Monday, July 7, 2014

ဟာသအိမ်ကလေး... Episode 12

ဟဲ့ ဟိုမှာတွေ့လား နင့်ပြည့်ဦးရဲ့ စော်က ဟိုဖြူပွင့်လွှာဆိုတဲ့ အစစ်မကို မုန့်လုံးကြီးတွေရောင်းနေတာ ... သည်လောက် အတင်းလုံးနေတာတော့ မကောင်းပါဘူးဟယ် ...

 
မိမြတ်က ဟောင်ဖွာဟောင်ဖွာလုပ်ပြီး သီထိုင်နေသော အနားကို လာပြောသောကြောင့် သီလှည့်ကြည့်မိလိုက်သည် ။ ဟုတ်ပါရဲ့ ။ ဘောပြားမက ရဲတင်းလိုက်တာ ပေါက်ဆိန်လိုက်တာ ဆိုသည့်အမျိုး ။ ဘာတွေလိုက်ပြောနေမှန်းမသိ ။ ဖြူပွင့်လွှာဆိုသော ကောင်မလေး တော်တော် စိတ်ညစ်နေပုံပေါ်နေသည် ။

 
ဟဲ့ ... ငါတကယ် မသိလို့ပါဟယ် ... သူတို့ အပြားအပြားချင်းကို ဘယ်လိုများ သာယာကြလဲလို့... သူတို့ ဘဝက အပြားနှစ်ချပ်ထပ်ထားတဲ့ နံပြားထောပတ်သုတ်တွေကြနေတာပဲနော် ...

 
မိသန့်ကပြောတော့ မိမြတ်က ဝင်နှောက်ကာ ဖြေပေးလိုက်သည် ။ 
ဟဲ့ ... သူတို့ ဘယ်လို သာယာသာယာပေါ့ ... နင်တို့အတွဲတောင် ညီအစ်မချင်း သာယာကြသေးတာပဲကို ...

 
အမလေး ... စဉ်းစားလေ မိမြတ်ရယ် ညည်းတို့စုံတွဲလို ငတို့က ကျောက်ဆည်ဆင်ကတာ မဟုတ်ဘူး ...

 
ငါတို့က ကျောက်ဆည်ဆင်ကရအောင် နင်တို့အတွဲလို အနွှဲဆင်အတွဲမှ မဟုတ်တာ ...

 
အမလေးလေး ... ဒါဖြင့်ရင် နင့်လင်နဲ့ငါ့လင် ဘယ်သူပိုကြီးလဲ ပြိုင်မလား ...

 
ဟဲ့ကောင်မ... နင်နော် မိသန့်... နင်နော် ... အယုတ္တ အနတ္တတွေ လာမပြောနဲ့...

 
အမလေး ... ငါကအလုံးအဖန်ကြီးတာကို ပြောတာပါဟယ် ... နင်လိုရာပဲ နင်ဆွဲတွေးနေ သိလား ...

 
အမလေး ... အဲ့သည့်အလုံးရော အဖန်ရော နင်ပဲငုံ သိလား ...

 
သီ စိတ်ညစ်လာသည် ။ ဟုတ်တယ်လေ ။ ပြည့်ဦးကြောင့် သီ အသည်းကွဲနေပါတယ်ဆိုမှ ကောင်မ နှစ်ကောင်က ဘေးမှာ လင်ချင်းပြိုင်ပွဲ လုပ်နေကြသေးသည် ။ သီ စိတ်ပေါက်ပေါက်နှင့် သူတို့ အသံကို လွှမ်းသွားအောင် သီချင်း အော်ဆိုပစ်လိုက်သည် ။

 
မိန်းကလေးတစ်ယောက် အသဲကွဲနေတယ် ... စာနာသူ ရှိနိုင်ရင် နားလည်လိမ့်မယ် ...

 
သီ အသံဗြဲကြီးနှင့် အော်တော့မှ ကောင်မနှစ်ကောင် သီ ဆိုနေသည်ကိုကြည့်ပြီး တိတ်သွားကြသည် ။ ဒါနဲ့တောင် မရပ်သေးရင် ပါဖောင်းမန့်တွေပါ လုပ်ပြဖို့ သီ စိတ်ကူးပြီးသား ဖြစ်သည် ။

 
***************************

 
ကိုရယ် ... ရှာလိုက်ရတာ ... ကိုက ဒီရောက်နေတာကိုး ...

 
ဟဲ့ ပလုတ်တုတ် ...

 
တစ်ယောက်တည်း ခံစားနေလို့မှ မဆုံးသေး ၊ လက်ကို လာကိုင်လိုက်သည်ကို ခံစားလိုက်ရသောကြောင့် သီ ကြောင်သွားမိသည် ။ ဖြူပွင့်လွှာမ ။ ထင်တော့ ထင်ပါရဲ့ ၊ လက်တွေက သီကိုင်နေကြလက်တွေနဲ့ မတူပါဘူးလို့ ။ အမလေး ၊ ဟိုဘောပြားမဆီက ရဲတင်းဓာတ်တွေ ပေါက်ဆိန်ဓာတ်တွေ ကူးလာလားမသိ ။ လက်ကို အတင်းကြီး လာကိုင်နေတော့သည် ။

 
ဟာ ... နင် ဘာလာကိုင် လုပ်တာလဲ ... ငါ အော်လိုက်မှာနော် ... အခုလွှတ် ...

 
သီ အလန့်တကြားပြောပြီးမှ ပြန်စဉ်းစားမိသည် ။ သီအော်တော့ရော ဘာလုပ်လို့ရမှာမို့လဲ ။ ဥပေါ်ကျောက်ပြင်ကျလည်းဥပဲကွဲ ၊ ကျောက်ပြင်ပေါ် ဥ ကျလည်း ဥပဲကွဲတာလေ ။ အို ... ဒါပေ သီတို့က ဥ အစစ်မှ မဟုတ်တာ ... လေဥတွေလေ ။

 
ရှူး ... တိုးတိုးနေပါ မြတ်သီဟရယ် ... ဟိုမှာ မိုးယုယ ငါ့ကို နှောင့်ယှက်နေလို့ဟ...

 
အဲဒါ ငါနဲ့ ဘာဆိုင်တုန်း ... နင့်ဘာသာ နန်းဆုရတီစိုးလိုမျိုး ကျွန်မနောက်က မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်ဆိုပြီး လုပ်လိုက်ပါလား ...

 
ဟိုကောင်မနှစ်ကောင်ကိုလည်း သီ ကျိန်ဆဲမိသည် ။ အိမ်သာ သွားတက်မည်ဆိုပြီး ထွက်သွားတာ ကြာလှပြီ ။ ကြာမှာပေါ့ ။ ပထမနှစ်ကပဲကို ပထမနှစ်ကျောင်းသားတွေအတွက်ထားတဲ့ အိမ်သာမှာ တက်ရောပေါ့ ၊ ခုတော့ အဲ့လို မဟုတ် ။ ဒုတိယနှစ်ကျောင်းသားအိမ်သာမှာတက်လိုက် ၊ တတိယနှစ် ကျောင်းသား အိမ်သာမှာတက်လိုက်နှင့် အိမ်သာပေါင်းစုံ လှည့်လည် လေ့လာရေးတွေ လုပ်နေကြသည် ။

 
မရလို့ပါဟာ ... ငါ့လက်လေးကိုင်ထားပြီး ခဏလောက် ချစ်သူလို ဟန်ဆောင်ပေးပါနော် ... ဟိုမှာ မိုးယုယ ငါတို့နား နီးလာပြီ ... ကူညီပေးပါဟာ ... နော် ...

 
သက်သက်ကြီးပါဟယ်ဟု စိတ်ထဲက ညည်းလိုက်မိသည် ။ နောက်ဆုံးတော့ တစ်တန်းသားတည်းချင်းလည်းဖြစ်ပြန် ၊ မိန်းမသားချင်း စာနာစိတ်လည်း ဖြစ်မိသည်မို့ သီတစ်ယောက် ခေတ္တခဏ ပြန်ကျားသော ခေတ္တကျားဘဝကို ခံယူလိုက်ရလေသည် ။

 
************************

 
မိုးယုယ မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်စိနှစ်လုံးပင် ပြူးချင်ချင် ဖြစ်သွားမိသည် ။ ဘာတွေဖြစ်ကုန်တာပါလိမ့် ။ တစ်ကမ္ဘာလုံးက အခြောက်တွေ ပြန်ကျားသွားရင်တောင် ခြောက်မြဲခြောက်လျက် ကျန်ခဲ့မည်ဟု မိုးယုယ ယုံကြည်ထားသော ကမ္ဘာလုံးခြောက်မ သုံးယောက်တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သော မြတ်သီဟက သူမချစ်ရတဲ့ ဖြူပွင့်လွှာကို လက်ကိုင်လို့ ။

 
ကိုရယ် ... သည်နေ့ပဲ ဖြူ ကို့ကို အဖြေပေးလိုက်ပါတော့မယ် ...

 
ကိုယ်ဝန်ရှိမရှိ ဆီးစစ်ထားတဲ့အဖြေလား ဗိုင်းတာမရဲ့ ဟု သီ စိတ်ထဲက တိုးတိုးလေးပြောလိုက်မိသည် ။ ဟုတ်တယ်လေ ၊ မိန်းမက နည်းနည်းလေး မျက်နှာသာပေးလိုက်တာနဲ့ လက်ကို မတရား လာပွတ်နေတာ ။ ကျောက်ခဲသာဆို မီးပွင့်နေလောက်ပြီ ။
 
ဖြူလည်းလေ... ကို့ကို ...

 
ဟဲ့ ... တော်တော့ ဟိုမှာ နင့်ချစ်ချစ်ကြီးက ကျော်သွားပြီ ... အိုဗာတင်းတွေ သိပ်မဖျော်နဲ့တော့ ...

 
မိုးယုယ ထွက်သာသွားရသည် ။ စိတ်ကတော့ သိပ်မကျေနပ်ချင် ။ နေနှင့်ဦးပေါ့ဟု တေးထားရသည် ။ ထင်းခွေ မကြုံရင် ရေခပ်တော့ ကြုံမှာပေါ့ ။ ရေခပ်ကြုံတော့မှပဲ ရေနှစ်ပစ်လိုက်တော့မည်ဟု မကျေမနပ်ကြုံးဝါးရင်း မိုးယုယ ပြည့်ဦးထိုင်နေသောဆီသို့ ဇွတ်ကနွဲ့ကလျလုပ်ကာ လျှောက်သွားရလေတော့သည် ။

 
***********************************

 
ဟဲ့ မိသီ ... နင်မြန်မာ ဗီဒီယို ဇာတ်ကားတွေထဲကလို ဇွတ် ပြန်ကျားသွားလို့ မဖြစ်ဘူးနော် ...

 
အေး ဟုတ်တယ် ... ငါတို့လုံးဝ လက်မခံနိုင်ဘူး ... အခုနင်နဲ့ ဖြူပွင့်လွှာနဲ့ ချစ်သူတွေပါဆိုပြီး ကောလဟာလတွေ ထွက်နေပြီ ...

 
ဟယ် ... ဘယ်လို ... ငါတော့ ဈေးပေါင်ကျိုးပြီပေါ့ ... ဂွမ်းပြီပေါ့နော် ... မိမြတ်နဲ့ မိသန့်ရယ် ...

 
ဂွမ်းတာမှ နှစ်ထပ်ဂွမ်း သုံးထပ်ကွမ်းဂွမ်းတာဟေ့ ... အခြောက်မ တစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်နဲ့ ချစ်နေပါတယ်ဆိုပြီး စွပ်စွဲခံရတာ နင် လဲသေလို့ရနေပြီ ...

 
ဟုတ်တယ်ဟဲ့ ... နင် တရုတ်သိုင်းကားထဲက မင်းသမီးတွေလို ကိုယ့်လျှာကိုယ်ကိုက်ပြီး သတ်သေလိုက် ...

 
လျှာကိုက်ရုံနဲ့ သေပါ့မလား ဆေးကျောင်းသူမရယ် ... ကလီယိုပက်ထရာလို မဲမဲရှည်ရှည်ကြီး ကို နှိုက်ပြီး သတ်သေရမှာ ...

 
ဟဲ့မိသန့် မဲမဲရှည်ရှည်ဆိုတာ ဘာလဲဟင် ... ငါ နှိုက်ပါရစေ...

 
မြွေကိုပြောတာဟဲ့ တကတည်း မြွေနဲ့တောင် သာယာချင်နေသေးတယ် ....

 
သီ စိတ်ညစ်နေပါတယ်ဆိုမှ ကမနှစ်ကောင်က စကားတွတ်ထိုးကြပြန်ပြီ ။ သီ စိတ်ပေါက်ပေါက်နှင့် အော်လိုက်မိသည် ။

 
ငါ့ကို အကြံဉာဏ်ပေးကြပါဆို ... နင်တို့ဟာလေ... ပြောတော့ ကြယ်စင်ညီအစ်မတွေဆို ... ပြောဇမ်းပါဦး ...

 
ငါတို့က နောက်တာပါ မိသီရယ် ... ဒါ နင့်အတွက် ကောင်းဖို့ ဖြစ်လာတယ်သာ မှတ်လိုက် ... ဘယ်သူဘာပြောပြော မငြင်းဘဲသာနေလိုက် ...

 
ဟုတ်တယ် မိသီရဲ့ ... သူများတွေဆို တကူးတကတောင် ကာဗာတွေ ထားနေရတာ ... နင်က ရှာနေစရာတောင် မလိုဘူး ... အခြောက်ကတော်ဘွဲ့ ခံချင်တဲ့ ဟာက အရံသင့် စောင့်လို့...

 
အဲ့လိုလည်း မဟုတ်သေးပါဘူးကွာ ... ငါ့ကိုယ်ငါ ကာဗာလုပ်ဖို့အတွက် မိန်းကလေးတစ်ယောက်ရဲ့ အချစ်နဲ့ ဂုဏ်သိက္ခာကို အလွဲသုံးစား မလုပ်ရက်ပါဘူးကွာ ...

 
ဟယ်တော့ ...

 
ကလူကလူ ... မိသီ စထရိတ်ကြီး ဖြစ်သွားပါပြီတော့ ...

 
ကောင်မနှစ်ကောင်က ဝိုင်းနှောက်ကြသည် ။ မြတ်သီဟ ကိုယ့်ကိုယ်ကို သည်စကားတွေ ထွက်လာသည်ကို အံ့ဩသွားမိသည် ။ ကျုပ်များ ကျားသွားပြီလားဟု စိုးရိမ်တကြီးဖြစ်မိသည် ။ သေချာသွားအောင် ငါဟဲ့ အခြောက်ဟု အော်ပြီး ခြောက်စိတ် ပြန်မွေးနေရသေးသည် ။ ဒါပေ ကာဗာအတွက် မိန်းကလေးတစ်ယောက်ကို မြတ်သီဟ အသုံးချဖို့ စိတ်မကူးမိတာတော့ အမှန်ပင်ဖြစ်လေသည် ။

 
*********************************

 
ညီ ထွက်တော့မယ် အစ်ကို ...

 
မနက်စောစောကြီး နေမင်းထိုက် ပြောလာသော စကားကြောင့် မင်းမြတ် ကြောင်သွားမိသည် ။

 
စောစောစီးစီးကြီးညီရယ် ... မကောင်းပါဘူး ...

 
ဟင် ... ဘာတွေပြောနေတာလဲ ...

 
မသိဘူးလေ... ညီပဲ ထွက်တော့မယ်ဆို ...

 
ဟာ ... ညီပြောတာ ညီ အလုပ်ထွက်ရတော့မှာကိုပြောတာ ...

 
ဟင် ... ဘာဖြစ်လို့ ထွက်မှာလဲ ညီရာ ... ဟင့်အင်း ... အစ်ကိုခွင့်မပြုဘူး ...

 
မရတော့ဘူးအစ်ကို ... ညီတို့အိမ်က အတင်းအလုပ်ထွက်ခိုင်းနေပြီ ... အဖေ့ပွဲရုံကို ဦးစီးဖို့ပြောနေပြီ ...

 
ညီကလည်းကွာ ငြင်းလိုက်ရင် ရနေတာပဲကို ...

 
အခန်းထဲတွင် နေမင်းထိုက်တို့ စကားပြောနေစဉ် ကျွီကနဲ တံခါးပွင့်သံ ကြားလိုက်သဖြင့် လှမ်းကြည့်လိုက်တော့ စည်သူမ။ စကားပြောနေသည်ကို ခိုးနားထောင်ရင်း တံခါးကို အမှီလွန်သွားကာ အရှိန်နှင့် အခန်းထဲကို မလဲရုံတမယ် ဝင်လာမိခြင်းဖြစ်သည် ။

 
စည်သူ ... ဘာကိစ္စလဲ ...

 
မင်းမြတ် စိတ်ညစ်နေသောကြောင့် အသံခပ်မာမာ မေးလိုက်၍ စည်သူမ နည်းနည်း ရို့သွားပုံပေါ်သည် ။

 
ဟိုလေ... ထိုး ထိုးခိုင်းမလို့ပါ ကိုကိုမြတ် ...

 
ဘာထိုးခိုင်းမလို့လဲ ... လက်သီးနဲ့ ထိုးပေးရမှာလား မင်းဖင်ကို ထိုးပေးရမှာလား ...

 
ဟုတ်တယ်လေ ။ လက်မှတ်ထိုးခိုင်းဖို့ လာတာဆိုရင်လည်း လက်ထဲမှာ စာရွက်လေးဖြစ်ဖြစ် ပါမှပေါ့ ။ ခုဟာက ဘာမှမှ မပါဘဲကို ။

 
တို့ဖင်ကို ထိုးပေးရမှာပါ ... အဲလေ... မဟုတ်ပါဘူး ... စာရွက် ... စာရွက် ... အဲ ... စာရွက်က အပြင်မှာ ကျန်ခဲ့ပြီ ... သွားယူလိုက်ဦးမယ်နော် ...

 
ခဏနေတော့ စည်သူမ စာရွက်တစ်ထပ်ကိုင်ပြီး ပြန်ဝင်လာသည် ။ နေမင်းထိုက် အဲ့ကောင်မကို အမြင်ကပ်ကပ်နှင့် ပြောထည့်ပစ်လိုက်သည် ။

 
ညီလည်း အလုပ်မထွက်ချင်ပါဘူး အစ်ကိုရယ် ... အတွင်းရေးမှူး ဗီလိန်မတွေ ဘာတွေ ရှိနေတာကို သူတို့တွေနဲ့ ထားခဲ့ရမှာ ညီ စိတ်မချပါဘူး ...

 
စည်သူက နေမင်းထိုက်ကို မျက်စောင်း အကိတ်ကြီး ထိုးသွားသေးသည် ။ သို့သော် ကိုမင်းမြတ် စိတ်ညစ်နေမှန်း သိသောကြောင့် ဘာမှတော့ပြန်မပြောရဲ ။ သည်အတိုင်းထွက်လာရသည် ။

 
သို့သော် ရုပ်ရှင်တွေထဲကလိုတော့ စိတ်ကူးယဉ်လိုက်မိသေးသည် ။ နေမင်းထိုက် အလုပ်ထွက်တော့ ကိုကိုမြတ်က စိတ်ညစ်ပြီး အရက်တွေ ဇွတ်သောက် ... ညကျတော့ သူက ရုံးကိုလာပြီးပြုစု ။ အဲ့မှာပဲ ရုပ်ရှင်တွေထဲကလို မှားကြပြီး ဗိုက်ကြီး ... ကြီး ...။ အီး ... ။ စည်သူ သူ့ပေါင်ကြားထဲက ဟာကို သူကြည့်ပြီး ညည်းတွားမိလိုက်သည် ။ သည်ဟာကြီးရှိနေမှတော့ ဘယ်လိုလုပ် ဗိုက်ကြီးမှာလဲ သားကြီးရယ် ဟူ၍သာ ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်ရတော့သည် ။

 
*************************************

 
တစ်နှစ်ကျော် အလုပ်လုပ်ခဲ့ရသော အလုပ်မို့ နေမင်းထိုက်တစ်ယောက် အလုပ်အပေါ်ကို သံယောဇဉ် ဖြစ်နေမိပြီဖြစ်သည် ။ တကယ်တမ်း အလုပ်ထွက်ရတော့လည်း စိတ်မကောင်းဖြစ်မိသည် ။ ကိုမင်းမြတ်က ဦးဆောင်ပြီး နေမင်းထိုက် နှုတ်ဆက်ပွဲဟုဆိုကာ ညဘက် ဘားတွင် နှုတ်ဆက်ပွဲလုပ်ပေးသည် ။

 
တစ်ယောက်ကိုတစ်ယောက် အမြဲ စကားများ ရန်ဖြစ်နေကြသော နေမင်းထိုက်နှင့် စည်သူမတို့ပင် တစ်ယောက်ကိုတစ်ယောက် စကားပြောရင်း စိတ်မကောင်းဖြစ်မိရသေးသည် ။

 
နေမင်းထိုက်ရယ် ... မင်းသာမရှိတော့ရင် ငါ ဘယ်သူနဲ့ ရန်ဖြစ်ရမှာလဲ ... ငါတော့ ပျင်းနေတော့မှာပဲ ...

 
အေးပါကွာ ... သားကြီးမရယ် ... ငါလည်း သတိရနေမှာပါ ... 
နင်သွားတော့မယ်ဆိုတော့ ငါ ဟိုသီချင်းလေးတောင် သတိရတယ် ... စိုးပိုင်ရဲ့ နှုတ်မဆက်နဲ့ ရယ်ချင်တယ် ဆိုတဲ့သီချင်းလေ... အဲလေ... နှုတ်မဆက်နဲ့ ငိုချင်တယ် သီချင်းပြောတာ ...

 
အမလေးလေး ... ငါအလုပ်ထွက်တာကို ပျော်နေလိုက်တာများ ...

 
မပျော်ပါဘူးဟာ ... စိတ်မကောင်းတော့ ဖြစ်မိတာပေါ့ ... ငါ့ အရှိန်အဝါတွေကို မယှဉ်နိုင်လို့ နင် ရုံးကနေ ထွက်တောင်ပြေးရတယ်ဆိုတော့ကာ ...

 
အမလေး ... ဗိုင်းတာမရယ် ... နင်ကပဲပြောရတယ်ရှိသေး ...

 
အရက်တွေသောက်ရင်းမူးတော့ စည်သူမက စိုင်းစိုင်းသီချင်းထဲကလို မင်းဟာငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပါကွာဆိုပြီး လာဖက်သည် ။ ပြီးတော့ ဘေးကပ်ပြီး တိုးတိုးလေးလာပြောလေသည် ။

 
အကောင်းဆုံး သူငယ်ချင်းဆိုတာ ဝေစားမျှစား စားတတ်ရတယ်တဲ့ ... ငါပြောတာ မဟုတ်ဘူးနော် ... ရှေးလူကြီးတွေပြောတာ ...

 
အမလေးလေး ... ခေတ်ဟောင်းခြောက်မရယ် ... မုန့်ကိုတော့ဝေကျွေးနိုင်တယ် ... ဝါးလုံးကိုတော့ မျှမသုံးနိုင်ဘူးဟေ့ ...

 
အားလုံးကို နှုတ်ဆက်စကားပြောသည့်အခါတွင်တော့ နေမင်းထိုက် မျက်ရည်ပါလည်မိသည် ။ အားလုံးကလည်း စိတ်မကောင်းစွာ မျက်ရည်လည်ကြသည် ။ နောက်လည်း ရုံးကိုလာလည်ဖို့ဖိတ်ကြသည် ။ နေမင်းထိုက်နှင့် မင်းမြတ်တို့အတွက်လည်း ပေါင်းရပါစေကြောင်း ဆုမွန်ကောင်းတွေ တောင်းပေးကြလေသည် ။

 
*******************************

 
အပြန်လမ်း တစ်လျှောက်လုံး နေမင်းထိုက် တိတ်ဆိတ်နေမိသည် ။ မင်းမြတ်က နေမင်းထိုက်ကို ကားမောင်းပြီး အိမ်လိုက်ပို့ပေးနေခြင်းဖြစ်သည် ။ မင်းမြတ်ကပင် စကားစလိုက်ရသည် ။

 
အဲယားကွန်း လျှော့ပေးရမလား ညီ ...

 
ရပါတယ် ... အနေတော်ပါပဲ ...

 
ညီ ... အစ်ကိုတို့ အလုပ်မှာမတွေ့ရလည်း နေ့တိုင်းတွေ့မှာနော် ...

 
အင်း ... ဒါပေ အစ်ကိုမရှိတဲ့နေရာမှာ ညီ အလုပ်လုပ်ရတော့မှာလေ...

 
ညီလိုတဲ့ အခါတိုင်း ဖုန်းဆက်လိုက်တာနဲ့ အစ်ကို ရောက်လာမှာပေါ့ ညီရ...

 
ညီလည်း အစ်ကို့ကို အမြဲ သတိရတိုင်းဖုန်းဆက်မှာနော် ... အစ်ကို လာတွေ့ရမှာနော် ... ကတိ ...

 
အင်းပါ ကတိပါကွာ ...

 
နေမင်းထိုက် မင်းမြတ် ပါးကို နမ်းပစ်လိုက်သည် ။ ရိုမန်းတစ်တွေ အရမ်းဆန်ကုန်သောကြောင့် ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန် ပီတိဖြာမိလိုက်သေးသည် ။ ရုပ်ရှင်ကားတွေထဲမှာ ထိုအခန်းမျိုးဆိုလျှင် နောက်ခံသီချင်း ရိုမန်းတစ်ဆန်ဆန်တွေ လာလေ့ရှိသည်မို့ နေမင်းထိုက်က ကိုမင်းမြတ် ကားထဲက ကတ်ဆတ်ကို ဖွင့်ချလိုက်သည် ။ ထိုအချိန်တွင် လာနေသော သီချင်းကြောင့် နေမင်းထိုက်တစ်ယောက် ဂါသွားတော့သည် ။

 
ကိုကိုယောက်ကျားမဟုတ်ဘူး ... ယောက်ကျား မဟုတ်ဘူး ... မဟုတ်ဘူး စိတ်နာပါတယ် ... 
အနှောက်ဟ... အနှောက်မကြီး တဲ့တဲ့ထိုး ။ အဲလေ... တင့်တင့်ထွန်း ။ စည်သူမ မရှိလို့ အနှောက်မရှိတော့ဘူးမှတ်တယ် ၊ ယောက်ကျားမဟုတ်ဘူး ဆိုပြီး လာဝုန်းနေသေးတယ် ။ အခြောက်မတွေကို ဝုန်းတဲ့သီချင်းကို သူမို့ ရှာရှာကြံကြံဆိုတတ်တယ် ။ မသိရင် နေမင်းထိုက်တို့ နှစ်ယောက်ကိုပဲ စောင်းပြီး ဆိုနေသလိုလိုနဲ့ ။

 
ဟုတ်တယ်ဟေ့ ယောက်ကျားမဟုတ်ဘူး ၊ အခြောက်မဟဲ့ဟု နေမင်းထိုက် စိတ်ထဲက မကျေမနပ်ဆိုပြီး သီချင်းကို နောက်တစ်ပုဒ် ကျော်ပစ်လိုက်မိသည် ။ သီချင်းကြီးက ဝုန်းချက်ဆိုတာ ... ခုနက ရိုမန်းတစ် ဆန်နေတဲ့ စိတ်လေးတွေတောင် ပျက်သွားမိရတော့သည် ။  
 
By Dr. Min Khant

2 comments:

  1. ဆက်​မ​ရေးဘူးလားဟာသအိမ်​က​လေးကအူတက်​​အောင်​ရယ်​ရပါတယ်​ကွာအကြည်​​တော်​​တောင်​​ရေးတဲ့သူကိုအ​ဖေ​ခေါ်ရ​လောက်​​အောင်​​ကောင်းပါတယ်​။ဆက်​​ရေးပါမင်းဟာသအိမ်​က​လေးကိုငါအား​ပေး​နေတယ်

    ReplyDelete
  2. ဆက်​မ​ရေးဘူးလားဟာသအိမ်​က​လေးကအူတက်​​အောင်​ရယ်​ရပါတယ်​ကွာအကြည်​​တော်​​တောင်​​ရေးတဲ့သူကိုအ​ဖေ​ခေါ်ရ​လောက်​​အောင်​​ကောင်းပါတယ်​။ဆက်​​ရေးပါမင်းဟာသအိမ်​က​လေးကိုငါအား​ပေး​နေတယ်

    ReplyDelete

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...