Friday, August 1, 2014

ဝဋ်ရှိခဲ့ရင် ...

ရဲထက် ဆုံးပြီး နှစ်နှစ်ပြည့်နေ့တွင် ကျွန်တော် ရဲထက်လေးအတွက် ရည်စူးပြီး ဘုန်းကြီးကျောင်းတွင် အလှူအတန်း ပြုခဲ့ပေးသည် ။ အလှူလုပ်ပေးပြီး ပြန်လာတော့ လူက သိပ်ကို ပင်ပန်းနေပြီ ဖြစ်သောကြောင့် အခန်းထဲဝင်ပြီး အိပ်ဖို့ ပြင်လိုက်သည် ။ ဟင် ... ။ ကျွန်တော် အံ့သြသွားရသည် ။ အိပ်ရာပေါ်တွင် ခိုဖြူလေး တစ်ကောင် ... ။

ကျွန်တော့် အခန်းထဲသို့ ငှက်များ ၀င်လာတတ်လေ့မရှိ ။ သို့သော် ... ။ ကျွန်တော် ပိုအံ့သြသွားရသည်က ထိုခိုဖြူလေးသည် ကျွန်တော့် အိပ်ခန်းထဲက ရဲထက် အိပ်နေကျ ခေါင်းအုံပေါ်တွင် နားနေခြင်းပင် ဖြစ်သည် ။ ရုတ်တရက် တွေးမိလိုက်သော အတွေးကို ပြန်ရုပ်သိမ်းလိုက်ရသည် ။

ဟင့်အင်း ... မဖြစ်နိုင်ပါဘူး ... ရဲထက်လေးက ကုသိုလ်တွေ အများကြီး လုပ်ခဲ့တာ ... သူက ဘယ်လိုနည်းနဲ့မှ ခိုဖြူလေး တစ်ကောင် ဖြစ်နေစရာ အကြောင်း မရှိဘူးလေ ... အခုလောက်ဆို သူလည်း ကောင်းတဲ့ ဘ၀ကို ရောက်နေမှာ ...

ရဲထက်လေးလားဟင် ...

ကျွန်တော့်ပါးစပ်က လွှတ်ကနဲ ထွက်သွားမိသည် ။ ထိုအချိန်တွင် အံ့သြစရာ ကောင်းစွာပင် ခိုဖြူလေးသည် ကျွန်တော့် ပုခုံးထက်တွင် လာနားလေသည် ။ ကျွန်တော် တွေဝေသွားမိသည် ။ သို့သော် အသေအချာတော့ မပြောရဲသေး ။ မည်သို့ပင် ဖြစ်စေ ထိုခိုဖြူလေးသည် နေ့စဉ် ကျွန်တော့်အခန်းသို့ ရောက်လာနေကျ ဖြစ်လေသည် ။

ခိုလေးသည် ကျွန်တော် မနက် အလုပ်သွားသည်နှင့် ကျွန်တော့်အခန်းမှ ထွက်သွားတတ်ပြီး ကျွန်တော် ပြန်လာတိုင်း ကျွန်တော့်အခန်းထဲတွင် စောင့်နေတတ်လေသည် ။ ငှက်ကလေး လာတိုင်း ကျွန်တော် အစာကျွေးနေကျဖြစ်လေသည် ။ ခိုဖြူလေးသည် ကျွန်တော်က ရဲထက်ဟု ခေါ်လိုက်သည်နှင့် ကျွန်တော့် ပုခုံးပေါ်တွင် လာနားတတ်မြဲဖြစ်လေသည် ။

ဒါ တိုက်ဆိုင်မှုလား ဘာလား ကျွန်တော် နားမလည် ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ခိုဖြူလေးအပေါ် ကျွန်တော် သံယောဇဉ် တွယ်လာမိလေသည် ။

ကိုကြီး ... ညီက သေရတော့မှာတဲ့ ... ဘယ်လိုလုပ်ရမလဲဟင် ... ကိုကြီးနဲ့ မခွဲချင်သေးဘူး ...

ကိုကြီးက ဆရာဝန်ပဲဗျာ ... ညီ့ကို မသေအောင် ကယ်ပေးပါနော် ...

ညီ ကိုကြီးကို ခွဲသွားရမှာ အရမ်းကြောက်တယ်ဗျာ ...

တကယ်တော့ ညီသည် ထင်သည်ထက် အသက်ပိုရှည်ခဲ့ပါသည် ။ ဆရာဝန်များက သုံးလလောက်သာ ခံမည်ဟု တွက်ထားသော ညီလေးသည် ကိုးလခန့်လောက် အသက်ရှင်နေနိုင်ခဲ့ပါသည် ။ တစ်ချိန်က ညီလေး ပြောခဲ့သော စကားများကို ပြန်ကြားယောင်လာသော အခါတွင် စိတ်ထဲတွင် စိတ်မကောင်းဖြစ်သွားရလေသည် ။

ရဲထက်ရယ် လွမ်းလိုက်တာကွာ ...

ပုခုံးပေါ်တွင် ခိုဖြူလေး လာနားသောအခါတွင် ခိုကလေးကို ကျွန်တော် နမ်းလိုက်မိလေသည် ။

ကြာလာသောအခါတွင် ကျွန်တော့် သူငယ်ချင်းများကပင် ခိုဖြူလေးနှင့် အချိန်ကုန်နေသော ကျွန်တော့်ကို အံ့သြလာကြသည် ။

အစွဲအလမ်း ထားတာလည်း ထားပေါ့ကွာ ... ဒါပေမယ့် အဲ့လောက်ကြီးကတော့ မကောင်းပါဘူး သူငယ်ချင်းရယ် ...

အဆိုးဆုံးကတော့ အမေဖြစ်သည် ။ သူက ငှက်တွေဆို သိပ်ရွံတတ်သည် ။

သား ... နင့်ငှက်ကို မောင်းထုတ်စမ်းပါဟယ် ... ကြက်ငှက်တုပ်ကွေးတွေ ပေါပါသဘိနဲ့ ... သည်ကလေးနှယ်ကွယ် ...

သို့သော် အားလုံးကို ကျွန်တော် အံတုပြီး သည်ငှက်ကလေးကို တယုတယ ကျွန်တော့်အနားတွင် ထားခဲ့သည် ။ ငှက်ကလေးအတွက် ကျွန်တော့် အိပ်ရာရှိ ခေါင်းအုံးလေးသည် သူ့အတွက် အိပ်တန်းဖြစ်ခဲ့လေသည် ။

သုံးလကျော် ကြာလာသည်အထိ ငှက်ကလေးသည် ကျွန်တော့်နားတွင် ရှိခဲ့လေသည် ။

တစ်ရက် ကျွန်တော် အိမ်ပြန်လာတော့ ငှက်ကလေးကို မတွေ့တော့ ... ။

မေမေ ... ခိုဖြူလေးကို မေမေ မောင်းထုတ်ထားတာလား ...

နင့်အခန်း ငါမ၀င်ပါဘူးဟယ် ... နင့်ခိုဖြူက သူ့ဘာသာ မလာတာ နေမှာပေါ့ ...

မဟုတ်ဘူး ... သည်အချိန်ဆို သူ ကျွန်တော် ပြန်အလာကို စောင့်နေကျ ...

ကျွန်တော် အိပ်ရှေ့ထွက်ပြီး အိမ်ရှေ့နားက ကွမ်းယာဆိုင်ကို မေးကြည့်လိုက်သည် ။

အစ်ကို ... ခိုဖြူလေး တစ်ကောင်တွေ့မိသေးလား ...

အော် ... တွေ့မိတယ် ... ခုနက ကလေးတွေ လေးခွနဲ့ပစ်ပြီး ဖမ်းသွားကြတာတွေ့တယ် ခိုလေးက ခြံစည်းရိုးတန်းပေါ်မှာနားနေတာလေ ...

ဗျာ ...

ကျွန်တော် တစ်ကိုယ်လုံး ပူထူသွားမိသည် ။

ဘယ်နားက ကလေးတွေလဲ ... ဘယ်ဘက်ကို ထွက်သွားကြလဲဟင် ...

ကျွန်တော့် စကားတွေ အထစ်ထစ် အ အအ ဖြစ်နေသည် ။

ဟို ဆိုက်ထဲက ကလေးတွေလေ ... ပန်းရံတန်းဘက်ကလေညီရယ် ...

ဟုတ်သားပဲ ... တစ်လမ်းကျော်မှာ တိုက်ဆောက်နေသောကြောင့် ပန်းရံသမား ကလေးတွေ ရှိနေနိုင်သည် ။ ကျွန်တော် ချက်ချင်း ပြေးလိုက်သွားမှ ဖြစ်မည် ။ ပြေးသွားရင်း လမ်းတွင် တစ်ချိန်က ညီပြောဖူးသော စကားများကို ပြန်ကြားယောင်လာမိသည် ။

ကိုကြီး ... ညီက ငယ်ငယ်ကဆို သိပ်ဆိုးတာ ... ခိုလေးတွေ တွေ့ရင် မပစ်ရမနေနိုင်ဘူး ... ခုနစ်တန်းလောက်အထိက နယ်မှာနေတာဆိုတော့ ဟိုမှာနေ့တိုင်း ခိုလေးတွေကို လေးခွနဲ့လိုက်ပစ်တာ ... ပြီးရင် ကင်စားတယ်လေ ... သိပ်အရသာရှိတာ ...

အခုတော့ ညီ နောင်တရနေပါပြီဗျာ ... ငယ်ငယ်က လုပ်ခဲ့တဲ့ မကောင်းတာတွေ အတွက်လေ ...

ကျွန်တော် အမြန်ပြေးလိုက်သွားမိသည် ။ ဟင့်အင်း ... သူတို့တွေ ခိုဖြူလေးကို ဘာမှ မလုပ်ရဘူး ...

ဆိုက်ထဲ ရောက်သွားတော့ ကလေးတွေ တစ်သိုက် ခိုတစ်ကောင်ကို မီးကင်နေကြသည် ။ ကျွန်တော် ဆက်မကြည့်ရဲတော့ ... မျက်နှာကို တစ်ဖက်အမြန် လှည့်လိုက်ရလေသည် ။

ကလေးတို့ ... မင်းတို့ ကင်နေတဲ့ ခိုက ခိုဖြူလေးလား ...

ဟုတ်တယ် ဦးရဲ့ ... ဟိုမှာလေ ... အမွှေးတွေ နှုတ်ထားတာ ...

ကျွန်တော် ဆက်မကြည့်ရဲတော့ ။ ရဲထက် ... ရဲထက် ... ညီလေးရယ် ... မင်းရဲ့ ၀ဋ်က ကြီးလှချည်လားကွာ ...

မျက်ရည်ကျမိသည် ။ ဒါကို ကလေးတွေကတွေ့တော့ အထူးတဆန်း ဖြစ်နေကြသည် ။ သည်ဦးလေးကြီးက ခိုလေးသေတာကိုများ ငိုနေရတယ်တဲ့ ။

ဝဋ်ကြွေးတွေ ရှိရင် ညီလေး သည်ဘ၀မှာတင် ကျေပါစေ ရဲထက်ရယ် ...

တစ်ချိန်က ရဲထက် မသေခင် ပြောခဲ့သော စကားတွေကို ကြားယောင်လာမိသည် ။

ကိုကြီး ... ညီ သေရတော့မယ် ... တစ်ချိန်က ခိုလေးတွေကို သတ်ခဲ့တာ အရမ်းနောင်တရတာပဲ ... ညီဝဋ်ပြန်လည်မလား မသိဘူးနော် ...

မဟုတ်တာတွေ မတွေးရဘူးလေညီ ...

မဟုတ်ဘူး ... ညီ ၀ဋ်ပြည်လည်မယ် ထင်တယ် ကိုကြီးရယ် ... ကိုကြီးနားကို ညီပြန်လာခဲ့မယ်နော် ... ကိုကြီးနားကို ညီ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြန်လာခဲ့မယ် ... ချစ်တယ် ကိုကြီးရယ် ...

ညီ မသေခင်ပြောသွားခဲ့သော နောက်ဆုံးစကားများဖြစ်သည် ။

မျက်ရည်များကို ကျွန်တော်သုတ်ပစ်လိုက်သည် ။ ခိုဖြူလေးကို ကင်စားနေကြသော ကလေးငယ်များကို ၀ဋ်ပြန်မလိုက်စေဖို့ ကျွန်တော် လေးလေးနက်နက် ဆုတောင်းပေးမိလိုက်သည် ။

ညီလေးရယ် ... ညီလေးမှာ ၀ဋ်တွေ ရှိနေတယ် ဆိုရင်လည်း သည်ဘ၀နဲ့တင် ကျေပါစေတော့ကွာ ... ကိုကြီးလေးလေးနက်နက် ဆုတောင်းပေးပါတယ် ရဲထက်ရယ် ... နှစ်ယောက်စလုံး ... ကိုကြီးရော ... ရဲထက်ရော ... ၀ဋ်ွ ကုန်ဆုံးသွားတဲ့အခါမှာ ကိုကြီးတို့နှစ်ယောက် ပြန်တွေ့ကြမယ်နော် ... သံသရာတစ်ကွေ့ကွေ့မှာပေါ့ ညီလေးရယ် ...

ကျွန်တော် ထိုဘက်မှ ပြန်ထွက်လာသောအခါတွင် ကလေးများသည် ခိုကလေးကို ကင်ပြီး အားပါးတရစားနေကြလေသည် ။ ထိုအချိန်တွင် နေမင်းကြီးသည်လည်း အနောက်အရပ်သို့ ၀င်သွားခဲ့ပြီ ဖြစ်လေသည် ။

ပြီး ... (မင်းခန့်နိုင်)

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...