Sunday, December 21, 2014

ဟိန်း(ဒုတိယပိုင်း)


အညိုက အခန်းတံခါးကိုဖွင့်ပေးတယ်။ ဟိန်းကဆိုဖာပေါ်ထိုင်နေတယ်။ မျက်နှာကတော့ မဲ့ရွဲ့နေတာပဲ။

ဗိုဟိန်း သိပ်မပိုနဲ့ ငါ့အမြင်ကပ်လာပီတဲ့။

အညိုက ပြောတာပါ။ ကိုယ်အညို့ကို မျက်စောင်းတချက်ထိုးလိုက်တယ်။ အညိုက ပြုံးစိစိနဲ့…။

ငါဟင်းသွားချက်အုံးမယ်.. ဗိုဟိန်းကိုတော့ မင်းပဲကြည့်လုပ်လိုက်တော့တဲ့။
အညိုအနောက်ဘက်ထွက်သွားတော့ ကိုယ်နဲ့မောင် နှစ်ယောက်ထဲကျန်ခဲ့တယ်။ မောင့်ဖနောင့်က ဟက်တက်ကွဲနေတယ်။

ဘယ်လိုဖြစ်ရတာလဲ…ဟမ်။
ဘောလုံးကိုမဲနေတာ ငုတ်ကိုမမြင်ဘူး ဖြစ်သွားတယ်။ ငုတ်ကို ကန်မိတာ။

မောင့်ဒဏ်ရာက သွေးတွေ ကြမ်းပေါ်တစက်စက်ကျနေတယ်။
ကိုယ်ဒူးထောက်ထိုင်ချလိုက်တယ်။

ခြေထောက်ချိတ်လိုက်လေ..။ ဘာဆေးမှ ထည့်မထားရသေးဘူး မဟုတ်လား။
အင်း…ရေတော့လောင်းဆေးထားတယ်။

ကိုယ်အရက်ပြန်ပုလင်းကိုဖွင့်ပြီး ဒဏ်ရာပေါ်လောင်းချမလို့ ပြင်တော့ မောင်က ကိုယ့်လက်ကို ဖမ်းဆွဲတယ်။

စပ်မှာပေါ့ ဟလား။
အော်… ဒီလောက်အကွဲကြီးကျတော့ မကြောက်ဘူးနော်… စပ်မှာကျတော့ ကြောက်နေသေးတယ်။
အကိုရော.. စပ်မှာမကြောက်ဘူးလား… ။

အကိုတဲ့လား…. ကိုယ်သူ့ထက်အသက်ကြီးတာ သိနေသလား…။
ကဲ.. မစပ်စေရဘူး.. လက်ကိုလွှတ်အုံး..။

အဲလိုပြောမှ မောင်က ကိုယ့်လက်ကိုလွှတ်တယ်။ ယွတုံးကယွပြီး အခုကျမှ အဖြစ်လာသည်းနေတယ်… စမြင်ကပ်လိုက်တာ..။ မျက်လုံးမှိတ်ထား လို့ကိုယ်ပြောတော့ မျက်လုံးအပြင် မျက်နှာတခုလုံး ရှုံ့တွနေလိုက်တာ ဖက်နမ်းချင်စိတ်တောင် ပေါက်တယ်…။ တကယ်.. ကိုယ့်ငါးချဉ်မို့လို့ ပြောတာမဟုတ်ဘူး… တကယ်စားကောင်းတာ.. အို..ရောကုန်ပါပီ တကယ်ချစ်စရာကောင်းတာပါ။
ကိုယ်က အရက်ပြန်လေးလောင်းချလိုက် လေလေးနဲမှုတ်လိုက်လုပ်တော့ မောင့်ခမြာစပ်ပုံမပေါ်ပါဘူး..။ ခဏအကြာအလန့်တကြားထအော်တယ်…။


ဘာလို့ ပါးစပ်နဲ့ မှုတ်နေတာလဲ ကျွန်တော်ငရဲကြီးတော့မှာပဲ
အို…ပါးစပ်နဲ့မမှုတ်လို့ ဖင်နဲ့ မှုတ်ရမှာလား… ။သူပဲစပ်မှာကြောက်နေပီးတော့…
အဲလိုပြောပီး မျက်စောင်းထိုးတော့ မောင်က ရယ်တယ်။ မောင်ရယ်တာ ပြုံးတာတွေက ဘယ်သူမှ လိုက်မမှီဘူး။ တအား အပြစ်ကင်းတယ်။
ဆေးထည့်မယ်နော်။
ဆေးကစပ်လား..။
လာပြန်ပီ.. စပ်လား ။

ကိုယ်ဟောက်တော့ မောင်ငြိမ်သွားတယ်။

ဆောရီး.. အကိုကဒီလိုလုပ်ပေးနေတာ ကျွန်တော်က အလိုက်ကို မသိဘူး..တဲ့လေ။
ဆေးထည့်ပေးလိုက်တယ်။ အပေါ်က ဂွမ်းဖတ်လေးအုပ်တယ်။ ပတ်တီးစီးတယ်။ ပါရာစီတမောရယ် ကီးမို့စ်ရယ် စီဗစ်ရယ် ပေးလိုက်တယ်။ ဘယ်လိုဘယ်လိုသောက်ရမယ် ပြောလိုက်တယ်။

ပြန်တော့မယ်နော်..။
အကို.. ဒီမှာထမင်းစားသွားပါလား..။
ရတယ် သူငယ်ချင်းချက်နေတယ်… ဟိုဘက်ပဲပြန်စားတော့မယ်..။

ကိုယ် ပစ္စည်းတွေ သိမ်းပြီးထပြန်တော့ မောင်က ထော့နဲ့ထော့နဲ့ လေးနဲ့ တံခါးဝကို လိုက်ပို့ပေးတယ်။

ကျေးဇူးပဲအကို ဘေဘီပွစိ…
အို… မောင်က ကိုယ့်ရဲ့ facebook နာမည်ကို သိနေတယ်.. ။ ဘယ်လိုပျော်လို့ ပျော်မှန်းကို မသိပါဘူးကွယ်။ မျက်နှာချင်းဆိုင် အခန်းနှစ်ခန်းကို ကူးတာကို လူကလေထဲ လွင့်နေသလိုလို။
 ကိုယ်အခန်းဝရောက်တော့မှ မောင်ကပြုံးပြပီး သူ့အခန်းတံခါးကိုပိတ်ပါသည်။
မနက်ခင်းသည် အချစ်နှင့်ပတ်သက်သော ရင်ခုန်စိတ်တို့ဖြင့်နိုးထသည်။ facebook ဖွင့်လိုက်တော့ ထူးထူးဆန်းဆန်း ကိုယ်တော်ချောက ကိုယ့်ရဲ့ profile pic ကို like ထားသည်။ အံမယ် ဘာစိတ်ကူးတွေ ပေါက်နေပါလိမ့်… friend ဖြစ်တာကြာလှနေပီ… ခုမှလာပီးတော့
ကိုယ်တယောက်ထဲ ရူးမိုက်စွာပြုံးရင်း မောင့် account ထဲက ဓာတ်ပုံလေးများကို တရှိုက်မက်မက် ကြည့်လိုက်မိသည်။
ဟဲ့… အမလေး  မနက်စောစော ဖုံးကို ကြည့်ပြီး ပြုံးနေတယ်… ကဲပြောပါအုံး အခြေအနေထူးသလား။
အို… မထူးရပါ မနေ့ညက ညည်းကို အကုန်ပြောပီးပီလေဟယ်..
မထူးပဲနဲ့များ သာယာဝတီလုပ်နေသေးတယ်.. မသိပါဘူး ညည်းများမက်ဆေ့ကနေ ရည်းစားစကား အပြောခံရတယ်မှတ်နေတာ။
လွင်မျိုးက မဲ့ကာရွဲ့ကာပြောသည်။
ဒီနေရာမှာ လွင်မျိုး ကို မိတ်ဆက်ပေးရအုံးမယ်။ လွင်မျိုးက ကိုယ်နဲ့ ငယ်ငယ်ထဲကပေါင်းတဲ့သူငယ်ချင်း။ ဆယ်တန်းအောင်တော့ ကိုယ်က တိမွေးကု တက္ကသိုလ်တက်တယ်။ လွင်က အဝေးသင်တတ်တယ် အိမ်ကိုလုပ်ကျွေးတယ်။ အဝေးသင်ကနေဘွဲ့ရတော့ နိုင်ငံခြားထွက်တယ်။ သူအဆင်ပြေတော့ ကိုယ့်ကိုလှမ်းခေါ်တယ်။ ကိုယ်လဲလိုက်ခဲ့တယ်လေ။ ဟုတ်တယ်… ကိုယ့်နိုင်ငံမှာ တိမွေးကုက သူဌေးဖြစ်မယ့် profession မဟုတ်ဘူးလေ။ ဒါနဲ့ ဒီရောက်တော့ ရေနံစက်ရုံမှာ အလုပ်ရတယ်။ ရတဲ့ဘွဲ့နဲ့ လုပ်ရတဲ့အလုပ်မဆိုင်တာပြောပါတယ်…။ ကိုယ်ကအသာထားအုံး …လွင်ဆိုရင် သူရတာက botany လုပ်ရတော့ ဆီအုန်းကနေ ဆီထုတ်တဲ့စက်ရုံ။ နည်းနည်းတော့နီးစပ်တာပေါ့နော်။
ကိုယ်က အလုပ်ကနေခွင့်ယူလာပေမယ့် လွင်က အလုပ်ရှိတော့ အလုပ်သွားမှာပေါ့လေ။ ကိုယ့်ကို ကော်ဖီတခွက် လှမ်းပေးရင်း လွင်က အလှပြင်နေတယ်။ အင်း… သူ့ကိုလဲ လင်ပေးစားအုံးမှပါပဲ..။ အညိုနဲ့ပေးစားလိုက်ရင် အိုကေပဲ … ကိုယ်နဲ့မောင်ကတတွဲ.. လွင်နဲ့အညိုနဲ့ကတတွဲ … အဟိ
ဟယ်… ရယ်နေပြန်ပြီ.. ညည်းရူးများနေပီလား
အို… ငါကနင်ရယ် မင်းသူရယ်ကို ပေးစားရင်ကောင်းမလားစဉ်းစားနေတာ
အမလေး… ကွကိုသာ သာယာတော်မူပါဟယ်… ဟိုကထိုးခွဲသတ်ဖြတ်မယ့် ပုံမျိုး။ အာ့မျိုးဆို အားကြီးကျောက်ဆည်
အမလေး… ပြီးမှ ကျေးဇူးတင်ပြီး ငါ့ကိုညတိုင်းကန်တော့နေအုံးမယ်
ဝေးပါသေးတယ်အေ.. လုပ်ချင်ရင်လုပ်ပီးနေပီ ညည်းတောင် စပ်ဟပ်နေစရာမလိုဘူး။
လွင်က Lip gloss ဆိုးပီးသား စိုစိုလေး ဖြစ်နေသော နှုတ်ခမ်းကို တသျှူးစဖြင့်သုတ်လိုက်သည်။
ဟဲ့… နင့်ကောင်လေးအလုပ်မသွားလောက်ဘူး… သတင်းလေး သွားမေးလိုက်ပေါ့ .. နေ့လည်ဘက်
အင်းဟု ကိုယ်ဖြေလိုက်သည်။
တကယ်တော့ လွင်ဆင်းသွားပြီး နာရီဝက်တောင် မအောင့်နိုင်ပါ.။ အခန်းတံခါးကို ပြေးခေါက်လိုက်သည်။ လာပြီလာပြီဟု ကြားသည်။ မောင့်အသံဟု ရင်းနှီးစွာသိလိုက်သည်။
၃မိနစ်လောက်တော့ စောင့်လိုက်ရသည်။ မောင်သည် အိမ်နေရင်း အင်္ကျီ အဖြူရောင် ခပ်နွမ်းနွမ်းနှင့် သနားစရာ ကောင်းလှသည်။
အော်..အကို.. ဝင်လေ
ဘာလုပ်နေတာလဲ
ဟင်းချက်မလို့… ဒီနေ့ကျွန်တော်ချက်တဲ့အလှည့်လေ
ခြေထောက်က အနာနဲ့ ဘယ်ဖြစ်မလဲ…
မဖြစ်လို့လဲမရဘူး.. ဒီနေ့ OT ရှိတယ် (အချိန်ပိုကို ပြောခြင်းဖြစ်သည်) မင်းသူပြန်လာမှာကို စောင့်ရင် နှစ်ယောက်လုံးညစာငတ်မှာ…
မောင်က လျှာတန်းလန်းဖြင့် အသက်ထွက်သည့်ပုံလုပ်ပြတော့ ကိုယ်ရယ်မိသည်။ ဒီကလေး ဒီလောက်ချစ်ဖို့ ကောင်းမှန်းသိရင် အစောကြီးကတည်းက ဝင်လုံးပါတယ်။ အသိနောက်ကျလေခြင်း…
ကဲပါ… ငါချက်ပေးမယ်… ကြက်သွန်ဘာညာတော့ ကူလုပ်ပေးလေ
တကယ်လား… အကို့လက်ရာစားရသေးတာပေါ့
ဟင်းနုနွယ်ရွက်တချို့ကို သင်သည်။ ကြက်သွန်ထောင်းသည်။ ကြက်သွန်ကို မောင်ကအခွံသင်နေတုံး ကိုယ်က ကြက်သွန်က စပ်လားဟင် ဆိုပြီး စတော့ မောင်က ဟက်ဟက်ပက်ပက်ရယ်သည်။ အကိုကျွန်တော့်ကို လှောင်တယ်နော်…တဲ့လေ
ဝက်သားကိုအစပ် ချက်သည်။ ဒီနိုင်ငံမှာတော်တော်ရှာဝယ်ရတဲ့ ဝက်သားဖြစ်သည်။ ဟင်းနုနွယ်ကို ကြော်သည်။ ကိုယ်ဟင်းချက်နေတာကို မီးဖိုဝကနေ လှမ်းလှမ်းချောင်းနေလို့ အော်ရသေးသည်။ တကတည်း ကိုယ်ကညှော်မိမှာစိုးလို့ကို သူကယွထနေသေးတယ်။
အားလုံးပြီးတော့ ရေချိုးဖို့ ကိုယ့်အခန်းကို ပြန်လိုက်သည်။
*           *           *           *           *
ဟင်… ဒါဆို ထမင်းပဲတူတူစားတာလား.. ဘာမှဆက်မဖြစ်ဘူးပေါ့..
အို..ဖြစ်စရာလား…
ဒီနေရာမှာ ငါနဲ့ မင်းသူဆိုဖြစ်တယ်သိလား
အေးလေ… နင်တို့နှစ်ယောက်က ခွေးငတ်နဲ့ ဖိနပ်ပြတ်လေ ဖြစ်မှာပေါ့။ နင်တို့မှ မဖြစ်ရင် ဘယ်သူမှ မဖြစ်တော့ဘူး
ကျန်းးးးးးးး ကောင်မစော်ကားနေတာ စော်ကားနေတာ..။ အားကိုးတွေရနေတယ်ပေါ့ဟုတ်လား…
လွင်အလုပ်က အပြန်ဝယ်လာသော ဒေသခံမုန့်တမျိုးကို စားနေရင် ဟီလာထနေကြတာ ဖြစ်ပါသည်။ ယွလို့မဆုံးသေးခင် တံခါးက အသံမြည်လာတယ်။
သွား… သွားဖွင့်.. အဲတာညည်းလင်တွေနေမှာ… ငါ့ဟာငါဆို ဘယ်သူမှ လာမခေါ်ကြဘူး
အမလေး… ညည်းအောင်မြင်တာ ငါသိတယ် ကြွားမနေနဲ့
ကိုယ်ကလွင့်ကို တချက်လှမ်းပက်လိုက်ရင်း တံခါးဆီလာတယ်။ ထင်တဲ့အတိုင်း မောင်နဲ့ အညို။
အကို.. ညကျရင်သောက်ရအောင်
ဟမ်
မင်းမသောက်တတ်ဘူးလို့တော့ မညာနဲ့…။ facebook မှာ အရက်သောက်တဲ့ပုံတင်ထားတာ တွေ့ဖူးတယ်
ဟုတ်တယ်.. သောက်တတ်တယ် သူက။ သွားလိုက်လေ ညကျရင် မိတ်ဖြစ်ဆွေဖြစ်ပေါ့…။
လွင်မျိုးက နောက်ကရောက်လာတယ်။
မိတ်ဆွေက ဖြစ်ပါတယ်..။ အရက်သောက်မှ မဟုတ်ပါဘူး..လွင်မျိုးရဲ့
လာခဲ့ပါ.. ပိုရင်းနှီးသွားတာပေါ့… မင်းလက်ရာလေးတွေ စားကောင်းတယ်နော်… ပြန်ပီးကျေးဇူးဆပ်ချင်လို့
အညိုက ကိုယ့်ကိုကလိတယ်လေ။ မောင့်ကိုကြည့်လိုက်တော့ မချိုမချင်နဲ့။ တခုခု အပိုဆာဒါးတွေ ထည့်ပြောထားပြန်ပီလား မသိဘူး..။ ဒီလူကြီး မနက်ထဲက သူ့ဆီရောက်နေတယ် ဆိုပြီးတော့။ ဒါနဲ့ကိုယ်လဲ စကားနည်းရန်စဲ လာခဲ့မယ်လို့ ပြောလိုက်တယ်။
သူတို့ပြန်သွားတော့ လွင်က တစခန်းထတယ်။
ကဲ… အမျိုးသမီး..။ ရှင်ဒီညတော့ တူးဝမ်းဆွဲရမလားပဲ
အမလေး… အဲလိုတော့ ဖာမဆန်ပါရစေနဲ့…။ နင့်ဆီကို မင်းသူလွှတ်လိုက်မယ်လေ
လွင်က အရက်မသောက်တတ်ပါ…။ ပီးတော့လဲ အချိန်ပိုဆင်းရသည်မို့ ပင်ပန်းသည်ဟု အကြောင်းပြကာ ငြင်းလိုက်လေသည်။ တကယ်တော့ သူကဗမာပြည်က ရည်းစားနှင့် ညတိုင်းစကိုက်ကနေ စကားပြောတာမို့လို့ ဖြစ်သည်။
*           *           *           *           *
မောင်တို့နှစ်ယောက်နဲ့ ကိုယ်နဲ့ သောက်ကြသည်။ ယောကျာ်းတွေမူးလာတော့လဲ ပြောသောစကားများသည် ထုံးစံအတိုင်း နိုင်ငံရေး စီးပွားရေး တိုင်းရေး ပြည်ရေးတွေ ဖြစ်ကုန်သည်။ သူများနိုင်ငံက ဘယ်လို ကိုယ့်နိုင်ငံကဘယ်လို စသည်ဖြင့် ငြင်းကြခုန်ကြသည်။ နောက်တော့ အဲဒိစကားတွေကို အညိုက တခွန်းထဲနဲ့ ဖြတ်ပစ်သည်။
မင်းမှာ စော်မရှိဘူးလား
ကိုယ်ကြောင်အမ်းအမ်းဖြစ်သွားတယ်..။ ဟုတ်တယ်လေ ငါကခြောက်နေတာ စော်ရှိစရာလားလို့ ခုချိန်မှ ပွင့်ချလို့လဲ မဖြစ်။ ကိုယ်ကသူတို့နဲ့ စသိထဲက အပုန်းစတိုင် ပေါင်းလာတာဆိုတော့ကာ..။ မောင်က မျက်လုံးလေး ကလယ်ကလယ်နဲ့ သူ့သူငယ်ချင်းစကားအတွက် ကိုယ့်ကိုအားနာနေပြန်သည်။ အညို့မျက်လုံးများက မှေးစင်းနေသည်။ ဒဏ်ရာရ သားကောင်ကို မစားသေးပဲ ကစားချင်နေတဲ့ အောင်နိုင်သူတယောက်လိုမျိုး…။ ကိုယ်ဘယ်လို ပုံပြင်ပြောရင် ကောင်းမလဲ စဉ်းစားရခက်နေလိုက်တာ….
စော်တွေက မကောင်းပါဘူး … သစ္စာမရှိကြဘူး… သူတို့နဲ့ အဆင်မပြေရင် ငြီးငွေ့လာရင် အကြောင်းမျိုးမျိုးနဲ့ ဖြတ်တာပဲ
မောင်က ဝင်ပြောလိုက်တာဖြစ်သည်။ ကိုယ်နည်းနည်းတော့ အသက်ရှူချောင်သွားသည်။ အညိုကတော့ ပြုံးလိုက်တာကို ကိုယ်မြင်လိုက်သည်။ အညို့ target က မောင်ဖြစ်သွားတယ်။
အော်..ဟုတ်သားပဲ… ဒီအခန်းကို ငါပြောင်းမလာခင်တုန်းက မင်းမှာစော်ရှိသေးတယ်လေ… အဲတာဘယ်လိုပြတ်သွားတာလဲ.. ငါသိသလောက်ကတော့မင်းတို့ သိပ်ချစ်တာ မဟုတ်ဘူးလား
ဟုတ်တယ်
မောင်က တုံးတိဖြေသည်။ ဒီတခါ အားနာရတာက ကိုယ်….
သူ ဒီကိုလဲလာသွားသေးတယ်မဟုတ်လား… စကာင်္ပူက Nurse မလေးလေ
အင်း… အဲတာကြောင့် ငါပြောတာပေါ့… မိန်းမတွေက သူတို့စိတ်ကုန်ရင် အကြောင်းအမျိုးမျိုးနဲ့ ဖြတ်ပါတယ်ဆို..
မောင့်မျက်လုံးလေးတွေ ဆွေးဆွေးလေးဖြစ်သွားသည်။ ရည်းစားဟောင်း အစစ်မကိုလွမ်းသွားတာလားမောင်။ ဖြစ်နိုင်ရင် မောင့်ရဲ့ ဒဏ်ရာအကြွင်းအကျန်တွေကို ကိုယ့်မေတ္တာတွေနဲ့ ဖြေဖျောက်ပေးချင်မိတယ်…။
သူတို့ဆက်ပြောကြတာ မိန်းမတွေ သစ္စာမရှိတဲ့ အကြောင်းတွေချည်းပဲ ဖြစ်သည်။ ကြာတော့ ကိုယ်လဲငံပြာရည်စော်တောင် နံလာသလိုလို။ အသက်ရှူမဝဘူးဆိုပြီး ဝရန်တာဘက်ထွက်လာလိုက်သည်။
ဆေးလိပ် ၂လိပ်ကုန်သည် အထိ အထဲပြန်မဝင်ဖြစ်သေးပါ။ ခဏနေတော့ နောက်ကနေလူတယောက်က သိုင်းဖက်လိုက်သည်။ ကိုယ့်လှည့်ကြည့်လိုက်တော့
အညို…..။

ဆက်ရန်
ဘေဘီပွစိ

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...