Saturday, February 7, 2015

ကျွန်မနာမည် ခင်မေသိန်း အပိုင်း (၇)

... " ကျမ နမည် ခင်မေသိန်း "
. . . . အပိုင်း(၇) . . . .
. . . . ( က)
"အာလူး ဘယ်လိုရောင်းလဲ"ဟူသော အသံကို ခေါင်းမော့ကြည့်လိုက်တော့ နုညံ့သောအပြုံးတစ်ခုသည် သူ့ အားစီးမိုးထားသည်။ ဖြူနုနုအသားရည်ပေါ်က ပန်းနုရောင်ခပ်ဖျော့ဖျော့ နှုတ်ခမ်းထူထူလေးသည် ကွေးညွှတ်နေသည်။ အတိတ်ပွဲခင်းညထဲက ကောင်လေးတစ်ယောက် သူ့ အနားကိုပြန်ရောက်လာခဲ့ပြီ။
ဈေးသွားဈေးပြန်လူအများသည် တစ်နေ့ စာအတွက် ချက်ပြုတ်ရေးရှိနေသေးသည်ဟူသော အသိအား စုတ်ကိုင်လျက် ပျားပုတုန်းပမာ လှုပ်ရှားနေကြသည်မှာ ဈေးထိပ်လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်နေသူအဖြစ်မြင်ရတော့ ပို၍အသက်ဝင်စေသည်။ အနည်းငယ် ဆူညံသော ပတ်ဝန်းကျင်အား အံတု၍ ခင်မေသိန်းက တိုးလျသော စကားတစ်ခုကို အစပြုလိုက်သည်။

" ကိုမိုးတိမ်တောက် ဒီဈေးကို ဘာလာလုပ်လဲ "

" ကံတရား ဆိုတာ ဆန်းကျယ်သားဗျ ပြန်တွေ့ မယ်ထင်ခဲ့တဲ့ အချိန်တုန်းက မတွေ့ ခဲ့ပဲ မေ့မေ့ပျောက်ပျောက်ဖြစ်တော့မှ ပြန်တွေ့ ကြရမယ်လို့ လဲ ဘယ်ထင်ထားမလဲနော်" ဟု တိမ်တောက် က သူ့ အမေးကို နားလည်ချင်သလို နားလည်အောင် ပြန်ဖြေသည်။

" ခင်မေသိန်းက လွန်ခဲ့တဲ့ လေးနှစ်လောက်ကလို မဟုတ်ဘဲ ပုံမှန်းသဏ္ဌာန်ပြောင်းသွားတော့ ကျနော် မမုတ်မိခဲ့တာ ဆောရီးပါ၊ ဒါပေမယ့် ကျနော်သိခဲ့တဲ့ ယောက်ျားဝတ်ရှက်အင်္ကျီနဲ့  ခင်မေသိန်းနဲ့ တူနေတယ်ဆိုတာကိုတော့ ကျနော် သတိထားကြည့်မိပါတယ် "

ခင်မေသိန်းသည် တိမ်တောက်အပြောအား ကျေနပ်စွာပြုံးမိကာ

"ကျေးဇူးတင်ပါတယ်" ဟုပြောမိတော့

"ဘာအတွက်လဲ" တဲ့ တိမ်တောက်က ပြန်မေးနေသည်။

ခင်မေသိန်း ပြန်မဖြေဘဲ ပြုံးနေလိုက်သည်။
တိမ်တောက်က သူ့ အားကမ်းလှမ်းလာသည်။

မိကျော်နဲ့ အလုပ်အတူမလုပ်ဖြစ်တော့ဘဲ အလုပ်ပါးနေသည့် ခင်မေသိန်းအား တိမ်တောက်ကသူ့ ရဲ့  photo studioတွင် ဓာတ်ပုံရိုက်လာကြသော modelများ အပျော်တန်းအလှရိုက်သူများအား မိတ်ကပ်လိမ်းပေးရန် လာရောက်ကူညီပေးဖို့ ပြောလာခြင်းဖြစ်သည်။
ခင်မေသိန်းအကြောင်းတွေ တိမ်တောက် စုံစမ်းမေးမြန်းထားသည် ထင်ရသည်။
*. *. *. **. *. **. *. *. *. *

. . . . . . ( ခ) . . . . .
ရုပ်သံseries ဇာတ်လမ်းတွဲတစ်ခု ရိုက်ရင်းနဲ့ နာမည်ရလာသူ ခိုင်ရမှုန်ငုဝါသည် Magazine cover အတွက် တိမ်တောက်တို့ studioတွင် ဓာတ်ပုံလာရိုက်သည်။ ထိုမော်ဒယ်သရုပ်ဆောင်သည် နာမည်ရမည် ကြံကာစသာဖြစ်သည်၊ မိတ်ကပ်အလိမ်းခံတိုင်း ဟိုဟာဖြစ်တယ် ဟိုဟာလိုတယ်ဟု အမျိုးမျိုး ဂျီကျတတ်လွန်းလို့  အလှဖန်တီးရှင် မမြဲပဲရှိတယ်ဟု တိမ်တောက်က ကြိုပြောပြထားသည်။

ဒေါက်မြင့်ဖိနပ်ပေါ်က Model သရုပ်ဆောင် ကောင်မလေးသည် ကိုယ်ခန္ဓာလှလှ အရပ်ရှည်ရှည်အသားညိုညို ဆံပင်လှိုင်းကောက်အရှည်များနှင့်အတူ ခင်မေသိန်းရှေ့ တွင်ရပ်နေသည်။

ခိုင်ရမှုန်ငုဝါ ဆိုသူသည် ခင်မေသိန်းအား ကြည့်နေသည်။ ထိုအကြည့်၏ အရိပ်များသည် သူ့ အတွက် ရင်းနှီးကျွမ်းဝင်ဖူးသလို ခံစားရသည်။ အပြင်မှာ ရင်းရင်းနှီးနှီးသိပါတယ်ဟူသော အသိနှင့် စူးစူးဆိုက်ဆိုက်ကြည့်တော့မှ အဖြေထွက်လာသည်။

" နင် ငုဝါခိုင် မဟုတ်လား " ဟု သူ့ အမေး၊ သူ့ ရဲ.့ ရင်းနှီးသံကိုကြားတော့မှ ခိုင်ရမှုန်ငုဝါသည် သူ့ အား ပြန်မှတ်မိကာ

" နင် ခင်မောင်သိန်း မဟုတ်လား ဟယ် နင်က ဒီလိုမျိုးတောင်ဖြစ်သွားသလား ငါမသိဘူးတော် "ဟု သူ့ ရဲ့ မိန်းမဟန်ပြောင်းလဲနေထိုင်မူကို မသိမကြားမမြင်ဘူးသော ကျောင်းနေဖက်ငယ် သူငယ်ချင်းဟောင်း ငုဝါခိုင်က အံ့အားသင့်စွာ ဝမ်းသာအားရနှုတ်ပြန်ဆက်သည်။
မိန်းမလို ပြောင်းလဲနေထိုင်လိုက်တဲ့ သူ့ အား သူ့ ရဲ့  အတိတ်ငယ်စဉ်က မိန်းကလေးသူငယ်ချင်းတွေကြား ခပ်နွဲ့ နွဲ့ နဲ့ အတူနေခဲ့သည့် အဖြစ်များနှင့် တွဲ၍ပြန်မြင်ယောင်ကြည့်ရင်တော့ သိပ်တော့ ထူးဆန်းမည်မဟုတ်လှပါ။

" သဘာဝစိတ်ခံစားမူအတိုင်း သဘာဝကို ရင်ဆိုင်လိုက်တာ " ဟု သူတည်ငြိမ်စွာ ဖြေတတ်ခဲ့ပြီ။

ငုဝါ ဘယ်ကနေဘယ်လို မင်းသမီးပေါက်စဖြစ်နေမှန်း သူမသိခဲ့။ မော်ဒယ်လုပ်နေတဲ့ နှင်းဆီကိုလည်း မသိရကောင်းလား သူ အံ့သြနေမိသည်။ ငုဝါနှင့် ကိုးတန်းစာမေးပွဲဖြေပြီးကတည်းကကွဲသွားလိုက်တာ အခုမှ ပြန်တွေ့ ရသည်။

ငုဝါသည် ကျောင်းမှာကတည်းက အလှဆုံးကျောင်းသူအဖြစ် နာမည်ကြီးခဲ့သည်။ အခုတော့ ငုဝါသည် ငယ်ငယ်ကနှင့် သိပ်တောင်မတူဘဲ အရမ်းလှနေသည်။ အသားတွေတော့ ညိုသွားသလိုထင်မိသည်။ ခန္တာကိုယ်အချိုးအစားလုံးဝပြောင်းလဲသွားကာ တော်ရုံနဲ့ မမှတ်အောင်လှနေသည်ပြောရမည်။ ထိုအလှတွေကြောင့် အချိန်အတိုအတွင်း သူနာမည်ရကျော်ကြားလာသည်ဖြစ်မည်ဟု သူတွေးနေမိသည်။

ငယ်ငယ်တုန်းက ငုဝါတစ်ယောက် ကျောင်းစိမ်း ထမှီထဝတ်စဉ် အောက်ခံဘောင်းဘီ အဝါရောင်လေး လှပ်ကနဲပေါ်သွားတာကို ခင်မေသိန်းမြင်သွားကာ ငုဝါကိုကြိုက်နေတဲ့ ရဲရင့်နောင်အား ကြည့်မရသည်နှင့် အဝါလေးမဟုတ်လားဟု ငုဝါဆီ ဂျောက်တွန်းမေးခိုင်းခဲ့သည်။ ငနဲက ဘာမှန်းမသိညာမှန်းမသိ ကြောင်ချင်တာဘဲ သိပြီး တကယ်သွားမေးတော့ ငုဝါကရှက်ရှက်နဲ့  ဆရာမနှင့်တိုင်တော့ ရဲရင့်နောင်တစ်ယောက်
" သူများကို အဝါလေးလုပ်ချင်တာ နင့်ဖင်လှန်စမ်း "ဟု ပုဆိုးဖင်ပြောင်လှန် အရိုက်ခံရတော့ ဖင်မှာ အနာအမာရွတ်ဟောင်းတွေကြောင့် ဝှဲကျော်ဟု ဝိုင်းလှောင်ခံရတာ ပြန်မှတ်မိသေးသည်။

ငုဝါရဲ့ မျက်နာကို မိတ်ကပ်လိမ်းပေးရသည်ကလည်း သိပ်ခက်လှသည်မဟုတ်သော်လည်း ဓာတ်ပုံထဲတွင် အရမ်းလှချင်ဇောနှင့် ဂျီးများသော သူမအတွက် ခင်မေသိန်းသည် ကြိုးစား၍ပြင်ပေးရသည်။

အစတွင် မိပ်ကပ်သည်ပါးနေကာ ပုံတွင် ထင်းခနဲလှမနေဘဲ. ဖြစ်နေသည်။
မိတ်ကပ်ထူလိုက်ပြန်သော်လည်း လှပါတယ် အတော်ပဲပြော်လည်း ငုဝါက များသွားပြီဟု ဆိုကာ မကြိုက်ပြန်ကာ ထပ်ခါထပ်ခါပြင်ရသည်။ပရိတ်သတ်နှစ်သက်မူ အရမ်းလိုချင်ကာ စိုးရိမ်စိတ်ကြီးနေသော ငုဝါနဲ့ လိမ်းရသည်မှာ တကယ်မလွယ်။ အောင်မြင်နေတဲ့ မင်းသမီးတွေ လိမ်းရမည်ဆိုခက်ရချည်းရဲ.့ ဟု သူတွေးနေမိသည်။

. . . . . .( ဂ ) . . . . .
နှင်းဆီနှင့်မောင်မောင်တို့ အား ခိုင်ရမှုန်ငုဝါ ဟာ ငုဝါခိုင်ဟု ပြောပြတော့ သူ့ လို အံ့သြစွာ မမှတ်မိကောင်းလား ကိုယ့်ကိုယ်ကို အပြစ်တင်နေကြသည်။ TV seriesလည်းသိပ်မကြည့်ဖြစ်၍ သိပ်သတိမထားမိခဲ့ဟန်ရှိသည်။

ဒီလိုမှန်း သိရင် ငုဝါကို အစောကြီးကတည်းကပိုးပါတယ်ဟု မောင်မောင်က အရွှမ်းဖောက်ပြောတော့ နှင်းဆီက မောင်မောင့်အား အစကတည်းကမှ ကိုယ့်ကိုဂရုမစိုက်ဘူးဟူသော အတွေးနှင့် စိတ်ကောက်နေတာ ပို၍မာန်ချင်တော့သည်။

နှင်းဆီနှင့် ငယ်ငယ်က မတည့်ခဲ့ပဲ ပြိုင်ဖက်တွေလိုဖြစ်နေတဲ့ ငုဝါတစ်ယောက် အနုပညာလောကမှာ အောင်မြင်စပြုနေတော့ ဒီလမ်းပေါ်ကြိုးစားတက်နေရတဲ့ နှင်းဆီအဖို့  ပို၍မကျေနပ်ဘဲရှိနေတော့မည်။
နှင်းဆီသည် မောင်မောင့်အား မျက်စောင်းတစ်ချက်ထိုးကာ သူတို့ အနားမှ ထထွက်သွားသည်။

. . . . . . . (ဃ ) . . . .
ခင်မေသိန်းသည် ငုဝါရဲ့ ရိုက်ကွင်းရှိသောနေ့ များတွင် ရိုက်ကွင်းထိလိုက်လိမ်းပေးဖို့ ဖြစ်လာသည်။
သို့ သော် ဗွီတီရို ရိုက်ကူးရေးအတွက်မိတ်ကပ်လိမ်းပေးနေကြမဟုတ်၍ အနည်းငယ်အခက်ကြုံရသည်။ကင်မာရာထဲမှာပေါ်မည့်အနေအထားနှင့် ဇာတ်ဝင်ခန်း မိပ်ကပ်အနည်းအများ မချိန်စနိုင်သေးခင် လိမ်းပေးနေရင်း ရိုက်ကူးရေးအနှောက်အရှက်မဖြစ်စေလိုမူနဲ့  အတော်လေးဗျာများရသည်။ ငုဝါကလည်း ကချီကချောင်က ကျတတ်သေးသည်။ငုဝါကို ပြင်ပေးနေကျမျိုးလည်း သိပ်မဟုတ်သေး၍ ငုဝါမျက်နာအတွက် အလိုက်ဖက်ဆုံးမိတ်ကပ်ပြင်ဆင်ဖန်တီးမူကို သူ ကောင်းကောင်း မဖန်တီးနိုင်သေးပါ။ မိတ်ကပ်ကိုပြန်ဖြတ်လိုက် လိမ်းပေးလိုက်ရနဲ့  ဇာတ်ဝင်ခန်းနှင့်ပြန်ညိုရ စသည်ဖြင့် သူနဲ့ ငုဝါ နှစ်ဦးညိုညိုနှိုင်းနှိုင်းလေး အတော်လုပ်လိုက်မှ အဆင်ပြေစပြုလာသည်။

ရိုက်ကွင်း နေ့ လည်စာစားချိန်များတွင် ခင်မေသိန်းသည် လူသစ်ဖြစ်နေ၍ စက်အဖွဲ့ သားတစ်ချို့ ၏ မိတ်ဆက်ကျယ်စယ် နောက်ပြောင်ခြင်းမျိုးလည်းခံရသည်။
မိန်းမလျာတစ်ယောက်ဖြစ်နေ၍ လူတွေရဲ့ ပျက်ရယ်ပြုစနောက်ခံရမူသည် သိပ်မဆန်းတော့ပေမယ့် မိမိဘာသာ တည်ငြိမ်အေးဆေးစွာနေချင်သော ကလပ်တက်တက်မနေတတ်သော မိန်းမလျာများလည်းရှိတတ်သည်ကိုတော့ သူသည် အချိန်နှင့်အတူ သက်သေပြသွားပါလိမ့်မည်ဟု တွေးလိုက်သည်။

ရိုက်ကွင်းပေါ်တွင် တခြားမင်းသမီးများ၏ မိတ်ကပ်လိမ်းများလည်းရှိသည်။ အပြိုင်မင်းသမီး၏ မိတ်ကပ်လိမ်းသည်လည်း မိန်းမလျာတစ်ယောက်ဖြစ်သော်လည်း သူ့ အားရိုက်ကွင်းပေါ်တွင် အဖော်ရစေမူမရှိဘဲ စီနီယာကျတယ် သူက လူသစ်မလည်မဝယ်လေးဟူသော အထာမျိုးနဲ့ သာ ချေနေလေသည်။ ထိုမိတ်ကပ်လိမ်း၏နာမည်မှာ ကေကေဖြစ်သော်လည်း အနည်းငယ်ဝကာ တင်ဘေးကား၍ပြားနေ၍ ဗြားကြီးဟု ရိုက်ကူးရေးအဖွဲ့ များက နောက်ကွယ်တွင် ပြောင်၍ခေါ်ကြသည်ကို တွေ့ ရသည်။

ရိုက်ကွင်းပေါ်သို့ မှတ်တမ်းဓာတ်ပုံအတွက် ဓာတ်ပုံဆရာ မိုးတိမ်တောက်ရောက်လာသည်။ တိမ်တောက်သည် ရောက်လာလာချင်း ခင်မေသိန်းနှင့် ငုဝါထိုင်နေသောနေရာသို့ တမ်းတမ်းမက်မက်စိုက်လာသည်။ တိမ်တောက်ထိုင်ထိုင်ချင်းပင် သူတို့ အနားသို့  တချိန်လုံးချေကာ စကားတစ်လုံးမှမပြောဘဲနေခဲ့သော မိတ်ကပ်ကေကေခေါ် ဗြားကြီးသည် လျှပ်စီးတစ်လက်လက်နှင့် ရောက်လာသည်။ ဗြားကြီးကပဲ ရိုက်ကွင်းတာဝန်ခံအလား အိမ်ရှင်အလားထင်ရအောင် တိမ်တောက်ကိုလာပြီး ဧည့်ခံနေလိုက်တာများ ဗြားကြီး၏ ခပ်ကားကား ခပ်ပြားပြား ခန္ဓာကိုယ်နှင့်မှမလိုက် နွဲ့ မူပြနေသည်။

ဗြားကြီးက စကားကိုတစ်လုံးချင်းပြောလာသည်က
"လက်ဖက်ရည်လား ကော်ဖီလား " တဲ့ ။

မျက်နာကိုမော့ ရင်ကိုချီလျက် လက်တစ်ကို မြှောက်ကာ အရှေ့ သို့  အနည်းငယ်ကွေး၍ဆန့် ထုတ်ထားကာ လက်ညိုးလေး ထောင်ပြီး ကနွဲ့ ကလျနှင့် အမူပိုနေလိုက်သည်များ ရိုးရိုးပြောလို့ မရဘူးလားဟု မေးချင်လောက်အောင် အမူပိုလွမ်းသည်။ ခပ်ညှောင်ညှောင်အသံသည် အမြဲအိပ်ချင်နေဟန်ရှိသော မျက်လုံးအစုံကို ရအောင်ဖြဲကားကာ စကားကို တစ်လုံခြင်း ထွက်လာသေးသည်။

"ဘာ... စား...မှာ..လဲ" တဲ့။ အသံရှည် ညှင်ပျစ်ပျစ် ချွဲချွဲကြီး။

တိမ်တောက်သည် အနားက မြန်မြန်ထွက်ပြီးရော မမှာလို့ လည်းမရမှန်းသိသည့်အထာမျိုးနှင့် ခေါင်းကိုခပ်လေးလေးခါလိုက်ကာ
"လက်ဖက်ရည်" ဟု ပြောလိုက်တော့ ဗြားကြီး သည် အနီးမှ လှည့်ထွက်သွား၍ သက်ပြင်းချမည်ကြံဆဲ ခြေလှမ်းနှစ်လှမ်းလောက်လှမ်းပြီး သူတို့ ဘက်တို့  ပြန်လှည့်ပြန်သည်။ လှည့်လိုက်ပုံကလည်းရိုးရိုးမဟုတ် တင်ဗြားကြီးက ပြန်လှည့်မလာဘဲ ခါးတုတ်ကြီးကိုလိမ်ချိုးကာ ခေါင်းကို တစ်ချက်ငဲ့စေင်းကြည့်၍ ထုံးစံအတိုင်း လက်တစ်ဖက်ဆန့် ထုတ်ကာ လက်ညိုးလေးထောင်ပြီး မေးလိုက်သည်က

" နို့ . .ထည့်...မှာ. .လား " ဟု လေးနွဲ့ စွာမေးပြန်သည်။

အောင်မလေးနော် တစ်ခါတည်းမေးသွား ပါရောလားဟု စိတ်ပျတ်ပျတ်နှင့် တွေးရသည်အထိ ဖြစ်သည်။ တိမ်တောက်သည် ခေါင်းရမ်းပြပြီး ခပ်ရှက်ရှက်ပြုံးကာ

" နွဲ့ နွဲ့ မူ ကတော့ တကယ် လုပ်လိုက်ပြန်ပြီ " တဲ့ ။

ငုဝါက " သူ့ နာမည်က ဗြားကြီးဆို " ဟုမေးတော့

"အဲ့ဒါဒီရိုက်ကွင်းအဖွဲ့ သားတွေပေးထားတာလေ သူ ဟိုးအရင်လိုက်တဲ့ ရိုက်ကွင်းကလူတွေက သူ့ ကို အမူပိုလွန်းလို့  နွဲ့ နွဲ့ မူ လို့  နာမည်ပေးထားကြတာ" ဟု တိမ်တောက်က ခပ်ပြုံးပြုံးလေးလုပ်ကာရှင်းပြသည်။

ဘေးကကြည့်နေရသော ငုဝါသည် တဟိဟိနှင့် ထိန်းရယ်နေသည်ထိပင်။ သူကတော့ မိန်းမလျာချင်းတူသည်မို့  သူ့ အစားကိုယ်ပါရောယောင် မျက်နာပူရှက်နေမိသည်။

"ခင်မေသိန်းရော ရိုက်ကွင်းက လူတွေနဲ့ နာမည်မိတ်ဆပ်ပေးပြီးပြီလား တော်ကြာ နာမည်အသစ်ရနေဦးမယ်၊ အဲ့လိုဖြစ်ရင် နာမည်ကင်မွန်းတက်ကျွေးရမှာနော် " ဟု သူ့ အား တိမ်တောက်က ဆက်စပြောနေတော့ ခင်မေသိန်းသည် တိမ်တောက်အား မျက်စောင်းတစ်ချက်ပစ်လွှတ်လိုက်ကာ

"ကျမ နာမည် ခင်မေသိန်းပါရှင် " ဟု မပီမပြင်လေး ပြုံးကာ ပြန်ဖြေလိုက်သည်။

ဆက်ပါဦးမည်......

Credit :  to read more, to be a liker or follower on page
www.facebook.com/cakewritter

ချစ်ခြင်းအားဖြင့်

ကိတ်မုန့် 
Aug16,2013

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...