Friday, July 25, 2014

သုံးပင်လိင်တဲ့ ည (21)

သို့သော် ဖောင်းခနဲ အသံတစ်ချက်ကို ကြားလိုက်ရပြီး ကျွန်တော့် မျက်နှာတော့ နာကျင်မှုမရှိသေးပေ။ သူ က လည်ပင်းကို ဆွဲညစ်သလို ချုပ်ထားသဖြင့် ကျွန်တော့်လက်တွေက သူ့လက်ကို ခွာဖို့ အားထုတ်နေရသဖြင့် သူ့လက်သီးကို မကာကွယ်နိုင်တာတော့ သေချာသည်။ သူ့တစ်ကိုယ်လုံး ကျွန်တော့်အပေါ် တက်ဖိထားသဖြင့် လည်း လူက မျက်လုံးတွေပြာကာ အသက်ရှူပင် ကြပ်လာသည်။
ခုတော့ လက်သီးက ကျွန်တော့်ကိုမိတ်မဆက်ဘဲ အသံသာကြားလိုက်ရသည်။ သူမလုပ်ရက်လို့ အခြားနေရာကို ထိုလိုက်တာလား။
သူ့လက်တွေလည်း အားပျော့သွားသည်။ ကျွန်တော် မျက်စိဖွင့်ကြည့်လိုက်တော့…
“ ဟင်း… ကို…. ကို… ကျော်….စိုး….”
“အား….ကို…ကြီး…. ဘာလို့… ရိုက်တာလဲဗျ”
မင်းမင်း ဇက်ပိုးအုပ်ခံလိုက်ရလို့ လက်ဖြင့် သူ့ဇက်ကိုလှမ်းကိုင်နေသည်။ ကိုကျော်စိုးက သူ့ကို ၀င်ဆွဲကာ ကျွန်တော့်အပေါ်က ဖယ်လိုက်သည်။
“ဘာလို့ရိုက်လဲ ဟုတ်လား… မင်းက သူများအိမ်ကိုလာပြီး ကလေးကို အနိုင်ကျင့်နေတာမဟုတ်လား….. အဘိုး သိရင် မင်းသေမယ်နော်…. ဘာလုပ်တာလဲ …ဒါက ..အကြီးဖြစ်ပြီး….”
ကိုကျော်စိုးက သူ့အား ဆွဲထူကာ ကျွန်တော့်အပေါ်မှာ ဖယ်ရှားလိုက်ပြီး ကျွန်တော့် အား စိုးရိမ်တကြီး ဆွဲထူလိုက်သည်။
“ကို…ကြီး… သူက ကျွန်တော့်… ကို ရေနွေးခွက်နဲ့ လှမ်းပေါက်လို့….. သူအရင် ရန်စာတာ…. ကျွန်တော်… သူ့ကိုဘာမှ မလုပ်ပဲနဲ့.. သည်မှာကြည့် ရေနွေးတွေ ပူလောင်ကုန်ပြီး ထိပ်လည်း ဖုနေတယ်။ တောက်…. ပါးစောင်လည်း နည်းနည်းနာနေတယ်…. သည်ကောင်လုပ်တာ…”
ကျွန်တော်ကတော့ ဘာမှ မရှင်းပြနိုင်သေးပေ အသက်ကိုသာ ၀အောင်ရှူနေရသည်။ ကိုကျော်စိုးက ကျွန်တော် တို့နှစ်ယောက်ကြား ၀င်လိုက်ကာ။ လူစုခွဲပြီး မင်းမင်းပြောတာကို နားထောင်နေသည်။
“မင်း ဘာသွားစလဲမှမသိတာ ငါခြံပေါက်ဝထဲက မင်းတို့ ရန်စဖြစ်တာကို မြင်နေရတယ်။ တော်တော့ မင်းက အကြီးပဲ အငယ်ကို သည်းခံမှပေါ့။ သွားတော့…. မင်းကို အဘိုးက ငါ့မျက်နှာနဲ့မို့ အလုပ်ခန့်တာ ငါ့မျက်နှာ ပျက် အောင်မလုပ်နဲ့။ တော်တန် သည်းခံမှပေါ့….. သွား…..သွား… အလုပ်သွားလုပ်တော့…. ရေနွေးက အရမ်း အပူ လောင်တာလဲမဟုတ်ဘဲနဲ့…. မတည့်ရင် သည်ကိုမလာနဲ့ ကိုယ့်ဘာသာကိုယ် ခြံအကျယ်ကြီး အခြားနေရာမှာ နေ…. နောက်တစ်ခါ ရန်ဖြစ်ရင် မင်းမလွယ်ဘူးနော်….”
ကိုမင်းမင်းတစ်ယောက် မကျေမနပ် ပွစိ ပွစိဖြစ် အိမ်ပေါ်က ဆင်းသွားသည်။
အင်း…. ကိုကျော်စိုးမျက်နှာနဲ့ အလုပ်ရတာတဲ့လား ။ ပျဉ်းမနားက လူဆိုတော့ဟုတ်မှာပေါ့။
ကိုကျော်စိုးက ကျွန်တော့် အား ပွေ့ထူရင်း …
“ညီလေး…. ဘာဖြစ်သွားသေးလဲ….ရလား… မင်းမင်းက ဒေါသကြီးရင် အဲ့သလို ကလေးမှန်းမသိ လူကြီးမှန်းမသိ ရမ်းတတ်လုပ်တတ်တယ်။ တော်သေး တာပေါ့ ငါအရောက်မြန်လို့”
“ရပါတယ်…..ကျွန်တော်လည်း ဒေါသဖြစ်ပြီး သူ့ကို ပစ်ပေါက်လိုက်တာကိုး….တော်သေးတယ်… ရေနွေးအိုးက သေးသေးလေးနဲ့ ရေက နွေးနွေးလေးပဲရှိလို့….. ကျေးဇူးပါ….ဒါနဲ့… ကိုမင်းမင်းနဲ့ …… ကိုကျော်စိုးက အရင်က တည်းကသိတာလား….”
“သြော်…. မင်းမင်းက …. ငါ့ညီအရင်းပါ…”
“ဗျာ….”
“ဘာဖြစ်လို့လဲ…. မင်းမသိဘူးလား….ငါက သိတယ်ထင်နေတာ…”
“ဟုတ်…. ဟုတ်… ကျွန်တော်မသိဘူးဗျ…..နောက်ပြီး ရုပ်ကလည်း မတူတော့…..”
“အင်း…. သူက အဖေတူလေ…. မျက်နှာအကျကတော့ ငါနဲ့ဆင်ပေမယ့် အသားပြူတာ မျက်လုံးပြူးတာကိုး….. ငါက အမေဘက်လိုက်တော့ အသားညိုတယ်….ဆံပင်ကောက်တယ်….”
ဆုံမှ ဆုံတတ်ပလေတယ်။ သူပြောမှ သတိထားမိတယ်။ အရပ်အမောင်းကလည်း နည်းနည်းတော့ ကွာတယ်။ မျက်နှာအကျက သိပ်မကွာ။ မင်းမင်းက ဆံပင်ဖြောင့်တယ် ကြမ်းတယ် အသားဖြူတယ်။ မျက်နှာ လေးထောင့် ပို ကျတယ်။ မျက်လုံးပြူးတယ်။ ကိုကျော်စိုးက ညိုချော။ မျက်နှာက လေးထောင့်သိပ်မကျပေမယ့် ဆံပင်က ညိုညိုနဲ့ ကောက်တယ်။ ကိုယ်လုံးကိုယ်ပေါက်နဲ့ အရပ်အမောင်းကလည်း ကိုကျော်စိုးက မင်းမင်းထက် ပိုကြီး ပိုကွာပေမယ့် ကိုကျော်စိုးက အဆီလုံးဝမရှိ။ ဟိုဟာကတော့ ကြီးတာချင်းတူပေမယ့် ကိုကျော်စိုးက ပိုရှည် ပိုကြီး…. အင်း…. ရှက်လိုက်ထှာ။ သူ့ညီနဲ့ ဖြစ်နေတာ သူ့အစ်ကိုကို ငါက စိတ်ဝင်စားနေတယ်။
“ညီလေး… ဘာတွေ စဉ်းစားနတာလဲ…။ လည်ပင်း နာနေသေးလို့လား…”
“ဟုတ်…. အား… မဟုတ်ပါဘူး။ အစ်ကိုတို့ ညီအစ်ကိုက ရုပ်သိပ်မတူတော့…. ကျွန်တော်က မထင်လို့ပါ။”
ကျွန်တော် ရှက်လည်းရှက် အံ့သြလည်း အံ့သြမိလေသည်။ မျက်နှာတွေထူပူနေမိသည်။ ကိုကျော်စိုးကတော့ ကျွန်တော် သူ့ညီမင်းမင်းနဲ့ ရန်ဖြစ်တာပဲ မြင်တာနေမှာပါ။ ဟိုအကြောင်းတွေတော့ မသိလောက်ပါဘူးလို့ စိတ်ကိုဖြေလိုက်သည်။
ကိုကျော်စိုးက ကျွန်တော့်အား ဆွဲထူကာ ကလေးတစ်ယောက်လို ကြင်နာယုယစွာဖြင့် ပွတ်သပ်ပြီး သေချာ ကြည့်ကာ မေးမြန်းနေသည်။
နည်းနည်းတော့ ကျွန်တော် ကြည့်နူးမိသည်။ အားတတ်မိသည်။ ကျွန်တော်သူ့ကို ပြန်ကြည့်မိတော့ သူကလည်း ကျွန်တော့်ကို ပြန်ကြည့်တာ နှင့် မျက်ဝန်းချင်းဆုံသွားလေတော့သည်။
ကျွန်တော်လည်း ရင်တွေခုန် ရှက်လည်း ရှက်သွားက ခေါင်းငုံ့လိုက်မိသည်။

---------------------------------------------------------------------------------

အပိုင်း(22)  အား ဆက်လက်ဖော်ပြပါမည်။

ချစ်ဦးကို

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...