Sunday, July 6, 2014

ဟာသအိမ်ကလေး.... Episode 8

ရပ်ကွက်ထဲက လက်ဘက်ရည်ဆိုင်လည်း သီ့ကို မျက်စိနောက်လောက်ပြီ ထင်သည် ။ သီ ရောက်နေသည်က မိုးယုယ တို့ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်ဖြစ်သည် ။ ကောင်မ နှစ်ကောင်ကလည်း အခုထိ ရောက်မလာသေး ။ သီ့မှာ လက်ဖက်ရည်ဆိုင်ထိပ် ထွက်မျှော်လိုက် ၊ ပြန်ထိုင်လိုက် ၊ ဖုန်းခေါ်တော့လည်း ကောင်မတွေက ဖုန်းမကိုင်နှင့် စိတ်တွေ ဂယောက်ဂယက် ဖြစ်နေမိသည် ။
 
စောင့်နေရင်းနှင့်မှ ကောင်မ နှစ်ယောက် တက်ကစီပေါ်မှ ကသုတ်ကရိုက် ဆင်းလာကြသည် ။ သီ ထိုင်နေသည်ကို တွေ့တော့မှ ဆိုင်ထဲကို ဆပ်ပြာသည် လင်ပျောက်သလို ရှပ်ပြာရှပ်ပြာနှင့် ပြေးဝင်လာကြသည် ။
 
ဝင်လာတော့မှ သူတို့ရုပ်တွေကို ကြည့်ပြီး သီ တစ်ယောက် တော်တော်လေး လန့်ဖျတ်သွားမိသည် ။
 
ဟယ် … တရဲ … တရဲမတွေ … ကလူ ကလူ … လုပ်ကြပါဦး …
 
ဟဲ့ … မိသီ … နင်ဆိုတာလည်း … အုပ်ထိန်းပါဦးဟဲ့ … အိန်ဒရေလေး ဘာလေးလည်း ထိန်းလိုက်ပါဦး …
 
သီ လန့်လည်း လန့်ချင်စရာ ဖြစ်သည် ။ ကောင်မတွေက အီမို စတိုင်တွေ လုပ်လာကြသည် ။ ဆံပင်တခြမ်းစောင်းနှင့် ၊ အပေါ်အောက် အမည်းနှင့် ၊ လက်သည်းတွေကိုပါ အမည်းတွေ ဆိုးထားလိုက်သေးသည် ။
 
နင်တို့ကိုယ် နင်တို့လည်း ပြန်ကြည့်ပါဦး … ဘာကြီးတွေလည်း … ငါလန့်လို့ သေတော့မယ် …
 
ဟဲ့ … ကောင်မ … နင်ပဲ ပြောတော့ ရုပ်ဖျက်လာဆို … ငါတို့မှာ ခက်ခက်ခဲခဲ ဖျက်လာရတာ …
 
မိသန့်က ပြောတော့ မိမြတ်ကလည်း ထောက်ခံသည် ။
 
ဟုတ်တယ် … ဒါတောင် သည်ကောင်မ မိသန့်ပေါ့ … လက်သည်းအမည်း ပေါ်မှာ လက်သည်းနီနဲ့ လက်သည်းပန်းချီ ဆွဲချင်တယ် လုပ်နေလို့ ငါ မနည်း တားလိုက်ရတယ် …
 
အမလေး … သက်သက်ကြီးပါ မိမြတ်ရယ် … ဟွန်း …
 
ကဲပါ … ကမတွေ … လင်လုနေကြတာ ကျနေတာပဲ … ငါပြောတဲ့ ရုပ်ဖျက်ဆိုတာက ငါ့လိုမျိုး ကျားကျားယားယား rapper စတိုင်တွေ ဘာတွေ ဖျက်လာခိုင်းတာလေ … နင်တို့တွေ ကို ငါ အခြောက်လို ရုပ်ဖျက်လာပါလို့ ပြောမိလို့လား …
 
ဘာ … ဘာပြောလိုက်တယ် … မိသီ … နင် နောက်တစ်ခါ ပြောလိုက်စမ်းဘာ …
 
အေး … ဟုတ်တယ် … မိသီ … ငါက နင့်ရဲ့ ကျားကျားကို ယားယားဖြစ်ပြီး နင် ယားချင်နေတဲ့ ဇာတ်ထုပ်ထဲမှာ ၀င်က ပေးနေရတာဘာ … ကျေးဇူးမသိတတ်တဲ့ ကမ …
 
အမလေးဟယ် … နင်တို့ကလည်း အချင်းချင်း စတာကို … ပြန်ဝုန်းမယ် ဆိုတာချည်းပဲ …
 
ထိုအချိန်တွင်ပင် ဆိုင်ထဲသို့ ပန့်ခ် ကောင်လေး တစ်အုပ် ၀င်လာသည် ။ ငါးယောက်ဖြစ်ပြီး ငါးယောက်လုံးက ချောချော စင်စင်လေးတွေ ဖြစ်နေသည် ။ ကောင်မ နှစ်ယောက်က အီမို စတိုင်တွေ ဆိုတော့ သူတို့ အဖွဲ့က တစ်ချို့က မိသီတို့ ၀ိုင်းကို လှမ်းရှိုးသည် ။
 
ကောင်မနှစ်ကောင်လည်း ထိုတစ်အုပ်ကို ပြန်ကြည့်ပြီး ပီတိတွေ ဖြာနေလေသည် ။ သီတို့ အုပ်စု နည်းနည်းလေး ပွင့်သွားသည် ထင်သည် ။ ဒါကတော့ မိသန့်က သူ့အိတ်ထဲက ဘီးကုပ်ကို ယူကာ ဆံပင်တွင် တပ်လိုက်သောကြောင့် ဖြစ်သည် ။
 
သူတို့ အဖွဲ့ထဲက ဆံပင်ရှည်နှင့် တစ်ယောက်က ဘီးကုပ်အမည်းကို ဆံပင် နောက်လှန်ကာ တပ်ထားသည်ကို မိသန့်က အားကျပြီး သူ့ ပန်းရောင် ဘီးကုပ်ကို နွှဲချပြီး တပ်လိုက်သောကြောင့် ဖြစ်သည် ။ အဖွဲ့ထဲက ကောင်လေး တစ်ယောက်က အော်သွားသည် ။
 
အာ … အခြောက်ကြီးတွေပါကွာ …
 
ဒါကို မိမြတ်က ကြားလိုက်တော့ ယောက်ျားသံကြီးနှင့် သူတို့ ကြားအောင် အော်ပစ်လိုက်သည် ။
 
ခြောက်မခြောက် သိချင်ရင် မင်းတို့ညီမတွေ အိမ်ကို လွှတ်လိုက်လေ …
 
မိသန့်က မိမြတ်အနားကို ကပ်ပြီး တိုးတိုးလေး မေးလိုက်သည် ။
 
ဟဲ့ … ဘာလဲ … နင်က သူတို့ ညီမတွေကို မိတ်ကပ်ပြင်ပေးမလို့လား …
 
ကျေနပ်တယ်ဟဲ့ … ဆံထုံးပါ ထုံးပေးလိုက်မှာ …
 
ဟဲ့ ကောင်မ … ရိုက်လိုက်ပါဦး …
 
ဖျက် … ဖျက် … ဘလပ် …
 
အေးလေ … သူ့ညီမတွေ တစ်ကိုယ်လုံး ချွတ်ပြီး တက်ထိုင်ရင်တောင် ငါက မထော်ကောင်ဘူး ဟဲ့ … သိလား …
 
အေးလေ … ဘယ် ထော်ကောင် မလဲ … နင်က အစောကြီးထဲက ပန်းသေနေတာကိုး …
 
သေ မသေ သိချင်ရင် နင်လာစမ်းကြည့်လေ …
 
ချစ်ကြည်ရေး ညီအစ်မ နှစ်ယောက် အခုပဲ လက်ဝါးချင်း ရိုက်နေကြသေးသည် ။ အခုပဲ ချက်ချင်းကြီး ထပြီး ရန်ဖြစ်နေကြသည် ။ သူတို့နှစ်ယောက်ကို ကြည့်ပြီး သီတစ်ယောက် စိတ်ညစ်သွားသည် ။ သူတို့ ရန်ဖြစ်နေတာနဲ့ပဲ သည်နေ့ စုံစမ်းဖို့ လာတဲ့ ကိစ်စက ပြီးဦးတော့မှာပါပဲ … ။
 
နေမင်းထိုက်တစ်ယောက် ဦးမြတ်သူရ အရှေ့တွင် မျက်နှာလေး ငယ်ပြီး ထိုင်နေရရှာသည် ။ အလုပ်ရှင်က ခေါ်သည်ဆိုသောကြောင့်သာ ရုံးခန်းထဲ ရောက်လာရသည် ။ ဘာကြောင့် ခေါ်မှန်း မသိရ ။
 
ဦးမြတ်သူရက စကားမပြောဘဲ သူ့အရှေ့တွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေလေသည် ။ ဒါကို ကြည့်ပြီး နေမင်းထိုက် ခေါင်းတွေ မူးလာသည် ။ ဦးမြတ်သူရကို မကြည့်တောဘဲ အပြင်က သစ်ရွက်လေး ကြွေကျသည်ကို ကြည့်နေမိသည် ။ သစ်ရွက်လေးက လေကြောင့် လိမ့်ပြီး ကြွေကျလာသည် ။ ဒါကို နေမင်းထိုက်က လိုက်မှတ်နေမိသည် ။
 
မှောက်ခုံ … အတည့် … မှောက်ခုံ … အတည့် …
 
ဒါနဲ့ မင်း သည်ကိစ်စကို ဘယ်လို ခံစားရလဲ နေမင်းထိုက် …
 
မှောက်ခုံကြီး ခံစားရပါတယ် … အဲလေ … ဟုတ်ပါဘူး … ဦး … တစ်ခေါက် ပြန်ပြောပေးပါလားဟင် … သား သေသေချာချာ မကြားရလို့ …
 
အမလေး … သူ့ကိုယ်သူများ သားတဲ့ … ငါ သည်မှာ ရှင်းရှင်းပဲ ပြောမယ် …
 
ရှင်းရှင်း သည်နေ့ ခွင့်ယူထားတယ်ဆိုပြီးတော့လည်း ဟာသကားတွေ ထဲကလို နေမင်းထိုက် လိုက်မပြောဖြစ် ။ ဟိုဟာက ဟာသကားလေ ။ ကိုယ်က တကယ် သွားလုပ်လိုက်ရင် အလုပ်ဖြုတ်ခံရမှာပေါ့ ။
 
ဟုတ်ကဲ့ပါ … ဦး …
 
သည်မှာ … သည်မှာ … ငါ့ကို ဦးလို့ ခေါ်တာကို ငါ စိတ်အဆိုးဆုံးပဲ … သည်နေ့က စပြီး ငါ့ကို အစ်ကိုကြီးလို့ ပြောင်းခေါ်ရမယ် … ကြားလား …
 
ဟုတ်ကဲ့ … ဦး … အဲ … အစ်ကိုကြီး … ပြောပါခင်ဗျ … စကားက သည်နားမှာ လည်နေသလိုပဲ …
 
အေး … ဟုတ်တယ် … မင်း အခု ငါ့သားနဲ့ ကြိုက်နေတယ်လို့ ကြားတယ် … အဲ့ဒါ အမှန်ပဲလား …
 
ဟာ … အစ်ကိုကြီးကလည်း … ကောလဟာသတွေပါ … တကယ်ကြိုက်စရာလားလို့ …
 
သေချာတယ်နော် … ငါ့ကို မလိမ်နဲ့နော် … ဒါဆို သည်ကောလဟာလကို ဘယ်သူ ဖြန့်တာလဲ …
 
ကျွန်တော် … အဲလေ … ကျွန်တော် ဖြန့်တာ မဟုတ်ပါဘူးလို့ … အစ်ကိုကြီး … ဒါနဲ့ ကျွန်တော် မေးပါဦးမယ် … အစ်ကိုကြီး ဘေးက လက်ဆွဲအိတ်ထဲမှာ ဘာတွေလဲဟင် … ပိုက်ဆံတွေလား …
 
ဘာပဲဖြစ်ဖြစ် မင်းက ဘာလုပ်မလို့လဲ …
 
သြော် … ရုပ်ရှင်တွေထဲကလို … ငါ့သားနဲ့ မပတ်သက်ပါနဲ့ … ရော့သည်မှာ သိန်းတစ်ရာဆိုပြီးတော့များ ပေးမလို့လားလို့ … ဟီးဟီး …
 
ပေးစရာလား … ဒါ ပေါင်မုန့်ဖုတ်စားမလို့ … ဂျုံအိတ်ကြီး … ဒါနဲ့ တစ်လက်စတည်း မင်းကိုလည်း သတိပေးလိုက်မယ် … ငါ့သားနဲ့ ကြိုက်လို့ကတော့ မင်း အလုပ်ကနေ အော်တို ပြုတ်ပြီသာမှတ် … ကြားလား …
 
ဟုတ် … ဟုတ်ကဲ့ပါ ဆရာ … ကြားပါတယ် …
 
အခန်းထဲက ထွက်လာတော့မှ နေမင်းထိုက် ဦးမြတ်သူရကို ကျိန်ဆဲပေးလိုက်သည် ။ ဟွန်း … ။ ရုပ်ရှင်တွေထဲက ခင်အေးဟန်ကြီး ကျနေတာပဲ … ငါ့သားနဲ့ နင်နဲ့ တူလို့လား … တန်လို့လားလို့ မပြောရုံတမယ်ပဲ … ။ ငါကတော့ ဆင်းရဲတဲ့ ဇာတ်ရုပ်လေးပေါ့ … အိမ်ဖေါ်မလေး ကျင်ကျင်ပေါ့ကွယ် … ။ ကွိကွိ … ။ တွေးရင်းနှင့် နေမင်းထိုက် ကျေနပ်သွားလေသည် ။
 
ဟွန်း … အရမ်းမုန်းတယ် … ကိုကို့အဖေကို အရမ်းမုန်းတယ် …
 
နေမင်းထိုက် အိုဗာတင်းတွေ ဖျော်ပြနေသောကြောင့် မင်းမြတ်က ပြာပြာသလဲ လိုက်ချော့နေရသည် ။
 
ဟာ … မငိုနဲ့လေ … အလှတွေ ပျက်ကုန်မယ် …
 
တကယ်တော့ နေမင်းထိုက် ငိုချင်သောကြောင့် မဟုတ် ။ ဟန်ဆောင်ပြီး အကယ်ဒမီတွေ ယူနေခြင်း ဖြစ်လေသည် ။ ကိုကိုမင်းမြတ်ကတော့ နေမင်းထိုက်ကို စိတ်ပူသောကြောင့် တစ်နေ့လုံး လိုက်ချော့နေရသည် ။
 
ကိုကိုရယ် … ညီ့ကို မိတ်လိုက်ပါ … အဲလေ … မေ့လိုက်ပါတော့နော် … ညီတို့ နှစ်ယောက်ရဲ့ ဘ၀ဟာ … မြေကြီးနဲ့ မိုးသား … ဘ၀တို့ ခြားနားကြ …
 
စိတ်ကူးထားသမျှ … နင်မေ့ပစ်လိုက်ပါ … အဲလေ … ငါလည်း ယောင်ကုန်ပါပြီ …
 
ပြောပြီး မင်းမြတ်လည်း စိတ်ကောက်ရာတွင် စိတ်ရှည်လက်ရှည်ကောက်တတ်သော ကောင်လေး အနောက်ကို လိုက်ပြီး ချော့ရပြန်လေသည် ။ ချော့ပြန်လျှင်လည်း မူ ဦးမည် ။ ဒါကို ကြည့်မရလို့ မချော့ဘဲ ထားကြည့်ပါက မိုးမီးပင် လောင်သွားနိုင်သည် ။ မင်းမြတ်ရေ … ချစ်သူ ထားချင်တော့လည်း ခံပေါ့ကွာ ။ ကိုယ့်ဘာသာကိုယ်သာ တိုးတိုးလေး ပြောနေမိတော့သည် ။
 
ကိုကို … ညီ့ကို ကတိတစ်ခု ပေးရမယ် …
 
ဘာကတိလဲ … ပြောလေ …
 
ကိုကို့ဖေဖေနဲ့ မေမေက သဘောမတူရင်လည်း ညီ့ကို ဆက်ချစ်ပါ့မယ်လို့ …
 
အေးပါကွာ … ပေးပါတယ် … ပေးပါတယ် …
 
မင်းမြတ် တစ်ယောက် နေမင်းထိုက်ကို ကတိတွေ အထပ်ထပ် ပေးရင်းမှ လက်သန်းချင်း ချိတ်လိုက်မိသည် ။ လက်သန်းချင်း ချိတ်ချိန်တွင် ဘေးနာက ဖြတ်သွားသော အဆင်လေး တစ်ယောက်ကို ကြည့်ပြီး ငမ်းလိုက်မိသည် ။ ဒါကို မြင်သွားသော နေမင်းထိုက်က မင်းမြတ် လက်သန်းကို တအားညှစ်လိုက်သောကြောင့် မင်းမြတ်တစ်ယောက် နာကျင်သော ဒဏ်ကို ကျိတ်မှိတ်ခံပြီး ချစ်သူကို ပြုံးပြလိုက်ရလေသည် ။ သြော် … ငမ်းချင်ဦးဟဲ့ … မင်းမြတ် ။
 
သီ ဆိုင်တွင် ထိုင်ကာ လမ်းသွား လမ်းလာ မှန်သမျှကို ငေးကြည့်နေမိသည် ။ ကောင်မ နှစ်ကောင်ကတော့ ဖြတ်လျှောက်သမျှ အလန်းလေးတွေကို ငေးကြည့်နေမိသည် ။
 
ဟာ … သားကြီးရာ … ဟိုစော် လန်းလိုက်တာ …
 
ဟေ့ကောင် … မင်းက ကြိုက်လို့လားကွ …
 
သီက မေးတော့ မိမြတ်က တိုးတိုးလေး ပြန်ဖြေသည် ။
 
အမလေး … ကြိုက်စရာလား … ထမင်း ထမင်းချင်း စားတော့ ဘာ အရသာ ရှိမှာလဲဟဲ့ … ငါလည်း သူ့လို ဖြစ်ချင်လို့ … သူ့ကို အားကျလို့ပါဟယ် …
 
တိတ်စမ်း … လင်ကြီး ငုတ်တုတ်နဲ့ … နင်တို့ ဆိုတာလည်း …
 
သြော် … ငါ့လင်က ဆီပြန်ဟင်းကြီးလေ … အဓိက ဟင်းကြီးလေ … တစ်ခါတစ်လေ ဆီပြန်ဟင်း စားလို့ အီသွားတော့လည်း ငပိရည်လေး ဘာလေး ပြောင်းစား ချင်တာပေါ့ဟယ် … ငါ့လင်ကို ငါက သိပ်ချစ်တာလေ … သိပ်ချစ်လို့လည်း ကွမ်ရင်မယ်တော် ဆီမှာတောင် သွားပြီး တိုင်တည်ထားတာ … သိတယ် မဟုတ်လား … ကွမ်ရင်ဆီ သွားတာ တကယ်ချစ်မှ သွားရတာလေ …
 
မိမြတ်က သူ့လင်ကို သိပ်ချစ်ပြနေတော့ မိသန့်က မနေနိုင်တော့ဘဲ အမြင်ကတ်ကတ်နှင့် ၀င်ပြောလေသည် ။
 
အမလေး … နင်ဆိုတာလည်း … ကွမ်ရင်ကတောင် ငါ့ကို ပြောတယ် … သည်ကောင် တစ်ခါလာရင် လူတစ်ယောက်နဲ့တဲ့ … ငါ ကြည့်ရင်း မူးလာတယ် ပြောလို့ ကွမ်ရင်ကိုတောင် အမူးပြေအောင် ယပ်ခတ်ပေးခဲ့ရတယ် …
 
ဟဲ့ … သည်တစ်ယောက်က အတည်ဟဲ့ …
 
အမလေး … အရင်လူတွေနဲ့ အစတုန်းကလည်း နင် အဲ့လို ပြောတာပါပဲ …
 
ဟေ့ကောင်တွေ … ရှူးရှူး … တိုးတိုးနေဦး … ဟိုမှာ ကြည့်စမ်း … အဲ့ဒါ … အဲ့ဒါ မိုးယုယ မဟုတ်လား …
 
သီပြလိုက်တော့ ကောင်မနှစ်ကောင် ဟယ်ဟုသာ အော်နိုင်ကြတော့သည် ။ မိုးယုယက ယောက်ျားလို ၀တ်ထားပြီး ဂျင်းဘောင်းဘီကြီးနှင့် ဖြစ်သည် ။ သူ့ဘေးတွင်တော့ ကောင်မလေး ချောချောလေး တစ်ယောက် ။ သီ ကြည့်ပြီး ခေါင်းတွေတောင် မူးသွားတော့သည် ။
 
ကောင်မတွေ … ငါ့ကို အဘရဲ့ ထ နေတဲ့ ဆေး ပေးစမ်းပါဟယ် … ငါ မူးလွန်းလို့ပါ …
 
ဆိုင်ရှင်ဦးလေးကြီးကို သွားမေးတော့ ဦးလေးကြီးက တိုးတိုးတိတ်တိတ် ပြောပြသည် ။
 
မိုးယုယက ယောက်ျားလျာလေ … သည်ရပ်ကွက်မှာ လူတိုင်း သိတယ် … ညီလေးတို့ကိုတောင် အစ်ကိုက ဆေးကျောင်းက မဟုတ်ဘူး ဆိုလို့ ပြောပြတာ …
 
ဆေးကျောင်းက လူဆို ဘာဖြစ်လို့လဲဟင် …
 
သူ မပြောခိုင်းထားဘူးလေ … သူ့ဘဲ ကျောင်းမှာ ရှိလို့ ဆိုလား … လူမသိအောင် ဆိုလားပဲ …
 
သီ ဒါတွေကို နားထောင်ပြီး တော်တော်လေး စိတ်ညစ်သွားသည် ။ သြော် … ။ ပြည့်ဦးရယ် ။ ငါ မင်းဘ၀ကို သနားလိုက်တာကွာ ။ မင်းစော်က မင်းကို Cover Boy ထားနေတာဟ ။ အဲ့ဒါပေါ့ ။ ဂေးတွေ ယောက်ျားယောင် ဆောင်ပြီး မိန်းကလေးတွေကို Cover Girl ထားခဲ့တာလေ ။ အခုတော့ သူတို့ ပြန်ဝဋ်လည်နေပြီပေါ့ ။ 
 
အခုရော … သူက ယောက်ျားလျာ ဖြစ်တုန်းပဲလားဟင် …
 
အင်းလေ … ကျောင်းသွားချိန် တစ်ချိန်ပဲ သူ မိန်းကလေးလို ၀တ်တာ မြင်ဖူးတယ် … ကျန်တဲ့ အချိန်တွေ ကြည့်လိုက်ကွ … လုံးဝ ဖိုက်တာကြီးပဲ … အခုလည်း ရပ်ကွက်ထဲက ကောင်မလေး တစ်ယောက်နဲ့ တွဲနေတယ် လေ …
 
သီ သူ့ကို ကြည့်နေသည်ကို သိသွားသည် ထင်သည် ။ မိုးယုယက သီ တို့ ဘက်ကို မိုက်ကြည့် ကြည့်လေသည် ။ သီလည်း သူ့ကို ရိပ်မိသွားမည် စိုးသောကြောင့် ချက်ချင်းကို ခေါင်းကို ငုံ့ကာ ဦးထုပ်ကြီးနှင့် ကွယ်ထား လိုက်ရလေသည် ။

By Dr. Min Khant

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...