Friday, August 1, 2014

ဂေး တို့၏ ဘုံ

တကိုယ်လုံး ချွေးတွေနဲ့ စေးကပ်နေသည်။ အခန်းထဲရဲ့ လေထုက supermarket က အသားငါး ထားတဲ့ နေရာလို အေးစက်တောင့်တင်းလို့။ ကျွန်တော့် ရင်ဘတ်ပေါ်ကို တင်ထားတဲ့ သူ့လက်တွေကို အသာအယာ ဆွဲမ လိုက်သည်။ သူ့ အသက်ရှူသံတွေ ပိုမြန်ဆန်သွားသည်။
` ခဏ လေးနေပါအုံး... ငါအိပ်ချင်သေးတယ်´ ပူနွေးနေတဲ့ သူ့လေသံတွေက ကျွန်တော့်ရဲ့ ညာဖက် ပါးပြင်ကို ခဏတာ နွေးထွေးသွားစေတယ်။
` ငါ... ရေသွားချိုးချင်ပြီ´ ခုဆို ဘယ်အချိန် ရှိလို့ရှိနေမှန်း ကျွန်တော် မသိပါဘူး။ လက်ပက်နာရီ ပတ်တဲ့ အကျင့်မရှိတာ ဒုတိယနှစ်လောက်ကတည်းက လိုပဲ။ အခန်းထဲက လေထု ကပိုပြီး အေးစိမ့်လာသည်။
သူက ခပ်တင်းတင်း ဖက်ထားလိုက်ပြန်သည်။ စေးကပ်နေတဲ့ သူ့ပေါင်တွင်းသားတွေက ကျွန်တော့် ပေါင်ပေါ်မှာ ပူးကပ်လျက်။ သူ့ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်က ကျွန်တော့် တကိုယ်လုံးကို နွေးထွေးအောင် မစွမ်းဆောင်နိုင်ပါဘူး။ Adele ရဲ့ Rolling in the deep ကို DJ လုပ်ထားတဲ့ ဆူညံညံ သီချင်းသံတွေက ခုချိန်မှာ ကျွန်တော့်သွေးတွေကို မဆူလောင်စေပါဘူး။ ခုချိန်မှာ ကျွန်တော် အလုပ်ချင်ဆုံးက ပူနေတဲ့ ရေပန်းအောက်မှာ နေပစ်လိုက်ဖို့ပဲ။ ဘာ JEL မှန်းမသိတဲ့ အနံ့တွေက နှာခေါင်းထဲမှာ ယဉ်ပါးလာတယ်။ ကျွန်တော် သူ့ လက်ကို နောက်တကြိမ် ရင်ဘတ် ပေါ်ကနေ မ လိုက်တယ်။
`ငါ... ရေအရမ်းချိုးချင်နေပြီ´
`ဟာ...´ သူ့ရဲ့ ညီးညူသံက စကားပြောတတ်ခါစ ကလေး လေး သကြားလုံးမရလို့ စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ အသံမျိုး။ သူ့ရဲ့ သက်ပြင်းချ သံ ကို ဆူညံနေတဲ့ သီချင်းသံတွေကြား က ကြားဖြစ်အောင် ကြားလိုက်သေးတယ်။
`နိုး...´ ကျွန်တော့် ပါးစပ်က နေယောင်ပြီး ထွက်သွားတယ်။ သူ ကျွန်တော့် ပေါ်ကို တက်ခွလိုက်တယ်။
`နောက်ဆုံး အနမ်း တခု မင်းကို ပေးမလို့´ တယောက်နဲ့ တယောက် မြင်ရရုံ အလင်းရောင် အောက်မှာ ကျွန်တော် သူ့မျက်နှာကို သဲကွဲ မမြင်ရပါဘူး။ ကျွန်တော် အမြင်အာရုံတွေ မကောင်းတာ ကြာလှပြီ။
`အင်း´ နှုတ်ခမ်းနှစ်ခု ဖိပြီး အားပြင်းပြင်း နမ်းလိုက်ပေမယ့် အနမ်း ဟာ ကျွန်တော့်အတွက် ပေါ့ရွတ်နေတယ်။
သူ ကျွန်တော့် ပေါ်က ထပြီး သူ့ ဘောင်းဘီတိုလေးကို ယူလိုက်တယ်။ လိမ္မော်ရောင် မီးရောင် အောက်မှာ သူ့ ဘောင်းဘီ တိုလေးဟာ အရောင်တောက်လို့။ ဘာအရောင်လည်း ဆိုတာကို ကျွန်တော်သိချင်သွားတယ်။
` ကျေးဇူး´ ဘောင်းဘီ ၀တ်အပြီးမှာ ကျွန်တော့်ရဲ့ မျက်နှာသုတ်ပုဝါ စ လေးကို သူလှမ်းပေးတယ်။ သူ ကျွန်တော့်ကို အချိုသာဆုံးပြုံး ပြတယ်။ ကျွန်တော် သူ့ကို ပြန်ပြုံးပြမိရဲ့လား ကျွန်တော် မမှတ်မိတော့ဘူး။
ရေပန်းတွေရှိရာ နေရာကိုသွားရင်းနဲ့ ကျွန်တော့် နှုတ်ခမ်းတွေကို လက်နဲ့ ပွတ်သပ်မိရဲ့။

xxxxxxxxxxxxx

ဒီတခါ ရေပန်းအောက်ကို ၀င်လိုက်တာ ၃ ကြိမ်မြောက်။ ခုဆို ည ၂နာရီ ကျော်ရောပေါ့။ ရန်ကုန်မှာ နေတုန်းက လမ်းသွားရင်း ပုဆိုးပြင်ဝတ်ချင်ရင် အမိုးတခုခု အောက်ကို ၀င်ပြီးမှ ပြင်ဝတ်တတ်တဲ့ ကျွန်တော် ခုတော့ မိမွေးတိုင်း ဖမွေးတိုင်း။ ရှက်တယ် ဆိုတဲ့ ခံစားချက် ကျွန်တော့်မှာ မရှိတော့ဘူးပဲ။ ကျွန်တော် ချိုးနေကျ ရေအပူ ကိုချိန်ပြီး ရေပန်းအောက်မှာ ၀င်ရပ်နေလိုက်တယ်။ ခန္ဓာကိုယ်တကိုယ်လုံး ပူဆင်း သွားပေမယ့် ကျွန်တော့် ရင်ထဲမှာ အေးစက်လို့။ ဗိုက်ထဲမှာ ဆာသလိုလိုရှိလာတယ်။ မျက်နှာသုတ်ပုဝါ အပိုင်းလေးကို ယူလိုက်တော့ စိုထိုင်းထိုင်းနဲ့။ တကိုယ်လုံးကို သဘောလောက် သုတ်ပြီး Locker တွေထားရာကို ကျွန်တော် လျောက်လာခဲ့တယ်။


xxxxxxxxxxxxx

Locker ကိုဖွင့်လိုက်တော့ အအေးဗူးနဲ့ လဲလှယ်ခွင့် ရှိတဲ့ စာရွက် လေးကိုသွားတွေ့တယ်(၀င်ပေါက် မှာကတည်းက ပေးထားတာပါ) ။ Locker ထဲမှာရှိသေးတဲ့ မျက်နှာသုတ်ပုဝါ အသစ် လေးနဲ့ ဆံပင်တွေကို ခြောက်သွားအောင် သုတ်ပစ်လိုက်တယ်။ အေးစိမ့်နေတဲ့ ဒီအခန်းထဲမှာ ဆံပင်တွေ စိုရွဲနေလို့ကတော့ မလွယ်ဘူး။ စာရွက်လေးကို ယူပြီး ကျွန်တော် အပေါ်ဆုံးထိတက်လာခဲ့တယ်။ ဆူညံနေတဲ့ သီချင်းသံတွေနဲ့ ရုတ်တရက် ဝေးသွားသလို ခံစားရပေမယ့် pagoda street ရဲ့ စားသောက်ဆိုင်ခန်းတွေက တော့ ဆူညံနေတုန်းပါပဲ။ အပေါ်ဆုံးထပ်တာဆိုပေမယ့် ဟိုးအရင်က ရန်ကုန်က တိုက်ဟောင်းတွေရဲ့ အိမ်ခေါင်မိုး ကျယ်ကျယ် နဲ့တူတယ်။ ကျောခင်းဖို့အတွက် နေရာ တစ်ခု လုပ်ပေးထားတယ်။ စလုံး လေးတွေ ဖြစ်ပုံရတယ်။ အတွင်းခံဘောင်းဘီ လေးတွေနဲ့ တယောက်ကို တယောက်ဖက်ပြီး အိပ်နေကြတယ်။
အို... မထင်မှတ်ဘဲ လေက တိုက်လိုက်တာ။ ကျွန်တော့် အိမ်က စောင်ထူထူ ကို ချက်ချင်းလွမ်းမိသွားတယ်။  BAR အသေးလေး ပုံစံလုပ်ထားပုံက ကျွန်တော်ကြည့်ဖူးတဲ့ ဟောင်ကောင်ရုပ်ရှင်တကားကို သွားသတိရ မိတယ်။ ကျွန်တော်တို့ ယူခွင့်ရှိတဲ့ သံဗူး အလွတ်တွေကို Bar ရဲ့ ဒေါင့်တနေရာမှာ တန်းစီထားတယ်။ ကျွန်တော် သောက်ချင်တဲ့ ဗူးကို ပြောလိုက်ပေမယ့် Coca-cola ZERO ကလွဲရင် ဘာမှ မရှိတော့ဘူးတဲ့။
သူပေးတဲ့ အေးစက်နေတဲ့ သံဗူး ကိုယူပြီး ဒေါင့်စွန်းက ထိုင်ခုံမှာ သွားထိုင်လိုက်တယ်။ အရှေ့က ကျွန်တော့်နဲ့ အသက်မတိမ်းမယိမ်း လူတယောက်က ဆေးလိပ်သောက်နေတယ်။ ဆေးလိပ် မသောက်တတ် ပေမယ့် ဆေးလိပ်သောက်ချင်စိတ်တွေ ပေါ်လာတယ်။ လေ ကတော့ မထင်မှတ်ဘဲ တ၀ှီးဝှီးတိုက်လို့။ ဆေးလိပ်ငွေ့ရဲ့ အနံ့ ထက် အောက်က စားသောက်ဆိုင်တွေရဲ့ အသားကင် အနံ့ တွေကိုပဲ ရလိုက်တယ်။ တော်သေးတယ်။ နံရံတွေက တချို့ ရန်ကုန်က အိမ်တွေမှာတွေ့ရတဲ့ ၀ါးလိပ်ကန့်လန့်ကာ လေးနဲ့ ကာထားတယ်။ စင်္ကာပူ   ညက  စည်ကားလိုက်တာ။ ကျွန်တော့် စိတ်ထဲမှာ လေဟာနယ် တစ်ခု ထည့်ထာသလိုပဲ။ ဟာလာဟင်းလင်းကြီး။ ကျွန်တော် ချစ်တဲ့ သူနေတဲ့ နိုင်ငံကို ရောက်နေပေမယ့် သူနဲ့ တွေ့ခွင့်မရှိဘူး။ ဘာပဲဖြစ်ဖြစ် သူနဲ့ အတူတူ စကာင်္ပူ နိုင်ငံက လေ ကို အတူတူ ရှူခွင့်တော့ ရနေသေးတယ်။ ဒီအတွေးနဲ့ တင် ကျွန်တော် (အချစ်) ရဲ့ ကိုယ်ရနံ့ကို ရလိုက်သလို ခံစားရတယ်။ တခုခု မှာစားဖို့ တခြား ထိုင်ခုံတွေ ကြည့်လိုက်တော့ အအေးဗူးတွေက လွဲရင် ဘာဆိုဘာမှ မရှိပါဘူး။ အရည်တခုခု ၀င်သွားလို့လားမသိဘူး။ နေလို့ထိုင်လို့တော့ ကောင်းသွားတယ်။ ၀ါးလိပ်ကန့်လန့်ကာ ကြားက နေ အပြင်ကို ကျွန်တော် ငေးကြည့်ရင်း အတွေးတွေကို လွပ်လပ်ခွင့် ပေးထားလိုက်တယ်။


xxxxxxxxxxxxx


လုပ်စရာ အလုပ်မရှိတော့ သလိုမျိုး ခံစားရတယ်။ ကျွန်တော် ခဏ လေးဖြစ်ဖြစ် အိပ်ချင်မိတယ်။ အကြာကြီး အိပ်ပျော်သွားမှာလည်းကြောက်တယ်။ တကယ်လို့များ သူငယ်ချင်း တယောက်ယောက်က ဘေးမှာရှိရင်တော့ တမျိုးပေါ့။ ရှိရင်လည်း အိပ်ပျော်ချင်မှ ပျော်မှာပါ။ အေးစက်နေတဲ့ လေထု ရယ် ဆူညံနေတဲ့ သီချင်းသံတွေရယ်၊ နောက်ပြီး စိုထိုင်းထိုင်း မျက်နှာသုတ်ပုဝါက ညှင်းသိုးသိုး အနံ့ အသက်တွေရယ်။ ဒီအရာ အားလုံးက မျက်လုံးတွေကို ပြူးကျယ်စေဖို့ အားပေးနေသလိုပါပဲ။ နံရံတခုလုံး မှန်အပြည့် ကပ်ထားတဲ့ အခန်းတွေ ကြားက လမ်းကျဉ်းကျဉ်းလေးမှာ ခေါက်တုန့်ခေါက်ပြန် ကျွန်တော် လျောက်နေမိတယ်။ လိင်ကိစ္စ အတွက်မဟုတ်ပါဘူး။ အအေး သောက်လိုက်လို့လားမသိဘူး။ တကိုယ်လုံး တုန်ပြီး ချမ်းလာတယ်။ ကျွန်တော် အနွေးထည် ပြန်ဝတ်ချင်ပေမယ့် Locker ဆီ ပြန်မသွားချင်တာနဲ့ TV ရှိတဲ့ အထပ်ကို ဆင်းလာလိုက်တယ်။ ချွေးထုတ်ခန်း (steam room) နဲ့ နီးလို့လား၊ ဒါမှမဟုတ် ၀င်ပေါက် နဲ့ နီးလို့လား မပြောတတ်ဘူး။ အပေါ်မှာလောက် မချမ်းတော့သလိုပဲ။ နံရံမှာ ကပ်ထားတဲ့ စင်္ကာပူက တီဗီ အစီအစဉ် တစ်ခုကို ကြည့်လိုက်မိတယ်။ Sofa က တကိုယ်လုံး လှဲပြီးအိပ်လို့မရပေမယ့် ကျောခင်းလို့တော့ ရတယ်။ sofa နဲ့အတူ ချထားတဲ့ ဖက်ခေါင်းအုံးလုံးလုံးလေးတွေက အနံ့အသက် မကောင်းပါဘူး။ ကျွန်တော့်ဘေးနားမှာ အလွန်ဆုံး အသက် ၂၀ သာသာရှိသေးတဲ့ ကောင်လေး လာပြီး TV ကြည့်တယ်။ TV သာကြည့်နေတယ် ကျွန်တော့်စိတ်တွေက ရောက်ယက်ခတ်လို့။ အဆုံးအစ မရှိလွင့်ချင်တိုင်းလွင့်နေတယ်။
လွတ်လပ်မှုကို အရမ်းကြိုက်တဲ့ ကျွန်တော် ဒီ ဘာမဟုတ်တဲ့ sofa လေးပေါ်မှာ စိတ်ရော လူရော လွတ်လပ်လို့။ လက်ရှိဖြစ်တည်နေတဲ့ အရာတွေအားလုံး ကျွန်တော့်ခေါင်းထဲမှာမရှိတော့ဘူး။ ဘာဆိုဘာမှ မရှိတော့ဘူး။ ဘုရားရေ... ဒီလို လိင်စိတ်တွေမွန်ထူနေတဲ့ နေရာဟာ ကျွန်တော့် စိတ် တွေကို ဘေးမဲ့ ပေးတဲ့ နေရာလား။ ဘယ်အရာကိုမှ ထိန်းချုပ်စရာမလိုတဲ့ စိတ်တွေ … အို... လွပ်လပ်လိုက်တာ။

xxxxxxxxxxxxx



Facebook ရဲ့ စာမျက်နှာကို လူတွေဘယ်လောက်တောင် စွဲလမ်းနေပြီလဲမသိဘူး။ လူတွေရဲ့ စပ်စုတတ်တဲ့ စိတ်ရယ်၊ ကြွားဝါ တတ်တဲ့ စိတ်ရယ်၊ ကို လွတ်လပ်ချင်တိုင်း လွတ်လပ်ခွင့် ပေးထားတဲ့ နေရာတစ်ခု လို့ပဲ
ကျွန်တော် အဓိပ္ပာယ် ဖွင့်မိတယ်။ ကောင်လေး တယောက် Facebook စာမျက်နှာပေါ်မှာ LIKE တွေနှိပ်နေတာ။ LIKE နှိပ်တာ ယဉ်ကျေးမှု တစ်ခုလိုဖြစ်လို့။ TV အစီအစဉ်တွေက နည်းနည်းမှစွဲဆောင်မှုမရှိပါဘူး။ ကျွန်တော် လှဲနေတဲ့နေရာက ၀င်ပေါက် ကို မြင်နေရတယ်။ အသက်ငယ်ငယ်လေးမှ တကယ့်ငယ်ငယ်လေးပါပဲ။ ကိုယ်ခန္ဓာကပဲ ပုညှက်ညှက်လေးဖြစ်နေ လို့လားတော့မသိ။ ကျွန်တော် မြင်မြင်ခြင်းမှာ ယုံတောင် မယုံချင်ပါဘူး။ ကျွန်တော် မှန်းတာက အလွန်ဆုံးရှိ ၁၅ နှစ်ပေါ့။ ဟုတ်ချင်မှလဲဟုတ်မှာပါ။ အသက်မပြည့်ရင် ဘယ်ပေးဝင်မလဲ။ ကျွန်တော့် အတွေးတွေကို ခေါင်းထဲက မောင်းထုတ်လိုက်တယ်။ ငါကော... ၁၈ နှစ်မှာ ဘာတွေလုပ်နေလဲ။ ဟူး။ အတွေးတွေက မြန်မာရုပ်ရှင်တွေလို အဖြူအမည်း တော့ ခဏတဖြုတ်ဖြစ်သွားတယ်။ ဘ၀မှာ တခါတလေ အတိတ်မှာ  နေရတာ အရသာတစ်ခုဖြစ်နေသလိုပဲ။ လွမ်းတယ် ဆွေးတယ် ဆိုတာ နာမည်သာ မကောင်းပေမယ့် နေလို့ထိုင်လို့တော့ ကောင်းသား။ ရေငတ်လာလို့ LOCKER ထားတဲ့ ဖက်ကို ကျွန်တော် ထ သွားလိုက်တယ်။ တော်သေးတာပေါ့ ရေဗူး တဘူးကိုယ်နဲ့ မကွာဆောင်ထားလို့။ ရေသောက်ပြီး ဘာလုပ်ရမှန်းမသိတော့ Steam Room ကိုပဲသွားလိုက်တယ်။ SEX ကိုဦးစားပေးတဲ့ နေရာ ဖြစ်လို့လား။ ဒီနိုင်ငံရဲ့ ရာသီဥတုက အမြဲတမ်း ပူနွေးနေလို့လားတော့မသိ။ Steam Room က နည်းနည်းလေးမှ မပူသလိုပဲ။ WOW~ WOW~ WOW~ . လို့ သုံးကြိမ်တိတိစိတ်ထဲက အော်မိလိုက်တယ်။ ဒီ သီးသန့် အခန်းလေးရဲ့ တံခါးဝ ထက်စာရင် အထဲမှာ ဘာမှ မမြင်ရလောက်အောင်ကို မှောင်မည်းလို့။ အဲ့ဒီ့ မှောင်မည်းမည်းကြီးထဲမှာပဲ... WOW~ လို့အော်ပစ်ချင်လောက်အောင် အသံတွေစုံ။ ဟူး...။ သက်ပြင်းကို စိတ်ရှိလက်ရှိ ချပစ်လိုက်တယ်။ အပြာရောင် ရုပ်ရှင်ထဲကလို့ အသံစုံ ထွက်နေပါလား။ Group Sex ဆိုတာကို မျက်ဝါးထင်ထင်။ ဟင့်အင်း..။ ဟုတ်ဘူး။ ခက်တာက ၀ိုးတိုးဝါးတား။ ဘ၀ မှာ တခါတလေ ၀ိုးတိုးဝါးတား ဖြစ်ခွင့်ရှိတာလည်း တမျိုးကောင်းတာပဲ မဟုတ်လား။ ဘာရယ်မဟုတ် သံစုံတီးဝိုင်းမှာ သံစုံမြိုင်သွားအောင်တော့ ခဏတဖြုတ် ၀င်တီးပေးလိုက်သေးတယ်။


xxxxxxxxxxxxx


ဒီအသက်အရွယ်ထိ ပထမဦးဆုံး အကြိမ်ပေါင်းများစွာ ရေချိုးတဲ့ ည ပါ။ ဒီတစ်ခါ ရေချိုးပြီးတော့ မျက်လုံးတွေစင်းလာတယ်။ ဒီည နဲ့ဆို ကျွန်တော် ည မအိပ်တာ နှစ်ည ရှိပြီ။ ကျောချခင်းပြီး မျက်လုံးခဏလောက် မှိတ်ထားချင်သေးတယ်။ အိပ်တော့ မပျော်ကောင်းပါဘူး။ ဒီလောက်ဆူညံနေတာ။ ဒီ sauna က သီချင်းသံကို ဒီလောက်ကျယ်ကျယ်ဖွင့်ဖို့မကောင်းဘူး လို့ထင်တယ်။ ဟ နေတဲ့ တံခါးကို တွင်းဖွင့်လိုက်တော့ ကံကောင်းစွာအထဲမှာဘယ်သူမှ မရှိပါဘူး။ တခြားသူတွေလို အခန်းဝမှာ ပိတ်ရပ်ပြီး အဖော် ရှာချင်စိတ်မရှိတော့ပါဘူး။ လူ ကသာ အိပ်ချင်နေတာ စိတ်တွေက မြူးလို့။ အခန်းတံခါးကို ဒီတိုင်းပိတ်လိုက်ပြီး ကျွန်တော် ပက်လက်လှန်ပြီး မှေးနေလိုက်တယ်။ ကျွန်တော် အိပ်နေတဲ့ နေရာက လူပေါင်းများစွာ လိင်ဆက်ဆံခဲ့တဲ့နေရာ။ ဟူး.....။ ဆူညံနေတဲ့ သံစဉ်တွေနဲ့ အတူ ကျွန်တော် မှေးခနဲ အိပ်ပျော်သွားတယ်။


xxxxxxxxxxxxx


သီချင်းသံကြောင့် ရုတ်တရက် လန့်နိုးသွားတယ်။ ကျွန်တော် မှေးခနဲ အိပ်ပျော်သွားတာပဲ။ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲ ကျွန်တော် မသိပါဘူး။ အိပ်မက် မမက်တာတော့သေချာတယ်။ အကြောင်းပြချက်မရှိဘဲ ကျွန်တော် ငိုချင်သွားတယ်။ အမြဲတမ်းငယ်ငယ်ကတည်းက တစ်ယောက်တည်း နေတာကို ကြိုက်တဲ့ ကျွန်တော် ဒီနေရာမှာ တယောက်တည်း မနေချင်ဘူး။ အပြင်မထွက်သေးဘဲ အခန်းကျဉ်းကျဉ်းလေးထဲမှာ ထထိုင်နေလိုက်တယ်။ ခုနက အပျော်တွေဘယ်မှာလဲ။ ၈လက်မသာသာ မြင့်တဲ့ ကုတင်မွေ့ယာပုပုလေးမှာ (မွေ့ယာဆိုတာထက် သားရေအတုနဲ့ချုပ်ထားတဲ့ sofa ဆိုရင် ပိုမှန်မယ်ထင်တယ်) ဒူးနှစ်ချောင်းကိုထောင်ပြီး ဒူးပေါ်မှာ မျက်နှာအပ်ထားလိုက်တယ်။ ငိုချင်ပေမယ့် ငိုလို့မထွက်ဘူး။ ဒီအချိန်မှာ ကျွန်တော် လိုအပ်ဆုံးကို ပြောပါဆိုရင် ကျွန်တော့်နားမှာ ကျွန်တော့်ကိုနားလည်ပေးတဲ့ အထူုးသဖြင့် ဂေး သူငယ်ချင်းတယောက်လောက် ရှိစေချင်တယ်။ သူ့ ပုခုံးမှာမီပြီး အားရပါးရ ငိုပစ်လိုက်ချင်တယ်။


xxxxxxxxxxxxx

အခန်းထဲက ထွက်ပြီး မျက်နှာသွားသစ်လိုက်တယ်။ ရေနဲ့ ထိလိုက်လို့လားတော့မသိဘူး။ စိတ်တွေ လန်းဆန်းသွားတယ်။ စိတ်တွေက stock market ကဈေးတွေလို အတက်အကျ မြန်လိုက်တာ။
နောက်ဆို sauna ကို သူငယ်ချင်း မပါဘဲ ဘယ်တော့မှ မသွားတော့ဘူးလို့ မှန်ကြည့်ရင်း ဆုံးဖြတ်လိုက်တယ်။
ကျွန်တော့်ကို ဒီနေရာ လမ်းညွန်ပေးတဲ့ အကို့ကို သွားသတိရမိတယ်။ အကယ်၍ သူဟာ ကျွန်တော့် အပြင်လောကမှာ သိတဲ့ အသိမိတ်ဆွေဖြစ်နေရင်...။

အပေါ်ထပ်မှာရှိတဲ့ gym အသေးစားလေးလို့ပဲခေါ်မလား နေရာတစ်ခုမှာ ကျွန်တော် သွားထိုင်နေလိုက်တယ်။ အဲ့ဒီ့က ကြည့်ရင် locker တွေကို အပေါ်စီးက မြင်နေရတယ်။ အပေါ်ထပ်ကို တက်လာတဲ့ လူတွေကိုလည်း မြင်ရတယ်။ ပြောရမယ် ဆို အားလုံးကို အပေါ်စီးက မြင်ရတယ်ပေါ့။ အရွယ်စုံ လူမျိုးစုံ ပါပဲ။ ကျွန်တော် ထိုင်နေတဲ့ နေရာက အလင်းရောင် တော်တော် ကောင်းတော့ မျက်နှာတွေကို ကောင်းကောင်းကြီးမြင်ရတယ်။
အသက်ကြီးကြီး (၄၀ ၀န်းကျင်) အသားမည်းမည်း (အိန္ဒိယ လူမျိုးဖြစ်ပုံရသည်) လူက အပေါ်တက်လာပြီး နီးနီးကပ်ကပ်လာကြည့်တယ်။ သူ့ဆံပင်တွေက Beatles တို့ခေတ်က ထားခဲ့တဲ့ ဆံပင်ပုံစံ။ လက်ပဲလာစွဲအုံးတော့ ဒီအချိန်မှာ အေးအေးလူလူ ထိုင်ချင်တဲ့စိတ်တွေက ဗရပွ။ အဲ့ဒီ့ လူကြီး မျက်လုံးတွေက အလင်းရောင်မရှိတရှိကြားမှာပဲ ဖရိုဖရဲဖြစ်လို့။ မျက်လုံးလွဲပြီး Locker တွေဖက်ကိုပဲ ကြည့်နေလိုက်တယ်။ လူဖြူ (ဘို) တွေ တယောက်စ နှစ်ယောက်စ ရောက်လာတယ်။ ကျွန်တော် ဘယ်အချိန်ရှိနေပြီလဲ ဆိုတာ အရမ်းသိချင်သွားတယ်။ 180cm လောက်မြင့်တဲ့ လူဖြူတယောက် အပေါ်တတ်လာတော့ ကျွန်တော့်ဘေးမှာ မတ်တပ်ရပ်နေတဲ့ စလုံးလေးတွေက တယောက်နဲ့ တယောက် ပွစိပွစိနဲ့။ နောက်တော့ သူတို့ထဲက တယောက် အနောက်ကနေ လိုက်သွားတယ်။ လူဖြူ တွေကို ဘာလို့ အဲ့လောက်တောင် ကြိုက်ကြတာလဲ။ ငါးကန်ထဲ ငါးစာ ကျသွားသလိုပဲ ငြိမ်နေတဲ့ လူတွေ လှိုင်းထသွားတယ်။


xxxxxxxxxxxxx

အို~ မြန်မာလို ပြောနေပါလား။ ပိန်ပိန်မြင့်မြင့် ကောင်လေး ၃ ယောက်။ မြန်မာလို အားရပါးရပြောလို့။ အဲ့ဒီ့ထဲက တယောက်က နာမည်ကြီး တံဆိပ်ရေမွှေးတွေ ကြေငြာတဲ့ model နဲ့ တူတယ်။ တခါမြင်ရင် မှတ်မိစေတဲ့ ရုပ်မျိုး။ ကော်ဖီ ဆိုင်တဆိုင်ဖွင့်ဖြစ်ခဲ့ရင် သူ့ကို ခေါ်ပြီး ဆိုင်ကြေငြာ ရိုက်ချင်တယ်။ သုံးယောက်စလုံး လှေကားပေါ်ကို တက်လာတယ်။ သူတို့နဲ့ စကားသွားပြောချင်ပေမယ့် ကျွန်တော့်မှာ သတ္တိတွေမရှိဘူး။ သုံးယောက်ထဲက တယောက် က အရမ်းကိုပျော်နေတဲ့ ပုံစံပါပဲ။ သူ့ကို ကြည့်ပြီး သူ့အပျော်တွေ ကျွန်တော့်ကို ကူးစက်လာတယ်။ သီချင်းသံတွေက နောက်ထပ်တဖန် သွေးတွေကို နွေးထွေးသွားစေပြန်တယ်။


xxxxxxxxxxxxx

ခုနက ရှင်းနေတဲ့ အခန်းတွေကြားက လူသွားလမ်းလေးက လူတွေပြည့်လို့။ လူသွားလမ်း အဆုံးမှာ အခန်း မရှိဘဲ နေရာလွတ်တခုရှိတယ်။ အို~ ဒီမှာလည်း group လိုက်ပါလား။ ဒီနေရာက ခုနက လူသွားလမ်းလေးထက် ပိုပြီး မှောင်တယ်။ တယောက်နဲ့ တယောက်မျက်နှာကို မြင်ဖို့မလွယ်ပါဘူး။ သူတို့ရဲ့ လှုပ်ရှားမှုတွေရယ် ညဉ်းညူသံတွေရယ်ဟာ အေးစက်နေတဲ့ သွေးတွေကို တပွက်ပွက် ဆူသွားစေတယ်။ ကျွန်တော့်ရဲ့ ခါးတွေကို အေးစက်နေတဲ့ လက်တဖက်ကလာဖက်တယ်။ သရဲ ကား ကြည့်နေရင်း ရုတ်တရက် သရဲ ထွက်လာသလိုမျိုး ထိတ်လန့်သွားတယ်။ ကျွန်တော် အနောက်ပြန်လှည့်ကြည့်ဖို့ ခန္ဓာကိုယ်ကို လှည့်လိုက်တော့ ပုခုံးကို အတင်းတွန်းပြီး နံရံကို သွားကပ်ခိုင်းတယ်။ ခုနက ကျွန်တော် ပွဲကြည့်ပရိတ်သတ် ဖြစ်နေပေမယ့် ခုတော့ ကျွန်တော့်တို့ကို သူတို့ တွေကြည့်နေလောက်ပြီ။ တဖြည်းဖြည်းနဲ့  သူ့ရဲ့ အကိုင်အတွယ်တွေက rape လုပ်နေသလိုမျိုး အရမ်းကြမ်းလာတယ်။ ကျွန်တော် အတင်းရုန်းပြီးလှည့်ကြည့်လိုက်တော့ ဆံပင်တွေထောင်သွားမတတ် ပူထူသွားတယ်။မှောင်နေပေမယ့် သေချာပါတယ်။  ခုနက လှေကားမှာ တွေ့တဲ့ အသားမည်းမည်း လူကြီးပါပဲ။ အမှောင်ထဲမှာ သူ့ဆံပင်ပုံစံက မှတ်မိဖို့အကောင်းဆုံးပဲလေ။
သူ့လက်တွေကို အတင်းဖြုတ်ပြီး ကျွန်တော် ဒီအခန်းထောင့်ကနေထွက်လာခဲ့တယ်။ ရင်ဘတ်တွေ တဆတ်ဆတ်တုန်လို့။


xxxxxxxxxxxxx

တန်ဖိုးမရှိတဲ့ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတခုလို ကျွန်တော့်ကိုယ် ကျွန်တော် တွေ့လိုက်ရတယ်။ ရမ္မက်တွေ နဲ့ လိင်စိတ်တွေက ကျွန်တော့်သွေးထဲမှာ အဆက်မပြတ်စီးဆင်းလို့။ ဒါတွေ အားလုံး အိပ်မက် တစ်ခုသာ ဖြစ်ပါစေ။


xxxxxxxxxxxxx

အနည်းငယ်သာ ကျန်တော့ တဲ့ ကျွန်တော့် ရေဘူး ထားရာ Locker ဆီသို့ အသွား ဒေါင့် တစ်ခုမှာ လူသုံးယောက် ရဲ့ ညဉ်းညူသံတွေက ဖွင့်ထားတဲ့ သီချင်းသံတွေကို လွှမ်းမိုးသွားတယ်။ အမှောင်ထဲမှာ နေသားကျ သွားလို့လားမသိ ကျွန်တော် သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားကို သေသေချာချာမြင်နေရတယ်။ ၆ပေ ကျော်လောက်ရှိတဲ့ လူဖြူတစ်ယောက်ရယ်၊ တခေါင်းလုံး ပြောင်နေတဲ့ လူမည်းတယောက်ရယ်၊ တောင့်တောင့်ဖြောင့်ဖြောင့်ရှိတဲ့ အာရှသားတစ်ယောက်။ သူတို့ကို ကျွန်တော် ရပ်ကြည့်နေမိတယ်။
သူတို့ရဲ့ လှုပ်ရှားပုံတွေက ၀ါရင့် အကပညာရှင် တွေ က ကွက်တိုက်နေသလို။ သံလိုက်ဓာတ် မရှိပေမယ့် သူတို့ သုံးယောက်နား အလိုအလျောက် ကျွန်တော်ရောက်သွားတယ်။ လူဖြူ က ကျွန်တော့် လက် ကို လှမ်းဆွဲပြီး …....။ အို...။ အနမ်းတွေ...။ သေသပ်ပိရိစွာ ပြုလုပ်ထားတဲ့ သူ့ရဲ့ အနမ်းတွေ။ ကျွန်တော် မျက်လုံးကို တင်းတင်းပိတ်ပြီး သူ့ အနမ်းတွေ အောက်မှာ လွင့်မျောခဲ့တယ်။ ကျွန်တော် ပျော်နေတယ်။
အရမ်းကို ပျော်နေခဲ့တယ်။ ကျွန်တော့် အတွေးတွေမှာတော့ လူဖြူ တယောက်မဟုတ်ပါဘူး။ မျက်လုံးပိတ်ထားသရွေ့... ကျွန်တော့် စိတ်ကူးတွေကို ကျွန်တော် စိတ်ကြိုက် ပုံဖော်ခွင့်ရှိတယ် မဟုတ်လား။

အချစ်...
မင်း အနမ်းတွေက မူးယစ်လိုက်တာ။
အချစ်...
မင်း အထိအတွေ့တွေက နူးညံ့လိုက်တာ။
အချစ်...
ဒီအချိန်တွေကို … ငါ့ကို ရပ်တန့်ခွင့်ပေးပါ။


xxxxxxxxxxxxx


နောက်ဆုံး အကြိမ် ရေ အားရပါးရ ချိုးပြီး ကျွန်တော် အပြင်ထွက်လာခဲ့တယ်။ ဘုရားရေ... ခုထိ လမ်းမပေါ်မှာ ဟိုတစ်ယောက် ဒီတစ်ယောက် ရှိနေတုန်း။
လမ်းထောင့်မှာ ရှိတဲ့ Mcdonalds ဆိုင်ကလွဲရင် တခြား စားသောက်ဆိုင်တွေ မဖွင့်သေးပါဘူး။ ကျွန်တော် ဆိုင်ထဲဝင်သွားတော့ လူဖြူတစ်ယောက် ကျွန်တော့်ကို ပြုံးပြတယ်။ အသက် ၄၀ ကျော်ကျော်ရှိမယ့်ပုံပါ။ ကျွန်တော် အလိုက်သင့် ပြန်ပြီး ပြုံးပြလိုက်တယ်။ စင်္ကာပူရဲ့ မနက်ခင်းက အေးချမ်းလိုက်တာ။ အပြင်ဖက်ကို ကြည့်လို့ရတဲ့ နေရာတစ်ခုကို ကျွန်တော်ရွေးထိုင်လိုက်တယ်။ ခုနက sauna မှာတွေ့တဲ့ လူတွေ အလျှိုလျှို မနက်စာ လာစားကြတယ်။ အပြင်ကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ ဘာဆိုဘာမှ မရှိတော့ဘူး။
ဂေး ဖြစ်တာကို ၀မ်းနည်းတာလား။
ကျွန်တော် ချစ်တဲ့ သူကို မတွေ့ရလို့ ၀မ်းနည်းတာလား။
တယောက်တည်း အထီးကျန်နေလို့ ၀မ်းနည်းတာလား။
.
..

….
…..
ဘာမှန်းမသိတဲ့ ၀မ်းနည်းမှု တစ်ခုကြောင့် ကျွန်တော် ထိုင်နေရင်း မျက်ရည်တွေအလိုလိုစီးကျလာတယ်။ စိတ် တွေက မျက်ရည်တွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဖုန်း ကို အိတ်ထဲကထုတ်ပြီး … အမှတ်တရ... မျက်ရည်ကျတဲ့
မျက်နှာကို ရိုက်ထားမိလိုက်တယ်။ အေးစ ပြုနေပြီဖြစ်တဲ့ ကော်ဖီ ကို သောက်လိုက်တော့... ဘာလို့များ ဒီလောက်တောင် ခါးသက် နေပါလိမ့်။








အကြောင်းအရာ အားလုံးသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။

ချစ်တဲ့
သိုးငယ်။

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...