Friday, February 13, 2015

အဝေးဆုံးပုံရိပ်ရဲ့အနီးဆုံးတစ်နေရာ (၄)

ရေးသားသူ - လွမ်းရိပ်ထင်
အပိုင်း(၄)....
“ Cult Model Agency “
လိပ်စာထဲကအတိုင်း ငါးထပ်ကိုတက်ပြီးတဲ့နောက်မှာတော့ မျက်နှာချင်းဆိုင်အခန်းဝက ဆိုင်းဘုတ်ကိုလှမ်းတွေ့လိုက်တယ် ….
တစ်ခါမှမရောက်ဖူးပေမယ့် ကောင်းပြောပြောနေလို့ ဒီအခန်းဆိုတာသိလိုက်တယ် …
ကောင်းက ဒီလိုနေ့မျိုးတွေအားတတ်တယ်ဆိုတာ သိထားလို့လဲ ညီလာခဲ့တာပါ …
အခန်းတံခါးဝက လူခေါ်ဘဲလ်ကို သုံးချက်လောက်နှိပ်အပြီးမှာတော့ အခန်းထဲက လှုပ်ရှားသံနဲ့အတူ လာပြီလာပြီဆိုတဲ့ ကောင်းအသံကို သဲ့သဲ့ကြားလိုက်ရတယ် ….
နောက်အခန်းတံခါးဖွင့်လိုက်ချိန်မှာတော့ စွပ်ကျယ်ကိုယ်ကြပ် ဂျင်းဘောင်းဘီအနက်နဲ့ ကောင်း ….
အံ့သြတဲ့အမူအယာနဲ့အတူ တစ်ဆက်တည်းလှိုက်လှိုက်လှဲလှဲပြုံးလိုက်တဲ့ကောင်းမျက်နှာက အရင်လိုမပြောင်းလဲ …
ဒါပေမယ့် ကောင်းရဲ့အပြုံးနဲ့ ညီ့အပေါ်ရင်းနှီးမှုတွေမပြောင်းလဲပေမယ့် ကောင်းရဲ့ရုပ်ပိုင်းဆိုင်ရာတော့ တော်တော်ပြောင်းလဲနေပြီး အရင်ကထက် ပိုကြည့်ကောင်းနေတယ်ဆိုတာပဲ …
နေပူထဲမထွက်ပဲ အဲကွန်းခန်းထဲနေတာကြောင့် အသားတွေအရင်ကထက်ပိုဖြူလာသလို ခန္ဓာကိုယ်ကလဲ အရင်ကထက် ပိုကျစ်လစ်ပြီး ကြည့်ကောင်းနေတယ် ပြီးတော့ ကောင်းဆံပင်တွေ ပုံစံပြောင်းနေသလို အရောင်တွေလဲပြောင်းနေတယ် ….
အထူးခြားဆုံးကတော့ လက်မောင်းပေါ်က ဘာပုံမှန်းမသိပေမယ့် တော်တော်ကြည့်ကောင်းတဲ့ တက်တူးပုံ …
ဘာပဲပြောပြော ကောင်းကတော့ အရင်ကနဲ့မတူ ရုပ်ပိုင်းဆိုင်ရာမှာတော့ အရမ်းပြောင်းလဲသွားပြီ ….
“ ဟာ … ညီလာလေအထဲဝင် လာမှာကိုကြိုမပြောဘူးကွာ လာလာ “
ကောင်းကညီ့ကိုမြင်တာနဲ့ ပြာပြာသလဲ ပြောတော့တယ် ပြီးတော့ အရင်လိုပဲလက်ရဲဇက်ရဲနဲ့ ကောင်းလက်ကိုဆွဲပြီးအထဲကို ခေါ်တယ် ….
ကောင်းတို့နေတဲ့အခန်းက တော်တော်တော့ကျယ်ပါတယ် အထဲမှာတော့ နံရံပေါ်မှာ ကိုယ်လုံးပေါ်မှန်တွေအပြည့်ကာထားပြီး စင်မြင့်သေးသေးလေးတစ်ခုရှိတယ် ကြည့်ရတာ ရှိုးလျှောက်လေ့ကျင့်တဲ့စင်ဖြစ်ပုံရတယ် ….
အခန်းထဲမှာလဲ ၀တ်စုံအမျိုးမျိုးတန်းပေါ်ချိတ်ထားတယ် အမျိုးသားဝတ်များပါတယ် …
ညီလဲ အခန်းထဲမျက်လုံးဝှေ့ကြည့်ရင်း ကောင်းထိုင်ခိုင်းတဲ့ ဆိုဖာခုံပေါ်ထိုင်လိုက်တယ် …
အဲဒီအချိန် အခန်းထဲက ည၀တ်အကျီနဲ့ထွက်လာတဲ့ ဦးခိုင်အောင်ဆိုတဲ့ ကောင်းကိုခေါ်သွားတဲ့ လူကြီးကိုတွေ့လိုက်ရတယ် …
ဦးခိုင်အောင်ကလဲ ညီ့ကိုတွေ့တာနဲ့ လျှောက်လာတဲ့ခြေလှမ်းတွေတန့်သွားပြီး ညီ့ကိုတစ်ချက်ကြည့်တယ် …
သူ့အကြည့်က ဖော်ရွေမှုမရှိသလို ညီ့ကိုမနှစ်မြို့တဲ့အကြည့် အဲဒီအကြည့်ကြောင့် ညီလဲရုတ်တရတ်မတ်တပ်ထရပ်မိပြီး ပြုံးအရိုအသေပေးသလို ခေါင်းညိတ်ပြလိုက်မိတယ် …
“ အန်ကယ် သူ့ကိုမှတ်မိလား အရင်ဆံပင်ညှပ်ဆိုင်တုန်းက အတူလုပ်တဲ့သူငယ်ချင်းလေ ညီသော်တာလို့ခေါ်တယ်အန်ကယ် “
ကောင်းက ဂရုတစ်စိုက်မိတ်ဆက်ပေးပေမယ့် အဲဒီလူကြီးက ညီ့ကိုသေချာတောင်မကြည့်ပဲလှည့်ထွက်သွားတယ် ညီ့စိတ်ထဲလဲ တော်တော်အောင့်သက်သက်ဖြစ်သွားတယ် ဘယ်လိုလူကြီးပါလိမ့် ညီလာတာကို မကြိုက်တာလား …
“ ညီဘာစားခဲ့လဲ အအေးသောက်မလား ကိုဘာလုပ်ပေးရမလဲ “
“ တော်ပါပြီကောင်း ညီလမ်းမှာ စားလာပြီ ဒီနေ့အားရက်မို့ ကောင်းလဲမလာတာကြာတာနဲ့ ရောက်ဖူးအောင် လာလိုက်တာပါ ကောင်းတော်တော်ချောလာတယ် အဆင်ပြေတယ်မလားကောင်း “
ကောင်းက ခပ်ဟဟရယ်ပြီး ခါတိုင်းလိုပဲ ပါးလေးကိုဆွဲညှစ်တယ် …
“ ညီကမြှောက်နေပြန်ပြီ ဒီလိုပါပဲ ကိုကခုမှ တက်သစ်စဆိုတော့ ကြိုးစားရတာပေါ့ ရှိုးလေးငါးပွဲတော့ လျှောက်ပြီးပြီ နောက်လထဲ ပြိုင်ပွဲရှိတယ် အခုတော့ ရှိုးပွဲတွေနားပြီး Body အတွက်လေ့ကျင့်ခန်းတွေလုပ်နေတာနဲ့ သင်တန်းကြီးတွေထပ်တက်နေတာနဲ့ မအားတာညီ ကိုလဲညီ့ကိုသတိရပါတယ် “
ကောင်းရဲ့သတိရပါတယ်ဆိုတဲ့ စကားက၀တ်ကျေတန်းကျေ လေးနက်မှုမရှိသလိုညီခံစားလိုက်ရတယ် …
ညီစကားတွေပြောချင်ပေမယ့် ကောင်းရဲ့အမူအယာ အေးစက်စက်အပြောအဆိုတွေကြောင့် စကားလုံးတွေကို တံတွေးနဲ့အတူမြိုချလိုက်တယ် လည်ချောင်းတွေက ခြောက်ကပ်ကပ်ဖြစ်နေသလိုပဲ ….
“ သခင် ၁၀ နာရီထိုး gym ကစားရမယ့်အချိန်နော် ပြီးရင်ရေချိုးမယ် ထမင်းစားမယ် တစ်ရေးအိပ်မယ် နိုးတာနဲ့ မြို့ထဲအကျီကိုယ်တိုင်းသွားပေးမယ် မင်းအတွက်အအားနေရမယ့် အချိန်ပိုဆိုတာမရှိဘူး ပြိုင်ပွဲကနီးနေပြီသေချာဂရုစိုက် “
ကောင်းနဲ့ညီကိုမကြည့်ပဲ လမ်းလျှောက်ရင်းပြောသွားတဲ့ ဦးခိုင်အောင်ရဲ့ အမိန့်ပေးသလိုစကားသံကြောင့် ညီနည်းနည်းစိတ်ထဲကသိကအောက်ဖြစ်သွားမိတယ် …
ဆိုလိုချင်တာ ညီလာတာကိုမကြိုက်လို့နှင်လွှတ်တဲ့ပုံစံပြောတာလား ကောင်းကိုအမိန့်ပေးနေတာလား သူ့စကားက တစ်မျိုးတော့တစ်မျိုးပဲ ….
ကောင်းကလဲ သူ့စကားကို ပြန်လှည့်မကြည့်ပဲ ဟုတ်တစ်ခွန်းထဲပြောရင်း ညီနဲ့စကားဆက်ပြောနေတယ် ….
သူတို့ဆက်ဆံရေးက ဘယ်လိုကြီးလဲ ဆရာတပည့်ဆိုလဲ ကောင်းကတစ်ရိုတစ်သေပြန်ပြောရမှာဖြစ်သလို ဦးခိုင်အောင်ဆိုတဲ့လူကလဲ အမိန့်ပေးသလိုလို သူကောင်းကိုပိုင်တာကို ပြချင်သလိုလို ညီလာတာကိုပဲမနှစ်သက်သလိုလို အမူအယာတွေက သိသာလွန်းတယ် ….
ပြီးတော့ ကောင်းနဲ့ညီစကားပြောနေတဲ့အချိန် အငြိမ်ထိုင်မနေပဲ ဟိုဟာလုပ်သလို ဒီဟာလုပ်သလို ရစ်သီရစ်သီလုပ်နေတာကို ညီသဘောမကျ ဘယ်လိုပါလိမ့် ….
“ သခင် အချိန်ကိုကြည့်ဦးနော် “
အချိန်က ၁၀ နာရီထိုးပြီး ၁၅ မိနစ် ဦးခိုင်အောင်က အတွင်းထဲပြန်ဝင်ပြီး အသံကိုတမင်မကျယ်ကျယ်အောင်အော်ပြောနေမှန်းသိသာပါတယ် …
ဒါဆို ညီ့ကိုနှင်လွှတ်နေတဲ့သဘောဆိုတာ ပိုသေချာသွားတယ် …
သခင်ဆိုတာက ကောင်းရဲ့မော်ဒယ်လ်နာမည်ပါ အပြည့်အစုံက ညှို့မင်းသခင် ဒါကြောင့် သခင်လို့ခေါ်တာ …
ညီလဲ အခြေအနေကို သဘောပေါက်သွားတာကြောင့် ကောင်းကိုနှုတ်ဆက်ပြီး ပြန်လာလိုက်တယ် အဲဒီလူကြီးကိုတော့ နှုတ်မဆက်ဖြစ်ခဲ့ပါဘူး ….
ကောင်းဆီက အပြန်ညီသိလိုက်ရတာက ကောင်းရဲ့ပြောစကားတွေအရ ဦးခိုင်အောင်ရဲ့အကြိုက်လိုက်နေပေးရတာ သူငြိုငြင်မယ့်ကိစ္စလုပ်လို့မရတာ အခမ်းအနားပွဲတွေတက်ရင် ကောင်းကိုအတောက်ပဆုံးဆင်ပြီး ပွဲထုတ်တတ်တာ အစားအသောက်အနေအထိုင်ကစ ဂရုတစ်စိုက်ရှိတာ ငွေကိုလိုလေသေးမရှိအသုံးပြုခွင့်ပေးတာ ဘယ်မိန်းကလေးနဲ့မှ ပတ်သတ်ခွင့်မပေးတာ ဒီ့ထက်ဆိုးတာက မော်ဒယ်လ်အလုပ်ကိုအဓိကထားလုပ်စေတာမဟုတ်ပဲ သူ့အနားကဘယ်ကိုမှ အပျောက်မခံတတ်တာ သူမပါပဲဘယ်မှ သွားခွင့်မရှိတာ ….
“ ကောင်းသူ့ဆီက ရုန်းမထွက်ချင်တော့ဘူး ဒီလမ်းကိုရွေးပြီးမှတော့မထူးတော့ဘူး အဆုံးထိဆက်လျှောက်မှာပါညီ ကိုပေးဆပ်နေရတာနဲ့တန်အောင် သူ့ကိုအမှီပြုပြီး ကိုတစ်နေ့အောင်မြင်အောင်မဖြစ်မနေကြိုးစားမှာပါ အခုတော့ သူထားရာနေစေရာသွားဘ၀ထဲမှာပဲ နေရဦးမှာပေါ့ “
ကောင်းစကားကြောင့် ညီ့ရင်ထဲ နင့်ခနဲခံစားလိုက်ရတယ် ….
ငွေရှင်ဓနရှင်တွေက သူတို့ရဲ့စိတ်ဆန္ဒအတွက် အညွှန့်တစ်လူလူတက်နေတဲ့ မျှော်လင့်ချက်တွေ တစ်ဖိတ်ဖိတ်လက်နေတဲ့ လူငယ်တစ်ယောက်ရဲ့ဘ၀ကို အသုံးချရက်သတဲ့လား ….
ဆုပ်လဲစူး စားလဲရူးဖြစ်နေတဲ့ ကောင်းရဲ့အခြေအနေကို သိလိုက်ရချိန်မှာ ညီ ဆို့နင့်ကြေကွဲရတယ် …
ဒါပေမယ့် ညီယုံတယ်လေ ကောင်းကစိတ်ဓါတ်ကြံ့ခိုင်သူတစ်ယောက်ပဲ ကောင်းမဖြစ်မနေအောင်မြင်အောင်ကြိုးစားလိမ့်မယ်လို့ယုံကြည်တယ်လေ ….
ပြီးတော့ ညီ့ကိုလဲ အခုအချိန်ထိ ချစ်နေတုန်းပဲလို့ မျက်စိမှိတ်ပြီးယုံကြည်နေဆဲပါ …..
အပိုင်း(၅) ဇာတ်သိမ်းပိုင်း ဆက်ရန် ==

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...