Sunday, February 15, 2015

အဝေးဆုံးပုံရိပ်ရဲ့အနီးဆုံးတစ်နေရာ (ဇာတ်သိမ်း)

ရေးသားသူ - လွမ်းရိပ်ထင်
အပိုင်း(၅)....... ဇာတ်သိမ်းပိုင်း
ကြမ်းပြင်ပေါ်ကျနေတဲ့ ငွေလက်စွပ်လေးကို ကောက်ပြီး လက်သန်းကြွယ်မှာစွပ်လိုက်တယ် ….
ဟိုးလွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က ကောင်းနဲ့ညီ ဆင်တူဝတ်ခဲ့တဲ့လက်စွပ်လေးပေါ့ ….
ဒါဆို ကောင်းဆီမှာကော ဒီလက်စွပ်လေး ရှိဦးမလား ဟင့်အင်းမထင်ပါဘူး ကောင်းကအခုအချိန်မှာ အရမ်းကိုအောင်မြင်နေတဲ့ စူပါမော်ဒယ်လ်ကြော်ငြာမင်းသား ဖြစ်နေပြီလေ …..
ပြီးတော့ ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ဗွီဒီယိုတွေရိုက်ဖို့အတွက် ထုတ်လုပ်ရေးတွေနဲ့တောင် စာချုပ်ချုပ်ပြီးနေတဲ့ တက်သစ်စ မင်းသားတစ်လက်ပေါ့ …
အဲဒီလိုလူက ဒီလို ထောင်ဂဏန်းလောက်ပဲဈေးရှိတဲ့ အပေါစားလက်စွပ်မျိုးစွပ်မတဲ့လား ….
ညီလမ်းထိပ်ရောက်မှာ အတွေးစတို့ကိုဖြတ်ပြီး Taxi တစ်စီးကိုလှမ်းတားလိုက်တယ် …
ပြီးတော့ ကောင်းရဲ့မွေးနေ့ပွဲကျင်းပမယ့်နေရာကို ဒရိုက်ဘာကိုပြောပြီးမောင်းခိုင်းလိုက်တယ် ….
ဒီနေ့က ကောင်းရဲ့ အသက် ၂၀ပြည့်မွေးနေ့ပွဲဖြစ်သလို ကောင်းကိုခေါင်းဆောင်မင်းသားအဖြစ်တင်ရိုက်မယ့်တိုက်က စာနယ်ဇင်းမိတ်ဆက်ပေးတဲ့ပွဲလဲဖြစ်တာကြောင့် ဒီနေ့ ကောင်းပရိတ်သတ်တွေကော စာနယ်ဇင်းသမား မီဒီယာတွေပါ ပြည့်နေမယ့်ပွဲတစ်ခုပေါ့ …
ဒီပွဲမှာ ကောင်းကိုတွေ့ရဖို့သိပ်မသေချာပေမယ့် အနည်းဆုံး နောက်ဆုံးနှုတ်ဆက်ခွင့်လေးတော့ လိုချင်သေးတာကြောင့် ညီမဖြစ်မနေ တွေ့ခွင့်ရဖို့တော့ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ် ….
ကောင်းမွေးနေ့ပွဲကျင်းပရာ ဟိုတယ်ကိုအရောက်မှာ ကားပါကင်ထိုးစရာနေရာတောင်မရှိတာကြောင့် အပေါက်ဝတင် ကားကိုရပ်ခိုင်းပြီး ညီကားပေါ်ကဆင်းလိုက်တယ် …
ညီထင်ထားသလိုပဲ အခမ်းအနားကျင်းပမယ့်ခန်းမထဲမှာတော့ လူတွေပြည့်လုနီးပါး စည်ကားနေတယ် …
အင်းပေါ့ ကောင်းဖြစ်ချင်တဲ့ဘ၀ ကောင်းမက်ခဲ့တဲ့အိပ်မက် ကောင်းရဲ့မျှော်လင့်ချက် ကောင်းလိုချင်တဲ့ အောင်မြင်မှုတွေ အခုအချိန်မှာ ပြည့်ဝခဲ့ပြီလေ …..
ညီကောင်းနဲ့အတူမနေရရင်တောင် ကောင်းရဲ့အောင်မြင်တဲ့ဘ၀ကိုကြည့်ပြီး ကောင်းနဲ့ထပ်တူပျော်ရွှင်နိုင်ပါပြီ …
“ အကို လက်ဆောင်ပစ္စည်းကို ဟိုဘက်စားပွဲမှာ အပ်လို့ရပါတယ်ခင်ဗျ “
ဧည့်ကြိုဝန်ထမ်းလေးက ညီ့လက်ထဲက ပါလာတဲ့ ကောင်းအတွက်မွေးနေ့လက်ဆောင်ကိုကြည့်ပြီး ရိုရိုသေသေလာပြောတယ် …
“ ရတယ်ညီလေး အကိုမွေးနေ့ရှင်ကို တွေ့မှပေးမလို့ပါ ကျေးဇူးနော် “
ညီပြောပြီး ခန်းမထဲမျက်လုံးတစ်ချက်ဝေ့လိုက်တယ် ကောင်းကို အရိပ်အယောင်မတွေ့ရသေးဘူး ဧည့်သည်တွေစုံနေပေမယ့် ကောင်းရောက်မလာသေးတာဖြစ်လိမ့်မယ် …
ညီလဲ ခန်းမထဲက လွတ်နေတဲ့စားပွဲဝိုင်းတစ်ခုမှာ ၀င်ထိုင်လိုက်တယ် ညီက စားပွဲလွတ်တစ်ခုမှာ အလွယ်ဝင်ထိုင်လိုက်တာကြောင့် ညီထိုင်လိုက်တဲ့နေရာက လျှောက်လမ်းဘေးမှာဖြစ်နေသလို ခန်းမအ၀င်ပေါက်ကို မျက်နှာလှည့်ထားသလိုဖြစ်သွားတယ် ….
ညီဝင်ထိုင်အပြီးမှာပဲ ရုတ်တရတ်ခန်းမအ၀င်ဝက အဖြူရောင်အနောက်တိုင်းဝတ်စုံဝမ်းဆက်နဲ့အတူ သန့်ပြန့်ခန့်ညားလွန်းတဲ့ လူတစ်ယောက်ဝင်လာတယ် သူ့နောက်မှာတော့ ၀၀ဖိုင့်ဖိုင့်လူနှစ်ယောက် အဲဒီနောက်မှာလဲ လူငါးယောက်လောက်ကပ်ပါလာတယ် …
သူတို့အုပ်စုဝင်လာတဲ့အချိန်မှာတော့ ခန်းမတစ်ခုလုံးမှာရှိတဲ့ ကင်မရာသမားတွေ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ကင်မရာမီးတွေ တစ်ဖျတ်ဖျတ်လင်းလက်ကုန်တယ် ….
ဟုတ်ပါတယ် ကောင်းမှကောင်းရယ်ပါ …
ကောင်းရဲ့အောင်မြင်မှုကို မျက်မြင်ကိုယ်တွေ့တွေ့လိုက်ချိန်မှာတော့ ညီအံ့သြကြည်နူးရသလို တစ်ဆက်ထဲ ၀မ်းနည်းအားငယ်စိတ်တွေဖြစ်ပေါ်လာတယ် …
ကောင်းကတော့ ဘယ်သူ့ကိုမှ မကြည့်ပဲခြေလှမ်းခပ်မှန်မှန်နဲ့ခန်းမထဲကို လျှောက်လာနေတယ် သူ့နောက်မှာတော့ ဘယ်သူ့ကိုမှဂရုမစိုက်သလို ဂုဏ်ယူနေတဲ့မျက်နှာကို ချီပြီးလျှောက်လာတဲ့ ဦးခိုင်အောင် …
အခုအချိန်အထိ သူတို့လက်တွဲနေကြတုန်းဖြစ်သလို ကောင်းကိုလဲ လက်လွတ်မခံခဲ့ သူ့ကြောင့်အောင်မြင်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်းကြိုးစားခဲ့တာ ကောင်းဆိုတာ ဘယ်လိုမှငြင်းမရပါဘူး …
တခြားတိုက်တွေနဲ့ စာချုပ်ချုပ်ပြီးရင် ကောင်းသူ့လက်ကလွတ်ပြီလေ မဖြစ်မနေသူစွန့်လွှတ်ရတော့မယ် ဒါပေမယ့်သူ့မျက်နှာမှာတော့ မဏ္ဍပ်တိုင်တက်ပြချင်တဲ့အရိပ်အယောင်တွေပြည့်နေဆဲပါပဲ …
ကောင်းရဲ့ကြည့်ကောင်းလွန်းတဲ့မျက်နှာလေးကို ညီငေးကြည့်နေရင်း ကြည်နူးပီတိတွေဖြာနေမိတယ် ဘယ်လောက်ငေးကောင်းနေတယ်မသိ လျှောက်လမ်းမပေါ်ကလျှောက်လာတဲ့ ကောင်းကညီနဲ့သုံးလေးလှမ်းအကွာမှာ ရုတ်တရတ် ရပ်သွားမှ ညီသတိဝင်လာမိတယ် ….
ဟင် … ကောင်းညီ့ကိုတွေ့သွားပြီ …
ဒါကြောင့်ကောင်းခြေလှမ်းတွေက ရပ်သွားတာ ပြီးတော့ ကောင်းမျက်ဝန်းတွေ …
ဟုတ်တယ် ညီ့ကိုကြည့်နေတဲ့ ကောင်းမျက်ဝန်းတွေက လွမ်းမောရိပ်တွေအပြည့်ပြီတော့ တစ်စုံတစ်ရာကို ငတ်မွတ်တောင့်တနေတဲ့ အကြည့်တွေ …
အို ဘာလဲ ဘာလဲ ကောင်းမျက်ဝန်းတွေက ညီ့ကို ဘာတွေပြောနေတာလဲ ညီအငိုက်မိသလိုဖြစ်ပြီး ကောင်းမျက်လုံးဆီက အကြည့်ကိုမခွါဖြစ်ဘူး …
ကောင်းလဲဘာထူးလဲလေ ညီ့ကိုကြည့်ပြီးကြက်သေသေသလိုရပ်နေတာ အားလုံးတောင်သတိထားမိနေပြီ …
ညီချက်ချင်းသတိဝင်လာပြီး ကောင်းဆီကအကြည့်ကိုလွှဲလိုက်ရင်း ကော်ဖီခွက်ကိုငုံသောက်လိုက်မိတယ် …
တွေတွေကြီးရပ်နေတဲ့ကောင်းကိုတော့ အနောက်ကရိပ်မိတဲ့ ဦးခိုင်အောင်က လက်တို့ဆွဲခေါ်တော့မှ ရပ်နေရာက ထွက်သွားတယ် ဒါပေမယ့် ကောင်းခြေလှမ်းတွေက ယိုင်နဲ့နေမှန်း မျက်လုံးထောင့်စွန်းက ညီတွေ့လိုက်ရတယ် …
ကောင်းညီ့ကို ခုချိန်ထိချစ်တုန်းဆိုတာ ဖြစ်နိုင်ပါ့မလား ဟင့်အင်းမယုံရဲပါဘူး …
မတွေ့ဖြစ်တဲ့ ၂ နှစ်ကျော် ၃ နှစ်ဆိုတာ အချစ်တစ်ခုမေ့ပျောက်ဖို့လုံလောက်နေတာပဲ …
(ဒါပေမယ့် ညီ့ဘက်က ကောင်းကိုလုံးဝမမေ့ခဲ့တာတော့ ခြွင်းချက်တစ်ခုပေါ့)
ကောင်းကကော အောင်မြင်နေတဲ့ဘ၀တစ်ခုမှာ လိုချင်တာရ ဖြစ်ချင်တာပြည့်စုံနေတဲ့ အခြေအနေနဲ့ အချစ်သစ် သာယာမှုအသစ်တွေနဲ့ မတွေ့နိုင်ဘူးတဲ့လား မဖြစ်နိုင်တာလေ ….
“ ……… နောက်ဆုံး ကျွန်တော်ကျေးဇူးတင်ချင်တာကတော့ ကျွန်တော်အခုလိုဒီအခြေအနေမျိုးရောက်လာခဲ့ပေမယ့် ကျွန်တော့်မသိစိတ်ကိုလွှမ်းမိုးပြီး ကျွန်တော့်ကိုအောင်မြင်စေချင်တဲ့ (၃)နှစ်နီးပါး ကျွန်တော်မမြင်နိုင်တဲ့နေရာကနေ အမြဲစောင့်ကြည့်တွန်းအားပေးနေခဲ့တဲ့ လူတစ်ယောက်ရှိပါတယ် သူ့ကိုလဲ ကျွန်တော်အသက်ထက်ဆုံးကျေးဇူးတင်နေမှာပါလို့ အားလုံးကိုကျေးဇူးတင်ပါတယ် “
ကျေးဇူးတင်စကားအဆုံးမှာ ခန်းလုံးပြည့်လက်ခုပ်သံတွေကျယ်လောင်စွာထွက်လာခဲ့ပေမယ့် ညီ့ရင်ထဲက အင်အားပြင်းပြင်းမြည်ဟီးသွားတဲ့ရင်ခုန်သံကိုတော့ ကျော်လွန်မသွားခဲ့ပါဘူး ….
ညီခန်းမစတိတ်စင်ကို ကျောခိုင်းထိုင်နေတဲ့အနေအထားကနေ ရုတ်တရတ်စင်ပေါ်ကို လှည့်ကြည့်လိုက်တယ် …
စင်ပေါ်မှာတော့ ကျေးဇူးတင်စကားပြောအပြီး ကိုယ်ကိုကိုင်းညွှတ်ရင်း ပရိတ်သတ်ကိုအရိုအသေပေးနေတဲ့ကောင်းနဲ့ မျက်လုံးချင်းထိတ်တိုက်ဆုံမိတယ် ….
ကောင်းမျက်နှာမှာ အပြုံးဆင်ထားပေမယ့် ညီထိုင်နေတဲ့နေရာကိုကြည့်ရင်း မျက်ဝန်းတွေထဲကဝေ့သီနေတဲ့ ကောင်းရဲ့မျက်ရည်စို့စို့လေးကတော့ ကင်မရာမီးရောင်ကြောင့် လက်ကနဲ့အရောင်လက်သွားခဲ့တယ် ….
ညီမယုံနိုင်လောက်အောင် အံ့သြမှင်သက်နေမိခဲ့တယ် …
ကောင်း ကောင်း ဘာပြောလိုက်တာလဲ ဘယ်သူ့ကိုရည်ရွယ်တာလဲ ညီ့ကိုပြောတာတော့မဖြစ်နိုင်ပါဘူးနော် …
ဒါပေမယ့် ဘယ်လိုမှမယုံနိုင်လောက်အောင်ပါပဲ ကောင်းပြောတဲ့သူက ညီဆိုတာ သေချာနေခဲ့ပြန်တယ် ….
ပိုသေချာသွားတာကတော့ ဟိုးအတူနေစဉ်က ဆင်တူဝတ်ခဲ့တဲ့ ငွေရောင်လက်စွပ်လေးက ပရိတ်သတ်ကို ဝှေ့ယမ်းနှုတ်ဆက်နေတဲ့ ကောင်းရဲ့ ညာဘက်လက်သန်းကြွယ်မှာ ခုချိန်ထိရှိနေတုန်းပါပဲ ….
ညီအရုပ်ကြိုးပြတ်ကျသလို ထိုင်လက်စခုံမှာပဲ ခေါင်းငိုက်စိုက်ကျ ငူငူကြီးထိုင်နေမိတယ် ညီအားအင်တွေချည့်နဲ့ကုန်ပြီ …
အစကတော့ ကောင်းလဲကောင်းဘ၀နဲ့ကောင်း အောင်မြင်တဲ့ဘ၀တစ်ခုကို မက်မောဖက်တွယ်ရင်း ညီ့ကိုမေ့နေခဲ့လောက်ပြီထင်ခဲ့တာ …
အဲဒါကြောင့်လဲ ကောင်းအပေါ်ထားတဲ့ ညီ့ချစ်စိတ် ခံစားချက်တွေအားလုံးကို သိုသိပ်သိမ်းဆည်းပြီး စိတ်ကိုအကောင်းဆုံးတင်း ကောင်းကိုနှုတ်ဆက်ဖို့လာခဲ့တာ …
ခုတော့ ကောင်းညီ့ကိုမမေ့သေးဘူးဆိုတဲ့ အသိက တင်းထားတဲ့စိတ်ကိုပြန်ပြီးနင်းချေဖျက်ဆီးလိုက်ပြီလေ ….
“ ညီ “
အချိန်ဘယ်လောက်ကြာကြာ ညီတွေးနေမိတယ်မသိဘူး …
ညီ့ပုခုံးကို လာကိုင်တဲ့ ရင်းနှီးတဲ့လက်တစ်စုံကြောင့် ညီဆတ်ကနဲတုန်သွားပြီးမော့ကြည့်လိုက်တယ် …
“ ကောင်း “
ဟုတ်တယ် ကောင်းပါ ညီအရမ်းစွဲလမ်းခဲ့တဲ့ကောင်း ညီအသက်ထက်ချစ်ခဲ့ဖူးတဲ့ကောင်း ညီတစ်သက်လုံးမေ့မရမယ်ကောင်းရယ်ပါ ….
ညီချက်ချင်းရုတ်တရတ်မတ်တပ်ရပ်လိုက်တယ် ကောင်းမျက်ဝန်းတွေ ညို့မှိုင်းနေပါ့လား ဘာထူးလဲ ညီ့မျက်ဝန်းလဲမျက်ရည်တွေနဲ့ေ၀၀ါးနေတာပဲလေ ….
“ Happy Birthday ကောင်း “
ပြုံးရင်းပြောလိုက်ပေမယ့် ညီ့နှုတ်ခမ်းက အပြုံးဖြစ်မသွားခဲ့ဘူးလို့ သိလိုက်တယ် ….
ပြီးတော့ ညီ့ရဲ့ ဘယ်ဘက်မျက်ဝန်းက အရည်စီးကြောင်းတစ်ခု ပါးပြင်ကို ဖြတ်ဆင်းသွားတယ် …
ကောင်းက ညီ့ပုခုံးကို ဆုပ်ကိုင်ထားရာကနေ ဆွဲယူပွေ့ဖက်လိုက်တယ် အင့်ခနဲညီ့ဆီက ရှိုက်သံတစ်ခုထွက်လာပေမယ့် မျက်ဝန်းကတော့ မျက်ရည်တွေထပ်ကျမလာတော့ဘူး …
ဧည့်ခံပွဲက ပြီးသွားတာကြောင့် ခန်းမထဲမှာ ဧည့်သည်တွေရှိမနေတော့ပါဘူး စားပွဲသိမ်းနေတဲ့ ၀န်ထမ်းတွေနဲ့ ထိပ်ဆုံးစားပွဲဝိုင်းမှာထိုင်နေတဲ့ လူကြီးတစ်ချို့သာကျန်နေရစ်တယ် …
လူတွေရှိမနေတာကပဲ ကောင်းအတွက် စိတ်သက်သာရာတစ်ခုရလိုက်မိတယ် …
“ ညီကောင်းကို လာနှုတ်ဆက်တာပါ “
ညီ့စကားကြောင့်ကောင်းက ချက်ချင်းဖက်ထားရာကနေခွါပြီး ညီ့မျက်နှာကိုသေချာကြည့်တယ် …
“ ဘယ်လိုညီ ညီဘယ်ကိုသွားမလို့လဲ ဘယ်ကိုသွားမှာလဲ “
ညီ့ပုခုံးကို တင်းတင်းကိုင်ပြီး သွေးရူးသွေးတန်းမေးနေတဲ့ ကောင်းမျက်နှာကိုညီမကြည့်ပဲဖြေလိုက်မိတယ် …
“ ဦးလေးမိုးညိုဆီပါ ကိုးရီးယားလိုက်သွားတော့မယ်ကောင်း ဒီအပတ်စနေသွားမှာ အားလုံးစီစဉ်ပြီးသွားပြီ “
“ အာညီရာ အဲဒါဘာလုပ်တာလဲ ဘာလုပ်တာလဲ ကိုတို့အရင်က ကတိတွေထားခဲ့ဖူးတယ်လေ ကိုအောင်မြင်တဲ့တစ်နေ့ ကို့ဘေးမှာနေရမယ်လို့ ညီမသွားရဘူး ကိုကြိုးစားခဲ့ပြီးပြီလေ ညီ့ကိုမတွေ့ပဲဒီအခြေအနေရောက်ဖို့ ကိုကြိုးစားခဲ့တာ အတူနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့လေ ကိုဟိုလူကြီးဆီက ရုန်းထွက်နိုင်ခဲ့ပြီလေကွာ ညီရာ “
ကောင်းအသံက ဆို့နင့်အက်ကွဲပြီး ယူကြုံးမရဖြစ်နေသလိုပဲ …
အခုအချိန်မှ ကောင်းသဘောထားကို သိရတော့ အရာရာနောက်ကျခဲ့ပြီလေ …
မတွေ့ဖြစ်တဲ့ အချိန်တွေမှာ ညီ့ကိုလုံးဝမေ့နေခဲ့ပြီလို့ ထင်ထားခဲ့တာ ညီ့ကိုဘ၀ထဲကထုတ်လိုက်ပြီလို့ ယုံကြည်ခဲ့တာ ခုတော့ ….
“ ကောင်းသာအောင်မြင်အောင် ကြိုးစားပါ စိတ်ကူးနဲ့လက်တွေ့ဆိုတာ တကယ်တမ်းထပ်တူဖြစ်နိုင်ဖို့ခဲယဉ်းတယ်ကောင်း … ကောင်းအောင်မြင်နေတာဟာ ညီအောင်မြင်တာပဲပေါ့ ဒါပေမယ့် မဖြစ်နိုင်တဲ့ဘ၀ကြီးကို စိတ်ကူးယဉ်ပြီးမရူးသွပ်ချင်စမ်းပါနဲ့ ညီတောင် ကောင်းကိုထားပြီးအဝေးထွက်သွားမှာပဲလေ ကောင်းကကော ညီ့ကိုမမေ့နိုင်ဘူးလား “
အားတင်းပြီးပြောပေမယ့် ညီ့အသံက တုန်ယင်အက်ကွဲနေတယ် …
မယုံနိုင်တဲ့အကြည့်တွေနဲ့ ညီ့ကိုကောင်းကကြည့်ရင်း ဘာပြောလိုက်တာလဲလို့ ခြောက်ကပ်ကပ်မေးတယ် …
ညီဘာမှမပြောပဲ စားပွဲပေါ်က ကောင်းအတွက်ယူလာတဲ့ မွေးနေ့လက်ဆောင်ပါဆယ်ထုပ်လေးကိုကောင်းလက်ထဲထည့်လိုက်တယ် …
“ ကောင်းအတွက်မွေးနေ့လက်ဆောင်ပါ တန်ဖိုးမရှိပေမယ့် အထဲကပစ္စည်းလေးဟာ ညီ့ဘ၀ပဲ ကောင်းဆိုင်ကထွက်သွားတုန်းက ကောင်းအမြဲကိုင်တဲ့ ဆံပင်ညှပ်ကတ်ကြေးကို ညီ့ကိုပေးထားခဲ့တယ်နော် အဲဒီတုန်းက ကောင်းပြောခဲ့တာ ဒီကတ်ကြေးညီ့ဆီရှိနေသ၍ အချိန်မရွေးဘ၀အတူတည်ဆောက်ရင်း နေထိုင်လို့ရတယ်ဆိုတာလေ အခုဒီထဲမှာလဲ ညီအမြဲကိုင်တဲ့ ကတ်ကြေးလေး ကောင်းအတွက်လက်ဆောင်ပေးခဲ့ပါရစေ … ညီဆံပင်ညှပ်တဲ့အလုပ်ကို စွန့်လွှတ်လိုက်ပြီကောင်း ဒါပေမယ့် ဒီကတ်ကြေးလေးတွေက ညီတို့ဘ၀တွေပဲလေ တစ်ကယ်လို့မဆုံဖြစ်ခဲ့ရင်တောင် တစ်ယောက်ဘ၀ကို တစ်ယောက်ပိုင်ဆိုင်ထားကြပြီပဲ “
ညီ့စကားကိုနားထောင်ရင်း လက်ဆောင်ထုပ်လေးကို ငုံ့ကြည့်နေတဲ့ကောင်း ညီပြောတာ နားလည်နိုင်ပါ့မလား …
“ ညီသွားတော့မယ်ကောင်း နှုတ်ဆက်ခဲ့ပါတယ် “
ညီဆက်နေရင် စိတ်မထိန်းနိုင်တော့မှာ စိုးတာကြောင့် ကောင်းမော့အလာကိုမစောင့်တော့ပဲ ချက်ချင်းလှည့်ထွက်လိုက်တယ် …
ခေါင်းအလှည့်မှာ လွင့်စင်ကျသွားတဲ့ မျက်ရည်စက်ကိုတော့ ကောင်းမမြင်လောက်ပါဘူးနော် ..
ကောင်းကော ခေါင်းကိုအောက်စိုက်ပြီး ငိုနေလိမ့်မယ်လို့ မထင်မိဘူးလား …
ဟင့်အင်း ကောင်းမငိုနိုင်ပါဘူး ဘယ်တုန်းကမှ ကောင်းကမျက်ရည်လွယ်တဲ့လူမဟုတ်ဘူးလေ …
တကယ်လို့ မျက်ရည်ကျခဲ့မယ်ဆိုရင်တောင် ညီမမြင်ချင်ဘူး တစ်သက်စာ သယ်ပိုးသွားရမယ့်နောင်တတွေအတွက် ညီခံနိုင်ရည်အင်အားမရှိပါဘူး ….
ကောင်းနဲ့ညီဟာ အဝေးဆုံးမှာရှိနေကြပေမယ့် ချစ်ခြင်းတရားရဲ့နက်ရှိုင်းမှုတွေဟာ ဟိုးနှလုံးသားအတွင်းဆုံးအထိ စိုက်ထူနေရာပေးခဲ့ကြပြီးသားဆိုတာ ဘယ်သူမြင်နိုင်မှာတဲ့လဲ …
(အချစ်ဆိုတာ ယောက်ျားမိန်းမပညတ်ထားတဲ့ သတ်မှတ်ချက်တစ်ခုမဟုတ်ပါဘူး ..
ဘယ်လောက်ထိချစ်နိုင်လဲ ဘယ်လောက်တန်ဖိုးထားလဲ ဘယ်လိုပေးဆပ်နိုင်လဲကသာ အချစ်ကိုဆုံးဖြတ်ပေးသွားတာပါ)
ဇာတ်လမ်းအဆုံးထိဖတ်ပေးသော ဟိုမိုချစ်သူများအားလုံးကိုကျေးဇူးတင်ရှိပါတယ်…
ဆက်လက်ရေးသားမယ့် ဇာတ်လမ်းများကိုလဲ အားပေးကြပါဦးလို့ …
ခင်မင်လေးစားစွာဖြင့် -
လွမ်းရိပ်ထင်

1 comment:

  1. အရမ်းကောင်းပါတရ် ဒီလိုမျိုး Sex အကြောင်းမပါတဲ့ Fictionတွေများများ ရေးပေးပါ သမရိုးကျ Sex အခန်းတွေထဲက ရုန်းထွက်ပြီးရေးပေးတဲ့ လွမ်းရိပ်ထင်ကို ကျေးဇူးတင်တရ် နောက်ဆုံးစာသားလေးကိုကြိုက်ပါတရ်

    ReplyDelete

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...