Monday, February 9, 2015

အဝေးဆုံးပုံရိပ်ရဲ့အနီးဆုံးတစ်နေရာ (၃)



ရေးသားသူ - လွမ်းရိပ်ထင်
အပိုင်း(၃)...
အဲဒီနေ့က တနင်္လာနေ့မို့ဆိုင်မှာမနက်ခင်းလူရှင်းနေတယ် …..
ဆံပင်ညှပ်တဲ့ဧည့်သည် သုံးယောက်နဲ့ ခေါင်းလျှော်နေတဲ့ဧည့်သည် ၁ ယောက်ပဲရှိနေခဲ့တာပါ ….
အဲဒီအချိန်ဆိုင်ရှေ့ကို ပါဂျဲရိုးကားအနက်ရောင်ကြီးဆိုက်လာတယ် ဆိုင်ရှေ့က ဧည့်ကြိုဝန်ထမ်းတွေလဲ ပျာပျာသလဲ ဆီးကြိုကြတယ် ….
ကားပေါ်ကဆင်းလာတာက အသက်သုံးဆယ်ကျော်လေးဆယ်လောက်ရှိမယ့်အသားဖြူဖြူခပ်ပြည့်ပြည့်လူတစ်ယောက်ဆင်းလာတယ် …
အပေါ်အောက်အနက်ဝမ်းဆက် မျက်မှန်အနက်နဲ့တော်တော်ချောပြီး နုဖတ်နေတဲ့ လူကြီးပါ …
အဲဒီလူကြီးက ဆိုင်ထဲဝင်ဝင်ချင်း မျက်လုံးကို တစ်ချက်ဝှေ့ကြည့်တယ် …
လူပါးနေတော့ ဧည်သည်အသစ်ကို ဆံပင်ညှပ်မယ့်ဝန်ထမ်းတွေက ပျာပျာသလဲဆီးမေးကြတာပေါ့ ဆံပင်ညှပ်မလားခေါင်းလျှော်မလား …
လူကြီးကတော့ ဘာမှမပြောသေးပဲ ခဏရပ်နေတယ် ပြီးမှ အစွန်ဆုံးမှာရပ်နေတဲ့ ကောင်းကိုမြင်သွားပြီး လက်ညှိုးထိုးတယ် ….
ဟိုကောင်လေးနဲ့ ညှပ်မယ်တဲ့ ….
ညီနည်းနည်းတော့ စိတ်ထဲ ဘ၀င်မကျဖြစ်သွားတယ် …
ဆိုင်ကိုတစ်ခါနှစ်ခါလာဖူးလို့ မိတ်ဖြစ်တယ်သိတယ်ဆိုလဲ တော်သေးတာပေါ့ ….
အခုဟာက မသိပဲလူရွေးပြီးခေါ်ညှပ်သလို ဖြစ်နေတယ်လေ ….
ပြီးတော့ ကောင်းက ဆိုင်မှာ ကြည့်အကောင်းဆုံး အရပ်အမောင်းရုပ်ရည်အပြောအဆို အတော်ဆုံး …
ဒါကိုသိလို့တော့မဟုတ်နိုင်ဘူး ညီအဲဒီလူကြီးကိုစမြင်မြင်ချင်းမှာပဲ ချဉ်သွားတယ် ….
အဲဒီနေ့က အဲဒီလူကြီးဆိုင်မှာ သုံးနာရီလောက်အချိန်ဖြုန်းသွားတယ် …
ဆံပင်ညှပ်တယ် ခေါင်းလျှော်တယ် မျက်နှာပေါင်းတင်တယ် ဆံပင်ဆေးအနက်ပြန်ဆိုးတယ် အစုံပဲ ….
အားလုံးကို ကောင်းတစ်ယောက်ထဲပဲ လုပ်ပေးနေရတယ် ပြီးတော့ ပါးစပ်ကလဲ ကောင်းကိုမေးတာပြောတာ တစ်တွတ်တွတ်နဲ့ မပြီးနိုင်မစီးနိုင် ကြာတော့ ညီမနေနိုင်တော့ဘူးလေ ….
“ ကောင်း ထမင်းမစားသေးဘူးမလား သွားစားလေ ဧည့်သည်ကိုညီပဲဆက်လုပ်ပေးလိုက်မယ် “
ဒါကို ကောင်းက အလိုက်ကန်းဆိုးမသိဘူးလေ ….
“ ရပါတယ်ညီရ စောပါသေးတယ် ကောင်းမဆာသေးဘူး ဧည့်သည်ကပြီးတော့မှာပါ “
ညီကောင်းကို သေချာစိုက်ကြည့်ပြီး လှည့်ထွက်လာလိုက်တယ် ကောင်းကပါ သူ့လေကြောမျောနေတာဖြစ်မယ် …
အဲဒီဘဲကြီးပြန်သွားတော့ ကောင်းကို မုန့်ဖိုး ၂ သောင်းတောင်ပေးသွားတယ်တဲ့ …
ကောင်းက ဒီလောက်အများကြီးမယူနိုင်ဘူးဆိုတာကို အတင်းအကျီအိတ်ထဲထည့်သွားတယ်ဆိုပဲ …
ကောင်းကိုပြောသွားသေးတယ် သူကမော်ဒယ်လ်အေဂျင်စီထောင်ထားတာတာတဲ့ …
ကောင်းက မော်ဒယ်လ်ပုံပေါက်တယ် ဖြစ်နိုင်တယ်တဲ့ သူ့ဆီမှာအလုပ်လုပ်ရင်းသင်တန်းတက်ပါတဲ့ သူလစာပေးမယ် သင်ပေးမယ်တဲ့လေ …
ကောင်းကလဲ အနုပညာဝါသနာပိုးက သေးတာမဟုတ်ဘူး ဘာလုပ်လုပ်မကြောက်တတ်တဲ့သူ ဂျစ်ကန်ကန် ယောက်ျားပီပီသသ ဘော်ဒီကလဲ ခပ်မိုက်မိုက်ဆိုတော့ ဖြစ်နိုင်ဖို့ကရာခိုင်နှုန်းများပါတယ် ….
ဒါပေမယ့် ညီကတော့ အဲဒီဘဲကြီးကို သဘောမကျဘူး မယုံဘူးလေ ကိုယ်အကြောင်းမသိတဲ့ လူတစ်ယောက်ကို မယုံမိဖို့ ကောင်းကို မနည်းဖြောင့်ဖျထားရတယ် ….
ပြီးတော့ ဘဲကြီးကြည့်ရတာ ချမ်းသာတဲ့အသိုင်းအ၀ိုင်းကဆိုတာ မြင်တာနဲ့တန်းသိနိုင်တယ် ပိုက်ဆံရှိလူတန်းစားတွေအနေနဲ့ ကောင်းကိုအသုံးမချနိုင်ဘူးလို့လဲ တစ်ထစ်ချ ယုံဖို့ခဲယဉ်းတယ် ….
ကောင်းက စိတ်တွေတက်ကြွနေပေမယ့် ညီကတော့ ကောင်းလုပ်မယ်ဆိုရင်တောင် သဘောမတူနိုင်ဘူး ….
ကောင်းကို အမြင့်ရောက်စေချင်ပေမယ့် အခုလို ဘ၀တူ အလုပ်တူ မခွဲပဲဖြစ်သလိုဘ၀ကိုဖြတ်သန်းနေရတဲ့ဘ၀ကိုပဲ ခုံမင်တာပါ …
ဒီမှာ နှစ်ပြည့်လို့ ပိုက်ဆံစုမိတာနဲ့ ဆိုင်ခွဲမယ် ရပ်ကွက်လေးတစ်ခုခုမှာ နှစ်ယောက်အတူဆံပင်ညှပ်ဆိုင်လေးဖွင့်ပြီး တစ်သက်လုံးနေသွားဖို့ တိုင်ပင်စိတ်ကူးထားကြတာပဲလေ …
အခုတော့ ကောင်းအတွက် အမြင့်ကိုရောက်စေမယ့် ကံကြမ္မာက ဆိုက်ရောက်လာတော့မယ်ထင်တယ် …
တကယ်လို့ ကောင်းသာအဲဒီဘဲကြီးနောက် လိုက်သွားခဲ့ရင် ဒီတစ်သက်စိတ်ကူးယဉ်ထားတဲ့ အိပ်မက်လေးနဲ့ ဝေးရမှာအမှန်ပဲ ….
နောက်နေ့တွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို အဲဒီဘဲကြီးရောက်ရောက်လာတတ်တယ် ….
လာတိုင်းလဲ ကောင်းနဲ့ပဲခေါင်းလျှော်တယ် မျက်နှာချေးချွတ်တယ် ဆံပင်ပုံသွင်းတယ် …
လုပ်စရာမရှိရင်တောင် လျှော်နှိပ်လောက်တော့ နေ့တိုင်းလာလုပ်တယ် ….
ကြာလာတော့ ကောင်းအနားကနေ ညီကဘေးကိုရောက်မှန်းမသိရောက်ရင်း အဲဒီလူကြီးရဲ့ ပေးကမ်းမှုတွေ မက်လုံးပေးမှုတွေကြားသာယာရင်း ဦးခိုင်မှဦးခိုင် ပါးစပ်ဖျားကမချတော့ဘူး အဲဒီလူကြီးနာမည်က ဦးခိုင်အောင်ပါ ….
ဒီလိုနဲ့ ၁၀ ရက်လောက်ဆက်တိုက်လာပြီးတဲ့နောက် ညီတို့ဆိုင်ရှင်သူဌေးနဲ့တွေ့ပြီး ကောင်းကိုခေါ်သွားဖို့ ခွင့်တောင်းပါတယ် …
သူဌေးကလဲ ကောင်းသဘောလို့ပြောတော့ ကောင်းကခေါင်းညိမ့်လိုက်တယ်လေ ….
“ ကောင်းတကယ်သွားတော့မှာလား မစဉ်းစားတော့ဘူးလား “
အကျီအထုတ်အပိုးတွေပြင်နေတဲ့ ကောင်းကိုကြေကွဲဆို့နင့်စွာကြည့်ရင်း ညီမေးလိုက်မိတယ် …
“ ညီကလဲကွာ အခွင့်အရေးဆိုတာ နှစ်ခါမရဘူးညီရဲ့ ကိုကဦးလေးကြောင့်သာဒီအလုပ်ကိုလာလုပ်တာ ကိုဝါသနာပါတာ အနုပညာလေ ကိုဖြစ်ချင်တဲ့အရာဖြစ်ရဖို့ ကိုဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ဘူးညီ ညီ့ကိုကိုက အပြီးခွဲသွားတာမှမဟုတ်တာ ကိုအားတဲ့နေ့ ဒီကိုအမြဲလာမှာပါ ညီ့ကိုပစ်မသွားပါဘူး ….
ကိုအောင်မြင်တဲ့တစ်နေ့ ညီလဲကိုနဲ့အတူနေရမှာပဲလေ အဲဒီအခါညီက ကို့ Hair Desiner လုပ်ပေါ့ ဟုတ်ဘူးလား ဟားဟား “
ကောင်းက ညီ့ပါးလေးကို ချစ်စနိုးညှစ်ပြီးပြောတော့ ညီ့စိတ်ထဲပိုဝမ်းနည်းမိတယ် ….
ကောင်းက တက်ကြွနေသလောက် ချစ်သူသက်တမ်း ၂ နှစ်မှာခွဲပြီးတစ်ခါမှ မနေခဲ့ဖူးတဲ့ ညီ့အတွက်တော့ ရင်ထဲက ငရဲဘုံအလား ပူပြင်းလောင်ကျွမ်းနေတယ် ….
ကောင်းမသွားခင်ညက မိုးလင်းတဲ့အထိ ကောင်းနဲ့ညီ မအိပ်ပဲစကားတွေပြောခဲ့ကြတယ် …
အဲဒီညက ညီငိုမိတာ ဘယ်နှစ်ကြိမ်မှန်းမသိပါဘူး ကောင်းကညီ့ခေါင်းလေးကို သပ်ရင်းချော့ပေးခဲ့တယ် …
နောက်ပိုင်း ကောင်းဆိုင်က ထွက်သွားပြီးတဲ့နောက် တစ်ပတ်ကို နှစ်ခါလောက် ဆိုင်ကိုမပြတ်လာဖြစ်ပါသေးတယ် ….
နောက်ပိုင်း ကောင်းကအလုပ်များတာလား မလာဖြစ်တာလားမသိဘူး တစ်လကို တစ်ခေါက်တောင်မရောက်ဖြစ်တော့ပါဘူး ….
ဒီလိုနဲ့ ကောင်းမလာတဲ့အဆုံး ကောင်းရှိတဲ့နေရာကို လိုက်သွားကြည့်ဖို့ ညီကဆုံးဖြတ်ပြီးတဲ့နောက် ကောင်းကိုသွားတွေ့တဲ့အချိန်မှာတော့ ကောင်းဟာ ညီထင်ထားသလို ဘ၀တိုးတက်ဖို့ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်နေခဲ့တာမဟုတ်ပဲ ….
ငွေချမ်းသာတဲ့လိင်တူချစ်သူ သူဌေးတစ်ယောက်က မက်လုံးပေးပြီး ကောင်းကိုသိမ်းပိုက်ထားတယ်ဆိုတာ သဘောပေါက်လိုက်တယ် …
ညီတကယ်တမ်းသိလိုက်ရတဲ့အချိန်မှာတော့ ကောင်းဟာအဲဒီရေပေါ်ဆီအသိုင်းအ၀ိုင်းကြားမှာ တောက်ပတဲ့မင်းသားတစ်ပါးအဖြစ် ပျော်ဝင်နစ်မွန်းနေခဲ့ပြီဆိုတာ ငြင်းမရနိုင်တော့ဘူးလေ …..
အပိုင်း (၄)ဆက်ရန် ....

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...