Tuesday, May 10, 2016

အသည်းကွဲသွားပါသော_နွေရာသီ(ဝတ္ထုတို)


အိမ်ရှေ့ မန်ကျဉ်းပင်အောက်က ယောက်ျားစီး ရှေ့ဘားတန်းပါ စက်ဘီးတစ်စီးက အနှောင်းကို လှောင်ရယ်နေသည်။ အိမ်ရှေ့ ဝရံတာမှာ ချိန်ဆွဲထားသော dancing lady ဟု ခေါ်သော သစ်ခွပွင့်တွေကလည်း အိုးထဲက ထိုးထောင်ထွက် ပွင့်အာနေကာ အနှောင်းကို လှောင်ရယ်နေကြသည်။
အနှောင်း ဘေးပတ်ဝန်းကျင်မှာ ပြန့်ကျဲနေတဲ့ အပ်ချုပ်စက်သမားသုံး ပစ္စည်းတွေကလည်း အနှောင်းကို လောင်ရယ်နေကြသည်။ အနှောင်း ပတ်ဝန်းကျင်က လူတွေကလည်း အနှောင်းကို လှောင်ရယ်နေကြလိမ့်မည်။
အရာအားလုံးက အနှောင်းကို လှောင်ရယ်နေကြသည်။
အဆိုးဆုံးသည် အနှောင်းရှေ့ စားပွဲပေါ် ဖြန့်ခင်းထားသော ပန်းနုရောင် လိုင်နင်စလေး ဖြစ်သည်။ ထိုအစလေးရဲ့ လှောင်ရယ်သံသည် အနှောင်း နားထဲ ငှက်ဆိုးထိုးသံပမာ ဝင်ရောက်လာကာ အသောကို မတတ်နိုင်တော့ပါ။
အနှောင်းစိတ်ကို မထိန်းနိုင်စွာ စိတ်ထွက်ပေါက်သည် ပန်းနုရောင် အစပေါ်သို့ အကုန် သွန်ချပစ်လိုက်ကာ ထိုအစကို အနှောင်းနဲ့ အဝေးဆုံးကို အားကုန် လွင့်ပစ်လိုက်သည်။
လေထဲဝဲနေတဲ့ ပန်းနုရောင် အစလေးက အနှောင်းကို နားမလည်သလို ကြောက်လန့်ပြီး ကြည့်နေသည်။ မန်ကျီးပင်အောက်က စက်ဘီးလေးကလည်း အနှောင်း အပြုအမှုကြောင့် မျက်လုံးပြူးလာသည်။ အနှောင်း ပတ်ဝန်းကျင်က အပ်ချုပ်စက် သမား အသုံးပြုသော ပစ္စည်းတွေကလည်း အနှောင်း အပြုအမှုကို အံအားသင့်ကာ တိတ်ဆိတ်ကုန်ကြသည်။
သို့သော် dancing lady ဟုခေါ်သော အဝါရောင် သစ်ခွလေးတွေကတော့ အနှောင်းကိုကြည့်ပြီး ကြောက်လန့်တကြာ ငိုကြွေးနေကြ၏။
အသေအချာရပ်နေတဲ့ ဒူးတွေက ယိုင်နဲ့ကျလာသည်။ ကိုယ့်စိတ်ကို တင်းထားပေမဲ့ ခံနိုင်ရည် မရှိတော့စွာ အိမ်ကြမ်းပြင်ပေါ် ဒူးခွေလှဲကျသွားရသည်။
အနှောင်းပါးပြင်က သနပ်ခါးပေါ် စီးကပ်နေသည့် မျက်ရည်တွေသည် ဖွင့်လိုက်တဲ့ ရေထိန်းတံခါးကြောင့် ဆည်မြောင်းမှ လွတ်မြောက်လာကြတဲ့ ဆည်ရေတွေလို အတားအဆီမဲ့ စီးကျလာကြသည်။
မျက်နှာပေါ် တည့်တည့် ထိုးကျနေတဲ့ အိမ်ခေါင်မိုးပေါက်က အတင်းဝင်ရောက်လာတဲ့ နေရာင်ခြည်ကို မရှောင်နိုင်အောင်ကို သတိလက်လွတ် အနှောင်း ငိုကြွေးနေခဲ့မိသည်။
အချိန်တွေကုန်အောင် အနှောင်း နာကျင်စွာ ငိုကြွေးနေမိသည်။
ဒီလို အချိန်မှာ တမ်းတမိသည့် အရာတစ်ခုသည် ကိုယ့်ကို တွဲထူပေးလာမည့် ထိုလက်တစ်စုံ ဖြစ်သည်။ သူ အနှောင်းကို တွဲထူလာမည်။ အားပေးစကားတွေ ပြောလာမည်။ သူ့ဆီက အနှောင်းမျှော်လင့်ခဲ့သော အချစ်တွေကို အနှောင်းအပေါ် အကုန် သွန်ချလာမည်။ အနှောင်းစိတ်တွေ ပြန်လည် နိုးထလာမည်။
ဒါတွေက အနှောင်းရဲ့ မျှော်လင့်ချက်တွေပဲ ဖြစ်သည်။
တကယ်တော့ အနှောင်း အဖြစ် အနှောင်း ခံစားချက်ကို သူ တကယ် မသိပါ။
ဒါဟာ အတိတ်မှာ ကျန်နေခဲ့တဲ့ မဖြစ်နိုင်တော့သည့် အရာတွေသာ ဖြစ်သည်။
"မငိုပါနဲ့ ကလေးရယ်"
ဆိုပြီး နူးညံ့တဲ့ အသံနဲ့အတူ အမှောင်တကာ့ အမှောင်ထဲ ထိုးကျသွားတဲ့ အနှောင်းကို သူ့လက်တစ်ဖက်ကမ်းကာ ဆွဲယူခဲ့တုန်းက သူ့ကို အနှောင်း မရဲတရဲ မော့ကြည့်ခဲ့ဖူးသည်။ အားပေးအပြုံးတစ်ပွင့်နှင့်အတူ နှစ်လိုဖွယ်အားကောင်းတဲ့ သူ့မျက်ဝန်းတွေ အနှောင်း ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ အပြစ်တင် မျက်ဝန်းစူးစူးတွေနဲ့ လားလားမျှ မဆိုင်ပါ။
"ခံရတာတောင် နည်သေး
နေတာထိုင်တာကိုက မိန်းမလို မိန်းမရလေ
ဟိုက လုပ်တာတောင် နည်းနေသေး"
"ယောက်ျာလေးက ယောက်ျားလေးလို မနေတော့ ခံရတာပေါ့ဟယ်
လူဖြစ်ရှုံးပါတယ် "
"ရတောင့်ရခဲ ယောက်ျားဘဝကို အကျိုးရှိအောင် အသုံးမချဘူး"
ဆိုပြီး အနှောင်း ပတ်ဝန်းကျင်က လူတွေရဲ့ ပြောစကားတွေက ယိုင်နဲ့နေတဲ့ အနှောင်းစိတ်ကို သေချာ အကွက်ချ အလှဲထို ပစ်ခဲ့ကြသည်။ အနှောင်းဟာ ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲလောက်အောင် အမှောင်ထဲ ခိုဝင်ခဲ့ရသည်။
အားကိုမဲ့နေသည့် အနှောင်း အထီးကျန်ခဲ့သည်။ အားငယ်မှုတွေ ပိလာသည်။ အနှောင်း ဘယ်လောက် အားတင်းအားတင်း အရှက်တရားသည် အနှောင်းကို မလှန်နိုင်အောင် ဖိထားခဲ့သည်။
အနှောင်းကို ဆွဲထုပ်မည့်သူ တစ်စုံတစ်ယောက်မှ မရှိတဲ့အချိန်မှာ သူ အနှောင်းအနားကို ရောက်လာခဲ့တာ ဖြစ်သည်။
အမှောင်နွံ့ထဲ ကျွုံနေသည့် အနှောင်းရဲ့ လက်တစ်ဖက်ကို ဖမ်းဆွဲလိုက်သည့် သူ့လက်တဖက်က အေးစက်နေသည့် အနှောင်းရဲ့ ခန္ဓာအစုံကို နွေထွေးမှုတွေ တဖြည်ဖြည်း ပေးဆက်လာသည်။
တဆတ်ဆတ်တုန်နေသည့် အနှောင်းခန္ဓာကို သူ့ရင်ခွင်ထဲ ဆွဲသွင်း နှစ်သိမ့်ခဲ့သည်။ မရဲတရဲနဲ့ အနှောင်း လက်နှစ်ဖက် သူ့ကျောပြင်ကို အားကိုးတကြီး ဖက်တွယ်ခဲ့မိသည်။
ပတ်ဝန်းကျင်က ပြောကြသလို ကံအကြောင်း တကယ်ကို မလှခဲ့သည့် အနှောင်းသည် မွေးရာပါ စကားပြော မတတ်ခဲ့ပါ။ အနှောင်းအဖေ မှီခိုပြီး အလုပ်လုပ်တဲ့ အနှောင်းအဖိုးရဲ့ ယာတွေထဲ အနှောင်း ကြီးပြင်းလာရသည်။
အနှောင်းက ယောက်ျားလေး တစ်ယောက် ဖြစ်သော်ငြား ယာသမား ဖေဖေနဲ့ လားလားမျှ ပုံစံ မတူဘဲ အနှောင်းမေမေလို မိန်ကလေး တစ်ယောက်လို နေထိုင်ခဲ့သည်။ ဒါသည် စိတ်ရဲ့ လှုံဆော်မှု ဖြစ်သည်။ ဒါကြောင့်လဲ ဖေဖေပေးခဲ့သော အောင်နှောင်းတင် ဆိုသည့် ကျားဆန်သည့် အမည်သည် ပျောက်ကွယ်ပြီး အနှောင်းဆိုသည့် အမည်တွင်လာခဲ့သည်။
ငယ်ကတည်းက ပါးပြင်ပေါ် သနပ်ခါးမပြတ် လိမ်ခြယ်တတ်ကာ ဆံပင်တိုတိုကို သားရေကွင်းနဲ့ စီးပြီး မိန်းကလေးလို ကနွဲ့ကလျ နေထိုင်တတ်တဲ့ အနှောင်းကို အနှောင်းရဲ့ အဖိုးက သိပ်ကို ချစ်ခဲ့ရှာသည်။
အနှောင်းဖေဖေနဲ မေမေက အချိန်ပြည့် ဝမ်းစာရေးအတွက် ရုန်းကန်ရသည့်အတွက် အနှောင်းဟာ သူတို့ရဲ့ အထိန်းအကွပ်မဲ့နေကာ အရပ်တကာ လှည့်ပြီး ကစားတတ်ခဲ့သည်။ အရွယ်တူ ပုံစံတူ သူငယ်ချင်းတွေနဲ့ အတူ ပျော်ပါးကစား အချိန်ကုန်ခဲ့သည်။
အနှောင်းအသက် ၈ နှစ်ခန့်မှာ ကံကြမ္မာဆိုးတစ်ခုနဲ အနှောင်း ကြုံတွေ့ခဲ့ရသည်။ အနှောင်း မိဘနှစ်ပါး အနှောင်းကို နှုတ်ဆက်ပြီး လောကကြီးထဲက အပြီး ထွက်ခွါသွားခဲ့ပါသည်။
အလိုလိုက်တဲ့ အဖိုးလက်ပေါ်မှာ ကြီးပြင်းခဲ့သည့် အနှောင်းသည် အရာရာစိတ်တိုင်းကျ ဖြစ်ခဲ့သည်။ အနှောင်း နေချင်သလို အနှောင်း ဖြစ်ချင်သလို နေလာခဲ့သည့် အနှောင်းကို အဖိုး နားလည်စွာ ဘာမျှ မပြောခဲ့ပါ။
ကျောင်းစာမှာ မပျော်ဘဲ အတန်းကျောင်း တဝက်တပျက်နဲ့ ဝါသနာပါတဲ့ စက်ချုပ်ပညာကို လိုက်သင်ခဲ့သော အနှောင်းကို အဖိုး ခွင့်ပြုခဲ့သည်။
ဒီအချိန်ကစပြီ အနှောင်း ဝတ်တတ်သည့် အင်းကျီပုံစံသည် မိန်းမ ပိုဆန်လာသည်။ အနှောင်း ကိုယ့်ကိုကိုယ့် မိန်းကလေး တစ်ယောက်အဖြစ်သာ သတ်မှတ်ထားခဲ့သည်။ အနှောင်း သုံးသည့် အသုံးအဆောင်သည် မိန်းကလေး အသုံးအဆောင်တွေသာ ဖြစ်ခဲ့သည်။
ကျောလယ်ခန့် ရှည်သော ဆံပင်ကို နောက်ဘက် သားရေပင်နဲ့ စီးပြီး ပါးပြင်ပေါ် သနပ်ခါး မပျက် အနှောင်း နေထိုင်ခဲ့သည်။ အနှောင်းကို ကာလသားကိုကိုတွေ စရင်နောက်ရင် လိုက်ကြည့်ရင် စိတ်ထဲ ပျော်လာတတ်သည်။
အနှောင်း အသက် ၁၇နှစ်မှာ အနှောင်း ဘဝကြီး အမှောင်ဆုံးအထိ ကျရောက် သွားခဲ့သည်။ လိင် မတရား အစော်ကားခံရသော အနှောင်း သတင်းနဲ့ အဖိုးရဲ့ဓါးချက်ကြောင့် အသက်ဆုံးရှုံးရသော ထိုစော်ကားသူအတွက် ပြစ်ဒဏ်ကို ကျခံရသော အဖိုးရဲ့ သတင်းတွေ ရပ်ကွက်အတွင်း မြို့အတွင်း ပျံနှံ့သွားခဲ့သည်။
ပတ်ဝန်းကျင်သည် အနှောင်းကို အပြစ် တင်လာကြသည်။ အနှောင်းကို အပြစ်တင် လက်ညိုး ထိုးလာကြသည်။ ထိုလက်ညိုးဒဏ်ကို ရှောင်ရင်း အနှောင်းဟာ အမှောင်ထဲ တဖြည်းဖြည်း ကျရောက်သွားသည်။
"အနေအထိုင်မတတ်တော့ ဖြစ်ပြီပေါ့ဟယ်"
"ယောက်ျားလေးဖြစ်ပြီး သူကလဲ မြူဆွယ်တတ်တယ်နော်"
ပတ်ဝန်းကျင်သည် ကိုယ်တွေရဲ့ စိတ်နေ သဘာထားကို နားမလည်စွာ အားမနာတမ်း အပြစ်တင် ပြောဆိုကြသည်။
ပတ်ဝန်းကျင်က ခေါ်သော အခြောက် တစ်ယောက်ဆိုရင် လူကမ္ဘာ လူအသိုင်းအဝိုင်း အတွက် အထင်သေး အမြင်သေးစရာပဲ ဖြစ်နေတတ်သည်။
အနှောင်း အပေါ် နားလည်မှု မရှိသော သူတို့စကားတွေက အနှောင်းကို ပိကျလာပြီး အနှောင်က ပြန်မထနိုင်အောင် အမှောင်ထဲ လှဲကျသွားရသည်။
ပိတ်မှောင်နေတဲ့ ထိုအတားအဆီးကို ထိုးဖောက်ပြီး ဝင်ရောက်လာသည့် လက်တဖက်သည် သူ့ဆီက ဖြစ်သည်။ အပြုံးတပွင့်နှင့် အနှောင်းကို လက်ကမ်းပေးနေသော သူကို အနှောင်း အံသြးတကြီး မရဲတရဲ မော့ကြည့်ခဲ့ရသည်။
မျက်ရည်တွေ ကျနေတဲ့ အနှောင်း ပါးပြင်က မျက်ရည်တွေကို သူလက်မလေးနဲ့ သုပ်ပေးလာပြီး သူစကားဆိုလာပါသည်။
"မငိုပါနဲ့ ကလေးရယ်"
တဖြေဖြေးနဲ့ သူ အနှောင်း လက်ကို အမိအရ ဖမ်းဆွဲလာတော့ အနှောင်း သူ့ရင်ခွင်ထဲ ပြေးဝင်ပြီး မရဲတရဲ သူ့ကျောပြင်ကို ဖက်တွယ်ခဲ့သည်။ သူကြောင့် အမှောင်တွေနဲသာ မိတ်ဆွေဖြစ်နေသော အနှောင်း အလင်းဆိုသော အရာကို တခါ ပြန်ပြီး ထိတွေ့ခွင့်ရလာသည်။
အဖို့က သူ့ကျေးဇူရှင် တစ်ယောက်လည်းဖြစ်၊ အဖို့ အကူအညီ တောင်းတာကြောင့် အနှောင်းကို သူကူညီ စောင့်ရှောက်လာတာ ဖြစ်သည်တဲ့။
သူ့ဂရုစိုက်မှုသည် အနှောင်း အတွက် အားဆေးတခွက် ဖြစ်လာသည်။ သူတိုက်သည့် ဆေးထက် သူ့အပြုံးတပွင့်က အနှောင်းကို ပိုပြီး သက်သာစေခဲ့သည်။
တဖြည်းဖြည်းနဲ့ အနှောင်း ဒီကမ္ဘာမှာ နေသား တခါ ပြန်ကျလာပြီ ဖြစ်သည်။ သူကြောင့် အနှောင်း အလင်းရောင်လွမ်းသော ကမ္ဘာမှာ အသက်ဆက်ခွင့် ပြန်ရလာခဲ့သည်။
"လောကကြီးဆိုတာ ကိုယ်အညံ့ခံရင် ကိုယ့်အပေါ်က ဖိနင်းချင်တယ်
ဒါကြောင့် ဘယ်တော့မှ အညံ့မခံနဲ့
ပတ်ဝန်းကျင်ဆိုတာလဲ ဒီလိုဘဲ
ကိုယ်မှန်ရင် ဂရုစိုက်ဖို မလိုဘူးလေ"
"အရှက် ဆိုတာတော့ လူတိုင်း ရှိရမှာပေါ့
ဒါပေမဲ့လည်း ကိုယ့်ဘဝကြီးကို သုံးစားလို့ မရအောင် ပျက်စီးသွားအောင်တော့ မလုပ်သင့်ဘူး"
"လူဘဝကြီးဆိုတာ အရှည်ကြီးကွ
အကိုတို့တွေ ရှေ့ဆက် အခက်အခဲတွေ တွေ့ရဦးမှာ
ဒီလို အရိပ်မည်း တစ်ခုနဲ့တော့ ကိုယ့်ဘဝကို အရှုံးမခံပါနဲ့"
ကျောင်းဆရာ ပီပီ စကားကို အသေအချာ အားပေးပြောတတ်တဲ့ သူက အနှောင်းကို အမှောင်နွံ့ထဲက တဖြည်းဖြည်း ဆွဲတင်လာခဲ့သည်။
မနက်ကျောင်းသွားရင် အရှေ့ဘားတန်းပါ စက်ဘီးကိုစီးကာ အိမ်ရှေ့က ဖြတ်သွားပြီး ကျောင်းသွားတဲ့ သူ့ကို အနှောင်း လမ်းထွက်ပြီး မျှော်တတ်ခဲ့သည်။
ညနေကျောင်းပြန်ရင် အနှောင်းအိမ်ကို ဝင်လာတတ်တဲ့ သူ့ကို အနှောင်း စောင့်နေခဲ့တတ်သည်။
အနှောင်းအတွက် သူဟာ အာကိုးစရာ ဖြစ်လာခဲ့သည်။ သူ့ဂရုစိုက်မှုတွေကြောင့် သူ့အပေါ် အနှောင်း သံယောဇဉ် တွယ်လာသည်။
သူကျောင်းအားရက်တွေ သူ့စက်ဘီးနောက်ကနေ အနှောင်း လိုက်စီးပြီး သူ့ကိုယ်သင်းရနံ့လေးကို တရှိုက်မက်မက် ခိုးနမ်းဖူးသည်။
သူနဲ့ အနေနီးစပ်လာတဲ့ အခါ သူ့ကို အနှောင်း တွယ်တာလာခဲ့သည်။ သူ့ဂရုစိုက်မှုသည် အနှောင်းအတွက် မရှိမဖြစ်ကို လိုအပ်လာသည်။ သူနဲ့အတူ အနေနီးကပ် နေရသည့် အခါတိုင်း အနှောင်း ကြည်နူးတတ်လာသည်။
သူ့အပေါ် အနှောင်း ရင်ခုန်တတ်လာသည်။ အနှောင်း စိတ်သည် တားမရ ဆီးမရ လုပ်ရှားလာတတ်ပါသည်။
သူနဲ့ အနေကြာလာသောအခါ အနှောင်း သိချင်နေသည့် အကြောင်းအရာကို သူ့ကို မေးချင်မိသည်။ အမှန်တကယ်တော့ အနှောင်း မေးချင်တာထက် သူ့ဆီမှာ အနှောင်းလို ရင်ခုန်သံတွေ ရှိမလားဆိုတာကို သိချင်မိခဲ့တာ ဖြစ်သည်။ သူ့မျက်လုံးတွေကို အနှောင်း တည့်တည့် စိုက်ကြည့်ချင်လာမိသည်။ ပြီး ဟိုးအတွင်းထဲထိ ထိုးစိုက်ကြည့်ကာ သူ့စိတ်ကို ဖတ်ချင်မိခဲ့သည်။
သူနဲ့အနှောင်းတွေ့ရင် သူပြောသော စကားများသည် အနှောင်းကို အားပေးသော စကားမျာသာ ဖြစ်ခဲ့ပြီး အနှောင်းမျှော်လင့်သော စကားများသည် သူ့ဆီက လုံးဝ မကြားခဲ့ရပါ။
အမှန်တကယ် သူ့ဆီက အနှောင်းမျှော်လင့်ခဲ့သော အရာသည် သူ့ရဲ့ အချစ် ဖြစ်သည်။ အနှောင်းသိသော သူရဲ့ ဂရုစိုက်မှုတွေထဲ သူ့အချစ်တွေ ပါဝင်နေသည်။
အနှောင်းသိသော သူ့ရဲ့ အကြည့်တွေထဲ သူ့အချစ်တွေ စီးဝင်နေသည်။
အနှောင်းသိသော သူစကားသံတွေထဲ သူအချစ်တွေ ကြားနေရသည်။
ဒါကြောင့် သူဖွင့်ပြောလာမလား ဆိုပြီး သူ့အချစ်တွေကို အနှောင်းမျှော်တတ်ခဲ့သည်။
ပတ်ဝန်းကျင်သည် ထုံးစံအတိုင်း အနှောင်းအပေါ် နားမလည်မှုတွေ ရှိနေသည်။ သူတို့တွေ အားရအောင် အနှောင်းနဲ့ သူအကြောင်းကို ပြောကြဦးမည်။
အခုတော့ အနှောင်း နေတတ်နေပါပြီ။ အနှောင်းအနား သူရှိနေရင်ဘဲ အနှောင်း ကျေနပ် နေတတ် နေတာလေ။ ဘာကိုမှ အလေး မထားတော့ပါ။
မိုးရာသီက ဆောင်းရာသီကို လက်တွဲ ခေါ်လာခဲ့သည်။ နှင်းတွေ ဝေလို့ မဝသေးသော အချိန်မှာ နွေရာသီက ဆောင်းကို အတင်း တွန်းထုတ်ကာ နေရာဝင်ယူပြီး နေရောင်တွေ ပိုမို ပူပြင်းလာသည်။
နွေကာ တခါ ရောက်လာပြန်ပြီပေါ့။
တစ်မိုးလုံး တစ်ဆောင်းလုံး ပင်မြင့်ထက်မှာ နေရာယူထားသော သစ်ရွက်လေးတွေ နွေရာသီမှာ တလွင့်လွင့်နဲ့ ကြွေကျ ကြရရှာသည်။
လွမ်းစရာ ဥသြငှက်တွေ တေးဆိုကြသည်။
နွေမှာ အနှောင်းဟာ လွမ်းသလို ဆွေးသလို ခံစားတတ်လာသည်။ ထိုအလွမ်းတွေကို ကိုယ့်စိတ်ထဲ ရယ်ချင်မိကာ သူ့အချစ်ကြောင့် ဖြစ်မည်ဟု ထင်ခဲ့မိသည်။
မြင်လေရာသော အရာမှန်သမျှ နွေရဲ့နေရောင်အောက်မှာ ပူပြင်းလျှက် ရှိနေကြသည်။ ချောင်းအတွင်းရေတွေ ခမ်းခြောက်လာကြသည်။ လမ်းမထက် နေရာင်ကြောင့် အပူငွေတွေ ဖုန်မှုန့်တွေ ထနေသည်။ တချက်တချက် မထိတထိ တိုက်ခတ်သွားသော နွေလေအေးကို အမိအရ ဖက်တွယ်နေမိကြသည်။
နွေသည် အလွန်ကို ပူပြင်းစေလှပါသည်။
ထို နွေအပူထက် ပူသော အပူအားကြီးသည့် အရာသည် တနေ့မှာ အနှောင်းရင်ဝကို တည့်တည့် ထိမှန်လာခဲ့သည်။
တူညီတဲ့ အပြုံးတစ်ပွင့် ကိုယ်စီနဲ့ အနှောင်း အရှေ့မှောက်က လူနှစ်ယောက်ကို အနှောင်း မှင်သက်မိစွာ စိုက်ကြည့်နေခဲ့မိသည်။ ပန်းနုရောင် လိုင်နင်စလေးနဲ့ အတူ တံဆိပ်မခွါရသေးသော ပန်းနုရောင် ချည်ချောလုံချည် တကွင်းကို အနှောင်းလက်ထဲ ထည့်ပေးနေသော သူ့မျက်နှာမှာ အနှောင်း တခါမှ မမြင်ဖူးသော အလှဆုံးသော အပြုံးတွေ ပွင့်ဝေနေသည်။
"အကို့ မင်္ဂလာဆောင်အတွက် အင်ကျီလေး အမြန် ချုပ်ပေးပါ"
အနှောင်းကို တောင်းဆိုလာတာလည်း မဟုတ် အကူအညီတောင်းတာလဲ မဟုတ်ဘဲ အရိုးသားဆုံး ပြုံးပြကာ ပြောနေသောသူ့၊ တခါမှ မမြင်ဖူးသည့် အပြုံးတွေနဲ့ပြည့်နေတဲ့သူ့ကို အနှောင်း ငေးကြောင်ကြည့်နေခဲ့မိသည်။
"ဒါ အကို့ သတိုးသမီးလောင်းလေ"
သူ့အနောက်က အဖြူရောင်ဝတ် အမျိုးသမီးကလည်း အနှောင်ကို ပြုံးပြနေသည်။ အနှောင်း ခေါင်းညိတ်ပြီး အားယူကာ ပြုံးလိုက်ရပေမဲ့ နှလုံးသားအတွင်း ယိုစီးကျနေတဲ့ မျက်ရည်ပူတွေကိုတော့ သူတို့ မမြင်နို်င်ပါ။
မထင်မှတ်ထားသေား အရာကြောင့် အနှောင် ဝမ်းနည်းမိသွားခဲ့မိတာ ဖြစ်သည်။
အနှောင်း သူရှေ့ ရပ်နေရင်း အရင်ကလို မနီးစပ်တော့သလို ခံစားလာရသည်။ အရင် အနှောင်း ခိုစီးခဲ့ဖူးသော သူ့စက်ဘီး နောက်ကခုံးလေးသည် ခုတော့ အခြားသူ အတွက် အပိုင်ဖြစ်သွာလေပြီ။
အနှောင်း အဖြစ်ကို ကြည့်ပြီး လှောင်ရယ်နေမလားရယ်ဟု စိတ်ထဲ မလုံစွာ ထိုစက်ဘီးနောက်ခုံလေးကို အနှောင်း မရဲတရဲ ခိုးကြည့်မိလိုက်သေးသည်။
အရာရာသည် သူနဲ့အနှောင်းကို ဝေးကွာစေခဲ့သည်။
အနှောင်းသည် မဖြစ်နိုင်တာကို မျှော်လင့်ခဲ့သည့်အတွက် ကံကြမ္မာက ဒဏ်ခတ်တော့မည် ဖြစ်သည်။
"ဒီတခါရော အနှောင်း ခံနိုင်ရည် ရှိနိုင်ပါ့မလား "
မနက်ဖန်ဆို ဒီ Pastic Model မှာ အနှောင်း ဝတ်ဆင်ပေးထားသော ပန်းနုရောင် သတိုးသား ဝတ်စုံကို သူ့လက်ထဲ အနှောင်း ထည့်ပေးရတော့မည် ဖြစ်သည်။
မဖြစ်နိုင်ပေမဲ့ သူ့ကို ပိုင်ဆိုင်ဖို့ မျှော်လင့်ခဲ့သည်။ သူဝတ်မဲ့ သတို့သားဝတ်စုံကို အနှောင်း ဖန်တီးပေးချင်တယ် ဆိုတာက အနှောင်းနဲ့အတူ မင်္ဂလာပွဲကို ဆင်နွဲခြင်ခဲ့တာ ဖြစ်သည်။
ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် အနှောင်း ဖြစ်ချင်တာကို အနှောင်း တောင့်တမိတာ ဖြစ်သည်။
အနှောင်း မျှော်လင့်ခဲ့ပါသည်။
မျှော်လင့်ချက်သည် အစွမ်းကုန် မပွင့်ရသေးခင် အချိုးခံလိုက်ရသော ပန်းဖူးလေးလို မျှော်လင့်ချက် မဲ့သွားရသောအခါ တုန်တုန်လုပ်လုပ်နဲ့ အနှောင်းဟာ အသိ မရှိတော့သလို ခံစားလာရသည်။
အနှောင်း လိုချင်တာကို အနှောင်းရအောင် ယူလိုက်မည်။ အလှဆုံး ဆင်ယင် ထုံးဖွဲ့ထားသော အနှောင်းသည် အလှဆုံးသော ပန်းရောင်ဝတ် သတိုးသမီးအဖြစ် ဒီညမှာ ရှိနေခဲ့သည်။
အပြုံးတပွင့်ကို ကိုယ့်ကျေနပ်တဲ့ အထိ ပြုံးလိုက်သည်။ သိုသော် အပြုံးသည် ပီပြင်မလာဘဲ မျက်လုံးအိမ်မှ မျက်ရည်တွေသာ ကျလာရသည်။
ဝမ်းနည်းမှုသည် ရင်တွင်းမှ လှိုက်တက်လာသည်။ တရှိုက်ရှိုက် ရှိုက်ငိုလျှက် မျက်ရည်တွေ အသောမတတ်နိုင်တော့ပါ။
အားရအောင် ငိုပြီးသော အနှောင်းသည်
"ဟင့်အင်း ငါမငိုရဘူး
ငါရဲ့ ငါအတွက် မင်္ဂလာဦးညမှာ ငါ မငိုဘူး"
အနှောင်းကိုယ့်ကို အားတင်မိသည်။ ကုတင်ပေါ် လှဲလျောင်းနေသည့် သူ့ရဲ့ မင်္ဂလာသတိုးသား ဝတ်စုံကို ဝတ်ဆင်ထားသော Plastic Modelအား တညလုံး ဖက်ပြီး ကိုယ်ဖန်တီးသော ကိုယ့်စိတ်ကြိုက် မင်္ဂလာညကို ဖြတ်သန်း ပစ်လိုက်သည်။
တကယ်တမ်း သူ့ကို မပိုင်ဆိုင်ရပေမဲ့ သူ့မင်္ဂလာဝတ်စုံနဲ့အတူ တညတာ လက်ထပ်ခွင့်ရလိုက်တဲ့ အတွက် ကိုယ့်စိတ်မှာ ကျေနပ်သည်။
သိပ်ကို ကျေနပ်ပါသည်။
သို့သော်
မျက်ရည်သည် မျက်လုံးအိမ်မှ ပါးပြင်သို့ ဒရဟော စီးကျနေတုန်း ဖြစ်သည်။
အပျော်ကြောင့်လား
ကြည်နူးမှုကြောင့်လား
စိတ်ကျေနပ်မှုကြောင့်လား
ဒါမှ မဟုတ်
ဝမ်းနည်းမှုကြောင့်လား ဆိုတာ အနှောင်း အဖြေထုပ်ရန် သိပ်ကို ခက်ခဲနေခဲ့သည်။
*******
နုပျိုနေတဲ့ နံနက်ခင်းနဲ့ မလိုက်အောင် အပူချိန်က မြင့်တက်နေသည်။ နွေဟာ အတော်ကို ကြောက်စရာ ကောင်းလောက်အောင် ပူသည်။ ထိုအပူထက် ပိုသော အပူကို ရင်ထဲ မြိုချထားရသော အနှောင်းသည် မျက်ရည်တွေနဲ့အတူ အချိန်ပြည့် ပေါင်းသင်းနေရသည်။
အိမ်နဲ့မနီးသော ဘုန်းတော်ကြီးကျောင်းရဲ့ လော်စပီကာမှ မင်္ဂလာတေးသံတွေ အနှောင်းတို့ ရပ်ကွက်အတွင်း ပျံနှံ့နေသည်။ အနှောင်းသိသည်။ သက္ကယ်မိုး မဏ္ဍာပ်အောက်မှာ ပန်းနုရောင် သတိုသား သူ နဲ့ သတိုးသမီးသည် အလှဆုံး အပြုံးတွေနဲ့ လှနေကြလိမ့်မည်။
အနှောင်း ထို အပြုံးတွေကို ရင်ဆိုင်နိုင်ဖို့ အား မရှိပါ။ အနှောင်းက ခံနိုင်ရည် မရှိစွာ ရင်တွင်းမှာ နွေတစ်နွေလို ပူပြင်းနေသည်။ မဟုတ်ဘူး။ ဒီနွေထက်ပိုဆိုးတဲ့ အပူတွေနဲ့ကို ပူနေတာ ဖြစ်သည်။
ဒီပူလောင်မှုကို သက်သာစေဖို့ အတွက် တခုတည်းသော နည်းလမ်းသာလျှင် အနှောင်းကို ပြေစေမည် ဖြစ်သည်။
ထို့အတွက် ဆုံဖြတ်ချက် တခုကို အနှောင်း ချထားပြီး ဖြစ်သည်။
"နောင်ဘဝဆိုတာ ရှိခဲ့ရင် ဒီလို ဝေဒနာမျိုး မခံစားရပါစေနဲ့ ဘုရား"
ဆုတောင်းသံ တိုးတိုး တချက် အနှောင်းနှုတ်က ထွက်ကျလာသည်။တဆက်တည်း လက်ကေက်ဝတ်မှ စစ်ကနဲ့ နာကျင်မှုနဲ့အတူ သွေးတွေကျဆင်းလာတာကို အနှောင်း အဓိပ္ပါယ်မဲ့ ထိုင်ကြည့်နေမိသည်။
တရိပ်ရိပ်တက်လာတဲ့ အပူချိန်နဲ့အတူ အနှောင်း တရိပ်ရိပ် မူးဝေလာသည်။ အနှောင်း အားအင် ကုန်ခမ်းသလို ခံစားလာရသည်။ နှားခေါင်းအတွင်း ဝင်ရောက်လာတဲ့ မလောက်မင လေကို အတင်းအားယူပြီး အနှောင်း ရှုရှိုက်နေမိသည်။ အာခေါင်တွေ ခြောက်လာသည်။
လက်တွေ တဆတ်ဆတ် တုန်လာခဲ့သည်။
အနှောင်း အားယူပြီး တချက် ပြုံးမိသည်။
အနှောင်း လွတ်မြောက်တော့မည် ဖြစ်သည်။
အနှောင်း ကျေနပ်ပါသည်။
ဟိုအဝေး သူ့လက်ထပ်ပွဲမှ ကြားရသော မင်္ဂလာတေးသွားသည် အနှောင်းနဲ့ တဖြေးဖြေး ဝေးသွားခဲ့လေသည်။
အနှောင်း ဘာဆို ဘာမျှ မကြားရတော့ပါ။
အရာ အားလုံးသည် မှောင် တိတ် သွားလျက်။
နွေရာသီဟာလည်း အသည်း တစ်ခု ကွဲအက် သွားလေပြီ။
ကြိုးစားပါဦးမည်။
ချွန်းချွန်း
(25/05/2013)

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...