဟုတ်လား …

အို … ကြည့်ဖူးပါ့ … ဖိုက်တင် … အက်ရှင် … အချစ် … ဟာသ … စုံလို့ …

အဲ့လို ကားတွေမှာ အမြဲတမ်း ပါလေ့ရှိတာ ဘယ်သူတွေလဲ …

အခြောက်တွေ …

ဟယ် … ဖာသည်မနဲ့တော့ … ငါ့ကို လာရွတ်နေတယ် …

ဟုတ်တယ်လေ … မာမီကလည်း … သည်ခေတ် ကားတွေမှာ အငွေတို့လို မိန်းမလျာတွေက ဈေးကွက်တစ်ခု ဖြစ်နေတာကို …

မဟုတ်ဘူးဟဲ့ … မဟုတ်ဘူး … ငါပြောတာ ဗီလိန်ဟဲ့ … ဗီလိန် …

ဗီလိန် … ဟုတ်လား … မာမီ …

အေးပေါ့ဟယ် … ငါတို့လို နေနဲ့လ … စိန်နဲ့မြလို လိုက်ဖက်တဲ့အတွဲမှာ … အဲ့လို ဂယက်ထတဲ့ ဗီလိန် အဖျက်မတွေ ရှိလာတာပေါ့အေ … ဖြစ်ချင်တော့ … သည်လိုအေ့ …

အတိတ်ကို ပြန်ပြောင်းပြောရင်း အဖွားကြီးက ဒေါသတွေ ထွက်လွန်းလာသောကြောင့် ထင်သည် ။ အံသွားကြီး စေ့စေ့ကြိတ်ထားလေသည် ။ အံကြိတ်လွန်းအားကြီးသောကြောင့် မာမီမြင့်များ ၀က်ရူးပြန်နေရော့သလားလို့ မိငွေနှင့် မိလှတို့ မတွေးကောင်း တွေးကောင်း တွေးမိလိုက်သေးသည် ။

ဘာမှ ၀က်ရူးမပြန်ပါ ။ အဖွားကြီးက အားရအောင် အံကြိတ်ပြီးတော့မှ သူ့အကြောင်းကို ဆက်ပြီးပြောလေတော့သည် ။

By Dr. Min Khant

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...