Tuesday, August 5, 2014

အပြီးသတ်ခွင့် မရတဲ့ အိပ်မက်

အပြီးသတ်ခွင့် မရတဲ့ အိပ်မက်

- ကျွန်တော့်ဘ၀အတွက် သူသည် အိပ်မက် တစ်ခုသာ ဖြစ်ခဲ့ပါသည် ...။ အိပ်မက်သည် မိမိ မက်စေချင်သည့် အချိန်တွင် မမက်တတ်သလို မိမိ ပြီးစေချင်သည့် အချိန်တွင်လည်း မပြီးဆုံးတတ်ပါ ... ။ အလိုလို ရောက်လာပြီး အလိုလို ပြီးဆုံးသွားတတ်သော အရာတစ်ခုသာ ဖြစ်လေသည် ...။

- ကံတရားက သူနှင့် ကျွန်တော့်ကို အလွန်ပင် စောစီးစွာ တွေ့ဆုံစေခဲ့ပြီး အလွန်ပင် စောစီးစွာ ခွဲခွာ စေခဲ့ပြန်လေသည် ...။

- ကျွန်တော် သူနှင့် သူငယ်တန်း တက်စတွင် စတင် ဆုံစည်းခဲ့ရသည် ... ။ ထိုနေ့လေးသည် ကျွန်တော့်ဘ၀အတွက် မမေ့ဖွယ်ရာပါပင် ...။

- သူငယ်တန်း စတက်ကာစနေ့တွင် မေမေနှင့် မခွဲစဖူး ပထမဆုံး ခွဲရသည် ...။ ကျောင်းတွင် ထားခဲ့ခြင်းကို ခံရသောအခါတွင် မေမေ့ စကားကြောင့် မငိုအောင် ကြိုးစာခဲ့သည် ... ။ ... သား ... ယောက်ျားဆိုတာ မငိုရဘူးနော် ... မေမေ ညနေကျရင် လာကြိုမယ်နော် ... လိမ်လိမ်မာမာ နေနော်သား ...။ မေမေ့စကားကို နားထောင်ပြီး ကျွန်တော် မငိုအောင် ကြိုးစားခဲ့သည် ....။

- အခန်းထဲဝင်လာတော့ ကျွန်တော် အရှေ့တန်းနားတွင် ၀င်ထိုင်လိုက်သည် ...။ ကလေးတစ်ယောက် ငိုနေသည် ... ။ ကျွန်တော်နှင့် အသက်တူတူပဲ ဖြစ်သည် ... ။ သူလည်း ကျွန်တော့်လိုပဲ အမေနှင့် ခွဲလာရသူ ဖြစ်မည် ...။ ကျွန်တော် သူ့ရှေ့တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်သည် ...။

- သူငိုနေတာကို တွေ့တော့မှ ကျွန်တော့် မေမေကို ကျွန်တော် ပြန်သတိရလာမိသည် ...။ အခုမှ ငိုချင်စိတ်က ဖြစ်လာသည် ...။ သူ့ရှေ့တွင် ထိုင်ချကာ အသံပြဲနှင့် အော်ငိုလိုက်သည် ...။ ခဏတော့ သူကြောင်သွားသည် ... ။ ကျွန်တော် ငိုနေသည်ကို သူ ထိုင်ကြည့်ပြီး ငိုဖို့ မေ့နေပုံ ရသည် ...။ ပြီးတော့မှ ပြန်သတိရကာ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ငိုကြလေသည် ...။

- ထိုအချိန်ကပင် သူသည် ကျွန်တော့်ဘ၀ထဲကို စတင် ၀င်ရောက်ခဲ့ပြီ ဖြစ်သည် ... ။ သူ့ကို ဖက်ငိုရင်း ကျွန်တော် တစ်ခုကို သိလိုက်ရသည် ...။ ကျွန်တော့် ဘ၀တစ်လျှောက်လုံးအတွက် အကောင်းဆုံး သူငယ်ချင်းမှာ သူတစ်ယောက်တည်းသာ ဟု ....။

- ထိုစဉ်က ကျွန်တော် သူ့ကို ချစ်မိခဲ့သည်လား ...။ ဟင့်အင်း ...။ မဖြစ်နိုင်ပါ ... ။ ထိုအချိန်က ကျွန်တော်တို့ ငယ်လွန်းကြသေးသည် ...။ သူ့ကို ချစ်မိဖို့ စောလွန်းသေးသည်ထင်သည် ...။

- ကျောင်းသား ဘ၀တစ်လျှောက်လုံး သူသည်သာ ကျွန်တော့် အကောင်းဆုံး သူငယ်ချင်း ဖြစ်ခဲ့သည် ...။ သူ့ကို ကျွန်တော် အားကိုးသလို ကျွန်တော့်ကိုလည်း သူ အားကိုးသည် ...။ သူ့ကို ကျွန်တော် ခင်တွယ်သလို သူလည်း ကျွန်တော့်ကို ခင်တွယ်သည် ... ။ သူ့ကို ကျွန်တော် ချစ်သလို သူလည်း ကျွန်တော့်ကို ချစ်မချစ်ဆိုသည်ကိုတော့ သူသာ သိနိုင်ပေလိမ့်မည် ....။

- လေးတန်း ကျောင်းသား ဘ၀တွင် သူ့အမေ ဆုံးသွားခဲ့သည် ...။ ထိုနေ့က သူ့အမေ အသုဘတွင် ကျွန်တော်နှင့်သူ အသံပြဲနှင့် ဖက်ပြီး ငိုခဲ့ကြဖူးသည် ...။ ပထမတစ်ကြိမ် သူငိုစဉ်က ကျွန်တော်လည်း ကျွန်တော့်ခံစားချက်နှင့် ကျွန်တော် ငိုခဲ့ခြင်း ဖြစ်သော်လည်း သည်တစ်ခါတွင် ဘာကြောင့် လိုက်ငိုမိမှန်း ကျွန်တော် မသိပါ ...။ အချိန်အတော်ကြာမှသာ ယင်းသည် အချစ်ဖြစ်ကြောင်း ကျွန်တော် သိလာရသည် ...။

- သို့သော် .... ထို အချိန်မှ စပြီး သူ့ခံစားချက်သည် ကျွန်တော့် ခံစားချက် ဖြစ်ခဲ့ပြီး ကျွန်တော့် ခံစားချက်သည်လည်း သူ့ခံစားချက် ဖြစ်ခဲ့လေသည် ...။

- ကိုးတန်း ကျောင်းသား ဘ၀တွင် ကျွန်တော် သူ့ကို နမ်းခဲ့ဖူးသည် ...။ ထိုအမှတ်တရလေးကို ကျွန်တော့်ဘ၀တွင် တစ်သက် မေ့လိမ့်မည် မဟုတ် ...။

- ထိုနေ့က ကျောင်းတွင် ၀ါဆို သင်္ကန်း ကပ်ရမည့်နေ့ဖြစ်သည် ...။ ဘုန်းကြီး အရုဏ်ဆွမ်း ကပ်ရမည် ဖြစ်သောကြောင့် ကျောင်းသား အချို့ ကျောင်းတွင် ညအိပ်ကြရမည် ဖြစ်သည် ...။

- ကျွန်တော်ရော သူရော ကျောင်းတွင် လုပ်အားပေးထဲ ပါခဲ့ကြသည် ...။ ညဘက် အိပ်ရာဝင်တော့ ဆယ်နာရီခန့်   ရှိပြီ ဖြစ်သော်လည်း ဆရာတစ်ယောက်က ကျန်ခဲ့သော ပန်းကန်များ ယူခိုင်းနေသောကြောင့် ကျွန်တော် ဆယ်နာရီ ခွဲကာနီးမှ အိပ်ဆောင်သို့ ရောက်လာခဲ့သည် ...။

- အခန်းထဲရောက်တော့ သူ အိပ်နေချေပြီ ...။ အိပ်နေသော သူ့မျက်နှာလေးက သိပ်ချစ်ဖို့ ကောင်းလွန်းနေသည် ...။ ကျွန်တော် အိပ်ဖို့ ကြိုးစားသော်လည်း အိပ်မပျော်နိုင်ပါ ...။

- ဖြစ်ချင်ရာ ဖြစ်တော့ဟု စိတ်ကူးပြီး သူ့နှုတ်ခမ်းလေးကို နမ်းမိလိုက်သည် ...။

- သူ တစ်ချက်တော့ လှုပ်ရှားသွားသလားထင်သည် ...။ သို့သော် မီးအရောင် မှိန်လွန်းသောကြောင့် ကျွန်တော် သေသေချာချာ မတွေ့လိုက်ရပါ ...။

- နံနက်ရောက်တော့ သူ ကျွန်တော့်ကို တိုးတိုးလေးမေးသည် ...။ ... ဟေ့ကောင် ... ဇော်ကြီး ... ညက မင်း ငါ့ကို နမ်းလိုက်တယ် မဟုတ်လား ...။ အား ... သူမေးတာကလည်း ပေါ်တင်ကြီးပါလား ... ။ ကျွန်တော့် မျက်နှာ နီရဲ သွားသည် ...။ ခေါင်းကို လေးလေးပင်ပင် ညိမ့်လိုက်သည်...။

- သူရယ်သည် ...။ ပြီးတော့ ကျွန်တော့်ကို ပြောသည် ...။ ... အင်း ... ငါသိသားပဲ ... ညက ငါမှ အိပ်မပျော်သေးတာ ... မနက်ကျတော့ ငါမင်းကို ကလဲ့စား ချေလိုက်တယ် ... မင်းမသိဘူး မဟုတ်လား ...။ .... ကလဲ့စားချေတယ် .... ဘယ်လိုမျိုး .... ။ ... ဟဲဟဲ ... မင်းမနိုးခင် မင်းကို ငါ နမ်းလိုက်တယ်လေ ....။ ကျွန်တော် ပျော်လိုက်သည့် ဖြစ်ခြင်း ...။ ဘာလို့များ သူနမ်းတုန်းက ကျွန်တော် မနိုးခဲ့ရပါလိမ့် ....။

- ကျွန်တော့်အတွက် ဦးဆုံး အနမ်း ဖြစ်ခဲ့သလို သူ့အတွက် လည်း အဦးဆုံး အနမ်း ဖြစ်ခဲ့လေသည် ...။ ကျွန်တော်တို့ နှစ်ယောက်စလုံး နောင်အချိန်တွင် ထိုအကြောင်းကို ပြန်မပြောဖြစ်ခဲ့ကြချေ ...။

- ဆေးတက္ကသိုလ်တက်တော့ နှစ်ယောက်စလုံး အခန်းတူတူ ကျသည် ...။ ကျွန်တော် အရမ်းပျော်ပါသည် ...။ သို့သော် ကျွန်တော့် ပျော်ရွင်မှုမှာ first year  တစ်ခုတည်းသာ ခံခဲ့သည် ...။ Second year တွင် ကျွန်တော့် ပျော်ရွှင်မှုများ ပျက်စီးအောင် သူ ဖန်တီးခဲ့လေသည် ...။

- ကျွန်တော်တို့ နှစ်ယောက် ကလေးဘ၀တည်းက သွားခဲ့ကြသော လမ်းလေး တစ်ခု ရှိသည် ...။ လမ်းကလေး၏ တစ်ဖက်တွင် ကြာပင်များ ပြည့်နှက်နေသော ကြာကန်လေး တစ်ကန်ရှိသည် ...။ တစ်ဖက်တွင် လယ်ကွင်းလေးများရှိသည် ...။ တစ်ဖက်တွင် အားကစားရုံက ခံထားသောကြောင့် နေ့ခင်း နေ့လည် အချိန်တွင်ပင် အရိပ်ရနေတတ်သည် ....။ ( ထိုလမ်းကလေးမှာ အပြင်တွင် တကယ်ရှိသော လမ်းကလေး ဖြစ်သည် ... ။)

- ထိုလမ်းကလေးကို ကျွန်တော်နှင့် သူ နှစ်ယောက်မှ တစ်ယောက်ယောက် စိတ်ညစ်စရာရှိလျှင် ၊ စိတ်မကျေနပ်စရာ ရှိလျှင် နောက်တစ်ယောက်ကို ခေါ်ပြီး တူတူ သွားလေ့ရှိသည် ...။

- စိတ်ညစ်နေသော သူကို နောက်တစ်ယောက်က နှစ်သိမ့်ပေးရသည် ။ ပြီးလျှင် စိတ်ကျေနပ်သည်အထိ လမ်းကလေးထဲတွင် လမ်းလျှောက်ကြသည် ...။ ပြီးမှ တူတူ အိမ်ပြန်ကြသည် ...။ ယင်းမှာ ကျွန်တော်တို့ နှစ်ယောက်၏ ထုံးစံ တစ်ခုလို ဖြစ်နေသည်...။

- ထိုနေ့က လမ်းလေးထဲတွင် အချိန်တော်တော် ကြာသည်အထိ သူနှင့်ကျွန်တော် စကား မပြောဖြစ်ခဲ့ကြ ... ။ ... တစ်ခုခု ပြောလေကွာ ... ။

- သူ ကျွန်တော့်ကို စိုက်ပြီး ကြည့်သည် ... ။ ပြောလေ ဇေယျာ ... ။ သူ ခေါင်းကို ခါရမ်းလိုက်သည် ... ။ ... ပြောလေ ... မင်း ဘာစိတ်ညစ်နေလို့လဲ ...။

- ငါ ဘာမှ စိတ်မညစ်ပါဘူး ... ငါ မင်းဆီက ခွင့်ပြုချက် တစ်ခု တောင်းချင်လို့ပါ ... ။ ... ဘာခွင့်ပြုချက်လဲ ... ။ ... ငါ ... ငါ မိန်းကလေး ရည်းစား ထားချင်တယ် ... အဲ့ဒါ မင်း ခွင့်ပြုပေးနိုင်မလား ... ။

- ကျွန်တော် အထိတ်တလန့် ဖြစ်သွားမိသည် ... ။ သူ့ကို ဆုံးရှုံးရမည်ဟူသော ခံစားချက်ကို ရုတ်တရက် ကျွန်တော် ထိတ်လန့်သွားမိသည် ...။ ဘာကြောင့်လည်း ... ဘာကြောင့် ငါ့ဆီက ခွင့်တောင်းရတာလဲ ... ။

- သူဘာမှ ပြန်မဖြေပါ ... ။ ခေါင်းကို ငိုက်စိုက်ချထားသည် ... ။ ရတယ်လေ... မင်းသဘောပါ ... မင်းစိတ်ချမ်းသာမယ်ဆိုရင် လုပ်ပါ ... ငါ့မှာ တားပိုင်ခွင့်မရှိပါဘူး ...။ ... ဘာလို့ မရှိရမှာလဲ ... မင်းမှာ တားပိုင်ခွင့် ရှိတာပေါ့ ... မင်းက ငါ့အပေါ် အရမ်းကောင်းတဲ့ သူငယ်ချင်းလေ ... သည်အချိန်မှာ မင်းသာ တားမယ်ဆိုရင် ငါ မင်းကို ငဲ့ညှာပြီး မိန်းကလေး ရည်းစား ထားဖြစ်ချင်မှ ထားဖြစ်မှာလေ ... မင်းသာ ငါ့ကို မထားဖို့ တားမယ်ဆိုရင် မင်းကို ငါ ကောင်မလေးထက် ဦးစားပေးမှာပါ ...။

- သူ့စကားတွေက ကျွန်တော့်ကို တိုက်ရိုက်စော်ကားသလို ကျွန်တော် ခံစားလိုက်ရသည် ...။ ဘာလို့  မင်းငါ့ကို အထင်သေးရတာလဲ ... မင်းကြိုက်သလို လုပ်ပါ ... ငါ ဂရု မစိုက်ဘူး ... မင်းရည်းစား ထားသွားလို့  ငါ မသေနိုင်ဘူး ... မင်း သေချာ မှတ်ထားလိုက်ပါ ...။

- သူ မိန်းကလေး ရည်းစား ထားသွားခဲ့ပါသည် ...။ ကျွန်တော် ထိုကိစ္စနှင့် ပတ်သတ်ပြီး သူ့ကို စိတ်ဆိုးပုံ မပြခဲ့ပါ ... ။ အသာတကြည်ပင် လက်ခံခဲ့ပါသည် ...။

- သို့သော် ကျွန်တော် တစ်ယောက်တည်း ကြိတ်ငိုရသည်ကိုတော့ သူ သိနိုင်လိမ့်မည် မဟုတ်ပါ ...။ ကျွန်တော် သူ့ရှေ့တွင် များသောအားဖြင့် စိတ်ကြံ့ခိုင်ပုံကိုသာ ပြခဲ့ပါသည် ...။

- ငါးနှစ်လုံး သူ့ဘေးတွင် ကျွန်တော် ရှိနေခဲ့ပါသည် ...။ ထိုငါးနှစ်လုံး သူ့ကောင်မလေးနှင့် တစ်နေရာရာ သွားတိုင်း ကျွန်တော်က ဘေးမှ ပါခဲ့ရသည် ...။ သူ ရက်စက်လွန်းသည် ။ သို့သော် ကျွန်တော်လည်း ဟန်ဆောင် ကောင်းလွန်းလှပါသည် ...။ ကျွန်တော် သူ့ကို ချစ်နေကြောင်း အရိပ်အမြွက်မျှပင် သူ မသိစေခဲ့ရပါ ...။

- ကျွန်တော်တို့ နှစ်ယောက်လုံး အချိန်ကြာအောင် ဟန်ဆောင်မှု အတတ်ကို ကျင့်သုံးခဲ့ကြသည် ... ။ သို့နှင့် သူရော ၊ ကျွန်တော်ရော ၊ သူ့ကောင်မလေးပါ ဘွဲ့ရခဲ့ကြလေသည် ...။

- ဇာတ်သိမ်းတစ်ခုသည် လှပလွန်းသောအခါ ဇာတ်သိမ်းဟုပင် ထင်ရန် ကျွန်တော် မေ့လျော့ခဲ့သည် ... ။ အဆုံးသတ်သွားသည်ဆိုသည်ကို လက်ခံနိုင်ဖို့ အချိန် အတော် ယူခဲ့ရသည် ...။

- ထိုနေ့က လမ်းကလေးသို့ သူ ကျွန်တော့်ကို ခေါ်ခဲ့သည် ...။ သူများ တစ်ခုခု စိတ်ညစ်နေလို့လား ...။ ... ဇေယျာ ... မင်း ဘာဖြစ်နေတာလဲ .... ။

- ဇော်ကြီး ... ငါလေ ... ငါ ... နိုင်ငံခြားကို ထွက်သွားရတော့မယ် ... ယွန်းနဲ့ ချစ်နေတာကို အိမ်ကို ပြောပြတော့ ငါ့အဖေကလည်း သဘောတူတယ် ... ယွန်းရဲ့ မိဘတွေကလည်း သဘောတူတယ် ... ယွန်းမိဘတွေ ရှိတဲ့ စင်ကာပူမှာ ကျောင်းသွားတက်ရလိမ့်မယ် ... ပြီးတော့ ဟိုမှာပဲ အခြေချကြရလိမ့်မယ် ...။

- ကျွန်တော့်ရင်ထဲတွင် နာကျင်မှု တစ်မျိုးဖြစ်လာသည် ... ။ ငါ့ကို ဘာလို့ ဒါတွေ လာပြောပြနေရတာလဲ ဇေယျာရယ် ... ငါ့ဘက်ကို မင်း လုံးဝ မစဉ်းစားတော့ဘူးလား ... မင်း ဒါတွေ ငါ့ကို မပြောလည်း ရရဲ့သားနဲ့ .... ။ ကျွန်တော့်စိတ်ထဲတွင် ပြောနေမိသော်လည်း မျက်နှာတွင် ဟန်ဆောင်ထားခဲ့သည် ... ။ ကျွန်တော် ၀မ်းနည်းနေကြောင်း သူမသိစေရပါ ...။

- မင်း ငါသွားရင် ပျော်အောင် နေမှာလား ဇော်ကြီး ... ငါ သွားရင် ... မင်း တစ်ယောက်တည်း ပျော်အောင် နေနေမှာလား ဇော်ဇော် ... ။

- မေးရက်လိုက်တာကွာ ... သည်မေးခွန်းရဲ့ အဖြေကို မင်း သိရဲ့သားနဲ့ ဇေယျာရယ် ....။ စိတ်ထဲကသာ ပြောလိုက်မိသည် ...။ သွားရန်သေချာနေသောသူကို ကျွန်တော် ဆွဲမထားချင်တော့ပါ ...။ ... အင်း ... ငါ ... ငါ ပျော်အောင် နေမှာပေါ့ကွာ ... မင်း စိတ်အေးလက်အေးသာ သွားပါ ...။

- ပထမဆုံး နမ်းခဲ့တဲ့ နေ့ကို မင်းမှတ်မိလား ဇော်ဇော် ... ။ ကျွန်တော် ခေါင်းညိမ့်ပြလိုက်သည် ...။ ... မဟုတ်ဘူး ... ငါပြောတာ နေ့ရက် အတိအကျ မှတ်မိလားလို့ မေးတာ ... ငါ မှတ်မိတယ် ဇော်ဇော် ... ....ရက်၊ ....လ၊ ....ခုနှစ်တုန်းကပဲ ....။

- ဟင် ... သူ မှတ်မိနေတယ်ပေါ့ ... ။ ဒါဆို ........ သူ ကျွန်တော့်ကို ထိုအချိန်ကတည်းက ........။

- နှစ်ယောက်စလုံး စကားမဆိုနိုင်ဘဲ ဆွံ့အနေကြသည် ....။ ခဏနေတော့ သူစကားစပြောလာသည် ...။ ... ငါ ယွန်းကို အသုံးချခဲ့တာပါ ... ငါ ... ငါ ၀န်ခံတယ် ... မင်းဆီက သ၀န်တိုမှုကို လိုချင်လို့  ငါ ယွန်းကို အသုံးချခဲ့တာပါ ... ဒါပေမယ့် ငါ မရခဲ့ပါဘူး ဇော်ကြီးရာ ... ငါ ရှုံးပါတယ် ....။

- ဟင့်အင်း ... မင်းမှားနေပြီ .... တကယ်ရှုံးခဲ့တာက ငါပါ ... မင်းမဟုတ်ပါဘူး ...။ သူ ဆက်ပြောနေသည် ။ ... မင်း ငါ့အပေါ် မချစ်မှန်း ငါ သိခဲ့ရတဲ့ အချိန်မှာ ယွန်းကို ငါ ချစ်အောင် ကြိုးစားခဲ့တယ် ... ယွန်းကလည်း ငါ့ကို တကယ် ချစ်ခဲ့တယ် ... ငါ တို့နှစ်ယောက် အခုဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ချစ်နေခဲ့ကြပြီ...။

- အဲ့ဒါတွေ ငါသိဖို့ လိုအပ်လို့လား ဇေယျာ ... မင်း ထွက်သွားမယ်ဆိုရင် ထွက်သွားပါ ... ငါ့ကို မစဉ်းစားပါနဲ့ ... ငါက မင်းနဲ့ တစ်ဘ၀လုံး လက်တွဲလို့ရတဲ့လူမှ မဟုတ်တာ ...။

- ကျွန်တော် မျက်ရည် ၀ဲလာသည် ...။ ထိုဝဲလာသော မျက်ရည်ကို ဇေယျာ မမြင်စေရပါ ... ။ မြင်လျှင်လည်း သူငယ်ချင်း တစ်ယောက်အပေါ်တွင် ထားသော အဖြူရောင် မျက်ရည် ...၊ ရိုးသားခြင်း မျက်ရည်ဟုသာ ထင်စေချင်ပါသည် ....။

- သူ ကျွန်တော့်ကို ကြည့်နေသည် ...။ ကျွန်တော်လည်း သူ့ကို ကြည့်နေမိသည် ...။ သူ စပြောလာသည် ...။ ...ပထမဆုံးအကြိမ် နမ်းပြီးကတည်းက ဒုတိယ အကြိမ်နမ်းဖို့ကို ငါ ဘယ်လောက် စောင့်ခဲ့ရလဲ မင်း သိရဲ့ .........။ သူ့ကို စကားဆုံးအောင် ပြောဖို့ ကျွန်တော် အချိန်မပေးတော့ပါ ... ။ သူ့နှုတ်ခမ်းလေးကို ကျွန်တော် နမ်းလိုက်မိသည် ...။

- အရာရာသည် ငြိမ်သက်နေသည် ...။ တိတ်ဆိတ်ခြင်းက အားကောင်းနေသည် ...။ အချိန်မည်မျှ ကြာသွားသည်ပင် မသိ...။

- ... ဟုတ်တယ် ... ငါ အရမ်းတောင့်တခဲ့တဲ့ အနမ်းမျိုးပဲ ...။ သူ့ဆီမှ ထိုစကားလေးကိုသာ တုံ့ပြန် ရရှိခဲ့သည် ...။

- ... တို့နှစ်ယောက် တူတူ လက်တွဲပြီး လမ်းလျှောက်ရအောင် ...။ ... အင်း .....။ ထိုနေ့က သူနှင့် ကျွန်တော် အလွန်ကြိုက်ခဲ့သော သီချင်းများကို ခရားရေလွှတ် အော်ဆိုကြသည် ...။ ထိုနေ့လေးတွင် ကျွန်တော် တကယ့်ကို မငိုချင်ပါ ...။

- ငါ့ကို မင်းတားသင့်တယ် ဇော်ဇော်ရာ ...။ ... ငါ တားလို့ ဘာများ ထူးခြားလာမှာလဲ ... မင်းဆုံးဖြတ်ပါ ... မင်းရဲ့ ဆုံးဖြတ်ချက်သာ အတည်ပါကွာ ... ငါ့ကြောင့် မင်းရဲ့ ဆုံးဖြတ်ချက်တွေ ယိမ်းယိုင်သွားပြီး နောင်တစ်ချိန်မှ မင်း နောင်တရတာကို ငါ မလိုချင်ဘူး ....။

- သူ ကျွန်တော့်ကို အကြာကြီး စိုက်ကြည့်နေသည် ... ။ ပြီးတော့ ကျွန်တော့်ကို ဖက်လာသည် ... ။ကျွန်တော့် ရင်ခွင်ထဲသို့ သူတိုးဝင်သည် ...။ ကျွန်တော့် ပုခုံးတွေ စိုစွတ်လာသည် ... ။ ဘုရားရေ ... သူ ငိုနေပါပေါ့လား ... မငိုပါနဲ့နော် ... မင်းငိုတိုင်း ငါလည်း ငိုတတ်တာ မင်းသိသားနဲ့ ....။

- သူ့ စကားသံတွေ တိုးသော်လည်း ပီသလွန်းနေသည် ...။ ... ငါ ... ငါလေ ... ယွန်းကို တကယ် ချစ်မိနေပြီ ... သူ့ကို မခွဲနိုင်ဘူး ... ဒါပေမယ့် မင်းကိုလည်း မခွဲနိုင်ဘူး ... ငါ့ကို လက်သီးနဲ့ ဖြစ်ဖြစ် တစ်ချက် ထိုးလိုက်စမ်းပါ ... ငါ့ အသိဥာဏ်တွေ ပွင့်လင်းသွားအောင် ငါ့ကို ထိုးလိုက်စမ်းပါ ... ငါ့ကို ရက်ရက်စက်စက် အပြစ်တင်လိုက်စမ်းပါကွာ ...။

- မလုပ်ရက်ပါဘူး ချစ်သူရယ် ... ။ မင်းကို နာကျင်စေဖို့ မဆိုထားနဲ့ ... အနမ်း ခပ်ကြမ်းကြမ်းတောင် မပေးရက်သူပါကွယ် ... မင်း နားလည်စေချင်ပါတယ်ချစ်သူရယ် ...။

- .... အဓိကကတော့ ငါတို့ ဘယ်တော့မှ မတွေ့ရတော့မှာဘဲ မဟုတ်လား ဇေယျာ ... မင်း ဆုံးဖြတ်ချက်ကို ငါ့ကြောင့် မယိမ်းယိုင်လိုက်ပါနဲ့   ... နောင်တစ်ချိန်မှ မင်း နောင်တရမှာကို ငါစိုးရိမ်တယ် ..... မင်းကိုငါ မေးမယ်နော် .... တစ်ခုတည်းပါ .... မင်း ငါနဲ့ ယွန်းနဲ့   ဘယ်သူ့ကို ပိုချစ်လဲ .....။

- သူ့ နှုတ်တွေ ဆွံ့အနေသည် .... ။ သူ ဖြေလိမ့်မည် မဟုတ်ကြောင်း ကျွန်တော် သိပါသည် ...။ ... မဖြေပါနဲ့တော့ .... ငါ နားလည်ပါတယ်ကွာ ....။

- သူ ကျွန်တော့်ကို တင်းကျပ်စွာ ဖက်ထားသည် ...။ ... ငါ ... ငါ မင်းကို အရမ်းချစ်ပါတယ် ဇော်ဇော်ရယ် ....။

- လုံလောက်သွားပါပြီကွာ .... ကျန်ခဲ့မယ့် ငါ့ဘ၀ တစ်ခုလုံးအတွက် သည်စကား တစ်ခွန်းတည်းနဲ့တင် လုံလောက်သွားခဲ့ပါပြီ ချစ်သူရယ် .....။

- ထိုနေ့က သူ့မျက်နှာကို ကျွန်တော် ၀အောင်ကြည့်ခဲ့သည် ...။ နောင် ဘယ်တော့မှ တွေ့ခွင့် မရှိတော့ဘူးတဲ့လား ..... ။ ကျွန်တော့် စိတ်ထဲမှ ကျယ်လောင်စွာ အော်ဟစ်မိလိုက်သည် ...။

- အိပ်မက်သည် အိပ်မက်ဖြစ်ပြီး လက်တွေ့သည် လက်တွေ့ ဖြစ်ပါသည် ...။ လက်တွေ့ကို ရင်ဆိုင်ရမည်ကို သိသော်လည်း အိပ်မက်ကို ပြီးအောင် မက်ခွင့်မရခဲ့သည်ကို နှမြောလွန်းမိပါသည် ...။

- သူသည် ကျွန်တော့်အတွက် အိပ်မက်လေး တစ်ခုသာ ဖြစ်ခဲ့ပါသည် ...။ နောက်ဆုံး အိပ်မက်လေး မပြီးဆုံးခင် နိုးထခဲ့ရခြင်းအပေါ် ကျွန်တော် သူ့ကို အပြစ်မတင်ရက်ခဲ့ပါ ...။

- သူ ကျွန်တော့် ဘ၀ထဲမှ အပြီးသတ် ထွက်သွားခဲ့ပါသည် ...။ တစ်ချိန်တွင် သူ့ကို ကျွန်တော် တွေ့ခွင့်ရချင်ပါသေးသည် ...။

- မဖြစ်နိုင်မှန်းသိသော်လည်း အိပ်မက်ကလေးကိုတော့ အပြီးသတ်ချင်ပါသည် ...။ လှပသော အိပ်မက်လေးကို ပေးခဲ့သော သူသည် အိပ်မက် တစ်ခုကို အပြီးသတ်ဖို့ မေ့လျော့ခဲ့သည် ထင်ပါသည် ...။

- ထို့အပြင် သူသည် ကျွန်တော့်ကို ထိုအိပ်မက်ကလေး ဆက်မက်ရန်လည်း မသင်ကြားပေးခဲ့ပါ ...။ အပြီးသတ်ခွင့် မရသော အိပ်မက်လေးသာ ကျွန်တော့်အတွက် ကျန်ခဲ့ပါတော့သည်....။

ပြီး .... ( မင်းခန့်နိုင် )

1 comment:

  1. ဗြဲ..။ ငိုချင်လိုက်တာာ.....။ အချစ်ကြောင့် ငိုလို့မပီးနိုင်လို့ လာဖတ်ကာမှ ပိုငိုချင်သွားတယ်.။ တူတယ်..။ နည်းနည်းကွာသွားတာပဲ ရှိတယ်.။

    ReplyDelete

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...