Tuesday, August 5, 2014

ဂေးဖြိုနည်း ... အခန်း (၁)

ကျွန်မ ချစ်သော ယောက်ျား တစ်ယောက်သည် ဂေးမှန်း သိလိုက်ရသော အခါတွင် ကျွန်မ ရင်ထဲ အောင့်ခနဲ နာသွားမိလေသည် ... ။
ဟဲ့ ... နင့်ကောင်က အပုန်းကြီးနော် ... နင်ကသာ ချစ်နေ ... ဟိုက ဘဲကြီးနဲ့ ... ။
ဟင့်အင်း ... မပြောကြပါနဲ့ ... ကျွန်မ သူ့ကို သိပ်ချစ်တာ ... သူ ဂေးတစ်ယောက် ဖြစ်နေဦးတော့ ကျွန်မ သူ့ကို သိပ်ချစ်ပါတယ် ... ။ ကျွန်မ သူ့ကို ရဖို့ ဘာပဲ ဖြစ်ဖြစ် ကြိုးစားချင်ပါတယ် ... ။ သူ့ဘေးမှာ သူ့ဘဲကြီး ရှိစေဦးတော့ ... သူ့ကို ကျွန်မ သိပ်ချစ်ပါတယ် ... ။
ငယ်ငယ်လေးတည်းက အရာရာကို မဖြစ်မနေ ရအောင် ကြိုးစား တတ်တဲ့ ကျွန်မ အတွက် သူ့ကို ရဖို့ ကြိုးစားရတာ ထိုက်တန်တယ်လို့ထင်မိပါတယ် ... ။ နောက်ဆုံး ကျွန်မ သူ့ကို ဘယ်လို နည်းနဲ့ပဲ ဖြစ်ဖြစ် ရအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်မိပါတယ် ... ။

၁။
ကိုယ်နေဟန်ထား ...

သူ မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားလာဖို့အတွက် ကိုယ်နေဟန်ထားဆိုတာ သိပ်အရေးကြီးတယ်လို့ ကျွန်မ ထင်ပါတယ် ... ဟုတ်တယ်လေ ... မိန်းမ မာယာ သဲကိုးဖြာ မဟုတ်လား ... သည်လောက်တော့ အပျော့ပါ ... သူ့ကို နှူးဖို့ နှပ်ဖို့ ဆိုတာ ... အဲ ... ဒါပေမယ့် သူက ဂေးဆိုတော့ကာ ... အာ ... အဲဒါတွေ မစဉ်းစားဘူးလေ ... အဓိကက သူ ယောက်ျားစိတ် ပေါက်လာဖို့ပဲဆိုတော့ ... ။
သည်နေ့တော့ ကျွန်မ သိပ်ပင်ပန်းသွားတာပါ ... မော်ဒယ် သင်တန်းဆိုတာကလည်း လမ်းကို အားမနာတမ်းကို လျှောက်ခိုင်းတော့တာပဲ ... ။ ကျွန်မလမ်းလျှောက်တာ မိန်းကလေးနဲ့ မတူဘူးတဲ့ ... ။ အင်းလေ ... ငယ်ငယ်တည်းက အစ်ကိုတွေနဲ့ပဲ နေလာခဲ့တော့လည်း ... ။
ဟဲ့ကောင်မ ... ညည်းဖင်ကတော့လေ ... သည်နေ့အဖို့ ထွက်ဦးမှာလား ... ။
သင်ပေးတဲ့ ဆရာက နည်းနည်းတော့ ပါးစပ်ကြမ်းပါတယ် ... ကြောက်တော့ ကြောက်ရတယ်ပေါ့လေ ... ။
ဟုတ်ဆရာ ... ခဏနေရင် ထွက်တော့မှာပါ ... ။
အယ် ... အခုမှ ကြည့်မိတယ် ... ကျွန်မဆိုတာကလည်း သည်လောက် ကုန်းနေတာတောင် ဖင်က မထွက်ချင်ဘူး ... ။ ဟူး ... ရင်မောတယ်နော် ... ။
သူ့အရှေ့မှာ ကျော့ကျော့လေး လျှောက်ပြဖို့အတွက် ကျွန်မ လိုအပ်နေပါပြီ ... ။ အစစ်နဲ့ မခြားအောင် တူတဲ့ တင်တုကို ကျွန်မ ဈေးကြီးပေး မျက်စိမှိတ်ပြီး ၀ယ်ချလိုက်ပါတယ် ... ။ အမလေး ... ငါ့နှယ် ... သူများ သိရင်တော့ လင်တရူးလို့ ပြောကြမှာ အသေအချာပဲ ... ။
သည်နေ့တော့ cat walk ကို လေ့ကျင့်ရတာပါ ... ။ အိုး ... အဲ့ဒါက လျှောက်ရတာ ကျွန်မအတွက် သိပ်ကို ခပ်ခဲလွန်းပါတယ် ... ။ ပေါင်နှစ်ခုက လိမ်ပြီးတော့ ပွတ်နေရတာများ မီးပွင့်မလားတောင် မှတ်ရတယ် ... ။ တော်တော်ကြာတော့ ကျွန်မ စိတ်တောင် ညစ်လာပါတယ် ... ။
ဆရာ ... အဲ့လို မလျှောက်လို့ မရဘူးလားဟင် ... ။
မလျှောက်ချင်ရင် ညည်းပြန်တော့ ... ။
အွန် ... သည်လိုတော့ မဖြစ်သေးပါဘူးလေ ... ကိုယ့်မှာကလည်း ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့ ... သည်းခံလိုက်ဦးတော့ မိဝါရေ ... ညည်းလည်း လင်မြန်မြန်ရမှပဲ ... ။
cat walk ဆိုတော့ ကြောင်လျှောက်ပေါ့နော် ... ။ ကျွန်မဖြင့် ကြောင်တွေ အဲ့လောက် ပေါင်ပွတ်လျှောက်တယ်တော့ မထင်မိပေါင် ... စိတ်ပေါက်ပေါက်နဲ့ တကယ့်ကြောင်တွေ လျှောက်သလို လေးဘက်သာ ကုန်းပြီး လျှောက်လိုက်ချင်ပါတော့တယ် ... ။


သည်နေ့မှ သည်စပေါ်ကိက ကြောင်လိုက်တာ ... ငါ့အနားပဲ လာလျှောက်ပြနေတယ် ... ဟူး ... ။ ကျွန်တော် ထသွားတော့လည်း ကျွန်တော့်နောက် ပါလာတယ် ... ကျွန်တော် ကန်တင်းသွားတော့လည်း သူ မလှမ်းမကမ်းက ပါလာပြန်ရော ... ။ ဟူး ... ငါ့နှယ် ... ငံပြာရည်ပုံး မှောက်ခံထိတော့မှာပဲ ... ။
ဒါနဲ့ ထူးထူးခြားခြား သူ လျှောက်နေတာက ဘယ်လိုပါလိမ့် ... ပိုလီယိုဖြစ်လို့များ လိမ်ဖယ်လိမ်ဖယ် ဖြစ်နေတာလား ... ။
ကျွန်တော်နဲ့သူ သိပ်တော့ မခင်ပါဘူး ... တစ်ခန်းတည်း ဆိုတော့ သိတော့ သိတယ်ပေါ့လေ ... ။ သူက ကျွန်တော့်ကို လှမ်းလှမ်းတော့ ရှိုးနေတယ် ထင်တာပဲ ... ဟင့်အင်း ... သူ့ကိုမှ မကြိုက်တာ ... ကျွန်တော့်မှာက ကျွန်တော့်ဘဲနဲ့ပဲဟာကို ... ။ မမရယ် ... ညီမကိုတော့ ချမ်းသာပေးပါလို့ တောင်းပန်ရတော့မယ် ထင်ပါ့ ... ။
သည်စပေါ်ဆိုတာကလည်း ပုလင်းကွဲမကြောက် ဘာမကြောက် ... ။ နံပြားချည်း လှိမ့်ရိုက်လိုက်မှဖြင့် မကောင်းဘူး ရှိတော့မယ် ... ။
ဟဲ့ ... နင် ဘယ်သွားမလို့လဲ ... ။
ဟုတ်တယ်လေ ... ကျွန်တော် အိမ်သာထဲ ၀င်တာတောင် သူ ပါလာတော့မလို့ ... ။ အဲ့လို အသံ ခပ်ဆက်ဆက် မေးလိုက်မှ သူ တုံ့သွားပါတယ် ... ။
အဲ့တော့် ... ယောက်ျားလေး အိမ်သာကြီး ... ။
ကျွန်တော် အိမ်သာက ထွက်လာတော့လည်း သူ ယောင်လည်လည်နဲ့ ... ။ အမှန်ဆို ထွက်သွားဖို့ ကောင်းနေပြီ ... ။
ဒါနဲ့ နင်က သည်အိမ်သာနားမှာ ဘာလုပ်နေတာလဲဟ ... ။
ဟိုလေ ... နင့်ကို မေးစရာရှိလို့ ... ။
ဘာမေးမှာလဲ ... မေးလေ ... ။
ငါ သည်နေ့ လမ်းလျှောက်တာ ကြည့်ကောင်းလားလို့ ... ။
ကျွန်တော် တစ်ချက်ရယ်လိုက်မိပါတယ် ... ။
နင် စိတ်တော့ မဆိုးနဲ့နော် ... ငါလျှောက်ပြမယ် ... ။


ဟယ် ... အံ့ရော ... အံ့ရော ..... ။ ကျွန်မ မျက်စိတွေတောင် ကျွန်မ မယုံနိုင်အောင် ဖြစ်သွားပါတယ် ... ။ cat walk ဆိုတာ အဲ့ဒါမှ အစစ်ပါပဲရှင် ... ဖင် တစ်လုံး တစ်လုံး ဆိုတာလေ ... ပလုံ ပလုံနဲ့ကို ... ။ အိုး ... ကျွန်မတောင် ကြက်သီးထပါရဲ့ ... ။
သုတ နင်အဲ့လို လျှောက်တတ်တယ် ... ဟုတ်လား ... ။
သြော် ... နင်ဆိုတာလည်း လျှောက်ပြနေတာတောင် မယုံဘူးလားဟ ... ။
အေးနော် ... ငါတောင် မလျှောက်တတ်ဘူးဟယ် ... ။
ကျွန်မ သံသယတောင် ဖြစ်မိပါတယ် ... ။ သူ အဲ့လောက် ပွတ်ပြီး လျှောက်နေရင် သူ့ ငယ်ပါလေး မပွန်းဘူးလားဆိုတာ ... ။ အယ် ... ငါ ဘာတွေ စဉ်းစားနေမိပါလိမ့် ... ။
ဝါခြည်ထွေးတို့တော့ ရှုံးပြီ ... ။ ပက်ပက်စက်စက်ကို ရှုံးတာ ..... ။ မိန်းမ မာယာ သဲကိုးဖြာဆိုတာကလည်း တကယ်တော့ အသုံးမ၀င်ပါလားနော် ... ။
သည်အတိုင်း လက်လျှော့လို့ကတော့ ငါ့လောက်မိုက်တာ ရှိဦးပါ့မလား ... ။ မိဝါတို့ ရာဇ၀င်မှာ လက်လျှော့တယ်ဆိုတာ ရှိခဲ့ဖူးလို့လား ... ။
အိုး ... သည်တစ်ခါမရရင် နောက်တစ်ခါပေါ့ ... ။
ဟဲ့ ... ဒါနဲ့ ... နင့်တင်တုက တံဆိပ်သိပ်မကောင်းဘူး .... နင့်ကို ဆိုင်က အင်ထုလိုက်ပြီ ထင်တယ် ... နောက်တစ်ခါ ငါလိုက်ဝယ်ပေးမယ် ... အကူအညီ လိုရင် ပြောပေါ့ဟာ ... ငါက အဲ့ဒါတွေဘက်မှာ ကျွမ်းတယ်လေ ... ကလပ်တက်ရင် နင့်လိုပဲ ငါလည်း တပ်ရတာဟ ... ။
ဟယ်ဆိုတဲ့ အသံက ကျွန်မ ပါးစပ်ကတောင် မထွက်တော့ပါဘူး ... ။ ဒါပေမယ့် ရင်ဘက်ထဲမှာတော့ ကြားနေရတာ အကျယ်ကြီး ... ။
ခံပေဦးတော့ မိဝါရေပေါ့ ... ။ သည်တစ်ခါတော့ အကွက်ပြောင်း လှုပ်ရှားရမယ်ထင်ပါ့ ... ။

ဆက်ပါဦးမည် ... မင်းခန့်နိုင်

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...