Monday, July 7, 2014

ဟာသအိမ်ကလေး... Episode 11

တကယ့် ဖရက်ရှာဝဲလ်ကမ်းကြတော့ ဟိုကောင်မနှစ်ကောင်က ပတ်သက်ခွင့်ပြုပါ သီချင်းကို ဆိုကြသည် ။ သီ တကယ့်ကို ရယ်ချင်လိုက်တာ ဖက်ဖက်မော ဖြစ်သွားရသည် ။ ဟုတ်တယ်လေ … ။ ကောင်မလေးရယ် … မင်းကို ထာဝရ ပတ်သက်ခွင့် ပြုပါတဲ့ ။ အံ့သြတာ … ။
 
ဒါပေမယ့်လည်း အားပေးသူက အားပေးကြသည် ။ အောက်က မိုးယုယကတော့ မိသန့်နှင့် မိမြတ်တို့ကို ကြည့်ကာ ဒေါသတွေ ကြိတ်ထွက်နေသည် ။ သူ ဖြူပွင့်လွှာကို ရည်းစားစကား လိုက်ပြောသော ကိစ်စကို လျှောက်ဖွလိုက်ကြသည်မှာ ထိုကောင်နှစ်ကောင် ဖြစ်မှန်း မိုးယုယ သိနေသည် ။
 
အခြောက်မတွေ … ပါးစပ်ကို ဖွါတယ် … စောက်ကျင့်မကောင်းတဲ့ ဟာတွေ … ငါနဲ့တွေ့မယ် …
 
မိုး … ဘာဖြစ်လို့လဲ …
 
သြော် … ဘာမှ မဟုတ်ဘူးကို … ခဏစောင့်နော် …
 
ပြည့်ဦးကတော့ မိုးယုယ ယောက်ျားလျာမှန်း သိလျက် ၊ မိမိကို ကာဗာ ထားနေမှန်း သိလျက်နှင့် ဆက်တွဲနေရခြင်းမှာ မိုးယုယကို ချစ်လွန်းသောကြောင့် ဖြစ်သည် ။
 
မိုးယုယ အောက်ကနေ စင်ပေါ်ကို တက်သွားပြီး သီချင်းဆိုနေသော နှစ်ကောင်ကို နှင်းဆီပန်းတွေ တက်ပေးလိုက်သည် ။ အောက်က လူတွေက လက်ခုပ်တွေတီးကြသည် ။ အကောင်နှစ်ကောင်က နှင်းဆီပန်းရသောကြောင့် ပျော်နေပုံရလေသည် ။
 
မိမြတ်ရော မိသန့်ပါ မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်နေကြသည် ။ မိုးယုယ အတင်းကို သူတို့က ကျောင်းတွင် ဖွသလို ဖြစ်ခဲ့သည်မို့ မိုးယုယက သူတို့ကို ကျေနပ်လောက်မည် မဟုတ် ။ ဒါကို နှင်းဆီပန်း တက်ပေးသည်ဆိုတော့ သွေးရိုးသားရိုးတော့ မဖြစ်နိုင် ။ ရုပ်ရှင်တွေထဲကလို နှင်းဆီပန်းကို ခွေးလယားသီး သုတ်ထားလား မသိ ။ ဒါလည်း မဖြစ်နိုင် ။ သူ့ပန်းကိုင်ပြီး ဘယ်နေရာမှ မယားသည်မှာ အမှန် ဖြစ်သည် ။
 
မိသန့်တို့ တွေးလို့မှ မဆုံးသေး မိုးယုယသည် သရဖူနှစ်ခုနှင့် နှင်တံ နှစ်ခုကို ကိုင်ပြီး စင်ပေါ်ပြန်တက်လာပြန်သည် ။ ဟိုက်ရှားဘားးးး ။ သေပြီဆြာပဲ … ။ မိုးယုယက သူတို့နှစ်ယောက်ကို သရဖူတွေ လာဆောင်းပေးသည် ။ အောက်က ကျောင်းသားတွေက လက်ခုပ်တီးရုံမက ၊ လေတွေပါချွန်ပြီး ၀ီစီတွေပါ မှုတ်ကုန်ကြသည် ။
 
လှတယ်ဟေ့ … အရမ်းလှတယ် …
 
မိုးယုယက နှင်တံတွေကိုပါ မိသန့်တို့လက်ထဲ ထည့်ပေးပြီး ခပ်ချဉ်ချဉ် ပြုံးပြသွားလေသည် ။ ကောင်မနှစ်ကောင် ဂွမ်းပြီး ကျန်ရစ်ခဲ့ကြလေသည် ။ အောက်ကလူတွေကလည်း အပျော်အပျက်လုပ်သွားသည်မို့ ပိုပြီး အားပေးနေကြသည် ။
 
မိုက်တယ်ဟေ့ … ကွင်းနှစ်ယောက်ကွ …
 
မချွတ်ပစ်နဲ့နော် … အရမ်းလှတယ် … သိလား …
 
မိသန့်နှင့် မိမြတ်တို့က ချွတ်ဖို့ လုပ်လိုက် ၊ အောက်က မချွတ်ဖို့ အားပေးလိုက်နှင့် မိသန့်တို့ သရဖူဆောင်းပြီး နှင်တံတွေပါကိုင်ကာ သီချင်းတွေ ဆိုခဲ့ရလေသည် ။
 
မိမြတ်နှင့် မိသန့်က အဲ့သီချင်းပြီးတော့ ရဲလေးနှင့် စည်သူလွင် ဆိုထားသော မိန်းကလေး ဟူသော သီချင်းကို ဆိုလိုက်သေးသည် ။ ကောင်မနှစ်ကောင်က မိန်းမဆိုသည်ကို ပါးစပ်မှ မချဘဲ ကျားပြနေကြသည် ။ အော် … ပြန်ကျားရေးဝန်ကြီးကတော်တွေပါလားကွယ် ဟုသာ သီ အောက်က မှတ်ချက်ပေးလိုက်မိသည် ။
 
မိန်းကလေး … ငါလေ … ရင်မခုန်ဘူးလို့ …
 
အဲ … ။ ဂွမ်းပြီ ။ သီစာသားကြားလိုက်ထဲက ဂွမ်းပြီဆိုတာ သိလိုက်သည် ။ ကောင်မနှစ်ယောက်က မိန်းကလေးကို ရင်မခုန်ဘူးဆိုပြီး တွန့်လိမ်ကောက်ကွေးပြနေသည် ။ သရဖူတွေကလည်း ဆောင်းထားတော့ သူတို့ပုံစံကပိုရယ်စရာ ကောင်းနေသည် ။
 
သူ့အရပ်နှင့် သူ့ဇာတ်တော့ လိုက်ဖက်နေသည် ။ ကောင်မနှစ်ကောင်က မိန်းကလေးကို ရင်မခုန်ဘူးဆိုပြီး လှုပ်ပြနေတာကို အောက်က ကောင်တွေက လက်ခုပ်တွေတီးပြီး မိသန့်တို့ မိမြတ်တို့ လှုပ်သလို လိုက်လှုပ်နေကြလေသည် ။
 
ထိုအချိန်တွင် သီက ထိုကောင်လေးတွေကို သွားပြီး အဲ့ဒါ အခြောက်မကြီးနှစ်ယောက်ပါဟု ပြောလျှင်ပင် အကောင်တွေက ယုံကြမည် မဟုတ် ။ သီက သူတို့ကို လာနောက်နေသည်ဟုသာ ထင်ကြပေလိမ့်မည် ။ ဘာပဲဖြစ်ဖြစ် မိသန့်နှင့် မိမြတ်တို့တတွေ ပါဖောင်းမန့် ကောင်းကောင်းနှင့် တင်ဆက်လိုက်သောကြောင့်လားမသိ ။ လူကြိုက်များပြီး ပေါ်ပြူလာဖြစ်သွားကြလေသည် ။
 
တွေ့တယ် မလား … သီ … ငါတို့က သရဖူတွေဆောင်းပြီး နှင်တံတွေ ကိုင်လာခဲ့တာလေ …
 
အေးပါဟယ် … အောင်မြင်ပါတယ် …
 
အောင်မြင်ပါတယ် လုပ်မနေနဲ့ … ဒါပြီးရင် နင်ဆိုကလဲ့နော် … နင် အာရ်ဇာနည်ရဲ့ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ဆိုမှာ မဟုတ်လား …
 
အေး … ငါလည်း နင်တို့နှစ်ယောက်ကို အားကျလို့ ကျားပါရစေဦး … ကျားခင်စိန်တို့ရယ် …
 
အမလေး … မတက်ခင်တောင် လာဝုန်းနေသေးတယ် … သွားသွား … ဟိုမှာ နင့်ကိုခေါ်တော့မယ် …
 
ဒီတစ်ခါ အလှည့်ကျတာကတော့ မောင်မြတ်သီဟပဲဖြစ်ပါတယ် … စင်မြင့်ပေါ်ကို သီဆိုရန် ကြွပါ …
 
အနောင်ဆာက အော်ခေါ်လိုက်သောကြောင့် သီ စင်ပေါ်ကို ကြွကြွလေး တက်သွားလိုက်သည် ။ သူများတွေ လက်ခုပ်တီး မတီးတော့ မသိ ။ အောက်က မိမြတ်နှင့် မိသန့်ကတော့ အကျယ်ကြီး လက်ခုပ်ကို တဗျန်းဗျန်း တီးကြလေသည် ။ ကောင်မနှစ်ကောင် ကကျိုးကကြောင် တီးသောကြောင့်လားမသိ ။ အောက်က လူတွေက သီ့ကို ပိုပြီး အာရုံစိုက်ကာ ကြည့်နေကြလေသည် ။
 
ကျွန်တော် ဒီသီချင်းလေးကို ကျွန်တော် သိပ်ချစ်ရတဲ့ လူတစ်ယောက်ကို ရည်ရွယ်ပြီး ဆိုထားတာပါ … အားလုံး နားဆင်ပေးကြပါဦးခင်ဗျာ …
 
အသည်းလေးများခွဲလည်းကိုယ် ခွင့်လွှတ်မှာ … နောက်တစ်ယောက်နဲ့ တွဲလည်းကိုယ် ခွင့်ပြုမှာ … သူ … မသိဘူး … အချစ်ဦးမို့ပါ …
 
သီ စာသားထဲတွင် စီးမျောရင်း အောက်က ပြည့်ဦး ထိုင်နေသော နေရာကိုသာ အထပ်ထပ် ငေးကြည့်နေမိသည် ။ ပြည့်ဦးနှင့် အကြည့်ခြင်း ဆုံသွားချိန်တွင် သီတစ်ယောက် မနေတတ်လောက်အောင်ပင် ရင်ခုန်သွားမိရသည် ။ ပြည့်ဦးက သီ့ကို ထောင်ပြသည်ကိုတွေ့တော့ သီ ပိုပြီး ပျော်သွားမိသည် ။ အဲ … လက်မထောင်တာကို ပြောတာနော် … ။
 
သီ ဆိုပြီးသွားတော့ အားလုံးက လက်ခုပ်တီးပြီး အားပေးကြသည် ။ မိသန့်နှင့် မိမြတ်တို့ကလည်း သီ ဆင်းလာတော့ သီ့ကို ၀ိုင်းပြီး အားပေးကြသည် ။
 
ကောင်မ … နင်သာ ဆီးသီးထုတ်ရင် အောင်မြင်မှာ … သိလား …
 
အေး … ဟုတ်တယ်ဟဲ့ … သီချင်း ထုတ်လုပ်ရေး ပရိုဂျူဆာတွေနဲ့ သွား ဖြစ်ပြီးတော့ တစ်ခွေလောက် ထုတ်လိုက်ပါလားဟယ် …
 
သက်သက်ကြီးနော် … အဲ့လိုလုပ်ရအောင် မိသန့်နဲ့ မိမြတ်လည်း မဟုတ်ဘူး …
 
သီတို့ တွတ်ထိုးနေချိန်မှာပဲ သီ့အနားကို ကောင်မလေးတစ်ယောက် ရောက်လာပါတယ် … ။ သီလှည့်ကြည့်လိုက်တော့ ဖြူပွင့်လွှာ ။ အဲ့သည့် ဖြူပွင့်လွှာဆိုတာလေ … ။ ၀က်ခြံထွက်မှာဆိုးလို့ ငံပြာရည်ရှောင်ပါတယ်ဆိုမှ ငံပြာရည်ပုံးနဲ့ကို တည့်တည့်တိုးတာ ။
 
မြတ်သီဟ … နင်က အရမ်းတော်တာပဲဟာ … ငါ့ကို ထိုးပေးပါလားဟင် …
 
ဟဲ့ … ပလုတ်တုတ် … ငါက နင့်ကို ဘာထိုးပေးရမှာလဲ …
 
တိုးတိုးပြောပါဟယ် … နင်ကလည်း … ငါက အော်တို ထိုးခိုင်းတာပါ …
 
ရှင်းရှင်း လင်းလင်း ပြောရောပေါ့ … အေးပါ … ပေး … စာ အုပ် … ငါ အော်တို ထိုးပေးပါ့မယ် …
 
သီ အော်တို မြန်မြန် ထိုးပေးပြီး ပြန်လွှတ်လိုက်တာကိုတောင် စပေါ်မက သီ့ကို စကားတွေ လာ ဖောင်ဖွဲ့နေသေးသည် ။ ဟာမကတော့လေ ။ နာ လုပ်ထည့်လိုက်ရ ။ ဖြူပွင့်လွှာ ပြန်သွားတော့မှ မိမြတ်နှင့် မိသန့်က သီ့ကို လာစ တော့သည် ။
 
ဟဲ့ … သီ … ငါတို့ကိုလည်း ထိုးပေးပါဦးဟဲ့ …
 
အေးလေ … နင်ထိုးပေးတာကို ငါတို့က လိုချင်နေတာပါဟာ … ဟဲ့ … မိသန့်… ရိုက်လိုက်ပါဦး …
 
ပြောရင်းဆိုရင်း ကောင်မနှစ်ယောက်က တဖျန်းဖျန်း ရိုက်နေကြသေးသည် ။ သီလည်း စိတ်ပျက်ပျက်နဲ့ ယောက်ျားကြီးလို ရှက်ရင်းကနေ ပြည့်ဦးဆီကို အကြည့်တွေ ရောက်သွားမိသည် ။ ပြည့်ဦးကလည်း သီတို့ဘက်ကို ပြန်ကြည့်နေချိန်နှင့် ဆုံသွားမိသည် ။
 
သီတစ်ယောက် ပြည့်ဦးနှင့် မျက်လုံးဆုံချိန်တွင် ပီတိတွေဖြာပြီး အီအီးတွေပါချင်ချင်ပင် ဖြစ်သွားမိရလေတော့သည် ။
 
နေမင်းထိုက်တစ်ယောက် စည်သူမကို ကြည့်ပြီး ဒေါသတွေ အလိပ်လိုက် အလိပ်လိုက် ထွက်နေမိသည် ။ ကောင်မက သူ့ကိုယ်သူ ကိုမင်းမြတ်ရဲ့ PA ဆိုပြီး ဂုဏ်လာတက်ပြနေသောကြောင့် ဖြစ်သည် ။ အခုလည်း ကြည့်လေ … ။ ကိုမင်းမြတ် အလုပ်စားပွဲကို ဖုန်သုတ်ရင်း သီချင်းလေး တအေးအေး ဆိုနေတာ … ။
 
အချစ်ဆိုသည်မှာ ကြည်နူးမှုများနှင့် ဆန်းကြယ်သော အရာ … အခြောက်ဆိုသည်မှာ … အဲလေ … ဟုတ်ပါဘူး … အချစ်ဆိုသည်မှာ …
 
စည်သူမက သူ့ကိုယ်သူ ရှက်စနိုးလေးနှင့် သီချင်းစာသား မှားသွားသည်ကို လျှာလေးထုတ်ပြီး ခေါင်းလေးပုပြကာ အိုက်တင်တွေ လုပ်နေသေးသည် ။ နေမင်းထိုက် ဘေးနားကို ရောက်သွားပြီး ချောင်းတစ်ချက် ဟန့်ပေးလိုက်သည် ။ ဘာမှ မဟုတ်ပါဘူး … ။ နင်ခြောက်တာ ငါ သိတယ်ဆိုတဲ့ အထာနဲ့ပေါ့ … ။ ကောင်မက အဲ့သည့်တော့ သီချင်းကို ချက်ချင်းကြီး ပြောင်းဆိုပစ်လိုက်တာ … ။
 
တုံးခုလို့မှ လှမ်းမရရင် တံချူနဲ့ လှမ်းပစ်မယ် … မှတ်ထားကွယ် … ငါဟာ ယောက်ျားတစ်ယောက်ဖြစ်တယ် …
 
အော် … တချို့တချို့တွေများ သီချင်းဆိုတာတောင် ယောက်ျားကို ပါးစပ်ထဲက မချနိုင်ကြဘူး … ဒုက်ခ … ဒုက်ခ …
 
ဟဲ့ … နေမင်းထိုက် … နင် ဘယ်သူ့ကို စောင်းပြောနေတာလဲ …
 
စောင်းမပြောပါဘူး … ကုမ်ပဏီက အခြောက်မ တစ်ယောက်ကို တည့်တည့်ပြောတာပါ …
 
နင်ပြောတဲ့ အခြောက်မဆိုတာ ငါ မဟုတ်လား …
 
သြော် … နင်က အခြောက်မလား … မသိပါဘူး … ငါက နင့်ကို Straight မှတ်လို့ … Woman Straight လေ … မိန်းမစစ်မကြီး …
 
အမလေး … လူပါးဝလို့ … တခြားလူ ပြောတာဆိုရင် ငါခံနိုင်ပါသေးတယ် … ယောက်ျားစစ်စစ် တစ်ယောက်က လာပြောရင် ခံနိုင်ပါသေးတယ်ဟယ် …
 
ပြောရင်း ၀ုန်းရင်းနှင့် ရန်တွေ ထဖြစ်ကြပြန်သည် ။ မင်းမြတ် အချိန်မှီ ရောက်လာသောကြောင့်သာ တော်သေးတော့သည် ။ မင်းမြတ်လည်း တော်တော်လေး ဆွဲလိုက်ရသည် ။ ဟုတ်တယ်လေ ။ နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် လည်ပင်းညှစ်နေကြတာကိုး ။ နှစ်ယောက်တည်း ရှိတော့မှပဲ မင်းမြတ် နေမင်းထိုက်ကို ဆုံးမရပါတော့တယ် ။
 
ညီ … ညီက သူနဲ့ အဆင့်ချင်း တူတာ မဟုတ်ဘူးလေ … ဘာလို့ ရန်သွားဖြစ်နေရတာလဲ …
 
သူက ရန်အရင် လာစလို့ပါ …
 
ညီကလည်းကွာ … စိတ်ကို ထိန်းမှပေါ့ … ညီက ကုမ်ပဏီ လူကြီးရဲ့ ချစ်သူလေ … မဟုတ်ဘူးလား … သိက်ခါလေး ထိန်းပြီး နေမှပေါ့ …
 
ဘာလဲ … ညီ့ကို သိက်ခါမရှိဘူးလို့ ပြောတာလား …
 
သြော် … မဟုတ်ဘူးလေညီရယ် … တစ်ခါတစ်လေ ဂရုမစိုက်ဘဲ နေသင့်ရင်လည်း နေရမှာပဲလို့ အစ်ကိုက ပြောချင်တာပါဗျာ …
 
မသိဘူးဗျာ … မသိဘူး … အခု ညီ့ကို သိက်ခါမရှိဘူးလို့ ပြောတာ စိတ်ဆိုးတယ် … ပြီးတော့ သည်နေ့ အလုပ်လုပ်ရတာလည်း စိတ်ထဲ ပါမှာ မဟုတ်တော့ဘူး … သည်နေ့ ခွင့်ယူမယ် … ခွင့်မပေးရင်လည်း အလုပ်သာ ထုတ်ပစ်လိုက်တော့ …
 
ဟာ … ညီကလည်းကွာ … အစ်ကို သည်နေ့ အလုပ်ရှိနေလို့ လိုက်လို့ရမှာ မဟုတ်ဘူး … နိုင်ငံခြားက ဧည့်သည်လာမှာမို့လို့ …
 
မသိဘူးဗျာ … စိတ်ကောက်တာတောင် ရက်နဲ့ ကောက်ခိုင်းနေသေးတယ် … တော်ပြီ … ကိုယ့်ဘာသာ အပြင်သွားတော့မယ် … နေခဲ့ … မလိုက်လာနဲ့ …
 
နေမင်းထိုက် ပြောပြောဆိုဆို စိတ်ဆိုးဆိုးနှင့် အပြင် ထွက်လာခဲ့လိုက်သည် ။ ကိုမင်းမြတ်ကို စိတ်ဆိုးလို့သာ ထွက်လာရတာ ။ ဘယ်ကို သွားရမယ်မှန်း မသိ ။ ကမ်းနားဘက်ကို တစ်ယောက်ထဲ ထွက်လာလိုက်သည် ။ ဗိုလ်တစ်ထောင် ကမ်းနားမှာ လေညှင်းခံနေရင်း လူတစ်ယောက်နှင့် နေမင်းထိုက် ထူးထူးဆန်းဆန်း စတင်တွေ့လေတော့သည် ။
 
ထိုလူကို စမြင်ကာစက နေမင်းထိုက် အရူးဟု ထင်မိသေးသည် ။ ဟုတ်တယ်လေ ။ သူ့ ဖုန်းကင်မရာကို ထောင်ထားပြီး Autoshoot နဲ့ ကမ်းနားမှာ ရှုထောင့် အမျိုးမျိုးကနေ သူ့ကိုယ်သူ ရိုက်နေတာလေ ။ နေမင်းထိုက်ဘက်ကိုလည်း တစ်ချက်တစ်ချက်တော့ လှမ်းကြည့်နေသေးသည် ။
 
ဟိုက ပြုံးပြနေတော့ နေမင်းထိုက်လည်း ပြန်ပြုံးပြလိုက်သည် ။ ပြီးတော့ ဟိုဘက် ပြန်လှည့်နေလိုက်သည် ။ ဟုတ်တယ်လေ ။ ကိုယ်က စိတ်ညစ်လို့ လာထိုင်နေတာ ။ တော်ကြာ ကိုယ့်ကို လာပြီး ဟိုလိုလေး ရိုက်ပေးပါဦး ၊ သည်လိုလေး ရိုက်ပေးပါဦးဆိုပြီး ဓါတ်ပုံလာရိုက်ခိုင်းနေရင် အာရုံစားတယ်လေ ။
 
ဝုန်း …
 
သည်တစ်ခါတော့ နေမင်းထိုက် လှည့်မကြည့်လို့မရတော့ ။ ရေထဲကို ဘာပြုတ်ကျသွားလဲမသိ ။ ၀ုန်းကနဲ အသံ အကျယ်ကြီး ကြားရသောကြောင့် လှည့်ကြည့်လိုက်မိသည် ။ အဲဗျ ။ ခုနက ဓါတ်ပုံရိုက်နေတဲ့ကောင် ရေထဲ ပြုတ်ကျသွားတာ ။ ကြည့်ရတာ အိုက်တင် အလုပ်လွန်သွားသည် ထင်သည် ။
 
ကယ်ကြပါဦး … ကယ်ကြပါဦး … ကျွန်တော် ရေမကူးတတ်ဘူးဗျ …
 
နေမင်းထိုက်လည်း မနေသာတော့ဘဲ ရေထဲဆင်းကာ မေခလာဆင်းလုပ်လိုက်ရသေးသည် ။ ရွှံ့နွံပေါသော ဗိုလ်တစ်ထောင် ဆိပ်ကမ်းထဲ ကျသည်မို့ လူပါ ပေတလူးကုန်တော့သည် ။ ရေပေါ်ရောက်တော့ သကောင့်သားက အေးအေးဆေးဆေး ။ ရေတွေ ဘာတွေခါလိုက်သေးသည် ။ ပြီးတော့မှ ကျေးဇူးတင်စကား ပြောတော့သည် ။
 
သယ်ရင်း … ကျေးဇူးပဲနော် … မင်းဖေ့ဘုတ် အကောင့်ပြောလေ … ငါ မင်းကို လိုက်ခ် လုပ်ပေးမယ် … ကျေးဇူးဆပ်တဲ့ အနေနဲ့ …
 
အွန် … မလိုပါဘူး … ဒါနဲ့ မင်းက ဘယ်လိုလုပ် ရေထဲပြုတ်ကျအောင် ကမြင်းရတာတုန်း …
 
ဖေ့ဘုတ်မှာ ပုံ တင်မလို့လေ … ရေထဲခုန်ချခါနီး အမှတ်တရဆိုပြီး တင်မလို့ အိုက်တင် လုပ်လိုက်တာ လွန်သွားလို့ … ဟီး …
 
ဘယ်လို … အံ့အောဘ … အံ့အောဘ …
 
ခုနက သယ်ရင်းဆင်းကယ်တဲ့ပုံလေးရိုက်ထားရမှာနော် … ဒါမှ ပိုပီပြင်သွားမှာ … သယ်ရင်း ဖေ့ဘုတ် အကောင့်ပေးလေ …
 
ပြောပြောဆိုဆိုနှင့် ဖေ့ဘုတ်အကောင့်တောင်းပြီး အက်ထားလိုက်မည်ဟုဆိုကာ ထွက်သွားလေသည် ။ နာမည်ပင် မမေးလိုက်ရ ။ သူ့ဖေ့ဘုတ် အက်လာမှပဲ ကြည့်လိုက်ပါတော့မည်ဟု နေမင်းထိုက်တွေးလိုက်သည်။
 
သြော် … နေမင်းထိုက်တို့ ကံဆိုးပုံများ … ။ စိတ်ညစ်လို့ ကမ်းနား လာထိုင်မိပါတယ် ။ ဖွဘုတ် အရူးနဲ့ လာတွေ့နေရသကိုးဟု ကိုယ့်ကိုယ်ကို ကွန်မန့်ပေးမိလိုက်လေတော့သည် ။

By Dr. Min Khant 

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...