Friday, February 6, 2015

အဝေးဆုံးပုံရိပ်ရဲ့အနီးဆုံးတစ်နေရာ

ရေးသားသူ - လွမ်းရိပ်ထင်
အပိုင်း(၁)
ညီသော်တာတစ်ယောက် လက်ထဲမှ လက်ဆောင်ပါဆယ်ထုပ်ကိုကြည့်ရင်း သွားသင့်မသွားသင့်စဉ်းစားနေမိတယ် ….
အချိန်ကနီးကပ်နေပြီဖြစ်ပေမယ့် ညီ့စိတ်ထဲမှာတော့ သွားဖို့မသွားဖို့ ချီတုံချတုံဖြစ်နေတဲ့ တွေဝေစိတ်တွေက လွန်ဆွဲနေဆဲ ….
ဒီအချိန်ဆို ကောင်းတစ်ယောက် ပျော်နေလောက်ရောပေါ့ သူ့မွေးနေ့ပွဲဘယ်လောက်များစည်ကားလိုက်မလဲ တကယ်လို့ ညီသွားခဲ့ရင်တောင် ကောင်းအနားကပ်ခွင့်မှ ရပါ့မလား …
အရင်က အညတရလူသားတစ်ယောက်အဖြစ်အတူရှိစဉ်တုန်းကလို ညီ့အပေါ်ကောင်း ဖော်ဖော်ရွေရွေဆက်ဆံနိုင်ပါဦးမလား ….
အခုဆို ကောင်းနဲ့မတွေ့ဖြစ်တာ ၃ နှစ်နီးပါးကြာမြင့်ခဲ့ပြီ ဒါပေမယ့် ကောင်းရဲ့သတင်း ကောင်းရဲ့အခြေအနေ ကောင်းရဲ့အောင်မြင်နေတဲ့အသံတွေကိုတော့ ညီကအချိန်ပြည့်စုံစမ်းသိနေခဲ့ရတော့ ဝေးနေတယ်လို့မထင်မိပဲ အမြဲအတူရှိနေသလိုခံစားခဲ့ရတာ …
ကောင်းကတော့ မတွေ့ဖြစ်တဲ့ ၃ နှစ်အတွင်းညီ့ကိုမေ့နေလောက်ပြီလို့ညီထင်ပါတယ် ….
ဘာပဲဖြစ်ဖြစ် ညီသွားမှဖြစ်မယ်လို့ဆုံးဖြတ်လိုက်တယ် ဒါ နောက်ဆုံးနှုတ်ဆက်ခြင်းအဖြစ် တွေ့ဆုံဖို့လဲဖြစ်နေတာကြောင့် ညီသွားမှဖြစ်မယ် ….
ဒီလကုန် ကိုရီးယားမှာရှိတဲ့ဦးလေးဆီ အလုပ်လုပ်ဖို့သွားရတော့မှာမို့ ကောင်းကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ခွင့်တော့ရချင်သေးတယ်လေ ….
ညီစိတ်ကူးရင်း တွေဝေမနေတော့ပဲ ချက်ချင်းသွားဖို့ရုတ်တရတ် အခန်းပြင်ကိုအထွက် …
“ ဒေါက် “
နောက်က စားပွဲပေါ်က တစ်ခုခုပြုတ်ကျသံကို ကြားလိုက်ရတယ် ….
ညီနောက်လှည့်ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်မှာကျနေတဲ့ ငွေရောင်လက်စွပ်မောင်းကွင်းလေး ….
ရေမချိုးခင် ညီစားပွဲပေါ်တင်ထားမိခဲ့တာ အ၀တ်အစားလဲပြီး လက်စွပ်ပြန်ဝတ်ဖို့မေ့နေခဲ့တာပဲ ….
ညီအခန်းပေါက်က ပြန်လှည့်ဝင်လာပြီး လက်စွပ်လေးကို ကြမ်းပြင်ပေါ်က ကောက်ယူလိုက်တယ် ….
လက်စွပ်လေးကို ညီ့လက်မှာ စွပ်လိုက်တဲ့အချိန် ညီ့ရင်ထဲမှာ နွေးကနဲ …
အဲဒီခံစားချက်က ဒီလက်စွပ်ကိုဝတ်တိုင်းခံစားရတဲ့ ခံစားမှုလေးပါပဲ ….
ဒီလက်စွပ်လေးက ကောင်းနဲ့ညီ ဆင်တူအမြဲဝတ်ခဲ့တဲ့ လက်စွပ်လေးပေါ့ ….
ညီ့ဆီမှာတော့ ရေချိုးချိန်ကလွဲလို့ မပြတ်ဝတ်ထားခဲ့တဲ့ ကောင်းရဲ့ကိုယ်ပွား လက်စွပ်လေးပါပဲ ….
ဒါဆို ကောင်းဆီမှာကော ညီနဲ့ဆင်တူလက်စွပ်လေး ရှိမှရှိသေးရဲ့လား ….
ညီ့အတွေးတို့က ဟိုးလွန်ခဲ့တဲ့ ငါးနှစ်ကျော်က တစ်ဆယ့်ခြောက်နှစ်အရွယ် ခပ်ချောချော ကောင်လေးနှစ်ယောက်ရဲ့ ချစ်ခြင်းတို့ရှိရာ အတိတ်တစ်ခုဆီကို ပြန်ရောက်သွားပါတော့တယ် ….
-------- ။ ----------- ။ ----------- ။ ----------- ။
“ မင်းကတော့လေ လုပ်လိုက်ရင်တစ်လွဲကြီးပဲ ပေးပေးငါညှပ်မယ် “
ညီညှပ်နေတဲ့ ကပ်ကြေးကိုဆွဲယူပြီး ကောင်းကိုကိုက ဧည့်သည်ရဲ့နောက်ပိုင်းဆံပင်တွေကို သေချာပြန်ညှိပေးနေတယ် ….
ညီလဲနည်းနည်းတော့ အောင့်သက်သက်ဖြစ်သွားတယ် ဆရာဝင်လုပ်တတ်တဲ့ ကောင်းအကျင့်ကိုနည်းနည်းမှကြည့်မရဘူး …
ညီနဲ့ကောင်း ဒီဆိုင်ကိုရောက်တာ သိပ်တော့မကွာပါဘူး ကောင်းကညီ့ထက် ၆လလောက်စောရောက်တာ ….
ဒါပေမယ့် ကောင်းကစိတ်ရှည်တယ် ဖော်ရွေတယ် ကြိုးစားတယ် ဒါကြောင့် ညီတို့အားလုံးထဲမှာတော့ ဧည့်သည်တွေစိတ်တိုင်းကျတဲ့လူတစ်ယောက်ပေါ့ ….
အမျိုးသားသီးသန့်အအေးခန်းဆံပင်ညှပ်ဆိုင်ဆိုတော့ တော်တော်များများလာကြတယ် စနေတနင်္ဂနွေလိုနေ့မျိုးဆို လက်အံသေအောင်ကို ညှပ်ရတဲ့နေ့ပဲ ….
ဒီနေ့လဲ တနင်္ဂနွေနေ့ဖြစ်တာကြောင့် ဆံပင်ညှပ်မယ့်ဧည့်သည်တွေခုံမလောက်အောင်ထိုင်စောင့်နေကြတာ ညီလဲလက်ကိုနာနေပြီ ….
အဲဒါကို ကောင်းကဘယ်အချိန်ကကြည့်နေတယ်မသိဘူး ညီညှပ်တာအဆင်မပြေဘူးဆိုပြီးဖိဟောက်ပြီး နာမည်ကောင်းဝင်ယူတာလေ ….
ကောင်းနဲ့ ညီနဲ့က အသက်သိပ်မကွာပါဘူး ကောင်းက ညီ့ထက် လပိုင်းလောက်ကြီးတာ ဒါပေမယ့် ကောင်းကညီ့ထက်အရပ်ရှည်တယ် အသားညိုညို လူရွယ်နဲ့မလိုက်အောင် ထွားကြိုင်းတယ် …
ညီကတော့ဖြူဖြုသွယ်သွယ် မိန်းမချောချောတာပေါ့ မကျေနပ်ပေမယ့်ကောင်းနဲ့ညီယှဉ်ဖြစ်ရင်လဲ သူ့ဗလနဲ့ကိုင်ပေါက်ရုံနဲ့တင် ညီအရိုးတွေတောင်ကျိုးသွားနိုင်တယ် ….
ညီစိတ်ကိုထိန်းချုပ်လိုက်ရင်း သွက်သွက်လက်လက်ဆံပင်ညှပ်နေတဲ့ကောင်းကိုသေချာစိုက်ကြည့်နေလိုက်တယ် …
ကောင်းလဲသိမှာပါ ညီစိတ်ဆိုးနေမှန်း အမြဲညီ့ကိုအနိုင်ယူရမှကျေနပ်တဲ့ကောင်း စိတ်ထဲမှာကျိတ်ပြုံးနေမှာသိတယ် …..
ညနေပိုင်း ထမင်းစားချိန်ရောက်တော့ ညီစောစောစားဖြစ်တယ် ကောင်းကိုမတွေ့ချင်လို့ တမင်စောစားလိုက်တာ ခါတိုင်းတော့ ၃ယောက်တစ်တွဲစားနေကျမှ ညီနဲ့ကောင်းနဲ့အမြဲအတူစားဖြစ်တယ်လေ …
ညီထမင်းစားပြီး ပန်းကန်ဆေးပြီးထမင်းစားခန်းထဲကအထွက် ကောင်းနဲ့ပက်ပင်းတိုးတော့တာပဲ ….
“ ထမင်းစားတာ ဘာလို့မစောင့်တာလဲ ညီ “
ညီမျက်နှာကိုလွှဲပြီး ကောင်းကိုမကြည့်ပဲနေလိုက်တယ် …
“ ဗိုက်ဆာလို့ စောစားလိုက်တာ “
“ မဟုတ်ပါဘူး နေ့ခင်းတည်းက မင်းဖြစ်နေတာ ငါသိတယ်ညီ စိတ်ဆိုးနေတယ်မလား “
“ မဟုတ်ပါဘူး ဘာစိတ်ဆိုးစရာရှိလို့လဲ “
ကောင်းက ညီ့မျက်နှာနားတိုးကပ်လာပြီး ..
“ မင်းအကြောင်းမင်းစိတ်ကို ငါအကုန်သိတယ်ညီ ငါကမင်းကိုချစ်လို့တမင်စနေတာ “
ကောင်းရဲ့စကားက သာမာန်စကားပေမယ့် ညီ့စိတ်ထဲမှာတော့ ၀ုန်းခနဲ မီးတောင်တစ်ခုပေါက်ကွဲသလို မြည်ဟီးသွားတယ် ရုတ်တရတ် အံ့သြတကြီးနဲ့ ကောင်းကိုသေချာကြည့်မိလိုက်တယ် …
ကောင်းမျက်လုံးကလဲ ညီ့ကိုအနီးကပ်သေချာစိုက်ကြည့်လို့ …
ညီချက်ချင်းမျက်လုံးကိုပြန်လွဲလိုက်ပြီး ကောင်းရှေ့ကထွက်လာလိုက်မိတယ် ရင်ထဲမှာလဲ စည်းချက်မမှန်အောင် တစ်ဒုန်းဒုန်းနဲ့ ….
ကောင်းဘယ်လိုဖြစ်ကျန်ခဲ့မယ်မသိပေမယ့် ညီ့မျက်လုံးထဲမှာတော့ ဘာမှမမြင်တော့သလိုေ၀၀ါးလို့ ….
ကောင်းဘာပြောလိုက်တာလဲ ဘာအဓိပါယ်လဲ ဘာကိုဆိုလိုချင်တာလဲ ညီကောင်းကို ကျိတ်ချစ်နေတာကို ရိတ်မိသွားတာလား အာမဖြစ်ဘူး သိလို့မဖြစ်ဘူး …
ညီအယောင်ယောင်အမှားမှားတွေဖြစ်နေမိတယ် ညီ့ကိုယောက်ျားချင်းကြိုက်နေတယ်ဆိုတာလူတွေသိကုန်ပြီလား မဟုတ်သေးပါဘူး ညီနေတာလဲသာမာန်မသိသလိုပါပဲ …
အဲဒီညက ညီစောစောအိပ်ရာဝင်ခဲ့တယ် ဒါပေမယ့်အိပ်မပျော်ပါဘူး ကောင်းဘယ်အချိန်ဝင်လာမလဲ ဘာလာပြောဦးမလဲ ထိပ်လန့်နေမိတယ် ….
ခနနေတော့ အခန်းထဲကောင်းဝင်လာတယ် အခန်းထဲမှာက အားလုံး ၆ယောက်အိပ်တာ ကုတင်တစ်လုံးစီနဲ့ပါ ကောင်းကုတင်က ညီနဲ့ ကပ်လျှက်လေ သူလုပ်သမျှအတိုင်းသားကြားရတယ် …
အခန်းထဲဝင်လာပြီး သူ့ကုတင်နားသွားတဲ့အသံကိုကြားရတယ် ပြီးတော့ အ၀တ်သေတ္တာကို လှပ်တဲ့အသံ နောက်ဘောင်းဘီလဲတဲ့အသံ ….
ခါတိုင်းတော့ ညီကခြင်ထောင်ထောင်သလိုဘာလိုနဲ့ သူအ၀တ်အစားလဲရင် မသိမသာခိုးခိုးကြည့်နေကျပါ …
ဒီနေ့တော့မျက်လုံးမှိတ်ပြီးအိပ်ချင်ယောင်ဆောင်နေတဲ့အတွက် မကြည့်မိမမြင်မိတော့ဘူးပေါ့ ….
ဘောင်းဘီလဲအကျီလဲပြီးသွားတဲ့အသံကိုကြားရပြီးတဲ့နောက် ပလက်စတစ်ကြိုးသံကိုကြားရတော့ သူခြင်ထောင်ထောင်နေတယ်ဆိုတာ သိလိုက်တယ် …
ခနနေတော့ တိတ်ဆိတ်သွားတယ် ကောင်းအိပ်နေပြီလား …
တခြားလူတွေတော့ အိပ်လို့ ဟောက်သံကိုယ်စီနဲ့ပါ အချိန်လဲကြည့်ဦးလေ ၁၂ ထိုးနေပြီ ခါတိုင်းတော့ကောင်းနဲ့စကားပြောရင်းအိပ်ဖြစ်တယ်
ဒီညတော့ ညနေက အဖြစ်အပျက်ကြောင့် ကိုယ့်စိတ်ကိုယ်မလုံလို့ညီစောပြီးအိပ်ရာဝင်လိုက်တာ ကောင်းကိုရင်မဆိုင်ရဲဘူးလေ …
ပြီးတော့ ဒီညအစောပိုင်းတည်းက ကောင်းပျောက်သွားတာ ခုပြန်ရောက်တော့လဲတော်တော်နောက်ကျနေပြီ ကောင်းဘယ်ကိုသွားနေလဲ ….
ညီလဲကောင်းအိပ်လောက်ပြီအထင်နဲ့ ကောင်းဘက်ကိုလှည့်ပြီးမျက်လုံးဖွင့်ကြည့်မိလိုက်တယ် …
ဘုရား …. ညီ့ဘက်ကိုလှည့်ပြီး မျက်လုံးဖွင့်ကြည့်နေတဲ့ ကောင်းကိုရုတ်တရတ်တွေ့လိုက်ရတော့ ညီဘုရားတပြီးလန့်သွားမိတယ် ….
ညီကသာလန့်သွားတာပါ ကောင်းက ပြုံးပြီးညီ့ကိုကြည့်တယ် ရယ်ပြတယ် ညီတစ်ကိုယ်လုံးကိုတစ်ဆတ်ဆတ်တုန်သွားမိတယ် …
သွေးတွေလဲ ဆူဝေပြီး မျက်နှာလဲ ထူပူသွားတယ် ….
ချက်ချင်းမျက်လုံးကိုပြန်မှိတ်ပြီး ကောင်းနဲ့ဆန့်ကျင်ဘက် ဘေးစောင်းပြန်အိပ်လိုက်တယ် ….
ရင်တွေကတော့ ဆက်တိုက်ခုန်နေတုန်းပဲ ကောင်းဘာလို့ညီ့ကို မအိပ်ပဲ ကြည့်နေတာလဲ သေတော့မှာပဲ မှားပြီးရင်းမှားနေတော့တာ မနက်ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရပါ့ …
ခနနေတော့ ကောင်းကုတင်က ရွေ့လျားသံကိုကြားရတယ် ကောင်းဘယ်ကိုသွားမှာပါလိမ့် …..
ကောင်းခြေသံတွေက ဝေးဝေးမသွားပဲ နီးနီးလာသလိုခံစားရတယ် ….
ဟင့်အင်း ညီ့ကုတင်ဆီကို လာတာတော့မဟုတ်ပါဘူးနော် …
ညီတွေးနေတုန်းမှာပဲ ဗြုန်းဆို ညီ့ခြင်ထောင်ကိုဆွဲလှပ်တာကိုသိလိုက်ရတယ် ညီလှည့်ကြည့်ဖို့ဟန်ပြင်နေတုန်း ကောင်းကညီ့ခြင်ထောင်ထဲဝင်ပြီး ညီ့ကိုနောက်က သိုင်းဖက်လိုက်တယ် ….
ညီထိတ်ခနဲလန့်ဖျက်သွားပြီး အတင်းရုန်းဖို့ကြိုးစားမိတယ် …
ဒါပေမယ့် ကောင်းအားနဲ့ညီ့အားမမျှသလို ဘေးနားကလူတွေနိုးကုန်မှာစိုးတာကြောင့် အသံထွက်အောင် ညီမရုန်းလိုက်ပါဘူး ….
အပိုင်း(၂) ဆက်ရန် -------

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...