Saturday, February 7, 2015

အဝေးဆုံးပုံရိပ်ရဲ့အနီးဆုံးတစ်နေရာ (၂)

ရေးသားသူ - လွမ်းရိပ်ထင်
အပိုင်း(၂)...
ညီကြိုးစားပြီး ကောင်းလက်ကလွတ်အောင် အသံတိတ်ရုန်းနေပေမယ့် တကယ်တမ်းညီအားထည့်မရုန်းမိဘူးဆိုတာ ညီကိုညီသိပါတယ် ….
ကောင်းက ညီ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားရာကနေ ညီ့နားနားကပ်ပြီး တိုးတိုးပြောတယ် …
“ အသံမထွက်နဲ့နော်ညီ ကို ညီ့ကိုချစ်လို့ပါ “
အိုး … ကောင်းစကားကိုကြားလိုက်တော့ ညီလေထဲမြောက်သွားသလိုခံစားလိုက်ရတယ် ပြီးတော့ကြည်နူးမှုပီတိဖြစ်မှုတွေက အတိုင်းအဆမရှိ ….
ရင်ခုန်သံတွေလဲ ကျယ်လောင်လို့ ကောင်းတကယ်ပြောနေတာလား နောက်နေတာလားဟင် …
ညီကောင်းကိုဘာမှပြန်မပြောမိပေမယ့် ရုန်းနေတာကို လက်လျှော့လိုက်တယ် …
တစ်ကိုယ်လုံးအရုပ်ကြိုးပြတ်ကျသလို အားအင်တွေချိနဲ့ကုန်ပြီလေ …
ကောင်းရယ် အစောကြီးကတည်းက ညီက ကောင်းကို ကျိတ်ချစ်နေခဲ့သူပါ ….
ညီဖြေးဖြေးချင်းကောင်းဖက်ကို လှည့်လိုက်တဲ့အချိန်မှာ မှိန်ပျပျမီးရောင်အောက်က အရည်ရွှန်းလဲ့နေတဲ့ ကောင်းရဲ့မျက်ဝန်းတွေနဲ့ဆုံမိတယ် ….
ညီဘာမှမပြောမိပေမယ့် ညီ့မျက်ဝန်းတွေကို ကောင်းလဲရိပ်မိခဲ့မယ်လို့ ထင်တယ်လေ ….
ညီနဲ့ကောင်း မျက်နှာချင်းဆိုင် အကြာကြီးစိုက်ကြည့်နေမိတယ် ….
အဲဒီနောက် ကောင်းကတစ်ဖြေးဖြေး ညီ့မျက်နှာနားကို တိုးကပ်လာတယ် အဲဒီအချိန်ညီရလိုက်တဲ့ အနံ့တစ်ခုက ဘီယာနံ့ …
ကောင်းဘီယာတွေသောက်လာတာလား ဘယ်တုန်းကသောက်တတ်တာပါလိမ့် ….
ညီ့နှုတ်ခမ်းနား ကောင်းနှုတ်ခမ်းရောက်လုရောက်ခင်မှာပဲ ညီမျက်နှာကို လွှဲလိုက်တယ် ….
ကံမကောင်းစွာပဲ မျက်နှာလွှဲလိုက်ပေမယ့် ကောင်းနှုတ်ခမ်းက ညီ့မျက်နှာပေါ်အနမ်းမိုးတွေ ရွာချလိုက်တယ် …
ကောင်းဆီက တစ်ဟင်းဟင်းညီးနေတဲ့အသံနဲ့အတူ နှာခေါင်းတစ်ရှူးရှူးမြည်နေတဲ့ အသံက ညီ့ကို ရုန်းမထွက်နိုင်အောင် အမိန့်ပေးနေသလိုပါပဲ ….
“ ကောင်းတော်ပြီလေ တခြားလူတွေ နိုးကုန်လိမ့်မယ် “
ညီကလေတိုးသံလေးနဲ့ပြောမှ ကောင်းအသက်ဝင်လာသလို ညီ့ပါးပေါ်ကခွါလိုက်တယ် ….
“ ညီကော ကို့ကို ချစ်တယ်မဟုတ်လား “
ညီနှုတ်ခမ်းတွေတစ်ဆတ်ဆတ်တုန်ရင်း အဖြေကို ပါးစပ်ကမဖြေပဲ ပြုံးရင်းခေါင်းညိမ့်လိုက်မိတယ် …
ရင်ထဲမှာတော့ ဒီထက်လေးနက်တဲ့စကားတွေရှိနေမယ်ဆိုတာ ကောင်းသိနိုင်ပါ့မလား ….
ကောင်းက ညီ့ခေါင်းလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်တယ် ….
အဲဒီညကတော့ ညီ့အတွက် အမက်မောဆုံးအိပ်မက်တစ်ခုကို ကောင်းနဲ့အတူမက်ခွင့်ရခဲ့သလို အဲဒီအိပ်မက်ဟာလဲ ညီ့အတွက်တစ်သက်လုံးမမေ့တော့တဲ့ နှလုံးသားအိပ်မက်တစ်စုံပေါ့ ….
မနက်ခင်းမိုးလင်းတော့ ညီအိပ်ရာထနောက်ကျတယ် ညကအိပ်တာနောက်ကျလို့ဖြစ်မယ် ….
ညီနိုးလာတော့ ဘေးမှာ ကောင်းမရှိတော့ပါဘူး ဘယ်အချိန်ထသွားလဲ ညီမသိလိုက်ဘူး …
ဘာပဲပြောပြော ညကတော့ ချိုမြိန်တဲ့အချစ်ရဲ့သိမ်မွေ့ခြင်းတွေကို ညီစားသုံးလိုက်ရတယ် ….
ညီ့စိတ်ထဲ ကြည်နူးမှုအပြည့်နဲ့ နိုးထလာတဲ့ ချစ်ခြင်းရဲ့မနက်ခင်းတစ်ခုပါပဲ …
ညီ ကမန်းကတန်းအိပ်ရာက ထပြီးမျက်နှာသစ် ဆိုင်ရှေ့ကိုထွက်လာလိုက်တယ် တော်သေးတယ် ၁၅ မိနစ်လောက်ပဲနောက်ကျလို့ …
ဆိုင်ရှေ့မှာတော့ လူတွေစုံနေပြီ ကိုယ့်တာဝန်ကိုယ်စီနဲ့မို့ ညီ့ကိုသတိထားမိမှာမဟုတ်ပါဘူး ညီပထမဆုံးရှာမိတာက ကောင်း ….
တွေ့ပါပြီ ဆိုင်ရှေ့မှာ တံမြက်စည်းလှဲနေတဲ့ ကောင်း … ကောင်းကညီ့ကိုသတိမထားမိပေမယ့် ကောင်းကိုမြင်လိုက်တဲ့ခဏ ညီ့စိတ်ထဲအရာရာပြည့်စုံသွားသလို နွေးခနဲဖြစ်သွားမိတယ် …
ညီလဲ သန့်ရှင်းရေးလုပ်ရဦးမှာမို့ အ၀တ်စလေးတစ်ခုနဲ့ မှန်ကြည်ဆေးယူပြီး မှန်တွေကို သုတ်နေလိုက်တယ် ….
ကိုယ့်အာရုံနဲ့ ကိုယ်မို့ရုတ်တရတ် ညီသုတ်နေတဲ့မှန်ထောင့်လေးကို မျက်နှာအပ် အာငွေ့ပေးပြီး လက်ညှိုးလေးနဲ့ စာရေးလိုက်တဲ့ကောင်းကိုမမြင်လိုက်ဘူး ….
ကောင်းရေးပြီးမှမြင်လိုက်တာက …
“ ညီ့ကို ချစ်တယ် “ တဲ့ ….
ညီချက်ချင်းပြာပြာသလဲဖြစ်သွားပြီး အ၀တ်နဲ့မှန်ကို ခပ်သွက်သွက်သုတ်လိုက်မိတယ် ….
ကောင်းကတော့ မျက်လုံးတစ်ဖက်မှိတ်ပြပြီး ခပ်ဟဟအပြုံးနဲ့လှည့်ထွက်သွားလေရဲ့ ….
ဒီလိုဇွတ်တရွတ်လုပ်နေရင်တော့ ကြာရင်လူတွေရိပ်မိကုန်တော့မှာပဲ တော်တော်ဆိုးတဲ့ကောင်းလို့ ညီ့စိတ်ထဲရေရွတ်နေမိတယ် ….
နောက်ပိုင်း ကောင်းကိုသိပ်ရင်မဆိုင်ရဲတာကော ရှက်နေတာကောကြောင့် ညီတစ်ဖြေးဖြေးညိမ်သွားတယ် …
ဒါပေမယ့် ရင်ထဲမှာတော့ ကောင်းပျောက်သွားတာနဲ့ အသဲအသန်ရှာဖွေနေမိသလို ကောင်းလုပ်တာမှန်သမျှ မျက်တောင်မခတ်လိုက်ကြည့်နေမိတယ် ….
လူမသိသူမသိ ချစ်သူဘ၀ကိုရောက်သွားတော့ ကောင်းနဲ့ညီ အလုပ်ထဲမှာ အရင်လိုရင်းရင်းနှီးနှီးသိပ်စကားမပြောဖြစ်တော့ပဲ အလိုလို ခပ်တန်းတန်းနေမိတယ် ….
ဒါပေမယ့် မျက်လုံးချင်းကတော့ အချိန်ပြည့်ခလုတ်တိုက်နေတာပေါ့ …
အလုပ်ပါးတဲ့အချိန် လူရှင်းတဲ့အချိန်ဆို ညီထိုင်တဲ့နေရာပဲဖြစ်ဖြစ် ညီရပ်နေတဲ့နေရာပဲဖြစ်ဖြစ် အကြောင်းမရှိပဲလာပြီး မထိတစ်ထိစတတ်တယ် …
အဲဒီအခါမျိုးမှာ ညီကတော့ မျက်စောင်းထိုးရုံကလွဲပြီး ဘာမလုပ်နိုင်ပါဘူး ….
ကောင်းအဲဒီလိုလုပ်လေ စိတ်ထဲကြည်နူးလေ လူသိမှာပိုကြောက်လေပါပဲ ….
တစ်ခုတော့ရှိတာပေါ့ တစ်လမှာ နှစ်ရက်နားခွင့်ရတဲ့ရက်မျိုးဆို ကောင်းနဲ့ညီက နားရက်တူယူထားတယ် ပြီးရင်နားရက်တွေမှာ ဆိုင်မကပ်ပဲ တစ်နေကုန်လျှောက်လည်ဖြစ်ကြတယ် ….
အဲဒီလိုအချိန်က ကောင်းနဲ့ညီ့အတွက် အလွတ်လပ်ဆုံးနဲ့ အပျော်ရွှင်ဆုံးအချိန်တွေပေါ့ ….
၂ နှစ်ဆိုတဲ့ ချစ်သူသက်တမ်းကာလတစ်ခုအတွင်းမှာ ကောင်းနဲ့ညီအတွက် မမေ့နိုင်စရာ ကြည်နူးခြင်းတွေ ပျော်ရွှင်ခြင်းတွေ အပြည့်နဲ့ပါ …
ဒါပေမယ့် ထင်မှတ်မထားတဲ့ နေ့တစ်နေ့မှာတော့ ကောင်းအတွက်ကံကောင်းခြင်းလား ညီ့အတွက်ကံဆိုးခြင်းလားမသိနိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းတစ်ခု ရောက်လာခဲ့တယ် ….
အပိုင်း (၃) ဆက်ရန် ....

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...