Friday, August 8, 2014

နွဲ့ ဆိုးဗိုလ် (၁)

နွဲ့ ဆိုးဗိုလ်
 
( ၁ )
 
တကယ်တော့ ကိုလင်းလင်း ဟာ ဗိုလ်ဗိုလ့် ဘော်ဒါ မဟုတ်ပါ။ ဗိုလ်ဗိုလ့် အကို ကိုဇော်ဇော်ချို ရဲ.့  အတန်းထဲက တစ်တန်းထဲသား သူငယ်ချင်း တစ်ယောက်ပါ။ ဗိုလ်ဗိုလ့်  ထက်လည်း ၂နှစ်ကြီး ပါတယ်။ ဗိုလ်ဗိုလ် တို့  အိမ်မှာ ကိုဇော်ချိုနဲ့  သူ့ သူငယ်ချင်းတွေ ၀ိုင်းဖွဲ့ ဖဲရိုက်ကြရင်း ဗိုလ်ဗိုလ် နဲ့  စဆုံဖြစ်ကြတာပါ။
ညီအကို ၂ယောက် တစ်ကျောင်းထဲ တက်ကြတာ ဆိုပေတည့် သူ့ အတန်းနဲ့  ကိုယ့်အတန်း ၂တန်းတောင် ကွာဟ တာမို့  ကျောင်းမှာတွေ့ ပေမယ့် မတွဲဖြစ်ကြပါဘူး။ သူတို့ က ၁၀တန်း အတန်းကြီးတွေဖြစ်ပြီး၊ ဗိုလ်ဗိုလ် က ၈တန်း အလယ်တန်း ကျောင်းသားပါ။ ရိပ်ကနဲ တွေ့ မိရင်တောင်မှ `ဟာ ဒီကောင် ငါ့ဘော်ဒါရဲ့  ညီပဲ ..´ .. `အော် ငါ့အကို ဘော်ဒါပဲ..´ က လွဲရင် ဘာပညတ်သည်းခြေမှ မရှိ။ အမှတ်တမဲ့ စတွေ့  ကြတာပဲ ရှိပါတယ်။
အခု ဗိုလ်ဗိုလ် ၁၀တန်းတက်တော့ အကို ကိုဇော်ချိုက ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားဖြစ်နေပြီး၊ ပျဉ်းမနားမှာ ကျောင်းအိပ်ကျောင်းစား သွားနေရာက နှစ်ဝက် ကျောင်းပိတ်လို့  ပြန်လာတာပါ။ ရန်ကုန်သားဖြစ်ပြီး နယ်မှာ ကျောင်းသွားတက် ရတာမို့  အကြောင်းအမျိုးမျိုးနဲ့  ပြန်လာရင် သူငယ်ချင်းတွေ တွေ့ ကြ ဆုံကြမြဲ ထုံးစံအတိုင်း ဒီတစ်ခါ အလှည့်ကျတဲ့ အိမ်က ဗိုလ်ဗိုလ် တို့ အိမ်ပါ။
ကိုလင်းလင်းတို့ မှာလည်း ညီအကို ၂ယောက် ဆိုပေတည့် တစ်ယောက်ကို တစ်ယောက် ၅နှစ်ကွာတော့ ကိုလင်းလင်း ၁၀တန်းရောက်တဲ့ နှစ်မှာ သူ့ အကိုကြီးဟာ ဘွဲ့ ရပြီးလို့  သူတို့  အမျိုးတွေရှိရာ အနောက်နိုင်ငံ တစ်ခုဆီကို (အမျိုးတွေရဲ့ အကူအညီနဲ့ ) အပြီး ထွက်သွားပါပြီ။ ကိုလင်းလင်း သာ မိဘနှစ်ပါးနဲ့ အတူ ကျန်ခဲ့တာပါ။ သူ့  အဖေက အစိုးရ ၀န်ထမ်းကိုး။ ပြီးတော့ ကိုလင်းလင်း က ကျောင်းမပြီးသေး။ တက္ကသိုလ် ဒုတိယနှစ် ရူပဗေဒမို့  ရန်ကုန်မှာပဲ ကျောင်းတက် ရပါတယ်။
ကိုလင်းလင်း တို့  မိသားစုတွေက ဗိုလ်ဗိုလ် တို့ လို ဓါးမဦးချ ဌာနေ တိုင်းရင်းသားတွေ မဟုတ်ဘဲ မျိုးဆက် နှစ်ဆက်လောက်က အိမ်နီးချင်း တိုင်းပြည်ကြီး တစ်ခု ကနေ ရွှေ့ ပြောင်းလာခဲ့ကြတဲ့ လူမျိုးတွေပါ။ မြန်မာပြည်မှာ ပေါက်ဖွားခဲ့ကြသည့်တိုင် ကိုလင်းလင်း မိခင်ဆိုရင် မြန်မာလို ပီပီသသ သိပ်မပြောနိုင်ပါ။ အဖေ ကတော့ အစိုးရအလုပ် ၀င်လုပ်သူမို့  အမေထက်ဆာရင် ပိုပြောနိုင်တယ်ပေါ့။
ကိုလင်းလင်းကတော့ `နမော ဗုဒ္ဓာယ သိဒ္ဓမ် ကကြီးရေက´ က စပြီး မသင်ခဲ့ရပေမယ့် ဂီတသမားပီပီ ကဗျာလေး မတောက်တခေါက်လောက်တော့ စပ်တတ်ပျိုးတတ် သီကုံးတတ်ပါတယ်။ သုံးလုံးစပ် လေးလုံးစပ် ကဗျာမျိုးလေးတွေတော့ ရေးတတ် စပ်တတ်တယ် ပေါ့။ မြန်မာစကားပြေကိုလည်း နှစ်သက်ပါတယ်။ သူ့ ကို ငယ်ငယ်ကလေးထဲက ထိန်းကျောင်း လာခဲ့ရတဲ့ သူ့ အထိန်းတော်ကြီးက မြန်မာစာပေ ဂီတ အနုသုခုမ ပညာရှင်တွေ ပေါက်ဖွား ကြီးပြင်းခဲ့ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်သူမို့  ဆရာဇော်ဂျီရဲ့  ဗေဒါလမ်း ကဗျာ၊ ဆရာဦးသုခရဲ့ သြောင်းဇေယျတု သဗ္ဗမင်္ဂလံ တေးသွား၊ ဗိုလ်ကလေးတင့်အောင်ရဲ့ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ ပြဇာတ် ဆိုတာတွေဟာ ခလေးထိန်း အိမ်ဖော် အဒေါ်ကြီးကနေ တဆင့် ကိုလင်းလင်း ကြားခဲ့ မှတ်ခဲ့ သိခဲ့ရပါတယ်။
ကိုလင်းလင်း တို့  မိသားစုဟာ အနောက်တိုင်းက စတင်ပေါ်ထွန်းခဲ့တဲ့ ဘာသာတရားကို သက်ဝင်ယုံကြည် ကိုးကွယ် ကြတဲ့ မိသားစုတွေမို့  ၀တ်ပြုရာက အစ ထမင်းစားအလယ် ညအိပ်ရာဝင် အဆုံး အင်္ဂလိပ်စာ အင်္ဂလိပ်စကား အင်္ဂလိပ်သီချင်းတေးသွားတွေဟာ ကိုလင်းလင်း အပါး ကိုလင်းလင်းနားမှာ အမြဲလို လွင့်ပျံ့  နေမြဲ အတွင်းက ကိုလင်းလင်း တစ်ယောက် မြန်မာဆန်ခဲ့ပါတယ်။
အဲ့မှာတင် ပုဆိုးကို ပုံချဝတ်တဲ့ မြန်မာဆန်တဲ့ ကိုလင်းလင်း နဲ့  ကျောင်းချိန်ကလွဲရင် အိမ်တွင်းအိမ်ပြင် ဘောင်းဘီတိုနဲ့ သာနေတတ်တဲ့ မြန်မာလူငယ်လေး ဇော်ဇော်ဗိုလ် တို့  အကြား လွန်းတင်တဲ့ကြိုး၊ ချစ်ကြိုးမျှင်များစွာနဲ့  အချစ်လွန်းတင်ကြတဲ့ကြိုးတွေနဲ့  ကြိုးချင်းထား ကြိုးချင်းငြိကြပြီး တစ်ယောက်ကို တစ်ယောက် ရစ်ပတ်နှောင်ဖွဲ့  ယှက်ထွေးလိန်ကျစ်ကြတဲ့ ချစ်လွန်ဆွဲပွဲတစ်ခု ဖြစ်ပေါ်ခဲ့ရပါတယ်။
 
 
( ၂ )
 
“ဟာ .. ဗိုလ်ဗိုလ် နေပူကြီးထဲက ပြေးလာပြီး ရေခဲရေ တန်းမသောက်နဲ့ လေ။ မင်း ရှော့ဖြစ်သွားမှာ ပေါ့။”
ကိုလင်းလင်းက ဗိုလ်ဗိုလ့် အကို ကိုဇော်ချိုတို့ တွေနဲ့  ဖဲကစားနေတဲ့ နေရာကနေ ဗိုလ်ဗိုလ် ရေခဲသောတ္တာဖွင့်ပြီး ရေခဲရေ ပုလင်း မော့သောက်နေတာကို လှမ်းပြောလိုက်တာပါ။
ဗိုလ်ဗိုလ် တို့  ညီအကိုတွေက တစ်ဘာသာစီပါ။ အကိုဇော်ချိုက ဖင်က မီးခိုးထွက်အောင် ဆေးလိပ်သောက်တယ်။ ဘောပွဲကြည့်တယ်။ လောင်းကစားလုပ်တယ်။
ဗိုလ်ဗိုလ် က မနက်တိုင်း အိမ်အတွက် အမေနဲ့ ဈေးဝယ် လိုက်ပေးတယ်။ ထမင်း ဟင်းချက်တဲ့ အထိတော့ ၀ါသနာမပါတာမို့  မီးဖိုချောင်ပြန်ရောက်လို့  ဈေးဝယ်ခြင်းတောင်း ချပေးပြီးရင် ဗိုလ်ဗိုလ့် တာဝန်ပြီးပြီ။
လူပျိုဖော်ဝင်စ ဆယ်ကျော်သက်သွေး ဆူပွက်ချိန် ယောက်ျားလေး ဘာသာဘာဝ ဂျိုသွေးတမြမြမို့  စီးကရက်လေး ၃၊၄၊၅ လိပ်လောက်နဲ့  ကွမ်းနဲနဲစားတာကလွဲရင် ဘာမှမလုပ်ဘူးခဲ့။ ဒါကလည်း Social smoking အတွက်ပါ။ ဘ၀မှာ စီးကရက် တစ်ဗူးတောင် ကုန်အောင်မသောက်ခဲ့ဘူး ဘူး။ ကွမ်းကိုလည်း နာရေးတစ်ခုမှာ နာရေးအိမ်က တည်တဲ့ကွမ်းကို ပါးစပ်ထဲ ပစ်ထည့်ပြီး ၀ါးလိုက်မှ ဗမာဆေးထည့်ထားတာမို့  အကျင့်မရှိတဲ့ ဗိုလ်ဗိုလ် အသုဘအိမ်မှာ ဆေးမူးသွားပြီးကတည်းက လန့် ဖြန့် သွားပြီး ကွမ်းနဲ့  ယတိပြတ် ဖြတ်ခဲ့ပါတယ်။ အရက်ကိုတော့ စတိတ်ကျောင်းသားဘ၀က မသောက်ခဲ့ရပေမယ့် တက္ကသိုလ်ရောက်တော့ လူမှန်းမသိအောင် သောက်ခဲ့ဘူးခဲ့ပါတယ်။
အင်း .. ရည်းစားကတော့ ..ရည်းစားကတော့ .. ယောက်ျားလေးပဲ ဒီအရွယ်ရောက်မှ အမြီးမပေါက် ဘာမျောက်မို့ လို့ လဲ၊ (ချင်ပန်ဇီပေါ့နော) အထင်ကရ က ၃ယောက်၊ အညတြက .. .. .. သိပ်မများလှပါဘူး၊ လက်ချောင်း ၁၀ချောင်းစာ မပြည့်တတ်ပါ။
ရုပ်ကတော့ မိန်းမချော ယောက်ျားချော မျှချောသည်ပေါ့။ အထူးသဖြင့် မျက်လုံးနဲ့  နှုတ်ခမ်းလှတယ်လို့  အများက အမှတ်ပေးကြတယ်။ မိန်းခလေးတွေက သွားလေရာ စိတ်ဝင်စားတတ်ကြသလို အတန်းထဲက လက်ရဲဇက်ရဲ နှုတ်ခမ်းသွက်တဲ့ ယောက်ျားလေး သူငယ်ချင်း ၂ယောက်လောက်က ဗိုလ်ဗိုလ့် ကို အတန်းထဲမှာ လျှပ်တပြက် နမ်းလိုက်တာမျိုး လောက်တော့ ခံဘူးလိုက်ရတယ်။
သူ့ အကို ကိုဇော်ချို လိုတော့ လောင်းကစားနဲ့  လုံးဝအကျိုးမပေး။ ယောက်ျားလေးပီပီ ကစားတော့ ကစားခဲ့ပါတယ်။ ရှုံးတာသာ အိမ်ပြန်ပါတယ်။ အနိုင်ဆိုတာက သူများတွေ လက်ထဲမှာချည်းပဲ။ အနိုင်ဆိုတာ ကိုယ့်နဲ့  မသက်ဆိုင် သလိုလို။
TV က အလကားပြတဲ့ ဘောပွဲကိုတောင် ထိုင်ကြည့်ရင်း  လောင်းကြည့်ပါတယ်။ ဗိုလ်ဗိုလ် ယူလိုက်တဲ့ အသင်းဘက်က ရှုံးတာပဲ။ ရှုံးတဲ့အသင်းဘက်က Coach က  .. မင်း .. ငါ့အသင်း ဘက်က မလောင်းနဲ့ ကွ လို့  TV ထဲက ထွက်ဆဲသွားလိုက်သေး။
 
ပေါင်းတဲ့ သူငယ်ချင်းတွေကလည်း ကြည့်။
သီဟန်က ရေကူးသမား။ မိုးဝေက အလေးမ ဘော်ဒီကစား သမား။
သီဟန်နဲ့  တခါတခါ ရေကူးတတ်သလို .. မိုးဝေနဲ့ လည်း မကြာခန အပြေး လေ့ကျင့်တတ်ကြတယ်။
မိုးဝေရဲ့  ဘော်ဒီအလှတင်တဲ့ အလုပ်က အလေးမ ပစ္စည်းစုံတဲ့ Gym ကိုသွားရတယ်။ မသွားချင်ရင်တောင် အိမ်မှာ အလေးမ ပစ္စည်း အနည်းအကျဉ်းလောက်တော့ ရှိမှဖြစ်မှာမို့  ဗိုလ်ဗိုလ် စိတ်ဝင်စားလှတယ်တော့ မဟုတ်။ ဗိုလ်ဗိုလ် ကိုယ်နှိုက်ကလည်း ကိုယ့်ဘော်ဒီကို လိုအပ်တာထက် ပိုဂရုစိုက်ရတဲ့ လူစားမျိုးမဟုတ်။ ယောက်ျားလေး တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ဘော်ဒီမျိုးရှိရင် တော်ပြီ။ Sexy body မျိုးပေါ့။ အဲ့လို စက်ဆီမျိုးကမှ လူကို ဆွဲဆောင်တာ မဟုတ်လား။
အဲ့မှာတင် မိုးဝေကလည်း အလေးမပြီး တင်ထားရတဲ့ သူ့ ဘော်ဒီဟာ အပြေးလေ့ကျင့်လို့  ပြန်ကျရပါတယ် ဆိုပြီး နောက်ပိုင်း ဗိုလ်ဗိုလ် နဲ့  လိုက်မပြေးတော့။ ဒါကြောင့် အိမ်ချင်းနီးတဲ့ မိုးဝေထက် အနေဝေးတဲ့ သီဟန်နဲ့  ပိုပြီး ရေကူးဖြစ်ခဲ့တယ်။
သီဟန်ကတော့ ဗိုလ်ဗိုလ့် ကို ရေကူးစေချင်လွန်းလို့  ဗိုလ်ဗိုလ့် မှာ ရေကူးဘို့  ဘောင်းဘီ မပါရင်တောင် ရေကူးကန်က အများသူငှာ ရေကူးလို့ ရအောင် ငှားတဲ့ ရေကူးဘောင်းဘီကို ကိုယ်တိုက်ဆပ်ပြာအမွှေးခဲပါ ၀ယ်ပြီး အ၀တ်အစားလဲတဲ့ ရေချိုးခန်းမှာ အသေအချာ လျှော်ဖွတ်ပေးပြီး ဗိုလ်ဗိုလ့် ကို ၀တ်စေခဲ့တဲ့ အထိပါ။ အတူတူရေကူးကြပြီး မောရင် ကန်ဘောင်ပေါ်မှာ ပက်လက်တစ်မျိုး မှောက်ခုံတစ်သွယ် လဲလျောင်းရင်း အမောဖြေကြ .. စကားစမြီပြောကြနဲ့ အတွဲညီခဲ့ကြပါတယ်။
ဗိုလ်ဗိုလ် ကိုယ်နှိုက် ကလည်း စပီဒို ရေကူးဘောင်းဘီ အတိုလေး တစ်ထည်သာ ရင်းရပြီး သူ လိုချင်တဲ့ ဘော်ဒီမျိုး ရနိုင်တဲ့ ရေကူးအားကစားကို သဘောကျ နှစ်သက်ပါတယ်။
ရေကူးတဲ့အလုပ်ဟာ သက်လုံကောင်းပြီး ကိုယ်အနေအထားပါလှတဲ့ အားကစားလို့  ဆိုထားပေမယ့် ရေကူးဘို့  ရေကူးကန်ဆိုတာ လိုအပ်တယ်လေ။ ရေကူးကန်ရှိတဲ့နေရာကို တကူးတက သွားကြရတယ်။ သီဟန် မအားတဲ့ အခါမျိုးမှာ ဗိုလ်ဗိုလ် တစ်ယောက်တည်း အခုလို အပြေးလေ့ကျင့်တာကိုပဲ လုပ်မိတော့တယ်။
 
“ဟုတ် အကို။ သား မောလာလို့ ပါ။”
ဗိုလ်ဗိုလ်  ရေခဲရေ ပုလင်းကို ရေခဲသေတ္တာထဲ ပြန်ထည့်ရင်း ကိုလင်းလင်းကို ပြန်ဖြေလိုက်တယ်။ ပြီး ရေခဲသေတ္တာနံဘေးက ပြူတင်းပေါက်ကျည်းဘောင်မှာ ကပ်ရိုက်ထားတဲ့ မှန်ထဲကို ကြည့်လိုက်တယ်။
ဗိုလ်ဗိုလ် ရဲ့  နဖူးစ နသယ်စ တွေမှာ ချွေးတွေသီးလို့ ။ အပေါ်နှုတ်ခမ်းပေါ်မှာလည်း ချွေးလေးတွေဆို့  လို့ ။ နသယ်ထောက်မှာ ဆိုရင် ချွေးတွေ စီးကျနေတာများ မေးစေ့ကို သိုင်းထားသလိုပါ။ မျက်နှာတစ်ခုလုံးလည်း နီလို့ ပါ။
အား .. လှလိုက်တဲ့ မျက်နှာ။ ကိုယ့်ငါးချင် ကိုယ်ချင်ပါရစေတော့ တကယ်။ ကိုယ့်ကိုယ်ကို မှန်ထဲကြည့်သမျှ ဒီမျက်နှာကို အကြိုက်ဆုံး။ ကျန်းမာမှု လတ်ဆတ်မှု နုပျိုလန်းဆန်းမှုနဲ. သွေးသားဆူဖြိုးမှုတွေ အားလုံး အားလုံးကို ဘောင်ခတ်ပြထားသည်ပဲ။ ဒါ့ကြောင့်လည်း ဗိုလ်ဗိုလ် ညနေ .. နေကျချိန်မှာ အပြေးကျင့်တာပါ။
 
“မင်း ပြေးချင်ရင် မနက် ထပြေးပါလားကွ၊ ကိုလည်း ပြေးမယ်လေ။ မနက် ဆိုတော့ ကားလည်းရှင်း တယ်။”
ဖဲဝိုင်းက ထလာတဲ့ ကိုလင်းလင်းက ရေခဲသေတ္တာလာဖွင့်ရင်း မှန်ကြည့်နေတဲ့ ဗိုလ်ဗိုလ့် ကို ပြောလိုက်တာ ပါ။ အော်.. ဖဲဝိုင်း ပြီးပြီကိုး။
“မနက်ဘက် ဆိုရင် သားက ဈေးသွားရတယ် ကိုလင်း။”
အဖေ အမေနဲ့  ညီအကို ၂ယောက်သာ ရှိတာမို့  အမေက အိမ်ဖော်လူပို မထား။ အလိုက်သိတဲ့ ဗိုလ်ဗိုလ် က အမေနဲ့  ဈေးဝယ် လိုက်စမြဲ။ ဗလလေး တောင့်လာတာကလည်း အမေ့ ဈေးခြင်းတောင်း လေးလေးပင်ပင်ကို နိစ္စဓူဝ ဆွဲဆွဲပေးနေရလို့ ။
အမေ ပေးစားထားတဲ့ ဈေးသည်မတွေ ကလည်း များမှများ။ ကြက်သည်မ ၀က်သည်မ ငါးသည်မ ဘာမ ညာမ အကုန် ဗိုလ်ဗိုလ့် မိန်းမတွေချည်း။ အမေ့ ချွေးမတွေက ဈေးထဲမှာ လက်ညှိုးထိုးလို့  မလွဲ။
အမေ မလိုက်ဖြစ်တဲ့ နေ့ မျိုး ဗိုလ်ဗိုလ် တစ်ယောက်ထဲ ဈေးသွားရလို့ ကတော့ တချို့  ဈေးသည်မတွေက ယောက်ျားလေးချောချော တစ်ယောက်ထဲ ဈေးဝယ်လာတယ်ဆိုပြီး ပိုးကြေးပမ်းကြေး အလေးချိန်ခွင်တွေ က သာသာထိုးထိုး ဗိုလ်ဗိုလ့် ဘက်မှာချည်းပဲ။
အဲ .. တချို.ကျတော့လည်း ယောက်ျားလေးတစ်ယောက်ထဲ ဈေးဝယ်လာတယ် သူ့ အမေ မပါဘူး ဆိုပြီး နှပ်ချင်ပတ်ချင် အလေးတင်းတောင်းက မမှန်ချင်။ ဗိုလ်ဗိုလ့် မှာ ပြန်ပြောရ အခက်၊ စွာရ အခက်။ ကိုယ်က ယောက်ျားလေးကိုး။
မိန်းမတွေ ကြီးစိုးတဲ့ ဈေးထဲမှာ မီးများမီးနိုင်  -ီးများ -ီးနိုင် မဟုတ်လား။ အဲ့တော့ အကောင်းဆုံးနည်းဖြစ်တဲ့ ကိုယ်နဲ့ သိသောသူ .. ကိုယ့်ကိုချစ်သောသူ .. ဆီကပဲ ဗိုလ်ဗိုလ် ဈေးဝယ်တော့တယ်။
 
“ဒါဆိုလည်း အပြေးက အပြန် ဈေးဝင်ဝယ်လို့ ရတာပဲ။ ကိုပါလိုက်ပေးမယ်ကွာ၊ ကဲ။ တို့ တွေ ဈေးထဲမှာတောင် မနက်စာ တစ်ခုခုစားလို့ ရတာပဲ။”
ကိုလင်းကတော့ မလျှော့။ အကြံသစ်တွေတောင် တိုးလာတယ်။
“အင်း အင်း”
ဗိုလ်ဗိုလ် ၀တ်ကျေ အင်း လိုက်ပါတယ်။
“ဟေ့ရောင် ငလင်း။ သိပ်အာမနေနဲ့ ။ လာ သွားမယ်။”
အကိုဇော်ချို ၀င်လာပြီး ကိုလင်းကို လ္ဘက်ရည်ဆိုင်သွားဘို့  ခေါ်တော့မှ ကိုလင်းလည်း ပါသွားပါတော့ တယ်။
 
ကိုလင်းက တက္ကသိုလ်ကျောင်းသား။ အတန်းတက်ချင်တက် .. ပျက်ချင်ပျက်၊ အရေးမကြီး။ Assignment နဲ့  Practical နဲ့  အောင်မှတ်ရရုံဆိုတာလောက်က မခက်။
ဗိုလ်ဗိုလ် က ၁၀တန်း။ ကျောင်းပျက်လို့  မရ။ ကျောင်းက .. နေ့ ကျောင်း မဟုတ်။ မနက်ပိုင်းနဲ့  ညနေပိုင်းခွဲထားတဲ့ ကျောင်း။ ဗိုလ်ဗိုလ် တို့ က အတန်းကြီးတွေမို့  မနက်ပိုင်းတက် .. နေ.လည်ပိုင်းဆင်း။
မနက် ထပြေးရမယ်၊ ဈေးဝယ်ရမယ်၊ ကျောင်းသွားရမယ်၊ ပြီးတော့ ရေကူးရဦးမယ်။ ဒီကြားထဲ ကျူရှင်တွေ ဆိုတာကလည်း ရှိသေး။ ဒါတွေဟာ ဗိုလ်ဗိုလ့် အတွက် အချိန်ဇယားတွေပါ။ ဒါတောင်မှ ဗိုလ်ဗိုလ့် ကောင်မလေး ချမ်းချမ်းနဲ့ က တစ်တန်းထဲမို့  အထူးအထွေ အချိန်ပေးစရာ မလို။ ချိန်းတွေ့ စရာလည်း မလိုကြသေး။
တစ်ယောက်တည်း ညနေ ပုံမှန်ပြေးနေတာကမှ နရီစည်းဝါးကို မှန်လို့ ပါ။ ဒါပေမယ့် ပြေးဖော်ပြေးဘက် ပြုတ်သွားတဲ့(မိုးဝေ)နေရာကို ကိုလင်း ၀င်လာတာမို့  ဗိုလ်ဗိုလ် ရော ကိုလင်းပါ အချိန်ပေးနိုင်ကြတဲ့ စနေ၊ တနင်္ဂနွေနေ့ တွေမှာ မနက်စောစော ထပြေးဖြစ်ကြပါတယ်။
 
စနေလိုနေ့ မျိုးမှာ အာရုံတက်ချိန်လောက် အပြေးကျင့်၊ နေရောင်လေး ထွက်လာတော့ ဖွင့်ခါစ လ္ဘက်ရည်ဆိုင်တွေမှာ မနက်စာစား လ္ဘက်ရည်သောက်ကြပြီး၊ အနီးအနားက ဈေးမှာ ဈေးဝင်ဝယ် ကြပါတယ်။ ကိုလင်းက သူ့ ဂတိအတိုင်း ဈေးဝယ်အဖော်လိုက်ပေးပါတယ်။
ဈေးဝယ်ပြီးမှ ကိုလင်းက သူ့ အိမ်ပြန်သွားတတ်ပြီး တခါတလေတော့လည်း ဗိုလ်ဗိုလ့် အိမ်ကို လိုက်လာတတ်ပါတယ်။
တနင်္ဂနွေလို နေ့ မျိုးဆိုရင်တော့ လ္ဘက်ရည်ဆိုင်မှာ မနက်စာ စားသောက်ပြီးတာနဲ့  ဈေးဝယ်မလိုက် တော့ဘဲ သူ့ အိမ်ကို ခပ်သုတ်သုတ် တချိုးထဲ တန်းပြန်တော့တာပဲ။ အိမ်ပြန် ရေမိုးချိုးပြီးတာနဲ့  မိသားစုနဲ့  တနင်္ဂနွေဝတ်ပြုဘို့  အသင်းတော်ကို သွားရတယ်လို့ ဆိုပါတယ်။
သူက ဂီတသမားမို့  စောနိုင်သမျှ စောစော အရင်သွားနှင့်ပြီး၊ ဓမ္မဂီတ ၀ိုင်းတော်သားတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က တိုက်ခဲ့ကြတဲ့ ဓမ္မတေးသီချင်းတွေကို နွှေးပေးရတယ်တဲ့။ ၀တ်ပြုပြီးကြရင်လည်း နောက်လာမယ့် တနင်္ဂနွေမှာ ကျူးရင့်ရမယ့် တေးသွားများကို တိုက်ပေးရပြီးမှ တနင်္ဂနွေ တစ်နေ့ တာ အစီအစဉ်ပြီးတယ်တဲ့။
ညနေဘက် အပြေးကျင့်နေတဲ့ ဗိုလ်ဗိုလ့် ကို မနက်ဘက် ထပြေးကြဘို့  သူက စပြောတာကြောင့် ဗိုလ်ဗိုလ် နဲ့ လည်း ပြေးဖြစ်အောင် .. ဗိုလ်ဗိုလ့် အတန်းပညာရေးလည်း မထိခိုက်ရအောင် .. စနေ၊ တနင်္ဂနွေ မှာ ရအောင်ပြေးကြတာပါတဲ့။
မနက် အစောထပြေးပြီး ညနေရေကူးတာမျိုး မလုပ်နိုင်တာကြောင့် စနေ၊ တနင်္ဂနွေနေ့ တွေမှာ မကြာမကြာ အတူတူ ရေကူးနေကျ သီဟန်ကိုတော့ တစ်မျိုးတစ်မည် ဖျောင်းဖြ ပြောပြထားရပါ တယ်။ ဗိုလ်ဗိုလ် အပေးဆုံး ဆင်ခြေကတော့ စာမေးပွဲ နီးလာပြီ ဆိုတာပါပဲ။
သီဟန်က မိုးဝေတို့  ချမ်းချမ်းတို့ လို တစ်တန်းတည်းသား မဟုတ်။ ဗိုလ်ဗိုလ် က တန်းခွဲ ခခွေးက၊ သီဟန်က တန်းခွဲ ဆလိန်က။ ကျူရှင်ပါ မတူတော့ သီဟန်နဲ့ က ထိတွေ့ ချိန်နည်းလာခဲ့ပါတယ်။ စနေ၊ တနင်္ဂနွေ မနက် အပြေးလေ့ကျင့်၊ နေ့ ခင်း ခဏ တစ်ရေးတမောအိပ်၊ လူပြန် လန်းလာတဲ့အခါ တခါတလေ .. အဲ့ဒိ တခါတလေလေးမှာမှ သီဟန်နဲ့  ရေကူးဖြစ်ပါတော့တယ်။

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...