Saturday, August 16, 2014

အမှားများကို ပြင်ဆင်ခြင်း

သူ၏ လိင်တူခြင်း နှစ်သက်တတ်သည့် စိတ်သည် အိမ်ထောင်ပြုရာတွင် များစွာ အခက်အခဲ မဖြစ်ခဲ့သော်လည်း သူ့တွင် သားလေးတစ်ယောက် ရလာသည့်အခါတွင် အလွန်ကြီးသော အခက်အခဲတစ်ခု ဖြစ်လာခဲ့လေသည် ။

အိမ်မှ ပေးစားသော မိန်းမ တစ်ယောက်ကို သူ လက်ထပ်ယူခဲ့ရသည် ။ ထို့နောက် သားလေး တစ်ယောက် ရခဲ့သည် ။ သားလေးကို သူ သိပ်ချစ်ခဲ့သည် ။ သူ့နာမည် ကျော်မြင့်မိုရ် ပါအောင် သူ့သားနာမည်ကို မြင့်မိုရ်ဟိန်းဟု သူ အမည်ပေးခဲ့သည် ။

သူ ဟိုမို တစ်ယောက်မှန်း သူ့ဇနီးသည် သိသွားသော အခါတွင် သူ့ကို ထားရစ်ခဲ့ပြီး နိုင်ငံခြားသို့ ပညာသင်သွားမည်ဟု ဆိုကာ ထွက်သွားခဲ့သည် ။ ဟိုတွင်ပင် အလုပ်ဆက်လုပ်မည်ဟု ဆိုကာ သူ့ကို အဆက်ဖြတ်သွားခဲ့သည် ။

သို့သော် သူ့ဇနီးသည် သားလေးမြင့်မိုရ်နှင့်တော့ အဆက်အသွယ် အမြဲတမ်း ရှိသည် ။ မည်သို့ပင် ဆိုစေ သားလေးသည် အသက်ဆယ်နှစ်အရွယ်မှ စ၍ မိခင်မရှိဘဲ ဖခင်နှင့်သာ မြန်မာ နိုင်ငံတွင် နေခဲ့သည် ။ မိတဆိုးသားလေးအဖြစ် သူသည် မြင့်မိုရ်လေးကို အလိုလိုက်ကာ အလွန်ချစ်ခဲ့သည် ။

ဇနီးသည် မရှိတော့သော အခါတွင် သူ့အရင်က အကျင့်များ ပြန်ပေါ်လာခဲ့သည် ။ လိင်တူချင်း နှစ်သက်သော စိတ်ကို သူ ကြိုးစား ဖျောက်ဖျက်ပစ်ခဲ့သော်လည်း လုံးဝ မအောင်မြင်ခဲ့ချေ ။ နောက်ဆုံးတွင် သူသည် သူ့ဆန္ဒကို အလျှော့ပေးခဲ့ရလေသည် ။

သားလေးမျက်နှာကို ထောက်ထားသောအားဖြင့် သူအိမ်တွင် မည်သူနှင့်မျှ ဖြစ်ခြင်း မရှိခဲ့ ။ သူ စိတ်ဖြစ်လာသည့် အခါမျိုးတွင် ဟိုတယ်တစ်ခုခုသို့ တစ်ယောက်ယောက်ကို ချိန်းကာ သွားတတ်ခဲ့သည် ။ သူ ထိုသို့ လိင်တူ ဆက်ဆံမှန်း သူ့သားလေး သိမည်ကို သေမလောက်ပင် စိုးရိမ်ကြောက်ရွံ့ခဲ့လေသည် ။

သားလေး အသက်ဆယ့်ခြောက်နှစ်အရွယ် ဆယ်တန်းကျောင်းသားအရွယ်တွင် သူ အကြောက်ဆုံး အရာသည် တကယ်ဖြစ်လာခဲ့လေသည် ။ ထိုနေ့က သူ ပါတနာ တစ်ယောက်နှင့် ဟိုတယ်ထဲမှ ထွက်လာချိန်ဖြစ်လေသည် ။

သူ့ကို တစ်စုံတစ်ယောက်က ချောင်းကြည့်နေမှန်း သိလိုက်ရသော အခါတွင် သူ ကြက်သီးထသွားမိသည် ။ ထိုအရာကို သူ ပြန်ကြည့်ရန် အားယူလိုက်စဉ်တွင် သူ သားလေးမျက်နှာကို တွေ့လိုက်ရလေသည် ။

မြင့်မိုရ်သည် သူ့ဖေကို တွေ့သွားသော အခါတွင် သူ့မျက်လုံးများကို မယုံနိုင်အောင် ဖြစ်သွားခဲ့လေသည် ။ ထို့နောက်တွင် မြင့်မိုရ်သည် သူ့အဖေနှင့် ဝေးရာသို့ ပြေးသွားမိလေသည် ။

သူ့သားလေး မျက်နှာကို သူ တွေ့လိုက်ရခြင်းသည် အထင်မှားမှု မဟုတ်မှန်း သူ သိလိုက်ရလေသည် ။ သားလေးရယ် …. ။ သူသားလေးအပေါ် သေလောက်အောင် အားနာမှု ဖြစ်ခဲ့ရလေသည် ။

အစ်ကို … နောက်တစ်ခါ ဘယ်တော့ ထပ်တွေ့မလဲ …

ဘေးက ပါတနာမေးလိုက်သော အသံကို သူ ဒေါသ ဖြစ်သွားခဲ့သည် ။

မင်းနဲ့ ငါ ဘယ်တော့မှ ထပ်တွေ့စရာ အကြောင်း မရှိတော့ဘူး ။ သူ အော်ပြောပြီး ကားကို အိမ်သို့ တရကြမ်း မောင်းလာခဲ့မိသည် ။ တစ်လမ်းလုံး သားလေး မျက်နှာကိုသာ သူ မြင်ယောင်နေမိလေသည် ။

မြင့်မိုရ်လေးရယ် … ဖေဖေ မှားသွားတယ်ကွာ …

သူ မျက်ရည်ကျကာ ငိုမိလေသည် ။

သူ အိမ်ကို ပြန်ရောက်တော့ မြင့်မိုရ်ပြန်မရောက်သေး ။ သူ အခန်းထဲတွင် တစ်ယောက်တည်း ငူငူကြီး ထိုင်နေမိလေသည် ။ မကြာခင် အိမ်တံခါး ဖွင့်သံကြားရသည် ။ မြင့်မိုရ်လေး ပြန်ရောက်လာပြီပေါ့ ။

သည်လောက်ညည့်နက်အောင် ဘယ်သွားနေတာလဲလို့ သူ မမေးရဲပါ ။ ပြန်ဖြေမည့် အဖြေကိုလည်း သူမကြားရဲပါ ။ သူ တိတ်တိတ်သာ နေရလေသည် ။

သားလေး အခန်းမှ မီးဖွင့်ထားသောကြောင့် သား မအိပ်သေးမှန်း သူသိပါသည် ။ သို့သော် သားလေးကို သူ ဘာမှ သွားမပြောရဲပါ ။

ခဏကြာတော့ သားလေးအခန်းက မီးပိတ်သွားလေသည် ။ သူ သားလေးအခန်းထဲကို ၀င်ကြည့်မိလိုက်သည် ။ အိပ်နေသော သားလေး မျက်နှာလေးသည် တော်တော်လေး ခံစားခဲ့ရကြောင်းသေချာပါသည် ။

သူ သားလေး ဘေးတွင် ချထားသော ဒိုင်ယာရီ စာအုပ်လေးကို ယူဖတ်လိုက်သည် ။ သားလေး စာအုပ်ထဲတွင် သူ့သူငယ်ချင်းများအကြောင်း သူချစ်သော ကောင်မလေး အကြောင်း စသည်တို့ပါလေသည် ။ နောက်တစ်ရွက်လှန်လိုက်သော အခါတွင် သူ့အဖေအကြောင်းကို ရေးထားသောစာကို သူ တွေ့လိုက်ရလေသည် ။

ဖေဖေ့ကို ကျွန်တော့် သူငယ်ချင်း ဇာနည်ရဲ့ အမေက သိတယ်တဲ့ ။ ငယ်ငယ်တုန်းက တစ်ကျောင်းတည်းပဲလို့ ပြောတယ်တဲ့ ။ သူ့မေမေက ပြောတယ် ။ ဖေဖေက ငယ်ငယ်က ယောက်ျားချင်းပဲ ကြိုက်ခဲ့တာတဲ့ ။ ဖေဖေ့မှာ ယောက်ျားလေးရည်းစား ရှိခဲ့တယ်တဲ့ ။ ကျွန်တော် ရှက်လိုက်တာ ဖေဖေရယ် ။ ကျွန်တော်က ဖေဖေ့ကို အမြဲတမ်း လေးစားခဲ့တာ ။ ဖေဖေက ကျွန်တော့်ဘ၀အတွက် အမြဲတမ်း ဟီးရိုးဖြစ်ခဲ့တာ ။ အခုတော့ ကျွန်တော် မှားပြီ ထင်တယ် ဖေဖေရယ် ။

ကျွန်တော် မယုံပါဘူး ။ သူတို့တွေ လိမ်နေကြတာ ဖြစ်မှာ ။ ကျွန်တော် သည်လိုပဲ ယုံကြည်ပြီး နေခဲ့ပါတယ် ။ ဖေဖေ့ကို ကျွန်တော် ယုံတယ်လေ ။ ဒါပေမယ့် ဖေဖေရယ် ။ ကျွန်တော် ဖေဖေ့နောက်ကို လိုက်ပြီး ကြည့်ခဲ့တဲ့အခါမှာတော့ ကျွန်တော် အဖြစ်မှန်ကို သိခဲ့ရတယ် ။ ဖေဖေ … တကယ်ဖြစ်နေပါလားဗျာ ။ ကျွန်တော် တွေ့ခဲ့ရတာ လေးခါရှိပြီ ။

နောက်တစ်ရွက်ကို လှန်လိုက်တော့ ခုနလေးတင်မှ ရေးထားတဲ့ စာလေးတွေကို တွေ့လိုက်ရပါတယ် ။

ဖေဖေ … သည်နေ့လည်း ဖေဖေ အဲ့သည့်ကိစ္စကို လုပ်ခဲ့ပြန်ပြီနော် ။ ကျွန်တော် ရှက်လိုက်တာ ဖေဖေရယ် ။ ဖေဖေဟာ အဲ့သည့်လောက်တောင်ပဲ မစောင့်စည်းနိုင်ခဲ့ဘူးတဲ့လား ။ သူ့သားအတွက် အဲ့သည့်လောက်ကိုတောင် မစောင့်စည်ပေးနိုင်ဘူးလားဟင် ။ ကျွန်တော် ဖေဖေ့ကို အရမ်းမုန်းတယ် ။

သားလေးရဲ့ စာအုပ်ကို ဖတ်ပြီး သူချုံးပွဲချ ငိုမိလိုက်ပါတယ် ။ သားလေးရယ် … ဖေဖေမှားသွားတယ်ကွာ ။ သူ သားလေးရဲ့ စာအုပ်ထဲမှာပဲ ဖြည့်ပြီး ရေးပေးလိုက်ပါတယ် ။

သား … ဖေဖေ မှားသွားတယ်ကွာ … နောက်ဖေဖေ ဘယ်တော့မှ မဖြစ်စေရဘူးနော် … ဖေဖေ့ကို မမုန်းပါနဲ့ သားရယ် … သားအတွက် ဖေဖေ စောင့်စည်းပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ ။ သားရဲ့ ချစ်တဲ့ ဖေဖေ …

သူ သည်စာလေးကို ရေးပြီး သားလေး အိပ်တဲ့နားမှာ ထားပေးခဲ့ပါတယ် ။ ပြီးတော့ သူ တစ်ညလုံး အိပ်လို့မပျော်ခဲ့ပါဘူး ။

မနက်လင်းလာတော့ သားလေး ကျောင်းကို သွားပါတယ် ။ သူ့ကို စကားတစ်ခွန်းမှ မပြောပါဘူး ။ သူ တကယ် စိုးရိမ်သွားခဲ့ပါတယ် ။ သားလေး သူ့ကို မုန်းသွားခဲ့ပြီပဲ ။

သားလေး ထွက်သွားတော့ သူ သားလေးအခန်းထဲကို ၀င်ပြီး စာအုပ်လေးကို လှန်ကြည့်မိပါတယ် ။ သားလေး ရေးထားတဲ့ စာလေးကို တွေ့တော့ သူ သိပ်ပျော်သွားပါတယ် ။

သည်တစ်ခါနောက်ဆုံးပဲနော် ဖေဖေ … သား ဖေဖေ့ကို မမုန်းတော့ပါဘူး ။ ဒါပေမယ့် နောက်တစ်ခါ ဖြစ်လာခဲ့မယ် ဆိုရင်တော့ သားဖေဖေ့ကို စိတ်နာလိုက်တော့မယ် ။ တကယ်ပြောတာနော် … စိတ်ဆိုးတာ မဟုတ်ဘူး ။ စိတ်နာလိုက်မှာ ။ ညနေကျရင် ဟော့ပေါ့လိုက်ကျွေးနော် ။ သား အစားပျက်နေတာ ကြာနေပြီ ။

သူ ဖတ်လိုက်ပြီး ပြုံးလိုက်သည် ။ သားလေးကို ညနေကျတော့ သူ ဟော့ပေါ့ လိုက်ကျွေးရပါဦးမည် ။

သူတို့ သားအဖ ဆက်ဆံရေးသည် ဖုန်းတစ်ခု ၀င်မလာခင်အထိ အဆင်ပြေပြေ ရှိခဲ့ကြလေသည် ။ ထိုနေ့က သူ အလုပ်လုပ်နေချိန်တွင် ဖုန်းတစ်ခု ၀င်လာခဲ့လေသည် ။

ကိုကျော်လား … ကျွန်တော် ဇေပါ …

အော … ဟုတ်ပါတယ် … ဘာကိစ္စရှိလို့လဲခင်ဗျ …

ကျွန်တော် ကိုကျော်နဲ့ တွေ့ချင်တယ် …

အော် … ဆောရီးပဲ … အစ်ကို ဘယ်သူနဲ့မှ မတွေ့တော့ဘူးလို့ ဆုံးဖြတ်ထားတယ် …

လာခဲ့ပါဗျာ … အစ်ကို့ကို အရမ်းတွေ့ချင်နေတယ် … ညနေ ဟိုတယ်မှာလေ … တွေ့ကြမလားအစ်ကို

အစ်ကို မလာဘူး … ဘယ်သူနဲ့မှလည်း အဲ့ကိစ္စကို မလုပ်တော့ဘူးညီ …

ဒါဆိုရင် ဟိုတယ်ကို လာခဲ့ဗျာ … အောက်ထပ်မှာ ကော်ဖီသောက်ကြမယ် … စကားပြောရရင် ရပါပြီဗျာ …

အစ်ကို မအား…..

လာခဲ့ပါဗျာ … ကျွန်တော်စောင့်နေမယ်နော် …

ပြောပြီး ကောင်လေးက ဖုန်းချသွားသည် ။ သည်ကောင်လေးကို သူမှတ်မိပါသည် ။ သည်ကောင်လေးက တော်တော်တော့ ချောပြီး ကြည့်ကောင်းသည် ။ ညနေ … ဟိုတယ်မှာ … သူ သွားချင်ပါသည် ။ ဒါပေမယ့် … ။

သားလေး မျက်နှာကို တွေးကြည့်မိသော အခါတွင် သူ့ခြေလှမ်းတွေ တွန့်ဆုတ်သွားရပါသည် ။ သားလေး … ။

ဟင့်အင်း … မသွားဘူး …

ဒါပေမယ့် သူ သည်ကောင်လေးနှင့် ကော်ဖီလောက်တော့ သောက်၍ ရလိမ့်မည်ဟု သူ မိုက်မဲစွာတွေးခဲ့မိသည် ။ ထို့နောက်တွင် သူ ဟိုတယ်ရှိ ကော်ဖီဆိုင်ဘက်သို့ ထွက်လာခဲ့လေသည် ။

ကော်ဖီဆိုင်ထဲသို့ သူ လှမ်းဝင်လိုက်ချိန်တွင် သားလေးကို တွေ့လိုက်ရလေသည် ။ သားလေးသည် သူ့ကို နာကျည်းစွာ ပြုံလျက် ကြည့်နေလေသည် ။

မြင့်မိုရ် … မင်း ဘယ်လိုလုပ်ပြီး…..

ဖေဖေ ထပ်လုပ်တယ်နော် … ကျွန်တော့်မျက်နှာကိုမှ မထောက်ဘဲ ဖေဖေထပ်လုပ်တယ်နော် …

ကျွန်တော့်တွင် ဖြေရှင်းစရာ စကားလုံးများ ရုတ်တရက် ပျောက်နေလေသည် ။ သားလေးသည် သူ့ကို နာကျင်စွာ ကြည့်နေလေသည် ။

ကျွန်တော် ဖုန်းဆက်ခိုင်းခဲ့တာပဲ … ကိုဇေက ဖေဖေ့ကို ဖုန်းခေါ်ခဲ့တာ ကျွန်တော် လုပ်ခိုင်းလို့ပါ … အဲ့လို လုပ်ဖို့အတွက် ကိုဇေ့ကိုလည်း ကျွန်တော် အပေးအယူလုပ်ခဲ့တယ်လေ … တကယ်လို့ ဖေဖေ လာခဲ့ရင် ကျွန်တော် သူနဲ့ တစ်ည လိုက်အိပ်ပါမယ်လို့ …

ဘာ …

သူ ခေါင်းနပမ်းတွေ ကြီးသွားခဲ့သည် ။ သားလေးက … သားလေးက သည်လူနဲ့ ။ ဟာ … မဖြစ်ရဘူး ။ လုံးဝ မဖြစ်ရဘူး ။

သူ အကြောက်အကန် ငြင်းဆန်မိသည် ။

မြင့်မိုရ် ... မင်းမသွားရဘူး ... သူနဲ့ မင်း အိပ်ဖို့ကို ဖေဖေ ခွင့်မပြုနိုင်ဘူး ...

သားလေးက သူ့ကို ခနဲ့သလို ပြုံးကာ ကြည့်နေသည် ။

ဖေဖေ့မှာ ကျွန်တော့်ကို သည်လို အမိန့်ပေးနိုင်ဖို့ အခွင့်မရှိတော့ဘူးဆိုတာ ဖေဖေသိမှာပါ ...

မဟုတ်ဘူး မြင့်မိုရ် ... ဖေဖေ မင်းကို ပေးခဲ့တဲ့ ကတိကို မဖျက်ခဲ့ဘူး ...

ဟိုတယ်အထိ ရောက်လာပြီးမှ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားကို ကျွန်တော် ယုံရမှာလား ဖေဖေ ...

ဖေဖေ ကော်ဖီသောက်ဖို့ပဲ လာခဲ့တာပါ ... တခြားဘာကိုမှ လုပ်ဖို့ မဟုတ်ဘူး ...

ဟားဟား ... ဟိုတယ် အောက်ထပ်မှာ ကော်ဖီလာသောက်တဲ့ လူနှစ်ယောက်ဟာ ဟိုတယ်ပေါ်ကို ရောက်မသွားနိုင်ဘူးလို့ ဖေဖေအာမခံနိုင်လား ... ကျွန်တော်တော့ မယုံဘူး ဖေဖေ ...

တကယ်ပါ သားရယ် ... ဖေဖေ မှားသွားပါတယ် ... ဒါပေမယ့် ဖေဖေ မင်းကိုပေးခဲ့တဲ့ ကတိကို ဖျက်မှာ မဟုတ်လို့ သူနဲ့ သွားမအိပ်ပါနဲ့နော် ... ဒါသားအတွက် မကောင်းဘူးလေ ... ပြီးတော့ ဖေဖေ့သားလေးက ငယ်ငယ်လေးပဲ ရှိသေးတာလေ ...

မစိုးရိမ်ပါနဲ့ ဖေဖေရဲ့ ... ဖေဖေတောင် သည်လိုလမ်းမျိုးလျှောက်ခဲ့သေးတာပဲ ... ဖေဖေ ပျော်ခဲ့တဲ့ ဘ၀ဟာ ဘယ်လိုလဲလို့ ကျွန်တော် တစ်ခါလေး စမ်းကြည့်ယုံပါ...  ဖေဖေ ဘာတွေ သည်လောက် ဖြစ်နေရတာလဲ ...

မြင့်မိုရ် ... သားအတွက် မကောင်းလို့ ဖေဖေ ပြောနေတာပါကွာ ...

မကောင်းမှန်းတော့ ဖေဖေ သိသားပဲ ... ဒါဆိုရင် ဖေဖေကိုယ်တိုင်ရော ဘာလို့လုပ်ခဲ့သေးလဲ ...

ဖေဖေက ...

သူဆက်ပြောစရာစကားများ ပျောက်ရှသွားခဲ့သည် ။ သားရယ် ... ။ ဖေဖေမှားသွားခဲ့ပါတယ် ။

မြင့်မိုရ်သူ့ဘေးမှ ထွက်သွားသည်ကို သူ သည်အတိုင်းသာ ငိုင်ကြည့်နေမိသည် ။ သူ့တွင်ဘာမှ တားရန် အခွင့်အရေးမရှိတော့ချေ ။

သူ ဇေကို ဒေါသတကြီး လှည့်ကြည့်လိုက်သည် ။ တစ်ခုခု ပြောရန် ရည်ရွယ်ပြီးမှ တစ်စုံတစ်ခုကို သတိရစွာဖြင့် သူ့လေသံကို လျှော့ချပစ်လိုက်ရလေသည် ။

ဇေ ... အစ်ကို တောင်းပန်ပါတယ်နော် ... သားလေးနဲ့ သားလေးနဲ့ ဘာမှ မဖြစ်ဖို့ အစ်ကို တောင်းပန်ပါတယ် ...

ဇေက သူ့ကို အားရပါးရ ကြည့်ပြီးရယ်နေသည် ။

အစ်ကို ... အစ်ကိုလည်း စဉ်းစားတတ်တဲ့လူပဲ ... သည်လိုမျိုး နုနုထွတ်ထွတ် အသစ်ကလေးဆိုရင် ကျွန်တော်တို့တွေ စိတ်ဝင်စားတတ်ကြတာပဲ ... အစ်ကို့ကို အစ်ကို့သားအရွယ် ကောင်လေး ချောချောလေး တစ်ယောက်နဲ့ လွှတ်ပေးရင် အစ်ကို ဘာမှ မဖြစ်ဘူးလို့ အာမခံနိုင်လား ...

မင်း ... မင်း ...

သူ ပြောစရာ စရားတွေ ပျောက်ဆုံးနေလေသည် ။ သည်အချိန်တွင် တောင်းပန်ရန်မှ လွဲ၍ သူ ဘာကိုမှ မတတ်နိုင်ပေ ။

အစ်ကို တောင်းပန်ပါတယ်ကွာ ... မင်းလိုချင်တာ ဘာကိုမဆို အစ်ကို ပေးနိုင်ပါတယ် ...

ကျွန်တော်က မြင့်မိုရ်ဟိန်းဆိုတဲ့ အစ်ကို့သားကိုပဲ လိုချင်တယ် ဆိုရင်ကော ...

သူ စိတ်မထိန်းနိုင်ဘဲ ဇေ့ကို လက်သီးနှင့် ထိုးပစ်လိုက်သည် ။

မင်း ငါ့သားကို ဘယ်လိုမှ မထိရဘူး ... ငါ့သားကို ငါကိုယ်တိုင် ကာကွယ်မယ် ... နားလည်လား ...

သူ ပြောပြီး ထိုနေရာမှ ချက်ချင်း ထွက်လာခဲ့လေသည် ။ အပြန်လမ်း တစ်လျှောက်လုံး သူငိုနေမိသည် ။ ဒါဟာ သူ ပြန်ဝဋ်လည်ခဲ့တာလား ။ မြင့်မိုရ်အရွယ် ကောင်လေးတွေနှင့် သူဖြစ်ခဲ့ဖူးသည် ။ သည်တုန်းက သူ သားသမီးချင်း ကိုယ်ချင်း မစာတတ်ခဲ့ ။ တကယ်တမ်း သူ့သားကို သည်လိုဘ၀မျိုးရောက်အောင် သူကိုယ်တိုင် တွန်းပို့ခဲ့မိမှန်း သူသိလိုက်ရချိန်တွင် သူ့နောင်တသည် နောက်ကျခဲ့ချေပြီ ။

အိမ်ကိုရောက်တော့ မြင့်မိုရ် ရောက်နေပြီ ။ ပြီးတော့ မြင့်မိုရ် ဖုန်းပြောနေလေသည် ။

မေမေ ... ကျွန်တော် မြန်မာပြည်မှာ မနေတော့ဘူး မေမေ ...

ဟုတ်လား ... မေမေ နောက်လ ပြန်လာခဲ့နော် ...

မေမေ ပြန်ရင် သားပါ ဟိုကို လိုက်ခဲ့မယ် ...

သည်နေရာမှာ သားဘယ်လိုမှ မနေနိုင်တော့ဘူး မေမေ ...

သည်စကားကို ပြောနေချိန်တွင် သားလေးသည် သူ့မျက်နှာကို စိုက်ကြည့်နေလေသည် ။

ဒါပဲနော်မေမေ ... မေမေ့ကို ချစ်တယ် ...

ဖုန်းချပြီး မြင့်မိုရ်သည် သူ့အခန်းဘက်သို့ ထွက်သွားလေသည်။ သူ့ကို တစ်စက်မှပင် လှည့်မကြည့်သွား ...  ။

သား ...

သူ သားလေးလက်ကို ဆွဲကိုင်လိုက်သည် ။

ဖေဖေ မှားသွားပါတယ်သားရယ် ... မသွားပါနဲ့နော် ... ဖေဖေ့ဘ၀ဟာ သားအတွက်ပဲ ရှင်သန်ခဲ့တယ်ဆိုတာ သားမသိဘူးလား ...

ဟင့်အင်း မဟုတ်ပါဘူး ... ဖေဖေ့ဘ၀ဟာ ဖေဖေ့ပါတနာတွေအတွက်ပဲ ရှင်သန်ခဲ့တာပါ ...

မဟုတ်ဘူးသားရယ် ... မဟုတ်ဘူး ...

ပြောရင်း သူမျက်ရည်တွေ ကျလာသည် ။

ထပ်မရှင်းပြပါနဲ့တော့ ဖေဖေရယ် ... သားနားလည်သွားပါပြီ ... သား မေမေနဲ့ပဲနေပါရစေတော့ ...

ဖေဖေ့မှာ သားအတွက်ပဲ အသက်ရှင်ခဲ့တာပါကွာ ... ဖေဖေ ကော်ဖီသောက်ယုံလေးပဲ သွားခဲ့တာပါ သားရယ် ... သားလေးကို နာကျင်စေမယ်ဆိုတာ သိရင် ဖေဖေမသွားခဲ့ပါဘူး ...

ဒါပေမယ့် အားလုံး နောက်ကျသွားပါပြီ ဖေဖေ ...

မြင့်မိုရ်လေး မျက်ရည်ကျလာသည် ။ တကယ်တော့ ဖေဖေ့ကို သူသိပ်ချစ်ပါသည် ။ ဖေဖေသည် သူ့ဘ၀အတွက် သူရဲကောင်းဖြစ်ခဲ့ပါသည် ။ သို့သော် အခုအချိန်တွင်မူ .... ။

သားလက်ကို လွှတ်ပေးပါတော့ ဖေဖေ ... သား နားပါရစေတော့ ...

ပြောပြီး သားလေးသည် သူ့အခန်းထဲသို့ ၀င်သွားလေသည် ။ သူ တစ်ယောက်တည်း ငူငူကြီး ကျန်ခဲ့လေသည် ။ သွားချေပြီ ။ သူ့ဘ၀မှ သားလေးသည် ထွက်ခွါသွားတော့မည် ဖြစ်သည် ။

ဖုန်းကို သူ လိုင်းခွဲထားပြီး သားလေး မသိအောင် သူ့အခန်းထဲတွင် ထားထားလိုက်သည် ။ သားလေး ဟန်းဖုန်းကိုလည်း လိုင်းပွါးပြီး သူ တစ်ခုယူထားလိုက်သည် ။ သည်အချိန်တွင် သားလေးထံမှ ဖုန်းအဆက်အသွယ် အားလုံးကို သူ သိထားမှ ဖြစ်မည် ။ သားလေးနှင့် ဇေ ဘယ်လိုမှ ဆက်သွယ်ဖို့ သူ ခွင့်မပြုနိုင် ။ ဖခင်တစ်ယောက်၏ အတ္တကို သူ ကောင်းကောင်း နားလည်သွားခဲ့လေသည် ။

မြင့်မိုရ် ... မင်း ကိုဇေ့ဆီ လာမယ်လို့ ကတိပေးထားတယ် မဟုတ်လား ... ဘယ်တော့လာမှာလဲ ...

သားလေး ဖုန်းကို သူ နားထောင်နေမိသည် ။ သားလေး ဘာပြန်ပြောမှာပါလိမ့် ။ ငြင်းလိုက်ပါနော် ။ ကျေးဇူးပြုပြီး ငြင်းလိုက်ပါနော် ။

ကျွန်တော် စနေနေ့ လာခဲ့မှာပါ ... ကျွန်တော် ကတိမပျက်ပါဘူး ...

မင်းတကယ်ပေးမှာ သေချာတယ်မဟုတ်လား ...

ပေးမှာပါ ... သိပ်သေချာတာပေါ့ ...

ဒါဆိုတာ့တာနော် ...

ဟုတ်ကဲ့ပါ ...

သည်နေ့ ကြာသပတေးနေ့ပဲ ... ။ ဒါဆို နောက် နှစ်ရက်ဆိုရင် သားလေးက သူနဲ့ ။ အား ။ မဖြစ်ဘူး ။ လုံးဝ မဖြစ်ဘူး ။ သူ ဇေ့ဆီကို ဖုန်းခေါ်လိုက်သည် ။

ဇေ ... အစ်ကိုပါ ...

ပြောအစ်ကို ...

မင်းနဲ့ အစ်ကို တွေ့ချင်တယ် ...

ဆောရီးပဲ ကျွန်တော် မအားဘူး ... မြင့်မိုရ်ကိစ္စပြောမယ်ဆိုရင် အခုတည်းက ကြိုပြောလိုက်မယ် ... ကျွန်တော် ဘယ်လိုမှ လက်လျှော့ပေးမှာ မဟုတ်ဘူးနော် ...

မဟုတ်ပါဘူး ... အစ်ကို မင်းနဲ့ တွေ့ချင်လို့ပါ ...

အင်း ... တကယ်လို့ ဟိုတယ်မှာ တွေ့မယ်ဆိုရင်တော့ ကျွန်တော် စဉ်းစားမယ်လေ ...

သေချာတာပေါ့ ... ဟိုတယ်မှာ တွေ့ကြတာပေါ့ ... အစ်ကို အခန်းတစ်ခု ယူလိုက်မယ်လေ ...

အိုကေ ... ညကျရင် လာခဲ့မယ်လေ ... ကျွန်တော် သည်တစ်လော မဖြစ်ရတာ ကြာပြီ ...

သူ ပြုံးလိုက်သည် ။ ဇေ ... မင်းဟာ တော်တော် စဉ်းစားဥာဏ်နည်းတာပဲ ။ မင်းမှာ ဒါ ဖြစ်ချင်တဲ့ စိတ်ပဲ ရှိတယ် ။ သားတစ်ယောက်ကို ဆုံးရှုံးရတော့မယ့် ဖခင်တစ်ယောက်ဟာ ဒါတွေကို လုပ်ဦးမယ်လို့ မင်း ထင်နေတာလား ။

ထိုနေ့ညက သူ စိတ်တွေ ဂယောင်ချောက်ချား ဖြစ်နေသည် ။ ဇေက အောင်နိုင်သူ အပြုံးနှင့် သူ့ကို ကြည့်နေသည် ။

တကယ်တော့ အစ်ကို သည်လို ချိန်းလိုက်တော့ ကျွန်တော် အံ့သြနေတာ ... မထင်ထားဘူးလေ ... ဒါပေမယ့် အစ်ကိုလည်း လူတစ်ယောက်ပဲဆိုတာ နားလည်ပါတယ် .... ဟုတ်တာပေါ့ ... အစ်ကိုလည်း ဟိုမိုတစ်ယောက်ပဲလေ ...

သိပ်သေချာတာပေါ့ ဇေရယ် ...

ဇေ့အရှေ့တွင် နွားနို့ပုလင်းကို သူ ဖွင့်ပေးလိုက်သည် ။ ဇေ့ဆီသို့ နွားနို့ပုလင်းကို သူ ကမ်းပေးလိုက်သည် ။

ရော့ဇေ ... သောက်လိုက်ဦး ...

ပုလင်းကို မသင်္ကာသလိုနှင့် ဇေ ကြည့်နေသည် ။

ဟဟ ... အခုမှ ဖွင့်ထားတဲ့ ပုလင်းပါကွ ... ကဲ ... အစ်ကို နောက်တစ်ပုလင်း ဖွင့်ပေးမယ် ... မင်း မယုံသင်္ကာ ဖြစ်နေတယ် မဟုတ်လား ...

ဟင့်အင်း ... ရပါတယ် ... မဖြစ်ပါဘူး ...

ဇေ နွားနို့ကို သောက်ချလိုက်သည် ။ သူ သွေးအေးအေးနှင့် ကြည့်နေလိုက်သည် ။ မကြာခင် နွားနို့ပုလင်းထဲကို သူ ထည့်ခဲ့သော အဆိပ်တို့ ဇေ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာတော့မည် ။ ဟားဟား ။ သွားသေလိုက်ဇေ ။ မင်း သွားသာသေလိုက် ။

ခင်ဗျား ... ခင်ဗျား ဘာတွေ ထည့်ထားတာလဲ ...

ဇေ သူ့ကို ဆောင့်ဆွဲပြီး မေးတော့ သူ ပြုံးနေလိုက်သည် ။

ဇေ ... စနေနေ့ မင်း ငါ့သားနဲ့တွေ့ဦးမယ်ဆို ... အခု မင်း တွေ့နိုင်မလား မတွေ့နိုင်ဘူးလားဆိုတာ ငါ တစ်ခါတည်း စောင့်ကြည့်သွားရမှာပေါ့ ...

ဇေ မကြာခင် ပျော့ခွေ လဲကျသွားတော့သည် ။ သူ ကျယ်လောင်စွာ ရယ်မောလိုက်သည် ။

စနေနေ့ကျရင် မင်းဟာ သဂြိုလ်စက်နဲ့ညားနေရမှာကွ ...

ထိုနေရာမှ သူ လျင်မြန်စွာ ထွက်လာခဲ့သည် ။ ထို့နောက်တွင် အားလုံးကို သူ ထားရစ်ခဲ့လေသည် ။



ကွန်ဒို တိုက်ခန်းတစ်ခု၏ အထပ်မြင့် ခေါင်မိုးသည် လေညင်းခံရန်သာ မဟုတ် ... ခုန်ချရန်လည်း အသုံးဝင်ကြောင်း သူ အခုအချိန်တွင် သူရှိခဲ့လေပြီ ။

သူ့ဘ၀တွင် သူ့သားလေးသည် မကြာခင် ထွက်ခွါသွားတော့မည် ။ သားလေးအတွက် သူ လုပ်ပေးနိုင်သည်ကို အတတ်နိုင်ဆုံးလုပ်ပေးခဲ့ပြီးပြီ ဖြစ်သည် ။ သည်လို အသုံးမကျတဲ့ အဖေတစ်ယောက်သေသွားလို့ သားလေး ငိုနေမှာ မဟုတ်ပါဘူး ။ သူ့ဘ၀တွင် တွယ်တာစရာ ဘာဆိုဘာမှကို မကျန်တော့ ။

သူ ပျံသန်းချင်သည် ။ ဟုတ်သည် ။ သူ လွပ်လပ်စွာ ပျံသန်းချင်သည် ။ သည်အချိန် ငှက်ကလေးတွေ မရှိကြတော့ဘူး ။ ဟုတ်သားပဲ ။ ညရောက်နေပြီပဲ ။ ဘယ်ငှက်ကလေးတွေ ရှိတော့မှာလဲ ။

ဒါဆို သူ တစ်ယောက်တည်း ပျံသန်းမှာပေါ့ ။ သူ့ဘ၀ ရှင်သန်နေစရာ တစ်ခုတည်းဖြစ်သော သားလေး သူ့အနားမှထွက်သွားတော့မည့် နောက်ပိုင်းတွင် ဘာအတွက် သူ ရှင်သန်နေရတော့မှာလဲ ။ ငှက်လေးတစ်ကောင် ... ဟုတ်တယ် ... သူ ငှက်လေးတစ်ကောင် ဖြစ်လိုက်ချင်တော့သည် ။

သူ မျက်ရည်တွေ ကျနေမိသည် ။ သူ့ဘ၀သည် သားလေးအပေါ်တွင် အမှားများ ဖြစ်စေခြင်းနှင့်သာ အဆုံးသတ်ရတော့မည် ။ ထိုအမှားများကို သူ ပြင်ဆင်ချင်သည် ။ အမှားများကို သူ ပြင်ဆင်ရလိမ့်မည် ။ သူသာ ငှက်ကလေး တစ်ကောင် ဖြစ်သွားခဲ့ရင် သည်အမှားတွေ အကုန်လုံးပျောက်သွားမှာလား ။ ဒါလည်း မသေချာပါ ။ ဒါပေမယ့် သူ ပျံသန်းချင်ပါသည် ။ သူ့ဘ၀ ကျရှုံးခဲ့ခြင်းများနှင့် ဝေးရာသို့ သူ တစ်ယောက်လည်း ပျံသန်းသွားလိုက်ချင်ပါသည် ။

သူ သတိမထားမိလိုက်ချိန်မှာပင် လက်ကိုင်တန်းအပေါ်သို့ သူ လှမ်းလျှောက်နေမိပြီ ဖြစ်လေသည် ။

ဖေဖေ ... မလုပ်ပါနဲ့ ...

သားလေး ငိုနေသော အသံ ။ သူ ၀မ်းသာလိုက်တာ ။ သူ သားလေးနှင့် အဝေးဆုံးသို့ မသွားမီ သားလေးအသံကို သူ ကြားနိုင်ခဲ့သည်ပေါ့ ။

ကျွန်တော် ဇေ့ဆီကို သွားတယ်ဆိုတာ ဖေဖေ့ကိစ္စကို စုံစမ်းဖို့ပါ ... ပြီးတော့ ကျွန်တော် ဇေနဲ့ ဖြစ်ဖို့လည်း ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး ... ဖေဖေ့ကို ပြန်ခံစားစေချင်လို့ ကျွန်တော်ပြောခဲ့တာပါ ... ဖေဖေ လိုင်းခွဲယူထားမှန်းသိလို့လည်း ဇေနဲ့ တမင်ပြောခဲ့တာပါ ... ကျွန်တော် ဘယ်တော့မှ ဘယ်သူနဲ့မှ ဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး ... မေမေ့ဆီကိုလည်း ကျွန်တော် မလိုက်သွားတော့ပါဘူးဖေဖေရယ် ... ကျွန်တော် ဖေဖေ့ကို ချစ်တယ် ...

ဟာ ။ သားလေးက ချစ်တယ်လို့ ပြောနေတာပဲ ။ သူ သိပ်ပျော်သွားသည် ။ ဒါပေမယ့် သူ သိပ်နောက်ကျသွားခဲ့ချေပြီ ။ သူ့ခြေလှမ်းများကို နောက်ဆုတ်ဖို့ သိပ်နောက်ကျသွားချေပြီ ။ သူသည် လေဟာနယ်ထဲသို့ အထိန်းအကွယ်မဲ့စွာ ပျံသန်းသွားလေသည် ။

ဒါ ပျံသန်းနေတာလား ။ သိပ်မသေချာပါ ။ ဒါပေမယ့် လေတွေက သူ့ကိုယ်ကို ၀င်တိုးနေကြသည် ။ ပျံသန်းတယ်ဆိုရင် သူ အပေါ်ကို ရောက်သွားရမှာပေါ့ ။ ဘာလို့များ အောက်ကိုပဲ တောက်လျှောက်သွားနေရတာလဲ ။ သူ မသိပါ ။ အောက်ရောက်မယ်ဆိုလည်း ရောက်လိုက်ပါတော့ ။ ရောက်ဖို့ အချိန်တွေကလည်း ကြာလိုက်တာနော် ။

ထို့နောက်တွင် သူ့ဦးခေါင်းသည် ကတ္တရာလမ်းနှင့် ထိသွားခဲ့သည် ။ သူမြင်ခဲ့ဖူးသော မြင်ကွင်းများ ၊ သူကြားခဲ့ဖူးသော အသံများ အားလုံးသည် သူ့ထံမှ ဟိုးအဝေးသို့ထွက်သွားကြလေသည် ။ မဲမှောင်ခြင်းနှင့် တိတ်ဆိတ်ခြင်းသာ သူ့အပေါ် လွှမ်းမိုးသွားခဲ့လေသည် ။



မြင့်မိုရ်ဟိန်း ဖေဖေ့အလောင်းကို ကြည့်ကာ ငိုနေမိသည် ။ ဖေဖေရယ် ... ကျွန်တော် ဖေဖေ့ကို သိပ်ချစ်တယ် ။ ထိုအချိန်တွင် အဝေးတစ်နေရာတွင် ငှက်ကလေးတစ်ကောင်သည် လွပ်လပ်စွာ အတောင်ဖြန့်လျက် ပျံသန်းနေလေသည် ။

ပြီး (မင်းခန့်နိုင်)

2 comments:

  1. ၄၀​ကျော်​ဦး​လေးများနဲခချစ်​သူဖြစ်​ချင်​တယ်
    Sexထက်​loveကိုပိုဖြစ်​ချင်​တယ်
    69လည်​ရတယ်​စိတ်​၀င်းစာရင်
    Yannaingmahlaing@gmail.com
    ဆက်​သွယ်​ပါ
    ကျွန်​​တော်​က၂၃
    Ygn

    ReplyDelete
  2. ;( ;( ;( ! This one is really touching!!!!!

    ReplyDelete

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...