Friday, July 18, 2014

ဆေးရောင်ခြယ် အိမ်ကလေး

ဒေးဗစ်
လွှမ်းကျော်နှင့် ခိုင်ငြိမ်းစံတို့ မင်္ဂလာဆောင်အပြီး နံရံတွင်ချိတ်မည့် ဓာတ်ပုံများရလာတော့ အလုပ်ရှုပ်သွားကြသည်။ ပုံထဲတွင် လွှမ်းကျော်နှင့် ခိုင်ငြိမ်းစံတို့၏ မင်္ဂလာအပြုံး။ သိပ်ချစ်ကြသော တက်သစ်စဇနီးမောင်နှံတို့၏ ကြည်နူးဖွယ့်အပြုံး။
“ကိုကျော် သည်ပုံကြီးကို ဘယ်နေရာမှာ ချိတ်ရရင် ကောင်းမလဲဟင်”
“ဧည့်ခန်းမှာ ချိတ်ကြမလား”
“အင်း သည်ပုံကြီးကိုတော့ ခိုင်တို့ အိပ်ခန်းထဲမှာပဲ ချိတ်ကြရအောင်လေ၊ သည်ပုံလေးကို ခိုင်သိပ်ကြိုက်လို့ပါ၊ တခြားပုံတွေကိုပဲ ဧည့်ခန်းမှာ ချိတ်ပါလား”
လွှမ်းကျော်က ချစ်ဇနီးသည်လေးအား အစွမ်းကုန်ပြုံးပြလိုက်သည်။
“ခိုင့်သဘောပါပဲ”
ပုံကြီးအား နံရံတွင်ချိတ်ရန် လွှမ်းကျော် အခန်းနံရံအား ကြည့်ပြီး မည်သည့်နေရာတွင်ချိတ်ရန်ကောင်းမလဲဟု နေရာရွေးရင်း စဉ်းစားနေသည်။
“ဘယ်နေရာမှာ ချိတ်စေချင်လဲဟင် ခိုင်”
ခိုင်ငြိမ်းစံလည်း နံရံအားကြည့်ပြီး နေရာရှာနေလေသည်။ နဂိုကတည်းက ရှိနေပြီးသော နှစ်ပေါင်းတော်တော်ကြာပြီဖြစ်သည့် ပုံကြီးကို ခိုင်ကြည့်လိုက်သည်။
“ကိုကျော် ဟိုပုံကြီးက တော်တော်ဟောင်းနွမ်းနေပြီနော်၊ အဲ့သည်ပုံကြီးကိုဖြုတ်ပြီး အဲ့သည်နေရာမှာ ချိတ်ရင် မကောင်းဘူးလား”
လွှမ်းကျော်လည်း ထိုပုံကြီးအားကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းသားပဲ”
ပြောရင်း ခုံပုလေးခုကာ ပုံဟောင်းကြီးအား ဖြုတ်ယူလိုက်သည်။ ခိုင်ငြိမ်းစံက အောက်ကနေ လှမ်းယူလိုက်သည်။ ပုံကြီးက နှစ်ပေါင်းတော်တော်ကြာပြီဖြစ်သည့်အတွက် ဆေးရောင်အချို့  ပြယ်လွင့်နေပေပြီ။ ဖုံအချို့ လည်း ကပ်ငြိနေသည်ကြောင့် လက်ဝါးလေးနဲ့ သုတ်လိုက်သည်။ ထိုပုံကြီးထဲက ရုပ်ပုံကားချပ်သည်ကား အစိမ်းရောင်ဆေးသုတ်ထားသည့် အိမ်ကလေးဖြစ်သည်။ အိမ်ရှေ့ တွင် မြက်ခင်းစိမ်းစိမ်းလေးရှိနေသည်။ ခိုင် ဖုန်များကို သုတ်ရင်း အောက်လက်ယာထောင့်နားတွင် လက်မှတ်လေးတစ်ခုကိုတွေ့လိုက်ရသည်။ “မိုးလွှမ်း” တဲ့။ ရုပ်ပုံ၏ အပေါ်ပိုင်းတွင် “စိမ်းရောင်ခြယ်အိမ်ကလေး” ဟု စာလုံးသေးသေးလေးနှင့်ရေးထားသည်ကို တွေ့လိုက်ရသည်။
“ကိုကျော် သည်ပုံကြီးက တော်တော်လက်ရာမြောက်တာပဲနော်”
“ဟုတ်လား”
ထိုပုံကြီးသည် လွှမ်းကျော်ငယ်စဉ်ကတည်းက ရှိနေသော ပုံဖြစ်ပေမဲ့ ဘယ်တုန်းကမှ သေသေချာချာမကြည့်ဖြစ်ခဲ့ပေ။ မြင်နေကျမို့ ရိုးနေတာလည်း ဖြစ်နိုင်သည်။
“အင်း အိမ်လေးနာမည်က “စိမ်းရောင်ခြယ်အိမ်ကလေး” တဲ့၊ တော်တော်လှတဲ့ နာမည်လေးပဲ၊ မိုးလွှမ်းဆိုတာ ဘယ်သူ့ကို ပြောတာလဲဟင်”
“ဘယ်မှာလဲ”
“သည်နားမယ် လက်မှတ်ထိုးတယ်၊ “မိုးလွှမ်း” တဲ့”
“ဟုတ်လား ပြစမ်းပါဦး”
လွှမ်းကျော်လှမ်းယူလိုက်တော့ ပုံကြီး၏ ကျောဘက်မှ အပိတ်သည် ကွာကျသွားသည်။ ကွာကျအပြီး ဓာတ်ပုံများစွာ ထွက်ကျလာသည်။ နှစ်ပေါင်းကြာမြင့်ပြီဖြစ်ခြင်းကြောင့် ဆွေးမြေ့ပြီး ထိလိုက်ရုံနှင့် ကွာသွားခြင်းဖြစ်ပေလိမ့်သည်။ ဓာတ်ပုံများကို ခိုင်ငြိမ်းစံ ကောက်ယူလိုက်သည်။ လွှမ်းကျော်ကတော့ အိမ်ပုံကြီးနှင့် လက်မှတ်ကို ကြည့်နေသည်။
“ဟင် ဒါ ဒါ ကိုကျော့်ပုံတွေ မဟုတ်လား၊ ဟိုဘေးကလူက ဘယ်သူလဲဟင်”
ခိုင်၏ မျက်ဝန်းများသည် ပြူးကျယ်နေပြီး မျက်ရည်လေးတွေ လည်နေသလိုလို။ ၀မ်းနည်းရိပ်သန်းနေသလိုလို။ စိုးရိမ်ပူပန်နေသလိုလို။ လွှမ်းကျော် ခိုင့်လက်ထဲက ပုံများကို ယူကြည့်လိုက်သည်။
“ဘယ်မှာလဲကိုယ့်ပုံက”
လွှမ်းကျော်လည်း ဓာတ်ပုံများကို ကြည့်ရင်း အံ့သြလွန်းမက အံ့သြနေရသည်။ ပုံထဲတွင် လွှမ်းကျော်နှင့် တခြားယောက်ျားတစ်ယောက်။ ယောက်ျားချင်း၊ နှုတ်ခမ်းချင်း နမ်းနေကြသည့်ပုံများ။ ပုံများအရ ထိုယောက်ျားနှစ်ယောက်သည် အလွန်ချစ်ကြသည့်ပုံပေါ်သည်။ ထိုယောက်ျားနှစ်ဦး၏ ကြားတွင် အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါလေသည်။
“ဒါ ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ဘာလို့ သည်ပုံထဲမှာ ကိုယ်ကပါနေရတာလဲ”
ခိုင့်ကိုမေးတော့ ခိုင့်မျက်လုံးမှာ မျက်ရည်တွေကို တွေ့လိုက်ရသည်။ ခိုင်ခေါင်းယမ်းပြီးမှ ငိုချလိုက်သည်။ ပြီးမှ မ၀ံ့မရဲမေးလိုက်သည်။
“ကို ကိုကျော်က ဂေးလားဟင် ဟင်၊ ပြီး ပြီးတော့ ပုံထဲမှာပါတဲ့ ကလေးကလေးကကော ဘယ်သူလဲ၊ ဘယ်သူ့သားလေးလဲဟင်၊ ကိုကျော် ဘယ်သူနဲ့ ရခဲ့တဲ့ ကလေးလေးလဲဟင် ဟင်”
“မဟုတ်ဘူးခိုင်၊ ကိုယ်ဂေးမဟုတ်ဘူး၊ ကိုယ်ယောက်ျားစစ်စစ်ပါခိုင်”
“ဒါဖြင့်ရင် သည်ထဲမှာ ဘာလို့ ကိုကျော့်ပုံက ပါနေရတာလဲ၊ ကိုကျော်က ဘာလို့ တခြားယောက်ျားတစ်ယောက်ကို နမ်းနေရတာလဲ”
“မဟုတ်ဘူးခိုင်၊ ဟောသည်လူက ကိုယ်ဟုတ်ချင်မှဟုတ်မှာ၊ ကိုယ်နဲ့ ရုပ်ချင်းဆင်တာလည်း ဖြစ်နိုင်တာပဲလေ၊ ခိုင်သေသေချာချာကြည့်ကြည့်စမ်း၊ သည်ပုံက တော်တော်ကြာလှပြီ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်လောက်က ပုံပဲဖြစ်ရမယ်ခိုင်”
လွှမ်းကျော်စကားကြောင့် ခိုင်အငိုတိတ်သွားသည်။ လွှမ်းကျော်ပြောတာလည်း ဖြစ်နိုင်သည်ပဲ။ ဓာတ်သားတွေက ဖြူနေတော့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ပုံဟောင်းများပင်ဖြစ်လိမ့်မည်။ ခိုင်လည်း ဓာတ်ပုံများကို ပြန်ပြီး ကြည့်လိုက်သည်။
“ဟုတ်တော့လည်း ဟုတ်သားပဲ ကိုကျော်၊ ဟောသည်လူက ဘာလို့ ကိုကျော်နဲ့ သည်လောက်ဆင်နေရတာလဲဟင်၊ ကိုကျော့်ဖေဖေများလား”
“မဟုတ်လောက်ပါဘူးခိုင်ရယ်၊ ကိုယ်နဲ့ ဖေဖေက ဘယ်နေရာတွေမှာများ တူနေလို့လဲ၊ ကိုယ်က အမေတူပဲမဟုတ်လား”
“ဟုတ်တယ်ကိုကျော်၊ ကိုကျော်က မေမေနဲ့တူတာ၊ သည်လူဟာ ဖေဖေဟုတ်နိုင်မယ်မထင်ဘူး၊ ပြီးတော့ ကလေးလေးက ဘယ်သူများပါလိမ့်”
“မေမေ့ကို မေးကြည့်ရအောင်လေ”
“ကောင်းသားပဲ”
နှစ်ဦးသား ဧည့်ခန်းဆီ ထွက်လာခဲ့ကြသည်။ ဧည့်ခန်းတွင် ဖေဖေနဲ့မေမေ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောနေကြသည်။
“မေမေသည်မှာ ကြည့်ပါဦး”
“ဘာလဲ သားငယ်”
“ဟောသည်ဓာတ်ပုံထဲက လူတွေက ဘယ်သူတွေလဲဟင်”
မိခင်ဖြစ်သူက ပုံများကိုယူပြီးကြည့်သည်။ ကြည့်ပြီး မျက်နှာ အမူအယာ ရုတ်ချည်းပြောင်းလဲသွားသည်။ ဒေါသထွက်သယောင်လည်း ရှိသည်။ မျက်နှာအား တစ်ဖက်သို့လှည့်ပြီး ၀မ်းနည်းနေသယောင်လည်းရှိသည်။
“သူတို့က ဘယ်သူတွေလဲဟင်၊ မေမေသိလား”
မိခင်ဖြစ်သူ မဖြေပါပေ။ တစ်ဖက်သို့သာ မျက်နှာလှည့်နေသည်။ မိခင်ဖြစ်သူ၏ အမူအယာကြောင့် ဖခင်ဖြစ်သူက ပုံများကို လှမ်းယူပြီး ကြည့်လေသည်။ ဖခင်ဖြစ်သူ၏ မျက်နှာသည်လည်း မိခင်ဖြစ်သူနည်းတူ အမူအယာရုတ်ချည်းပြောင်းလဲသွားသည်။
“မေမေ ပြောလေ၊ ဖေဖေကောသိလား၊ အဲ့သည်ထဲက တစ်ယောက်က ဘာလို့ သားနဲ့ ရုပ်ချင်းဆင်နေရတာလဲ၊ ပြီးတော့ အဲ့သည်ထဲက ကလေးလေးကကော ဘယ်သူလဲ၊ ဟိုဘေးဘက်က ယောက်ျားတစ်ယောက်ကကော ဘယ်သူလဲ” သူတို့နှစ်ယောက်က ဘယ်လိုပတ်သက်ကြတာလဲ”
“သူဟာ သားမိုက်ပဲ၊ ခွေးသူတောင်းစားလိုကောင်”
မိခင်ဖြစ်သူ၏ နှုတ်မှ ထွက်လာခြင်းဖြစ်သည်။ ထိုစကားကြောင့် လွှမ်းကျော်ကော ခိုင်ငြိမ်းစံပါ မင်သက်ကုန်ကြသည်။
“ဗျာ ဘာလို့ သူ့ကို ခွေးသူတောင်းစားလို့ ပြောရတာလဲ၊ သားတို့ကို ရှင်းရှင်းပြောစမ်းပါ၊ ဖေဖေတစ်ခုခုပြောပါဦး”
ဖေဖေသည် နဂိုကတည်းက စကားနည်း အနေအေးသူမို့ နှုတ်ဆိတ်နေသည်။
“သူဟာ သားငယ်ရဲ့ အစ်ကိုအရင်းပဲ၊ ကလေးလေးက သားငယ်ပေါ့၊ သူဟာ သားငယ်ရဲ့ အစ်ကိုတစ်ယောက် ဖြစ်ဖို့ မတန်တဲ့ကောင်”
“ဗျာ ဗျာ ဘာလို့လဲဟင်၊ သူ့မှာ ဘာအပြစ်တွေရှိလို့လဲ၊ ဘာကြောင့် သားရဲ့ အစ်ကိုဖြစ်ဖို့ မတန်ရတာလဲ”
“မေးနေဖို့လိုသေးလို့လား၊ ပုံထဲမှာပဲကြည့်တော့၊ သားငယ်ရဲ့ အစ်ကိုက အခြောက်တစ်ယောက်ပဲ၊ ဘယ့်နှယ့် ယောက်ျားကြီးတစ်ယောက်ဖြစ်ပြီး ယောက်ျားတစ်ယောက်ကိုမှ စိတ်ဝင်စားရတယ်လို့၊ ဟော့ဟို ကျော်ဇင်ဆိုတဲ့ကောင်ကလည်း ဘာထူးသေးလဲ၊ မေမေကတော့ သူတို့နှစ်ယောက်က သိပ်ခင်ကြပါတယ်ဆိုလို့သာ အိမ်ကိုအ၀င်အထွက်ပြုထားတာ၊ သူတို့ကတော့ မေမေတို့ကို လိမ်ညာပြီး ခိုးကြောင်ခိုးဝှက်နဲ့ ခွေးဇာတ်ခင်းနေကြတာ”
“ဒါဆို သူက သားရဲ့ အစ်ကိုပေါ့နော်၊ သားမှာ အစ်ကိုအရင်းတစ်ယောက်ရှိသေးတယ်ပေါ့နော်”
“ပါးစပ်ပိတ်ထားစမ်း၊ သူ့ကို အစ်ကိုလို့ ခေါ်ဖို့မတန်ဘူး၊ နောက်ဆို သူ့ကို လုံးဝ အစ်ကိုလို့ ခေါ်ဖို့ စိတ်မကူးနဲ့”
“အမေကလည်းဗျာ၊ ဂေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အမေ့သားဟာ အမေ့သားပါပဲ၊ သားရဲ့ အစ်ကိုဟာလည်း အစ်ကိုပါပဲ၊ ဒါကိုပြောင်းလဲလို့ မရဘူးလေ”
“အဲ့ အဲ့ဒါ ဘယ်သူ့ဘက်က ၀င်ပြောပေးနေတာလဲ”
“သူ သူက ဘယ်မှာလဲဟင်မေမေ”
“မသိဘူး၊ သူ့ဟာသူ သွားချင်ရာသွားနေတဲ့ကောင် အိမ်ကို ပြန်တောင်မလာဘူး”
“သူက ဘာလို့ ထွက်သွားရတာလဲဟင်”
“ဘာဖြစ်ရမှာလဲ၊ ခွေးဇာတ်ခင်းနေတဲ့ကောင်တွေကို ကြည့်မရလို့ မေမေကိုယ်တိုင် နှင်ချလွှတ်လိုက်တာ”
“မေမေကလည်း သူတို့နှစ်ယောက်က သိပ်ချစ်ကြတာကို ဘာလို့ နှင်ချရတာလဲ၊ ချစ်ခြင်းကို မခွဲရဘူးလေ၊ ပြီးတော့ သူဟာ အမေ့သားပဲမဟုတ်လား”
“ဘာ ဘာပြောတယ်၊ မင်း အခု ဘယ်သူ့ဘက်က ၀င်ပြောနေတာလဲ”
“ဂေးတစ်ယောက်ဖြစ်တာနဲ့ ကိုယ့်သားအရင်းကို စွန့်လွှတ်လိုက်ရသလားအမေရ၊ သားလည်း ဂေးတစ်ယောက်ဆိုရင် မေမေစွန့်လွှတ်မှာပဲမဟုတ်လား”
“ဘာပြောတယ်သား”
“ဒါ့ကြောင့်လားမေမေ၊ သားကိုလည်း ဂေးတစ်ယောက်ဖြစ်မှာစိုးလို့ ယောက်ျားလေးတွေနဲ့ မပေါင်းခိုင်းတာမဟုတ်လား၊ ပြီးတော့ ဆယ်ရှစ်နှစ်ပဲရှိသေးတဲ့သားကို ကျောင်းတောင်မပြီးသေးပဲနဲ့ ဇွတ်အတင်းလက်ထပ်ခိုင်းတာလားအမေရ”
သား၏စကားကြောင့် မိခင်ဖြစ်သူသည် မျက်နှာထားတင်းမာပြီး တစ်ဖက်သို့ လှည့်ရင်း ဖြေသည်။
“ဟုတ်တယ်သား၊ သားပြောတာမှန်တယ်”
မိခင်၏ စကားကြောင့် သားဖြစ်သူ မျက်ရည်စမ်းစမ်းနှင့်ပြောရှာသည်။
“မေမေမတရားဘူး၊ မေမေရက်စက်တယ်၊ မေမေတကိုယ်ကောင်းဆန်တယ်၊ မေမေ အစ်ကို့အပေါ်မှာ အရမ်းရက်စက်တယ်၊ သားအပေါ်မှာလည်း မေမေရက်စက်တယ်၊ မေမေ့လုပ်ရပ်ကြောင့် သား လူငယ်ဘ၀ကို ကောင်းကောင်းကြီး မခံစားလိုက်ရဘူး၊ သူငယ်ချင်းတွေနဲ့ ဘယ်မှ လည်ပတ်ခွင့်မရဘူး၊ မဟုတ်သေးဘူး၊ သားမှာ မေမေ့ကြောင့် သူငယ်ချင်းတစ်ယောက်မှကို မရခဲ့တာ၊ ဖေဖေကလည်း မေမေ့လုပ်ပုံတွေကို သည်အတိုင်းကြည့်နေခဲ့တာလား၊ အစ်ကို့ကို နှင်ချလွှတ်ခဲ့တုန်းက ဖေဖေဘာမှဝင်မပြောခဲ့ဘူးလား၊ အဖေတစ်သက်လုံး မေမေ့ရဲ့ အုပ်ချုပ်တွေမှုတွေကြားထဲမှာပဲ နေသွားတော့မှာလား၊ မေမေပြောပုံအရဆိုရင် သားဟာလည်း ဂေးတစ်ယောက်ဆိုရင် သားကိုလည်း စွန့်လွှတ်မယ်ပေါ့ဟုတ်လား”
မိခင်သည် နှုတ်ဆိတ်သွားလေသည်။
“ကိုကျော် တော်ပါတော့၊ မဟုတ်တာတွေ မပြောပါနဲ့တော့၊ မေမေစိတ်မကောင်းဖြစ်နေပါ့မယ်”
ခိုင်၏ စကားကို လွှမ်းကျော်ဂရုမစိုက်ပါပေ။ လွှမ်းကျော်မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။
“မေမေ မစိုးရိမ်ရတော့ပါဘူး၊ သားဟာဂေးတစ်ယောက်မဟုတ်ပါဘူး၊ ဒါပေမဲ့ မေမေလုပ်ခဲ့တဲ့အပြစ်အတွက် မေမေပြန်ခံစားရစေမယ်၊ သား ဂေးတစ်ယောက်မဟုတ်ပေမဲ့ ဂေးတစ်ယောက်ပဲ လုပ်တော့မယ်မေမေ၊ အစ်ကို့ကို စွန့်လွှတ်သလို သားကိုလည်း စွန့်လွှတ်လိုက်ပါတော့မေမေ”
ပြောပြီး အခန်းထဲသို့ ချာကနဲ့ လှည့်ထွက်သွားသည်။
“ကိုကျော်”
 ခိုင်လည်း ဆောက်တည်ရာမရဖြစ်ကာ လွှမ်းကျော်နောက် လိုက်သွားသည်။
“သား သားငယ် သားလေး၊ ယောက်ျား လုပ်ပါဦး”
မိခင်သည် မျက်ရည်များဖြင့် ကျန်ခဲ့လေသည်။ ဖခင်သည် မျက်နှာ ခပ်တည်တည်နှင့် ကျန်ခဲ့သည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အိမ်က ထွက်သွားမည်အထင်ကြောင့် “မသွားပါနဲ့” ၀မ်းနည်းပက်လက်နှင့် တောင်းပန်နေရှာသော ချစ်ဇနီးသည်လေး ခိုင့်အား “ထွက်မသွားပါဘူး” ဟု နှစ်သိပ်ပေးပြီးမှ အိပ်ပျော်သွားလေသည်။ ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ အိပ်စက်နေသော ခိုင့်ကို လွှမ်းကျော် တစိမ့်စိမ့်ကြည့်နေမိသည်။ ခိုင့်ဆံနွယ်စလေးများကို သပ်တင်ပေးနေမိသည်။ နှစ်ဖက်မိဘများ၏ ဆုံးဖြတ်ချက်ကြောင့် မတတ်သာစွာ လက်ထပ်လိုက်ရပေမဲ့ ခိုင့်ကို လွှမ်းကျော် သိပ်ချစ်ပါသည်။ ထို့အတူ ခိုင်သည်လည်း လွှမ်းကျော်အား သိပ်ချစ်ပါသည်။ ခိုင်ကပြောဖူးသည်။ မိဘများက မိတ်ဆက်ပေးစဉ်က မြင်မြင်ချင်း ချစ်ခဲ့မိပါသတဲ့။ ထို့အတူ လွှမ်းကျော်လည်း မေမေပြသည့် ခိုင့်ဓာတ်ပုံလေးအား မြင်မြင်ချင်း ချစ်ခဲ့ခြင်းဖြစ်သည်။
လွှမ်းကျော်၏ စိတ်က အစ်ကိုအရင်းဆိုသူအား သတိရမိသွားသည်။ ထို့ကြောင့် အစ်ကိုအရင်းဆိုသူ၏ ဓာတ်ပုံများကို ကြည့်နေမိသည်။ ဓာတ်ပုံ၏ ကျောဘက်တွင် မင်ဖြင့်ရေးထားသော စာများကို ဖတ်လိုက်ရသည်။ “ချစ်သော ကျော်နှင့် အမှတ်တရ ၁၉.. ခုနှစ်” တဲ့။ ဒါဖြင့်ရင် နှစ်ပေါင်း (၁၈)နှစ်ကျော်ပင် ကြာခဲ့ပါပကော။ နောက် လွှမ်းကျော်ငယ်စဉ်က ပါသောပုံလေး၏ ကျောဘက်ကိုလည်း ကြည့်လိုက်မိသည်။ “ “မိုးလွှမ်း”၊ ချစ်ညီလေး“လွှမ်းကျော်” နှင့် ချစ်သော “ကျော်ဇင်” အမှတ်တရ” တဲ့။
ထိုစာသားလေးများကြောင့် လွှမ်းကျော် စဉ်းစာခန်းဝင်မိသည်။ အစ်ကို ကိုယ့်ကို သိပ်ချစ်ခဲ့သလားရယ်လို့။ အစ်ကို၏ချစ်သူဖြစ်သူ ကျော်ဇင်ဆိုသူကလည်း အစ်ကို၏ အသက်နှင့် ရွယ်တူလောက်ဖြစ်မည်။ ဓာတ်ပုံများအရ ကျော်ဇင်ဆိုသူကလည်း အစ်ကို့အား သိပ်ချစ်မည်ထင်သည်။ အရမ်းချစ်ကြသည့် ချစ်သူနှစ်ယောက် ဘယ်ဆီများ ထွက်ပြေးနေကြပါလိမ့်။ နေ့တုန်းက မေမေပြောခဲ့သည်။ အိမ်တောင်ပြန်မလာဘူးဆိုပဲ။
နောက် အစ်ကို့လက်နဲ့ ရေးဆွဲခဲ့သော ပန်းချီကားပုံကြီးကိုလည်း ကြည့်လိုက်မိသည်။ လွှမ်းကျော်နေ့စဉ်မြင်တွေ့နေရသော ထိုပုံကြီးသည် သေသေချာချာကြည့်ကာမှ အလွန်လက်ရာမြောက်လှသည်ကို တွေ့ရသည်။ ထိုပုံကြီးအား လွှမ်းကျော်လက်ဝါးလေးနဲ့ ပွတ်သပ်နေမိသည်။ အစ်ကိုကိုယ်တိုင် ရေးဆွဲခဲ့သည်မို့ အလွန်မြတ်နိုးသွားမိသည်။ အစ်ကိုဟာ ပန်းချီရေးဆွဲတာ သိပ်ဝါသနာပါခဲ့မည်ထင်သည်။ ထိုပန်းချီကားချပ်ကြီး၏ ခေါင်းစဉ်လေးအား အဘယ်ကြောင့် “စိမ်းရောင်ခြယ်အိမ်ကလေး” ဟု အမည်ပေးရသည်ကို လွှမ်းကျော် သိချင်မိသည်။
နေ့တုန်းက အစ်ကို၏ပန်းချီကားချပ်ကြီးနေရာတွင် မိမိတို့၏ မင်္ဂလာပုံကြီးအား အစားထိုး ချိတ်ဆွဲကြမည်ဟု ဆုံးဖြတ်ခဲ့ပေမဲ့ ခုတော့ မချိတ်ချင်တော့ပါ။ အစ်ကို့ပန်းချီကားချပ်ကြီးအား အစ်ကိုချိတ်ထားခဲ့သည့် နေရာမှာပဲ မူလအတိုင်း ရှိနေပါစေတော့။ ထို့ကြောင့် ချိတ်ရန် ခုံပုလေးကို ခုပြီး တက်လိုက်သည်။ နံရံအားလက်ဖ၀ါးနှင့်ထောက်မိတော့ “ဒေါင်” ကနဲ့ အသံမြည်သွားသည်။ အဘယ်ကြောင့် အင်္ဂတေက “ဒေါင်” ကနဲ့ မြည်ရသနည်း။ ဘေးဘက်သို့ ထုလိုက်တော့ “ဒေါင်” ကနဲ့ မမြည်။ မူလနေရာ ပြန်ထုကြည့်လိုက်တော့ မြည်နေပြန်သည်။ သည်နေရာမှ အခန်းလေးတစ်ခု ရှိနေလေသလား။ ဖုန်များကပ်ငြိနေခြင်းကြောင့် ခပ်မြန်မြန်လေးသုတ်လိုက်သည်။ မြင်လိုက်ရသည်။ လေးထောင့်ဆန်သော အခန်းငယ်လေးတစ်ခု။ ဖွင့်ကြည့်လိုက်တော့မရ။ မဖွင့်တာကြာနေခြင်းကြောင့် ကြပ်နေတာလည်း ဖြစ်နိုင်သည်။ သံချွန်တစ်ခုခုရှာပြီး ကလော်လိုက်တော့ ပွင့်သွားသည်။ အထဲတွင် တွေ့လိုက်ရသည်က စာအုပ်လေးတစ်အုပ်။ စာအုပ်မျက်နှာဖုံးတွင် စာကြောင်းလေးတွေ့လိုက်ရသည်။ “ဒိုင်ယာရီ” တဲ့။ စာအုပ်အား လှန်ကြည့်လိုက်မိသည်။ အစ်ကိုနှင့် အစ်ကို၏ချစ်သူ ကျော်ဇင်တို့၏ ဓာတ်ပုံများစွာ။ နောက် မှတ်စုများ ရေးထားသည်ကိုလည်း တွေ့လိုက်ရသည်။ လွှမ်းကျော် စိတ်ဝင်တစားနှင့် အငမ်းမရ ဖတ်လိုက်သည်။
“ယနေ့ အရမ်းပျော်တာပဲကွာ…(အတိတ်ဆီသို့)
“ဟယ် သား ကျော်ဇင်ပါလား၊ လာလေ အထဲဝင်ခဲ့လေ၊ သားဆီအလည်လာတာလားဟင်”
“ဟုတ်ပါတယ်အန်တီ၊ မိုးလွှမ်း အိမ်မှာ ရှိလား”
“ရှိပါတယ်ကွယ်၊ သူ့အခန်းထဲမယ်၊ တကုပ်ကုပ်နဲ့ ဘာတွေလုပ်နေတယ်မသိပါဘူး”
“ဟုတ်ကဲ့၊ ကျွန်တော် သူ့ဆီ သွားလိုက်ဦးမယ်”
“အေး အေး”
ကျော်ဇင် မိုးလွှမ်းအခန်းထဲ ၀င်သွားလိုက်သည်။ သို့ပေမဲ့ မိုးလွှမ်း အခန်းထဲတွင်ရှိမနေ။ ကျော်ဇင်ပြုံးလိုက်မိသည်။ အခန်းထဲမှာ မရှိဘူးဆိုတော့ အိမ်ခေါင်မိုးထပ်မှာ ချစ်ရသူလေးမိုးလွှမ်း အရူးရောဂါထနေပေလိမ့်မည်။ မိုးလွှမ်းသိပ်ဝါသနာပါသည့် ဆေးရောင်စုံကလောင်တံလေး ကိုင်ထားရင်းပေါ့။
စုပ်တံကိုကိုင်ရင်း ကျောပေးထိုင်နေသော မိုးလွှမ်းနောက်သို့ ကျော်ဇင် ခြေဖော့ဖော့လေးလှမ်းလိုက်သည်။ မိုးလွှမ်း၏ မျက်လုံးအား လက်ဝါးနှစ်ဖက်ဖြင့် လှမ်းအုပ်လိုက်သည်။
“အား ဘယ်သူလဲ”
ဘယ်သူဘယ်ဝါမှန်း မိုးလွှမ်းသိပြီးသားဖြစ်သည်။ ချစ်ရသူလေးကျော်ဇင်က တိတ်တဆိတ်ရောက်လာတိုင်း ခုလိုလေးမျက်လုံးအား လှမ်းလှမ်းအုပ်တတ်သည်သာ။ ကျော်ဇင် မဖြေပဲ တိတ်ဆိတ်နေလိုက်သည်။
“သြော အချစ်လေးရောက်လာပြီကိုး”
ထိုသို့ပြောလိုက်တော့ မိုးလွှမ်း၏ပါးနှစ်ဖက်အား ရွှတ်ကနဲ့ နမ်းလိုက်သည်။
“တော်တော်အနံ့သိတဲ့ နှာခေါင်းပါလား၊ ပြောစမ်းပါဦး၊ ဘာနှာခေါင်းမို့လို့လဲ”
“ကျော်နော်”
“ဟဲဟဲ၊ လွှမ်း အခုဘာပုံဆွဲနေတာလဲ”
ရှေ့ တူရူတွင် မြင်နေရသော မှိုင်းပျပျတောင်တန်းကြီးအား မိုးလွှမ်းလက်ညှိုးထိုးပြရင်း ဖြေလိုက်သည်။
“ဟိုတောင်တန်းကြီးပေါ့၊ ယနေ့ ရာသီဥတုကကောင်းနေတော့ မြင်ကွင်းလေးလှတာကြောင့် ဆွဲကြည့်တာ”
“တော်တော်လက်ရာမြောက်တာပဲ၊ လွှမ်းက တော်လိုက်တာကွာ”
“ကျော့်ရဲ့ လွှမ်းပဲဟာ သည်လောက်တော့ ရှိမှာပေါ့”
ပြောရင်း ကျော်၏ပါးအား ရွှတ်ကနဲ့ နမ်းလိုက်သည်။
“အင်း ဒါနဲ့ သည်နေ့ ဘာနေ့ပါလိမ့်”
“လွှမ်း……”
ကျော်က စိတ်ကောက်ဟန်လေး လုပ်ပြလိုက်သည်။ လွှမ်းကျော်လည်း လက်ချိုးရေတွက်ပြီးမှ သည်နေ့ စနေနေ့မှန်းသိလိုက်သည်။ ကျော်ကျောင်းပိတ်သည်ပေါ့။
“သည်နေ့ ကျော်ကျောင်းပိတ်သားပဲ၊ လွှမ်းမေ့နေလို့ စိတ်မဆိုးပါနဲ့”
“မရဘူး၊ ဘာလဲ လွှမ်းက ကျော့်ဘယ်နေ့ကျောင်းပိတ်မယ်ဆိုတာ မှတ်မထားဘူးလား၊ ကျောင်းပိတ်တိုင်း လွှမ်းနဲ့ တွေ့နေကျဟာကို၊ ကျောင်းပိတ်ရက်ကို ကြိုမတွေးထားဘူးဆိုတော့ ဘာလဲ က ကျော့်ကို မတွေ့ချင်ဘူးပေါ့”
မိုးလွှမ်းနှင့် ကျော်ဇင်တို့သည် တက္ကသိုလ်ကျောင်းတွင် ချစ်သူတွေ ဖြစ်ခဲ့ကြခြင်းဖြစ်သည်။ မိုးလွှမ်းက ကျောင်းပြီးသွားခဲ့ပြီး ကျော်ဇင့်ထက် တစ်တန်းကြီးသည်မို့ ကျော်ဇင်က နောက်ဆုံးနှစ်ကျန်ခဲ့သည်။ ကျောင်းနှင့်အိမ်ကဝေးသောကြောင့် အဆောင်တွင်နေကြခြင်းဖြစ်သည်။ ကျောင်းပိတ်ရက်ရောက်မှ ချစ်သူနှစ်ဦး တွေ့ဆုံကြခြင်းဖြစ်သည်။
“အာ ကျော်ကလည်းကွာ၊ လွှမ်းလည်း ပန်းချီးကားထဲမှာ စိတ်ရောက်နေလို့ မေ့သွားတာပါ”
“ပန်းချီကားက လွှမ်းအတွက် ကျော့်ထက် ပိုတန်ဖိုးရှိတယ်ပေါ့”
“ကျော်နော်”
စူပုပ်နေတဲ့ ကျော့်မျက်နှာလေး ရယ်မောသွားစေရန် ကလိထိုးလိုက်သည်။
“အား ယားတယ်ကွာ”
“စိတ်ချ၊ ကျော်ရောက်လာပြီတော့ ကျော့်စိတ်တိုင်းကျ လျှောက်လည်ပါ့မယ်နော့”
“ဒါ့ကြောင့် ချစ်တာကွ”
ပြောရင်း မိုးလွှမ်း၏ ခန်ဓာကိုယ်ကြီးအား ပွေ့ချီလိုက်သည်။
“အောက်ကျသွားလို့ကတော့ အရှင်မထားဘူး”
ထိုသို့ပြောကာမှ ကျော်ဇင်က လွှတ်ချမည်ဟန်ပြင်လိုက်သည်။
“အားး”
မိုးလွှမ်း လန့်သွားသည်။ ပြီးမှ နှစ်ယောက်သား ရယ်လိုက်ကြသည်။
နှစ်ယောက်သား ကျော့မော့နေအောင်ဝတ်ပြီး ဖေဖေနှင့်မေမေ့အားနှုတ်ဆက်ကာ ကျော်၏ ဆိုင်ကယ်ပေါ်တက်လိုက်ကြသည်။ ကျော်ဇင်၏ခါးလေးအား မိုးလွှမ်း တင်းကြပ်စွာ ဖက်ထားလိုက်သည်။ ချစ်သူနှစ်ဦး၏ ဆိုင်ကယ်လေး ထွက်သွားပြီးနောက် မိုးလွှမ်း၏မိခင်စကားလေးက ထွက်လာသည်။
“သည်ကလေးနှစ်ယောက် ခင်လိုက်ကြပုံများ လင်မယားကျနေတာပဲဟယ်၊ ပြောကိုမပြောလိုက်ချင်ဘူး၊ ဟင်း ဟင်းး”
ဖခင်ကြီးကတော့ တိတ်ဆိတ်နေသည်။
*8*888***8*888*8*888*8*888*888*8*888*8*888*8*888*8*888*8*888*8*888*8
လည်ပတ်နေကျနေရာဖြစ်ပေမဲ့ ဘုရာစုံ၊ ပန်းခြံ၊ ကစားကွင်းပါမကျန် နေရာအနှံ့ လည်ပတ်လိုက်ကြသည်။ စားသောက်ဆိုင်လေးတွေဆီ ၀င်ပြီး သူခွံ့ ကိုယ်ခွံ့နဲ့ ပျော်ရွှင်ကြည်နူးစွာ စားသောက်လိုက်ကြသည်။ စိတ်ကျေနပ်လောက်အောင် လည်ပတ်ပြီးကြတော့ ဆိုင်ကယ်လေးနဲ့ အိမ်သို့ တန်းပြန်ခဲ့ကြသည်။
လမ်းတစ်ဝိုက်ရောက်တော့ ဓာတ်ပုံဆိုင်လေးကို မိုးလွှမ်းတွေ့လိုက်ရသည်။ အတွေးတစ်ခုကြောင့် ဆိုင်ကယ်အား ရပ်ခိုင်းလိုက်သည်။
“ဘာလဲကွ”
“ဟိုနားမယ် ဓာတ်ပုံဆိုင်လေးတွေ့တယ်”
“အင်း အဲ့ဒီတော့..သြော် လွှမ်းက ဓာတ်ပုံရိုက်ချင်လို့လား”
မိုးလွှမ်းခေါင်းညိတ်လိုက်သည်။
“သဘောလေ”
“ငါက ချစ်သူတွေလိုနေပြီးရိုက်ချင်တာ၊ ကျော် သဘောတူပါ့မလား”
“သိပ်တူတာပေါ့ချစ်လေးရယ်”
“တကယ်နော်၊ ချစ်သူတွေလိုနေပြီးရိုက်ရင် ဓာတ်ပုံဆရာက ငါတို့နှစ်ယောက်ကို ဂေးစုံတွဲတွေဆိုတာ သိသွားမှာ၊ ကျော်မရှက်ဘူးလားဟင်”
“လွှမ်းနော်၊ ဒါရှက်စရာလား၊ နိုး နိုး ငါက လွှမ်းရှက်မှာစိုးလို့သာ ဓာတ်ပုံရိုက်ချင်ပေမဲ့ မရိုက်ပဲနေခဲ့တာ၊ ငါတို့ ဂေးစုံတွဲတွေဆိုတာ ဓာတ်ပုံဆရာတစ်ယောက်ပဲသိမှာလေ၊ သူ့ကို နှုတ်ပိတ်ခိုင်းမယ်၊ အပြင်မှာသာ ပေါက်ကြားသွားရင် သူ့တာဝန်မကင်းဘူးလေ”
“အိုး ကိုယ့်အချစ်လေးကျော်က သိပ်ကိုညာဏ်ကောင်းတာပဲ”
“ဒါပေါ့ လွှမ်းရဲ့ အချစ်လေးပဲဟာ”
ဓာတ်ပုံဆိုင်ထဲဝင်ပြီး ဓာတ်ပုံတွေရိုက်ကြတော့ သရုပ်ဆောင်သူတို့၏ အမူအယာများကြောင့် ဓာတ်ပုံဆရာလည်း သူတို့၏ အခြေအနေကို တဖြည်းဖြည်းသဘောပေါက်လာသည်။ ဓာတ်ပုံဆရာက နားလည်ပေးဟန်ရှိသည်။ မျက်နှာလေးက ပြုံးပြုံးလေးနေနေတတ်သည်။ သရုပ်ဆောင်သူတို့ကလည်း မြင်သူအားကျ၊ မနာလိုလောက်အောင် သရုပ်ဆောင်ကြလေသည်။ သရုပ်ဆောင်ကောင်းမှုကြောင့်လည်း ပုံကောင်းကောင်းလေးတွေ ရသည်။
“ဆရာ သည်ပုံလေးတွေ အပြင်မှာ ပေါက်ကြားသွားမှာ စိုးတယ်”
“စိတ်ချစမ်းပါကွာ၊ ပေါက်ကြားသွားရင် ငါ့တာဝန်လို့ပဲ သဘောထားလိုက်ပါ၊ ငါက ဓာတ်ပုံအလုပ်နဲ့ပဲ အသက်မွေးနေရတာဆိုတော့ နှုတ်လုံပါတယ်ကွ”
ဓာတ်ပုံဆရာဆီက စိတ်ချလောက်သည့် စကားကြားရတော့ နှစ်ယောက်သား လက်ကလေးတွဲပြီး ဆိုင်ကယ်ပေါ်တက်လိုက်ကြသည်။ နောက်တွင် ဓာတ်ပုံဆရာ၏စကားကို ထိုစုံတွဲ ကြားလိုက်မည်မထင်။
“သည်လိုစုံတွဲမျိုး ငါတို့မြို့ မှာ ရှိလိမ့်မယ်လို့ မထင်မိဘူး၊ ငါတော့ အခုမှ ပထမဆုံးမြင်ဖူးတာပဲ၊ ငါ့တစ်သက်မှာ သည်လိုစုံတွဲမျိုး မြင်ဖူးခွင့်ရတော့ ငါ သိပ်ကံကောင်းတာပဲ”
^_^***^_^***^_^****^_^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကျော်ဇင်က ဆိုင်ကယ်အား ထိန်းစီးရင်း မိုးလွှမ်းအား လှမ်းမေးသည်။
“လွှမ်း သည်ပုံလေးတွေကို ဘယ်နေရာမှာ သိမ်းထားမှာလဲဟင်၊ လွှမ်းဖေဖေနဲ့မေမေက တစ်နေ့နေ့တော့ မြင်သွားမှာ အသေအချာပါပဲ”
“ငါ့မှာ အစီအစဉ်ရှိပါတယ်ကွ”
“မင့်အစီအစဉ်က ဘယ်လောက်များလုံခြုံလို့လဲ၊ မင်းဘယ်လောက်ပဲ လုံခြုံအောင် သိမ်းထားသိမ်းထား အခန်းသန့်ရှင်းရေးလုပ်ရင်းဘာရင်း တွေ့သွားမှာတော့ အသေအချာပဲ”
“မပူပါနဲ့ဆိုမှာကွာ၊ အိမ်ရောက်ရင်သိမယ်”
အိမ်ရောက်တော့ အခန်းဆီသို့ နှစ်ယောက်သား အပြေးကလေး တက်လိုက်ကြသည်။ အခန်းထဲရောက်တော့ နံရံတွင် ချိတ်ထားသော ပြက္ခဒိန်ကြီးအား ဖြုတ်ယူလိုက်သည်။ ကျော်ဇင့်အား ပြုံးပြရင်း လက်ညှိုးထိုးပြလိုက်သည်။
“သည်မယ်လေ၊ သည်ထဲမှာ ဓာတ်ပုံတွေ သိမ်းထားမှာပေါ့၊ ဒါဆို ဖေဖေနဲ့ မေမေ ဘယ်လိုမှ မသိနိုင်တော့ဘူး”
မိုးလွှမ်းပြသည်က လေးထောင့်ဆန်သော လျှို့ ဝှက်အခန်းငယ်လေး။
“ဒါ ဒါ သည်အခန်းလေးကို မင်း ဘယ်လိုလုပ်ထားတာလဲ”
“ငါလုပ်ထားတာမဟုတ်ပါဘူးကွာ၊ သည်အိမ်ကို ၀ယ်တုန်းကတည်းက ရှိနေတာ၊ ဖေဖေနဲ့မေမေ့ကို ပြမလို့ဟာ တစ်နေ့နေ့ ငါ့အတွက် အသုံးဝင်မယ်ထင်တာနဲ့ မပြတော့ပဲ လျှို့ ဝှက်ထားတာကွ”
“လွှမ်း မင်း သိပ်ညာဏ်ကောင်းပါလား”
“ဒါပေါ့ကွ”
မိုးလွှမ်းက ပြောရင်း ခုနက ရိုက်ယူလာခဲ့သော ဓာတ်ပုံများကို ထုတ်ယူလိုက်သည်။ ထုတ်ယူအပြီး ထိုလျှိုဝှက်အခန်းငယ်လေးထဲ သွင်းလိုက်မည်လုပ်လိုက်သည်။
“နေပါဦးကွလွှမ်းရ၊ မင်းကလည်း လောနေလိုက်တာ၊ ငါပုံလေးတွေ ၀အောင်ကြည့်ချင်သေးတယ်ကွ”
ပုံလေးတွေအား ဆတ်ကနဲ့ ယူလိုက်ပြီး မိုးလွှမ်း၏ ခုတင်အိအိကြီးပေါ်သို့ ဗိုင်းကနဲ့ မှောက်ချလိုက်သည်။ ကျော်ဇင်လုပ်သလို မိုးလွှမ်းလည်း ဗိုင်းကနဲ့ မှောက်ချလိုက်ပြန်သည်။ ပြီးမှ နှစ်ယောက်သား ပုံလေးတွေအား ကြည်ကြည်နူးနူး ဝေဖန်ကြလေသည်။
ကျော်ဇင်ကပြောလေသည်။
“သည်မှာကြည့်စမ်း၊ မင်းရယ်နေလိုက်တာကြီးက ရုပ်ဆိုးလိုက်တာ”
“ဘယ်မှာဆိုးလို့ သည်လောက်ချောတာ၊ မင်းသာနှုတ်ခမ်းရွဲ့ရွဲ့ကြီးနဲ့ ဘီလူးရုပ်နဲ့တူတာ”
“မင်းက မနာလိုဖို့ပဲ သိတာကိုးကွ”
“ခွေးချေးပုံနဲ့တူတဲ့ ရုပ်ကို အရူးတွေပဲ မနာလိုကြမှာ”
“လွှမ်း မင်းနော်”
“မင်းကတောင် ငါ့ကို ရုပ်ဆိုးတယ်လို့ မညှာတမ်းပြောတာ ငါကလည်း ဘာလို့ သက်ညှာနေရမှာတုန်းကွ”
“အေးပါ၊ ပြောမိတဲ့ ငါ့ကိုယ်က မှားပါတယ်၊ အဲ ဒါနဲ့ ကျောဘက်မှာ အမှတ်တရအဖြစ် ရက်စွဲတွေပါ ရေးထားရင် မကောင်းဘူးလား”
“သိပ်ကောင်းတာပေါ့”
မိုးလွှမ်းက အံဆွဲထဲက ဘော့လ်ပင်လေးကို အမြန်ယူလိုက်သည်။ ပြီးတော့ လက်ရေးဝိုင်းဝိုင်းကလေးနဲ့ ရေးလိုက်သည်။
“ချစ်သော ကျော်နှင့် အမှတ်တရ ၁၉..ခုနှစ်”
ပုံများအားလုံးကို ရေးမှတ်လိုက်သည်။ ပြီးသွားတော့မှ လျှို့ ဝှက်အခန်းငယ်လေးထဲ ထည့်မည်ဟန်ပြင်လိုက်သည်။
“အဲ နေဦးလွှမ်း၊ ငါ မင်းအတွက် လက်ဆောင်တစ်ခု ၀ယ်လာခဲ့တယ်၊ ပေးရမှာ မေ့တော့မလို့”
“ဘာများလဲ”
ကျော်ဇင်က စလွယ်သိုင်းလာခဲ့သော လွယ်အိတ်လေးထဲက ထုတ်ယူလိုက်သည်။ မပြသေးပဲ ပြီတီတီလုပ်နေလိုက်သေးသည်။
“လုပ်ပါ၊ ဘာလဲ သိချင်လှပြီ”
“သည်မယ်”
“၀ိုးး ဒိုင်ယာရီစာအုပ်လေးပါလား၊ အရမ်းလှတာပဲ”
“အင်း အဲ့သည်ထဲမှာ မင်းနဲ့ငါတို့ရဲ့နေ့စဉ် ဖြတ်သန်းခဲ့တဲ့ အကြောင်းလေးတွေပဲ ရေးရမယ်နော်”
“စိတ်ချစမ်းပါကျော်ရ”
မိုးလွှမ်းက လက်ဆောင်ရတော့ ကလေးတစ်ယောက်လို ပျော်နေသည်။ စာရွက်ကလေးများကို ဟိုလှန်သည်လှန်လုပ်နေလိုက်သည်။
“သည်စာအုပ်လေးနဲ့အတူ ဓာတ်ပုံလေးတွေပါ အတူသိမ်းထားမယ်နော်”
“အင်း”
မိုးလွှမ်းက ဓာတ်ပုံလေးများကို စာအုပ်ကြားထဲ ညှပ်လိုက်သည်။
“လွှမ်းရ၊ ငါတို့ရဲ့ နေ့စဉ်အဖြစ်အပျက်လေးတွေ ရေးရမှာပါဆို ဘာလို့ မရေးတာလဲ”
“ဟင် ဘာတွေ ရေးရမှာလဲ”
“လွှမ်းရ၊ မင်းနဲ့ တော့ ညံ့ပါ့၊ ဖယ်စမ်း၊ ငါပဲရေးပါ့မယ်”
“မရဘူး မင်းဖယ်၊ မင့်လက်ရေးက ဆိုးတယ်၊ ပဲပင်ပေါက်အတိုင်းပဲ၊ ငါပဲရေးပါ့မယ်”
မိုးလွှမ်းစဉ်းစားပြီး ရေးလိုက်လေသည်။
“သည်နေ့ အရမ်းပျော်တာပဲကွာ….…..”
ကျော်ဇင်ကလည်း ဘေးကနေ ဖြည့်သင့်ဖြည့်ထိုက်တာလေးတွေကို ထောက်ခံပေးလေသည်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
အစ်ကိုမိုးလွှမ်းဆိုသူ ရေးမှတ်ထားသည့် ဒိုင်ယာရီတွေက များပြားလွန်းလှသည်။ ရေးမှတ်ထားသည့်မှတ်တမ်းများအရ အစ်ကိုမိုးလွှမ်းနှင့် အစ်ကို၏ ချစ်သူ ကျော်ဇင်တို့သည် စံနှိုင်းမမီသည့် ချစ်သူများ ဖြစ်ကြောင်း သိသာသည်။ သည့်ကြောင့် ကျားကျားလျားလျားယောကျာ်းကြီးနှစ်ယောက်၏ အချစ်ကို လွှမ်းကျော် စာနာမိသည်။ လေးလည်းလေးစားမိသည်။
ညည့်နက်ချိန်ကျော်သည့်တိုင် လွှမ်းကျော် ဆက်ဖတ်နေမိဆဲ။ အစ်ကိုအရင်း၏ ဒိုင်ယာရီမို့ ထင်သည်။ လွှမ်းကျော်အတွက် စိတ်ပျက်ပျင်းရိဖွယ်ရာ ဖြစ်မလာခဲ့။ စိတ်ဝင်စားဖွယ်သာ ကောင်းနေခဲ့သည်။ နောက်စာမျက်နှာ တစ်ခုအား လှန်လိုက်ပြန်သည်။ ချစ်ဇနီးသည်လေး ခိုင်ငြိမ်းစံကတော့ အိပ်မောကျနေဆဲ။
“သည်နေ့ဟာ ငါ့အတွက် အပျော်ဆုံးနေ့ပဲပေါ့၊ ဘာလို့ဆို…….(အတိတ်ဆီသို့)”
^^^^^^^^^^^^^^^^^^^^^^^
“လွှမ်းလား”
“အေး ဟုတ်တယ်ကျော်၊ ငါ အခု အရမ်းပျော်နေတယ်”
“ဘာလို့တုန်းကွ”
“ဘာလို့ဆို ငါ့အမေက ကလေးမွေးပြီလေ၊ ညီလေးမွေးတာလေကွာ၊ ငါအရမ်းပျော်တာပဲကျော်ရာ”
“ဟုတ်လား၊ မင်းဖြစ်စေချင်တဲ့အတိုင်း ညီလေးမွေးလာတော့ ငါလည်း ၀မ်းလည်း ၀မ်းသာပါတယ်ကွာ”
“ငါ ငါ လေ ပြောမပြတတ်အောင် ၀မ်းသာမိတယ်ကျော်ရာ၊ ဘာလို့ဆို ငါ ညီလေးနဲ့ ပတ်သက်ပြီး အများကြီး စိတ်ကူးယဉ်ထားတာ ရှိတယ်၊ အဲ့သည်စိတ်ကူးက မင်းနဲ့ သက်ဆိုင်တယ်ကျော်၊ မင်းသဘောတူမတူတော့ မသိဘူး၊ အဲ့အကြောင်း မင်းနဲ့ တိုင်ပင်ရဦးရမှာ”
ဘာများလဲကွ၊ ပြောစမ်းပါဦး”
”ဒါတော့ မင်းနဲ့တွေ့မှပြောဖြစ်မဲ့ကိစ္စပါကျော်၊ အေးအေးဆေးဆေးပြောရမဲ့ကိစ္စပါ၊ မင်း မနက်ဖြန်ကျောင်းပိတ်တယ်မဟုတ်လား၊ ငါ့ဆီတန်းပြန်လာခဲ့နော်၊ ငါ စောင့်နေမယ်”
“အေးပါ၊ တော်တော်လျှိုဝှက်ချက်များတဲ့ကောင်ရေ”
“ဒါနဲ့ ကျော်”
“ပြော”
“ငါ ကျော့်ကို အရမ်းချစ်တယ်”
“ချီးပဲ၊ ငါ ကြားချင်တာ ဒါမဟုတ်ဘူးကွ၊ မင့်ရဲ့ လျှိုဝှက်ချက်ကို”
“မနက်ဖြန်ပြောပါ့မယ်ဆိုမှကွ”
“အေးပါ၊ ငါလည်း ချစ်ပါတယ်ကွ၊ မင်းမပြောတောင် ငါက မင့်ဆီ လာမလို့ဟာကို”
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ိ့“ဟေး ချစ်လေး”
“လာ ကျော်၊ ၀င်ခဲ့”
“ဘယ်မှာလဲကွ၊ မင့်ညီလေး”
“ဆေးရုံမှာပါပဲ၊ မီးဖွားပြီးစမို့ ဆေးရုံက ဆင်းခွင့်မရသေးဘူး”
“ဟုတ်လား၊ ဒါဆို အိမ်မှာ မင်းနဲ့ငါ နှစ်ယောက်တည်းရှိတာပေါ့၊ ငါတို့ လွတ်လွတ်လပ်လပ်ချစ်ဖို့ အခွင့်အရေးတော့ ရပြီပေါ့”
ကျော်ဇင်က ပြောရင်း မိုးလွှမ်းအား ပွေ့ဖက်နမ်းရှုံ့ မည်လုပ်လိုက်သည်။ မိုးလွှမ်းက ကျော်ဇင်၏ ပါးစပ်အား လက်ဝါးဖြင့် ကာလိုက်သည်။
“မင်းကတော့လေ၊ ဒါတွေချည်းပဲ သိတာလား၊ လာရင်းကိစ္စကို မေ့သွားပြီလား”
“မမေ့ပါဘူးကွ၊ တစ်ပါတ်လောက်လွမ်းနေရတာကို သည်လောက်လေးတောင် ဖြည့်မပေးချင်ဘူးလား”
“အဲ့ဒါတွေ နောက်မှထား၊ မနေ့က ငါ ပြောထားတဲ့ ကိစ္စ ပြောရအောင်”
“ပြောပါချစ်လေးရဲ့”
ကျော်ဇင်က မိုးလွှမ်း၏ ဘေးမှာ ထိုင်ရင်း မိုးလွှမ်း၏ ကိုယ်လေးအား တင်းကြပ်စွာ ပွေ့ဖက်ထားသည်။
“ပြောလိုက်ရင် မင်းစိတ်ဆိုးသွားမှာ ကြောက်တယ်ကျော်၊ မင်းသဘောမတူမှာလည်း စိုးတယ်”
“ဘာများလဲချစ်လေးရဲ့”
“သည် သည်လိုလေ၊ ငါ ငါ မင်းနဲ့ ကတိပေးထားတာကို ဆက်မတည်နိုင်တော့ဘူး၊ ငါတို့ တစ်နေ့နေ့မှာ ကလေးမွေးစားကြမယ်ဆိုတာကိုလေ”
“ဟင် ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲဆိုရင် ငါ့မှာ ညီလေးရှိနေပြီမို့လို့လေ၊ ငါတို့ ညီလေးကိုပဲ သားတစ်ယောက်လို သဘောထားပြီး ငါတို့ တစ်သက်လုံး အတူတူနေသွားကြရအောင်လေ”
“ဒါများ စိတ်ပူနေတာလားချစ်လေးရ၊ ငါ သဘောတူပါတယ်၊ မင်းရဲ့ ညီလေးအရင်းဆိုတော့ ပိုတောင် ကောင်းသွားတာပေါ့၊ ငါကလည်း သူ့ကို သားအရင်းတစ်ယောက်လို သဘောထားမှာပါ”
“တ တကယ်ပြောနေတာလားဟင် ကျော်”
မိုးလွှမ်း၏ မျက်နှာ ၀င်းလက်သွားသည်။
“တကယ်ပေါ့လွှမ်းရ၊ ဒါပေမဲ့ ငါ စိုးရိမ်မိတာ တစ်ခုရှိတယ်”
“ဘာများလဲဟင်”
“ငါတို့ရဲ့ သားလေးက သူ့မိဘတွေဟာ ဂေးနှစ်ယောက်ဖြစ်နေကြတာကို သိသွားရင် ရှက်နေမှာစိုးတယ်၊ သိသိချင်းမှာ ငါတို့ကို ထားခဲ့မှာလည်း ကြောက်တယ်၊ ပြီးတော့ အရမ်းဆိုးသွမ်းတဲ့ သားမိုက်လေး ဖြစ်နေမှာလည်း ကြောက်မိတယ်လွှမ်း”
“ဒါကို ငါ့တာဝန်ထားစမ်းပါ၊ ငါ ငါ့ညီလေးကို အစ်ကိုကြီးတော့ အဖအရာဆိုသလို စောင့်ရှောက်မယ်၊ ညီလေးကို သားလိမ္မာလေးဖြစ်အောင် မွေးမြူမယ်၊ စာလည်း ငါ ကိုယ်တိုင် သင်ပေးမှာ၊ ပညာတတ်ကြီးတစ်ယောက်ဖြစ်သွားသည်အထိ ငါကိုယ်တိုင်ကြပ်မတ်ပေးမှာ၊ ပြီးတော့ ညီလေးရဲ့ နာမည်ကိုလည်း မင့်နာမည်တစ်လုံး ငါ့နာမည်တစ်လုံးစီထည့်ပြီး လွှမ်းကျော်လို့ မှည့်လိုက်ရင်မကောင်းဘူးလား”
“၀ိုးး သိပ်ကောင်းတာပေါ့၊ ငါ့တို့သားလေး လွှမ်းကျော်၊ ငါတို့ရဲ့ ရတနာလေး လွှမ်းကျော်၊ မင်း မင်း အရမ်းကို ညာဏ်ကောင်းတယ်ကွာ၊ ဒါ ဒါပေမဲ့ ငါတို့ အသက်အရွယ်ကြီးတဲ့အချိန်၊ ငါတို့သားလေး အိမ်ထောင်ကျသွားရင် ငါ တို့ကို စွန့်ပစ်ခဲ့မှာလည်း စိုးတယ်လွှမ်းရယ်”
“ကျော်ကလည်း လျှောက်တွေးပူနေတာပဲ၊ အဲ့ဒါတွေက အဝေးကြီး လိုပါသေးတယ်ကွာ၊ ငါ့ညီလေးက ငါတို့ကို ပစ်ထားချင်လည်း ထားပါစေကွာ၊ ငါပဲဖြစ်ဖြစ် ငါတို့က သူ့ကို ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တာပဲလေ၊ သူ့ဟာကို ငါတို့ကို ထားချင်ထား မထားချင်နေ၊ သူ့အပေါ်မှာ ငါတို့ ကျေးဇူးက ရှိနေပြီပဲလေ၊ ဒါ့ကြောင့် ငါတို့က ဘာမှ စိတ်မကောင်းဖြစ်နေစရာ မလိုဘူး၊ သည်အတိုင်း ငြိမ်ငြိမ်လေးနေလိုက်ရုံပဲ”
“သိပ်ဟုတ်ပါလားလွှမ်းရ၊ ဒါ့ကြောင့် မင်းကို ချစ်တာကွာ”
ပြောရင်း နမ်းနေပြန်သည်။
“လွှတ်ပါဦးကွ၊  အပြင်က ကလေးကို မွေးစားမဲ့ ကတိကို ဖျက်ခဲ့ပေမဲ့ မင်းဖြစ်စေချင်တဲ့ လက်ဖက်ရည်ဆိုင်လေးကိုတော့ ငါ ဖွင့်နိုင်အောင် ကြိုးစားပေးမှာပါကွာ၊ ဒါကို ငါ ကတိပေးပါတယ်ကွ”
“ပိုနေလိုက်တာ၊ ငါ့ကို မေ့ထားပြီး ပန်းချီထဲမှာပဲ စိတ်ကို နှစ်ထားတဲ့ ကောင်ကများ၊ မင်းကြိုးစားမပေးဘူးဆိုတောင် ငါ့ဖာသာ ဖြစ်လာအောင် ကြိုးစားမှာလို့ အားခဲထားပြီးသားပါကွချစ်လေးရ”
ပြောရင်း ကလိလိုက်သည်။
“အား အား တော်တော့ကွာ၊ ပြီးတော့ ငါ ပန်းချီကားတစ်ချပ်ဆွဲဖို့ စိတ်ကူးရှိတယ်၊ ဘာလဲဆိုတာ မင်းသိချင်လားကျော်”
“ပြောစမ်းပါဦး၊ ပန်းချီရူးရဲ့”
“အိမ်ပုံလေးဆွဲမှာ၊ အိမ်ကလေးကို အစိမ်းရောင်တွေချည်း မွမ်းမံထားမှာ၊ အိမ်ရှေ့ မှာ အစိမ်းရောင်မြက်ခင်းစိမ်းလေးလည်း ထည့်ဆွဲမှာ၊ အဲ့သည်တော့ ပန်းချီကားလေးဟာ အစိမ်းရောင်တွေချည်းပဲ ဖြစ်သွားပြီလေ၊ မင်း နောက်တစ်ပါတ်ကျောင်းမပိတ်ခင်ပြီးအောင် အဆုံးသတ်မှာ၊ ပြီးရင် မင့်ကိုပြမယ်၊ အစိမ်းရောင်ဆိုတာ ဘာအဓိပ်ပါယ်ကိုဖော်ဆောင်သလဲ မင်းသိလား”
“ပြောပါဦး ပန်းချီကနေ စာပေပါ ရူးသွားတဲ့ကောင်ရ”
“အစိမ်းရောင်ဆိုတာ နွေးထွေးပြီး ပျော်ရွှင်ချမ်းမြေ့မှုကို ပြောတာလေ၊ ငါတို့မိသားစုလေးကို ရည်ညွန်းတာပေါ့၊ ငါတို့ မိသားစုလေးကို အရမ်းနွေးထွေးတဲ့ မိသားစုလေး ဖြစ်အောင် ငါ ကြိုးစားတည်ဆောက်မှာ”
“ဒါ့ကြောင့်ချစ်တာ ငါ့ကောင်ရ”
ပြောရင်း ကျော်ဇင်က ကလိပြန်လေသည်။
“မင်း ခုနက လုပ်ချင်တယ်ဆို၊ အပေါ်ထပ်သွားမယ်လေ”
“သည်မှာ မင်းနဲ့ငါ နှစ်ယောက်တည်းပဲ ရှိတာ၊ အပေါ်ထပ်သွားဖို့ လိုလို့လားကွငကြောင်ရ”
ပြောရင်း ကျော်ဇင်၏ အနမ်းများက ကြမ်းတမ်းလာသည်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ထို ဒိုင်ယာရီလေးကို ဖတ်အပြီး လွှမ်းကျော် ရှိုက်ကနဲ့ ငိုချလိုက်မိသည်။ အစ်ကိုကိုယ့်ကို သိပ်ချစ်ခဲ့တာပါလား။ ပညာတတ်တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးမယ်တဲ့။ သားအရင်းတစ်ယောက်လို သဘောထားပြီး တစ်သက်လုံး အတူနေသွားမယ်တဲ့။ နာမည်လေးကိုတောင် အစ်ကိုကိုယ်တိုင်ပေးခဲ့တာပါလား။ တွေးရင်းနဲ့ လွှမ်းကျော် အစ်ကို၏ ကိုယ့်အပေါ် မျှော်လင့်မှုများစွာကို ပြေးမြင်ယောင်လိုက်မိသည်။ အစ်ကို့ကို အလွန်လေးစားပြီး ချစ်ခင်မိသွားသည်။
ဒါပေမဲ့ နောက်စာမျက်နှာတစ်ရွက်အား လှန်လိုက်သော် အစ်ကိုရေးမှတ်ထားသော ဒိုင်ယာရီများ မတွေ့တော့ပုံထောက်ရင် အစ်ကို ကိုယ့်ကို စာတစ်လုံးတောင် သင်ပေးခွင့် ရခဲ့လိမ့်မည်မထင်။ အစ်ကို မျှော်လင့်ထားသလို တစ်စက်ကလေးမှ ဖြစ်ခဲ့လိမ့်မည်မထင်။ အစ်ကို့မျှော်လင့်ချက်တွေ တစ်ခုမှ ဖြစ်သွားခဲ့လိမ့်မည်မဟုတ်။ လွှမ်းကျော့်ကိုမွေးပြီးနောက် လွှမ်းကျော်နဲ့ပတ်သက်ပြီး အစ်ကိုစိတ်ကူးမျှော်လင့်ချက်တွေ အစပြုခဲ့သည့်အချိန်လေးအတွင်းမှာပဲ အစ်ကို့ကို မေမေစွန့်လွှတ်ခဲ့တာပဲ ဖြစ်လိမ့်မည်။ ဒါ ဒါ တွေအားလုံးဟာ မေမေ့ကြောင့်။ အားလုံးဟာ မေမေ့ကြောင့် ဖြစ်ရတာ။ မေမေသာ အစ်ကိုတို့ကို နားလည်ပေးခဲ့ရင် အစ်ကိုတို့ အချစ်ကို စာနာပေးခဲ့ရင် ဂေးတို့၏ အချစ်ကို နားလည်မှုပေးပြီး စာနာတတ်ခဲ့ရင် အခုလို အခြေအနေမျိုးတွေ ဖြစ်လာခဲ့လိမ့်မည်မဟုတ်။ လွှမ်းကျော်လည်း အစ်ကို၏ ဂရုဏာတွေကို တစ်ဝကြီး ခံစားရဦးမည်။ ကိုယ်ကိုယ်တိုင်ကလည်း အစ်ကိုအရင်းတစ်ယောက်လောက်လိုချင်ခဲ့သည်ဟု တွေးခဲ့မိဖူးသည်။ လွှမ်းကျော်၏ ဆန္ဒတွေလည်း မေမေ့ကြောင့် မဖြစ်ခဲ့ရ။ မေမေ့ကို မုန်းသည်။ ဂေးနှစ်ယောက်၏ ခိုင်မာသော အချစ်ကို ခွေးဇာတ်ခင်းသည်ဟု သဘောထားပြီး နှင်ချလွှတ်ခဲ့သည့် မေမေ့ကို အရမ်းမုန်းသည်။
အစ်ကို့ကို သနားလွန်းသောကြောင့် လွှမ်းကျော် အစ်ကို့ကို တွေ့ချင်လွန်းလှသည်။ အစ်ကို့ကို ရှာချင်လွန်းလှသည်။ သည်အိမ်ကြီးကနေထွက်ပြေးပြီး အစ်ကို့ကို ရှာလိုက်ချင်ပါသည်။ ဒါပေမဲ့ သည်အိမ်ကြီးကနေ ထွက်သွားလို့ဖြစ်ပါ့မလား။ ကိုယ့်မှာက ချစ်ဇနီးသည်လေး ရှိနေသည်ပဲ။ ချစ်ဇနီးသည်လေးကို တစ်ယောက်တည်း ပစ်မထားရက်လို။ လွှမ်းကျော် အံကို တင်းတင်းသာကျိတ်နေမိသည်။
………………………………………………………………….
နံနက်စာထမင်းဝိုင်းရောက်တော့ လွှမ်းကျော်တိတ်ဆိတ်နေသည်။ အစ်ကိုဖြစ်သူ၏ ဒိုင်ယာရီကို ဖတ်ပြီး မေမေ့အား ဒေါသထွက်နေမိသည်။ ဒေါသကြောင့် ထမင်းကို မစားပဲ ပန်းကန်းပြားအားကြည့်ပြီး နယ်နေသည်။ နယ်နေရင်းက ကြမ်းတမ်းစွာ နယ်ပစ်နေသည်။ ဘေးက ခိုင်က ၀င်ပြောသည်။
“ကိုကျော် ဘာဖြစ်နေတာလဲ၊ ဘာလို့ ထမင်းတွေကို နယ်ပစ်နေတာလဲ”
မိခင်ဖြစ်သူကလည်း မေးလေသည်။ဖခင်ကြီးကတော့ မှုန်မှုန်သုန်သုန်ကြည့်နေသည်။
“သားငယ် ဘာလို့ အဲ့လိုလုပ်ရတာလဲ၊ လူကြီးတွေရှေ့ မှာ”
မေးလေ လွှမ်းကျော် ပိုပြီးဒေါသထွက်ကာ ထမင်းအား နယ်မြဲနယ်လေသည်။ ဘာမှတော့ပြန်မပြော။ နောက်မှ နေရာမှ ဆတ်ကနဲ့ထပြီး အခန်းဆီ ပြေးထွက်သွားသည်။
“ကိုကျော်”
“သားငယ်”
ခိုင်က လိုက်မည်ဟန်ပြင်သည်။ မိခင်က ခိုင့်အား တားလိုက်သည်။
“နေ နေသမီး၊ မေမေပဲ လိုက်သွားလိုက်မယ်”
အခန်းထဲရောက်တော့ သားငယ်ဖြစ်သူ အ၀တ်အစားများအား ဒေါသတကြီးဖြင့် လျင်မြန်စွာ ထုပ်ပိုးနေသည်ကို တွေ့လိုက်ရသည်။
“သား သားငယ် အဲ့ဒါ ဘာလုပ်နေတာလဲဟင်”
“ထွက်သွားမလို့၊ မေမေ့အိမ်မှာ မနေချင်တော့ဘူး၊ အစ်ကို့ဆီသွားနေမယ်”
“သားငယ် မေမေ့ကို စိတ်ဆိုးနေတာလားဟင်”
“ဆိုးတာပေါ့မေမေ၊ မေမေ အစ်ကို့ကို နှင်မချခဲ့သင့်ဘူး၊ အစ်ကိုတို့အချစ်ကို မေမေမခွဲသင့်ဘူး၊ အစ်ကို့ကို သား အရမ်းသနားတယ်မေမေ”
“သားငယ်ရယ်၊ သားငယ်ရဲ့အစ်ကိုက ဘယ်မှာ ရှိနေမှန်းသားငယ်သိလို့လား၊ မသိပဲနဲ့ ဘယ်လိုသွားမလဲဟင်”
“အစ်ကို့ကို တွေ့အောင်ရှာမယ်၊ မတွေ့ရင် သားလုံးဝ ပြန်မလာဘူး”
“အဲ့လိုတော့ မလုပ်ပါနဲ့သားလေးရယ်၊ မေမေတောင်းပန်ပါတယ်”
“တောင်းပန်တယ်ဟုတ်လားမေမေ၊ တကယ်တမ်းတောင်းပန်သင့်တာက သားကိုမဟုတ်ဘူး၊ အစ်ကို့ကို၊ အစ်ကို့ကို မေမေတောင်းပန်ရမှာ”
“သူ့ကို တောင်းပန်ရမယ်ဟုတ်လား၊ လုံးဝပဲ၊ သူလို သားမိုက်တစ်ယောက်ကို မေမေဘာကြောင့်တောင်းပန်ရမှာလဲ”
မိခင့်စကားကြောင့် လွှမ်းကျော် ပစ္စည်းများအား ကိုင်ပေါက်ပစ်လိုက်သည်။ မိခင်လည်း အလွန်လန့်သွားသည်။
“အစ်ကို့ကို ဘာလို့ သားမိုက်လို့ ပြောရတာလဲဗျာ၊ အစ်ကိုက သားမိုက်မဟုတ်ဘူး၊ ဂေးတစ်ယောက်ဖြစ်လို့ ယောက်ျားချင်းချင်းချစ်မိလို့ သားမိုက်ဖြစ်ရတယ်လို့ သားလုံးဝ မသတ်မှတ်ဘူး၊ သားနာမည်ကို လွှမ်းကျော်လို့ ဘာကြောင့်မှည့်ရတာလဲ မေမေသိလား”
“အဲ့ အဲ့ဒါက သူက နေ့သင့်နံသင့်ကောက်ယူပြီးပေးထားတာလို့ ပြောတာပဲ”
“မဟုတ်ဘူးမေမေ၊ အစ်ကို့နံမည်နဲ့ အစ်ကို့ချစ်သူနာမည်ရောစပ်ထားတာ၊ ဘာလို့ဆို အစ်ကိုက သားကို သိပ်ချစ်လို့ပဲ၊ အစ်ကိုက သားကို သားအရင်းလို ချစ်တာတဲ့၊ အစ်ကို့ရဲ့ ချစ်သူကလည်း သားကို သားအရင်းလို သဘောထားမှာတဲ့၊ တစ်သက်လုံးမိသားစုတွေလို နေသွားမှာတဲ့၊ အစ်ကိုကပြောတယ်၊ သားကို စာသင်ပေးမယ်၊ ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင်ထားမယ်၊ အစ်ကိုက သားကို အဲ့လောက်ကြီးတောင်မျှော်လင့်ထားတာ၊ ခုလို သားအပေါ် သိပ်ချစ်တဲ့ အစ်ကို့ကို မေမေမို့လို့ သားမိုက်လို့ပြောရက်တယ်၊ မေမေ့ကြောင့် အစ်ကိုမျှော်လင့်ချက်တွေ မဖြစ်ခဲ့ရဘူး၊ သားလည်း အစ်ကို့ရဲ့ မေတ္တာတွေကို မခံစားလိုက်ရဘူး”
“သားငယ် ဘာတွေပြောနေတာလဲ၊ ဒါတွေကို သားငယ် ဘယ်လိုလုပ်ပြောနိုင်ရတာလဲ”
လွှမ်းကျော်က နံရံတွင် ချိတ်ထားသည့် ပုံကြီးအား ဖြုတ်ယူလိုက်ပြီး ဒိုင်ယာရီစာအုပ်လေးအား ပြလိုက်သည်။
“အို အဲ့သည်အခန်းလေးက ဘယ်လိုလုပ်ရောက်နေတာလဲ၊ မေမေလည်း မသိပါလား”
“အစ်ကိုက လျှို ၀ှက်ထားတော့ မေမေဘယ်သိမှာလဲ၊ ဟော့သည်ပန်းချီကားကတော့ ဘာအဓိပ်ပါယ်နဲ့ အစ်ကိုဆွဲခဲ့တာလဲမေမေသိလား၊ အစ်ကိုတို့နှစ်ယောက်က သားကို သားအရင်းလို သဘောထားပြီး တစ်သက်လုံးနွေးနွေးထွေးထွေးနေသွားမယ်ဆိုတဲ့ အဓိပ်ပါယ်နဲ့ အစိမ်းရောင်အိမ်ကလေးကို ဆွဲခဲ့တာ၊ အစ်ကို့စိတ်ကူးအိပ်မက်တွေ မေမေ့ကြောင့် မေမေ့ကြောင့် မဖြစ်ခဲ့ရဘူး”
“ပါးစပ်ပိတ်ထားစမ်း၊ ဒါတွေအားလုံးဟာ အတုအယောင်တွေပါသား၊ သူအဲ့သည်လို စိတ်ကူးယဉ်ခဲ့ရဲ့နဲ့ ဘာလို့ အိမ်ကထွက်သွားခဲ့ရတာလဲဟင်”
“ဘာပြောတယ်မေမေ၊ ဘာဖြစ်လို့ အိမ်က ထွက်သွားခဲ့ရတာလဲ ဟုတ်လား၊ မေမေနှင်ချခဲ့လို့ ထွက်သွားခဲ့ရတာမဟုတ်ဘူးလားမေမေရ”
“ဟုတ်တယ်၊ မေမေနှင်ချခဲ့တယ်၊ ဒါပေမဲ့ သူ့ကို သားအရင်းအဖြစ်ကနေ စွန့်လွှတ်ဖို့အထိ မေမေမနှင်ချခဲ့ပါဘူး၊ သားငယ်ပြောသလို သူစိတ်ကူးယဉ်အိပ်မက်တွေ ထားခဲ့တယ်မှန်ရင် အိမ်ကို ပြန်လာရမှာပေါ့၊ အခုတော့ မေမေတို့ ကျေးဇူးကို မထောက်ရင်တောင် ထားပေတော့ မွေးကင်းစ ညီလေးအပေါ်မှာ  အစ်ကိုတစ်ယောက်ပီသဖို့အတွက် အိမ်ကိုပြန်လာခဲ့သင့်တယ်၊ သူပြန်လာရင် မေမေခွင့်လွှတ်မလို့ပါပဲ၊ သူပြန်မလာခဲ့ပါဘူးသားလေးရယ်၊ အရိပ်အယောင်လေးတောင် မပြခဲ့တာပါသားလေးရယ်၊ သားငယ်ပြောသလို မေမေလည်း သူ့ကို သိပ်တွေ့ချင်တာပါပဲ၊ လွမ်းလည်းလွမ်းပါတယ်၊ အမြဲတမ်းလည်း ခွင့်လွှတ်နေပါတယ်၊ ဂေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သားဟာ မေမေ့သားပါပဲသားရယ်၊ မေမေတို့လည်း အသက်တွေ ကြီးကုန်ကြပါပြီ၊ မေမေမသေခင် သားကြီးကို တစ်ကြိမ်လောက်တွေ့ချင်ပါသေးတယ်၊ ခွင့်လွှတ်တယ်လို့ ပြောသွားချင်ပါသေးတယ်၊ သားကြီးကိုလေ တစ်ကြိမ်လောက်တော့ နမ်းချင်ပါသေးတယ်သားလေးရယ်”
“မယုံဘူးမေမေ၊ ဒါ မေမေ့ဆင်ခြေတွေ၊ အစ်ကို့ကို မေမေချစ်တယ်ဆိုတာ မယုံဘူး”
“ယုံပါသားလေးရယ်၊ သားငယ်မေးခဲ့ဖူးတယ်မဟုတ်လား၊ မေမေ့မှာ သားလေးတစ်ယောက်ပဲ ရှိတာတောင် ဘာလို့ သားငယ်လို့ ခေါ်ရတာလဲလို့လေ၊ ဘာကြောင့်ဆို မေမေ့မှာ သားကြီးရှိနေလို့ပါပဲ၊ သားလေးမှာ အစ်ကိုတစ်ယောက်ရှိတယ်ဆိုတာ သားလေးကို သိပ်ပြောချင်တာပဲ၊ ဒါပေမဲ့ မေမေမပြောထွက်ခဲ့ပါဘူးသားလေးရယ်၊ သားလေးရဲ့ အစ်ကိုကြီးဟာ ဂေးတစ်ယောက်ဖြစ်တယ်ဆိုတာ မေမေမပြောရက်ခဲ့ပါဘူး၊ ဘာလို့ဆို သားငယ်ရှက်နေမိမှာ စိုးလို့ပါသားလေးရယ်၊ ပြီးတော့ သားလေးကို ဂေးတစ်ယောက်ဖြစ်မှာကိုတော့ မေမေအရမ်းကြောက်နေမိတယ်၊ ဘာလို့ဆို သားကြီးကို ဆုံးရှုံးရသလို သားလေးကိုပါ ဆုံးရှုံးရမှာ မေမေကြောက်လို့ပါပဲ၊ ဒါ့ကြောင့် သားလေးကို မေမေစောစောအိမ်ထောင်ချပေးခဲ့ရတာပါ၊ မေမေ့ကြောင့် သားလေး လူငယ်ဘ၀ကို ကောင်းကောင်းကြီး မခံစားလိုက်တာကိုတော့ မေမေတောင်းပန်ပါတယ်သားလေးရယ်”
“မေမေ အမှန်အတိုင်းပြောနေတာလားဟင်”
“တကယ်ပါ မေမေ့စကားကို ယုံပေးပါသားလေး၊ သားလေး သားကြီးကို ရှာချင်ရင် ရှာပါ၊ မေမေခွင့်ပြုပါတယ်၊ ဒါပေမဲ့ မေမေ့ကိုတော့ သားကြီးလို မေမေ့ကို ပစ်မသွားခဲ့ပါနဲ့နော်”
မိခင်သည် သားငယ်အား ဖက်လိုက်သည်။ လွှမ်းကျော်သည်လည်း မေမေ့အား စိတ်ဆိုးပြေသွားခဲ့လေသည်။ ထိုစဉ် နောက်မှ ခိုင်ငြိမ်းစံကလည်း ပြေးလာပြီး လွှမ်းကျော်အား ဖက်လေသည်။
“ကိုကျော် ခိုင့်ကိုလည်း မထားခဲ့ပါနဲ့နော်”
လွှမ်းကျော် ဘာမှမပြောနိုင်သေးပါပေ။
……………………………………………………………………………..
မိခင်သည် မျက်ရည်များ စီးကျနေမိသည်။ မိခင်သည် စိတ်မကောင်းခြင်းကြီးစွာဖြင့် အိပ်ယာခုတင်ထက်ဆီ တုံးတုံးလှဲနေမိသည်။ သားကြီးကို အရမ်းသတိရတာပဲ။ တကယ်လို့များ အစကသာ ကြိုသိခဲ့မယ်ဆိုရင်၊ တကယ်လို့များ အစကသာ မိခင်၏စကားက သားကြီးကို အိမ်ပြန်မလာနိုင်သည့်အခြေအနေမျိုးထိ ဖြစ်ခဲ့လိမ့်မယ်ဆိုတာ သိခဲ့ရင် သားကြီးကို ရက်ရက်စက်စက် ပြောခဲ့လိမ့်မည်မဟုတ်။ သားကြီးတို့၏ အချစ်ကို တားမြစ်ခဲ့လိမ့်မည်မဟုတ်။ ခုတော့လည်း ဘာတတ်နိုင်တော့မှာလဲ။ ဖြစ်ပြီးတာတွေက ဖြစ်ပြီးခဲ့ပြီပဲ။ တကယ်လို့များ ပြီးခဲ့သည့်အချိန်တွေကို နောက်ပြန်ဆုတ်လို့ ရနိုင်မယ်ဆိုရင် နောက်ဆုတ်လိုက်ချင်ပါသည်။
…………………………............................................................
အတိတ်ဆီသို့…………………..(မိခင် မြင်ယောင်ခြင်း)
ဘဲလ်တီးသံကြောင့် မိုးလွှမ်း၏ မိခင်ဖြစ်သူ သွားဖွင့်လိုက်သည်။ ဘဲလ်မြည်စဉ်ကတည်းက ဘယ်သူဘယ်ဝါဆိုတာ မိခင်ဖြစ်သူ တပ်အပ်သိပြီးသား။ စနေနေ့နံနက်ရောက်လေတိုင်း သားကြီး၏ သိပ်ခင်လှချည်ရဲ့ ဆိုသူ ကျော်ဇင်ပေပဲပေါ့။
သားကြီးတို့၏ ဆက်ဆံမှုကို မိခင်သံသယ၀င်လာမိသည်။ သူငယ်ချင်းလို ခင်ကြသည်ဆိုတောင် ထားပေတော့ ခုဟာက သူငယ်ချင်းထက် ပိုသည့် အဆင့်ရောက်နေသလို။ နှစ်ယောက်သား သားကြီး၏ အခန်းထဲရောက်တော့လည်း တိုးတိုးတိတ်တိတ်နဲ့ ဘယ်လို ဇာတ်လမ်းတွေများ ခင်းနေကြပါလိမ့်။ အပြင်ထွက်သွားရင် လက်ကလေးတွေ ချိတ်လို့။ ဆိုင်ကယ်လေးပေါ်တက်သွားတော့လည်း တစ်ယောက်ရဲ့ခါးကို တင်းကြပ်စွာဖက်လို့။ တကယ်လို့များ မိခင်ထင်သလို ဖြစ်နေခဲ့ရင်….။
မိခင်သည် တံခါးအား ဖွင့်ပေးရုံသာဖွင့်ပေးလိုက်ပြီး ကျော်ဇင်၏မျက်နှာအား မကြည့်ချင်သည့် အဓိပ်ပါယ်နဲ့ သားလူမမယ်လေးဆီ ပြေးလိုက်သည်။ အပေါ်ထက်တက်သွားသည့် ကျော်ဇင်၏ ကျောပြင်လေးအား အံကြိတ်ရင်း ကြည့်နေမိသည်။ နောက် ခြေဖော့ဖော့လေးလျှောက်ပြီး ခေါင်မိုးထပ်ဆီ လိုက်ချောင်းလိုက်သည်။ တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် မိခင်သည် ဒေါသတွေ အလိပ်လိပ်တက်လာရသည်။ မိခင်ထင်ထားသလို ဟုတ်နေခဲ့ပြီပဲ။ ကိုယ့်ဝမ်းနဲ့လွယ်မွေးထားသည့် သားကြီးက ယောက်ျားလေးတစ်ယောက်၏ နှုတ်ခမ်းအား နမ်းနေခဲ့သည့် မြင်ကွင်းပါလား။ ဒါဟာ မျက်စိတွေ ယောင်ပြီး မြင်နေခြင်းမဟုတ်။ တကယ့်ဖြစ်ပျက်။ အို ကိုယ့်ရဲ့ သွေးသားအရင်းဟာ ဂေးတစ်ယောက်ဖြစ်နေခြင်းကို နည်းနည်းလေးမှ လက်မခံနိုင်ပါ။ ယောက်ျားကြီးဖြစ်လျှက် ယောက်ျားကြီးတစ်ယောက်ကို ချစ်နေတာမျိုး လုံးဝ လက်မခံနိုင်ပါ။
“ဝေဖန်ပေးစမ်းပါကျော်၊ ငါ့ရဲ့ စိမ်းရောင်ခြယ်ပန်းချီကားလေးကို”
“အရမ်းအသက်ဝင်နေပါတယ်ကွ၊ ငါ့ချစ်ချစ်က အရမ်းတော်တာပဲကွာ”
“ဒါတောင် အဆုံးမသတ်ရသေးလို့ပါနော်၊ နည်းနည်းလိုတာလေးတွေ ပြီးသွားရင် တကယ့်အိမ်ကလေးအတိုင်း အသက်ဝင်သွားမှာ”
“ငါ့ချစ်ချစ်က တော်တယ်ဆိုတာ သိပြီးသားပါကွာ”
“မင်းရဲ့ အချစ်လေးပဲ သည်လောက်တော့ ရှိရမှာပေါ့ကွ၊ သည်နေ့တော့ လျှောက်မလည်နိုင်အားတော့ဘူးကျော်၊ သည်ပန်းချီကားလေးကို မြန်မြန်အဆုံးသတ်လိုက်ချင်ပြီ”
“သဘောလေကွာ၊ ငါက ဟောသည်လိုလေးနေရင်း အားပေးနေပါ့မယ်ကွ”
ပြောရင်း မိုးလွှမ်း၏ ပေါင်လေးပေါ် ထိုင်ကာ ရင်ခွင်ထဲမှာ နေလိုက်သည်။ ထိုင်ရင်း မိုးလွှမ်း၏ ပါးလေးအား ရွှတ်ကနဲ့ ရွှတ်ကနဲ့ လှမ်းလှမ်းနမ်းသည်။
ထိုမြင်ကွင်းကြောင့် မြင်နေရသော မိခင်သည် ဒေါသကြောင့် ဆတ်ကနဲ့ မျက်နှာလွှဲလိုက်ရင်း အောက်ထပ်သို့ ပြေးဆင်းသွားသည်။ အောက်ထပ်ရောက်တော့ နေမိထိထိုင်မသာ လမ်းလျှောက်နေမိသည်။
……………………………………………………………………………..
ညီလေးအား နို့ဗူးလေးနဲ့ ချော့မြှူကစားနေသော သားကြီးကို မိခင်သည် ခေါ်လိုက်သည်။
“သည်မှာ သားကြီး”
ဘယ်တုန်းကမှ လေသံမာမာနှင့် မခေါ်ဖူးသေးသည့်မိခင်အသံကြောင့် မိုးလွှမ်းလည်း အံ့သြသွားရသည်။
“ဟင် အမေ”
“သားကြီး အမှန်အတိုင်းပြောစမ်း၊ ကျော်ဇင်နဲ့ ဘယ်လိုပတ်သက်မှုတွေရှိတာလဲ”
မေမေရိပ်မိသွားခြင်းကြောင့် မိုးလွှမ်းကြောက်တော့ကြောက်မိသား။ တစ်သက်လုံး မိဘတွေမသိအောင် ဖုံးကွယ်ထားမည်ဟု စိတ်ကူးထားခဲ့ကာမှ မေမေရိပ်မိသွားခဲ့လေခြင်းဆိုပြီး စိတ်မကောင့်းဖြစ်ရသည်။
“မေမေ့စကားက ဘာကိုပြောတာလဲဟင်”
မိုးလွှမ်းလိမ်ညာချင်နေမိသေးသည်။
“မောင်ကျော်ဇင်နဲ့ ဘယ်လိုပတ်သက်မှုမျိုးနဲ့လဲလို့”
မိခင်၏အသံသည် ဟိန်းထွက်သွားသောကြောင့် မိုးလွှမ်း အင်မတန်လန့်သွားရသည်။
“သူ သူငယ်ချင်းတွေလေ မေမေရဲ့”
“ပါးစပ်ပိတ်ထားစမ်း၊ သူငယ်ချင်းတွေဆိုရင် ဘာကြောင့် ဖက်လဲတကင်းနေတာလဲ၊ ဘာလို့ နှုတ်ခမ်းချင်းနမ်းနေရတာလဲ”
“မေ မေမေ မေမေ ဒါကို ဘယ် ဘယ်လိုသိ..”
“သား ဘာလို့ အခြောက်လုပ်ရတာလဲဟင်၊ ဘာလို့ မေမေ့နောက်ကျောကို ဓားနဲ့ထိုးရတာလဲလို့၊ ဘာလို့လဲ၊ ဘာလို့လဲ….”
မိခင်၏အသံက ကျယ်ကျယ်လာသောကြောင့် မိုးလွှမ်း နားကို ပိတ်ထားလိုက်မိသည်။
“အဲ့လိုသဘောမဟုတ်ပါဘူးမေမေရယ်၊ သားတို့က မွေးကတည်းက ပါလာတဲ့စိတ်ပါ၊ သားတို့ဂေးအချင်းချင်းချစ်ကြတာပါ”
“တော်စမ်း၊ မင့်ကို ဂေးတစ်ယောက်အဖြစ် မေမေမွေးလာတာမဟုတ်ဘူးသားကြီးရဲ့၊ ယောက်ျားတစ်ယောက်အဖြစ်မွေးလာတာ၊ ကျားကျားလျားလျားယောက်ျားကြီးတစ်ယောက်အဖြစ်မွေးလာတာ၊ ယောက်ျားတစ်ယောက်ကိုချစ်ဖို့ မွေးလာတာမဟုတ်ဘူးသားကြီး”
“မေမေရယ် အရာရာတိုင်းဟာ ကိုယ်ဖြစ်ချင်သလို ဖြစ်လာမှာမဟုတ်ဘူးလေ”
“အခု မေမေ့ကို နားချနေတာလား၊ တော်ပြီ၊ သားရဲ့ ဖြေရှင်းချက်တွေ မေမေနားမထောင်ချင်ဘူး၊ သား အခုချက်ချင်း မောင်ကျော်ဇင်နဲ့ ဖြတ်ရင်ဖြတ်၊ မဖြတ်ရင် မေမေကိုယ်တိုင်ဖြတ်ပစ်မယ်၊ သားကိုလည်း မိန်းမပေးစားမယ်”
“အဲ့ အဲ့လိုတော့ မလုပ်ပါနဲ့မေမေရယ်၊ သားတို့ရဲ့စိတ်က ယောက်ျားလေးကိုပဲ စိတ်ဝင်စားရတာပါ၊ မိန်းကလေးကိုစိတ်မ၀င်စားတော့ မိန်းကလေးနဲ့ လက်ထပ်လိုက်ရင် ဘယ်လိုမှ စိတ်ချမ်းသာမှမဟုတ်ဘူးမေမေ၊ ပြီးတော့ သားတို့နှစ်ယောက်က အရမ်းချစ်ကြတာပါ၊ သားတို့အချစ်ကို မေမေလက်ခံပေးပါနော်၊ သားတို့ကို မခွဲပါနဲ့နော်”
“အမလေးလေး၊ ကိုယ့်ဝမ်းနဲ့လွယ်မွေးလာတဲ့သားက ယောက်ျားလေးတစ်ယောက်ကိုချစ်နေတာကို လက်ခံပေးရမယ်ဟုတ်လားသားကြီး၊ သည်မှာသားကြီး၊ မေမေမရူးသေးဘူး၊ သားဆန္ဒကို လက်ခံရလောက်အောင် မေမေမရူးသေးပါဘူးသားကြီးရယ်၊ မောင်ကျော်ဇင်နဲ့ ဖြတ်ရမယ်၊ မိန်းမယူရမယ်၊ သည်လိုမှမလုပ်နိုင်ရင် အိမ်ကအခုချက်ချင်းထွက်သွား၊ သားကိုမေမေမမြင်ချင်ဘူး”
“မလုပ်ပါနဲ့မေမေရယ်၊ သားကို မနှင်ပါနဲ့နော်၊ သားတောင်းပန်ပါတယ်”
“ဖယ် ငါ့သားကိုမထိနဲ့၊ မင်းလိုစိတ်မျိုး ငါ့သားလေးကိုပါ ကူးသွားမှာစိုးရတယ်၊ နောက်ဆို သားလေးအနား ကပ်တောင်မကပ်နဲ့ကြားလား”
အတိတ်တို့ မြင်ယောင်နေမိသော မိခင်သည် အိုင်ထွန်းနေသော မျက်ရည်များနှင့်အတူ ခေါင်းကို ခါယမ်းနေရသည်။ အဲ့သည်အချိန်တုန်းကသာ သားကြီးကို ပက်ပက်စက်စက် မပြောဖြစ်ခဲ့ဘူးဆိုရင် သားကြီးခုလို အိမ်ကနေ ထွက်သွားခဲ့မည်မဟုတ်။ ထိုစဉ်က မျက်ရည်စမ်းစမ်းနှင့် တောင်းပန်နေရှာသော သားကြီး၏ မျက်နှာလေးကို ပြေးမြင်ယောင်ပြီး သားကြီးကို သနားလွန်းလိုက်လှသည်။ သားကြီးကို အရမ်းလွမ်းတာပဲကွယ်။
………………………………………………………
 
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လွှမ်းကျော်အ၀တ်အစားများ ထုပ်ပိုးတော့ ချစ်ဇနီးသည်လေး ခိုင်ငြိမ်းစံက ငိုလေသည်။ အစ်ကို့ကို တွေ့အောင်ရှာချင်သည့်စိတ်က လွှမ်းကျော်ရင်ထဲ ကိန်းအောင်းနေခြင်းကြောင့် အိမ်ကနေ ထွက်သွားမည်ဖြစ်သည်။ အိုင်တီခေတ်ကြီးမှာ ပျောက်သောသူအား အိမ်မှာနေရင်း အိုင်တီနဲ့ ရှာဖွေက ရပါသော်လည်း တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရင်း ရှာဖွေမှ အာရုံစုစည်းနိုင်မည်ဖြစ်သောကြောင့် အိမ်ကနေ ခဏလောက် ထွက်သွားခြင်းသာဖြစ်လေသည်။
“မငိုပါနဲ့ခိုင်ရယ်၊ ကိုယ် တကယ် ပြန်လာခဲ့မှာပါ”
ခိုင်က ခေါင်းလေး ညိတ်သည်။
“ကိုကျော့်ကို ယုံပါတယ်၊ ကိုကျော် စိတ်အားထက်သန်နေလို့သာ ကိုကျော့်သဘောအတိုင်း ခိုင်လွှတ်လိုက်ရတာပါ၊ ကိုကျော့်စကားကို ယုံကြည်ပြီး ခိုင်စောင့်နေမှာပါ”
“ကိုယ်နေ့တိုင်း ဖုန်းဆက်ပါ့မယ်ခိုင်ရယ်”
“အင်း ကိုကျော် ကျန်းမာရေးဂရုစိုက်နော်၊ ကိုကျော့်ရဲ့ အစ်ကို့ကိုလည်း အမြန်ဆုံးတွေ့ပါစေလို့ ခိုင်ဆုတောင်းနေပါ့မယ်နော်”
“ခိုင့်ကိုအရမ်းချစ်တယ်”
ခိုင့်နဖူးလေးကို နမ်းလိုက်သည်။ လွှမ်းကျော်ထွက်သွားတော့ အိမ်အတွင်းမှာ ကြိတ်ငိုနေခဲ့သူက မိခင်ဖြစ်သူ။ မိခင်၏ စိတ်ထဲတွင် သောကများစွာ ကိန်းအောင်းနေပေလိမ့်မည်။ သားကြီးကို ပြန်မတွေ့တောင် သားငယ်လေးကို အန္တရာယ်ကင်းကင်းနဲ့ ပြန်လာစေချင်ပါသည်။ သားကြီးကို ဆုံးရှုံးရသလို သားငယ်လေးကိုတော့ မဆုံးရှုံးစေချင်ပါ။
Zzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz
လွှမ်းကျော် အင်တာနက်လိုင်းအားကောင်းပြီး ကျဉ်းမြောင်းလွန်းသော ဟိုတယ်လေးတစ်ခုမှာ တည်းလိုက်သည်။ အိမ်ကယူလာခဲ့သည့် လက်တော့ပ်လေးကို ဖွင့်ပြီး ဖေ့ဘုတ်၊ တွစ်တာ၊ အင်စတာ့ဂရမ်၊ ဆာကယ်လ်နှင့် ဂူးလ်ဂဲလ်ပလပ်များတွင် အစ်ကို့ကို ရှာသည်။ ဖေ့ဘုတ်တွင် အစ်ကို့နာမည်လေးကို ရိုက်ထည့်ပြီး ရှာတော့လည်း အစ်ကိုမဟုတ်သောသူများကိုသာ တွေ့ရသည်။ ပုံမတင်သော အစ်ကို့နာမည်နှင့် လူများကိုတော့ အစ်ကို့ဓာတ်ပုံနှင့်အစ်ကို့ချစ်သူ၏ဓာတ်ပုံလေးများကို ပြရင်း အစ်ကိုရေးခဲ့သော ဒိုင်ယာရီအကြောင်းလေးများကို ပြောပြသည်။ ဒါပေမဲ့ မသိသူများကိုသာ တွေ့ရလေသည်။ လွှမ်းကျော် စဉ်းစားကြည့်ရသည်။ အစ်ကိုက ဂေးတစ်ယောက်ဆိုတော့ အကယ်ရ်ျများ အစ်ကိုဖေ့ဘုတ်သုံးခဲ့ရင် အစ်ကိုဂေးလောကမှာ ရှိနေနိုင်သည်။ ထို့ကြောင့် အစ်ကို့ကို အလွယ်တကူတွေ့နိုင်ရန် လွှမ်းကျော်လည်း ဂေးလောကထဲ ၀င်ရပေမည်။ ဖေ့ဘုတ်တွင် ဂေးများကို ရှာကြံပြီး Request လုပ်ရသည်။ ဂေးအချို့ တို့၏ အကောင့်များဆီသို့ဝင်ပြီး အစ်ကို့အကောင့်လေလားဆိုပြီး ၀င်ရောက်ရှာကြံရသည်။ ဂေးဝက်ဘ်ဆိုဒ်များကိုလည်း ရှာဖွေပြီး အဖွဲ့ဝင်ရသည်။ ထို့သို့ ဂေးလောကထဲ ၀င်လိုက်တော့ လွှမ်းကျော်သည် ဂေးလုံးလုံးဖြစ်သွားတော့သည်။ ဂေးလောကထဲ နှံ့စပ်လေလေ ဂေးလောကသည် အလွန်ကျယ်ပြန့်လှသည်ကို တွေ့လိုက်ရသည်။ ဂေးများသည် အမျိုးအစားများစွာ ရှိသည်ကိုလည်း တွေ့လိုက်ရသည်။ ဂေးအတော်များများသည် ဘော်ဒီအလွန်လှကြသည်။ အသားအရေလည်း လွန်စွာ လှပကြသည်ကိုတွေ့ရသည်။ ဂေးတို့သည် အလှအပကိုလည်း အလွန်ကြိုက်ကြသည်ကိုလည်း တွေ့ရသည်။ ဘော်ဒီလှအောင်လည်း လေ့ကျင့်ခန်းမှန်မှန်လုပ်လေ့ရှိကြပြီး ကျန်းမာရေးကို ဂရုစိုက်ကြသည်ကိုတွေ့ရသည်။ ခုခေတ်တွင် ဂေးမဟုတ်သည့် ယောက်ျားများပင် အလှအပကြီုက်ကြသည်ဆိုတော့ ဂေးတို့ဆိုလျှင် ဘာမျှ မဆန်းတော့ပေ။ ဂေးတို့၏ ရုပ်ရည်လှပမှု၊ အသားအရေဂရုစိုက်မှု၊ ဘော်ဒီလှအောင် လေ့ကျင့်မှု၊ ကျန်းမာရေးဂရုစိုက်မှုတွေကို သိလိုက်ရတော့ ဂေးမဟုတ်သည့် လွှမ်းကျော်ပင် အားငယ်လာရသည်။ ဂေးမဟုတ်သည့် ကိုယ်က ဂေးတို့လောက် ဘော်ဒီမလှ။ ယောက်ျားပီသည့်ပုံမပေါက်။ သည့်အတွက် ရှက်ပင်ရှက်မိသည်။ တချို့ က ဂေးတို့အား အထင်သေးစက်ဆုပ်ဖွယ်ကောင်းသည့်ဟု မှတ်ချက်ပြုကြသည်ကိုး။
ဂေးတို့သည်လည်း လူလိုငါလိုသာမာန်လူများဖြစ်ကြောင်း လွှမ်းကျော် တစ်စတစ်စရိပ်မိလာရသည်။ တချို့ ဂေးများသည် အလွန်တော်ကြသည်ကိုတွေ့ရသည်။ သာမာန်လူများနည်းတူ အရည်အချင်းများရှိကြသည်ကိုတွေ့ရသည်။ တချို့ ဂေးတို့သည် ဆရာဝန်ကြီးများ၊ အင်ဂျင်နီယာကြီးများ၊ သင်္ဘောသားများ၊ ကျောင်းဆရာများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ကုမ်ပဏီပိုင်ရှင်များ၊ မန်နေဂျာများ၊ ရဲများ၊ စုံထောက်များ၊ တရားသူကြီးများစသည်ဖြင့် အမျိုးမျိုးဖြစ်နေကြသည်ကိုတွေ့ရသည်။ ဆက်လက်ပြီး နိုင်ငံတော်အမတ်အချို့ နှင့် အောင်မြင်ကျော်ကြားနေသော ရုပ်ရှင်မင်းသား၊ အဆိုတော်များသည်လည်း ဂေးဖြစ်နိုင်ကြောင်း ဝေဖန်သံများကိုကြားနေရသည်။ ကမ္ဘာတွင် ယောက်ျားလေး (၁၀၀)% တွင် (၄၀)%သည် ဂေးများဖြစ်ကြောင်း အံ့သြဖွယ်ကောင်းလောက်အောင် သိလာရသည်။
လွှမ်းကျော်သည် ဂေးလောကထဲ စုန်းစုန်းမြုပ်ရောက်ရှိသွားခြင်းကြောင်း ဂေးနှင့်ပတ်သက်သမျှ အရာအားလုံးကြားသိ၊ မြင်မိလာရသည်။ ဂေးတို့၏ ချစ်ရည်လူးကြပုံများကိုလည်း မမြင်ချင်မှအဆုံး မြင်ခဲ့ရသည်။ ယောက်ျားကြီးတစ်ယောက်က ယောက်ျားကြီးတစ်ယောက်၏ လိင်အင်္ဂါအား တပ်မက်စွာ အလိုရှိနေသည့် ဗွီဒီယိုများ၊ ဓာတ်ပုံများကို မြင်ရတော့ ဂေးမဟုတ်သည့် လွှမ်းကျော်အဖို့ အော့အန်ချင်လောက်အောင်ဖြစ်မိသည်။
လွှမ်းကျော် အိုင်တီလောကတွင် အစ်ကို့အား ရှာရုံတင်မက ဖေ့ဘုတ်ပါသော ဖုန်းလေး အမြဲတမ်းဆောင်ပြီး မြို့ အနှံ့လည်ပတ်ပြီးတော့လည်း  အစ်ကို၏ အရိပ်အယောင်လေးများ တွေ့လိုတွေ့ငြားဆိုပြီး ရှာလေသည်။ အစ်ကိုသည် ကိုယ်နှင့် ရုပ်ချင်းဆင်သောကြောင့် အစ်ကို့ကို တွေ့ပါက ချက်ချင်း မှတ်မိတန်ကောင်းသည်။ ဒါပေမဲ့ သည်အချိန်ဆို အစ်ကို၏အသက်က (၃၀)ကျော် (၄၀)နားနီးနေပြီဖြစ်သောကြောင့် အသက်အရွယ် အနည်းငယ် ရင့်နေပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အစ်ကို့ကို လွှမ်းကျော် မြင်လျှင် လုံးဝမှတ်မိမှာပါ။
အစ်ကို့အား နှံ့နှံ့စပ်စပ်ရှာပေမဲ့ အစ်ကို၏ အရိပ်အယောင်လေးပင် မတွေ့ရခြင်းကြောင့် စိတ်ပျက်အားလျှော့ကာနီးနီး အခြေအနေမျိုးရောက်တော့မည့်အခါမှ အစ်ကိုနှင့် ပတ်သက်နိုင်ခြေရှိသော ဆေးကျောင်းသားလေး၏ စတေတပ်လေးကို ဖေ့ဘုတ်မှာ တွေ့လိုက်ရသည်။
“တစ်နေ့က ကျွန်တော်တို့ ကျောင်းသားအဖွဲ့အား အစမ်းလေ့ကျင့်စေသည့်အနေနဲ့ ………….ဆေးရုံကိုသွားပြီး လေ့လာရေး ခရီး ထွက်ခဲ့ရတယ်ဗျာ၊ အဖွဲ့လိုက်ကြီးဆိုတော့ အရမ်းပျော်ဖို့ကောင်းတယ်ဗျ၊ ဆေးရုံမှာ တာဝန်ကျတဲ့ ဆရာဝန်၊ ဆရာမလေးတွေကလည်း ဖော်ရွေပျူငှာစွာနဲ့ ကျွန်တော်တို့ သိသင့်သိထိုက်တာလေးတွေကို စိတ်ရှည်စွာနဲ့ ရှင်းပြပေးတယ်၊ ကျွန်တော်က သိပ်စပ်စုတတ်တဲ့သူဆိုတော့ တွေ့ရာမြင်ရာကို လိုက်ပြီး စပ်စုတတ်တယ်၊ တစ်ယောက်လူနာခန်းထဲမှာ မလှုပ်မယှက်နဲ့ မေ့မြောနေတဲ့ လူနာတစ်ယောက်ကို ဘာဖြစ်တာလဲလို့ ကျွန်တော်က ဒေါက်တာ့ကို မေးကြည့်လိုက်တယ်၊ ဒေါက်တာက ပြောပါတယ်၊ သူက ကိုမာဖြစ်နေတာတဲ့၊ (၁၈)နှစ်နီးပါးရှိပြီတဲ့၊ သူ ကံမကောင်းဘူးတဲ့၊ လွန်ခဲ့တဲ့ (၁၈)လောက်က ကားတိုက်ခံရတာတဲ့၊ ကားသမားကတော့ ကိုယ်လွတ်ရုန်းပြီး သူ့ကို ဆေးရုံမပို့ပဲ ပစ်ထားခဲ့သတဲ့၊ (၂)ရက်လောက် လမ်းဘေးမှာ ပစ်ထားခြင်းခံရသတဲ့၊ သူ့ရဲ့ မိသားစုက ဘယ်သူဘယ်ဝါဆိုတာလည်း မသိရသေးဘူးတဲ့၊ ဆေးရုံက ၀န်ထမ်းတွေအားလုံးက သူ့ကို အလှည့်ကျ တာဝန်ယူပေးရသတဲ့၊ သူ့ဆေးကုသစရိတ်တွေကိုလည်း ဆေးရုံကပဲ တာဝန်ယူရသတဲ့၊ သူဟာ တစ်ခါတလေမှာ သတိပြန်ရလာသတဲ့၊ သူသတိပြန်ရလာတိုင်း “ကျော် ကျော် ကျော်” ဆိုပြီး ရေရွတ်တတ်သတဲ့၊ သူဟာ သိပ်ကို သနားဖို့ကောင်းပါသတဲ့၊ သူ့ရဲ့အကြောင်းကို သိလိုက်ရတော့ ကျွန်တော်လည်း အရမ်းသနားသွားရတယ်၊ ကျွန်တော် စဉ်းစားကြည့်လိုက်မိတယ်၊ သူဟာ ဘာလို့ “ကျော် ကျော် ကျော်” လို့ ရေရွတ်ရသလဲပေါ့၊ ကျော် ဆိုတာ သူနဲ့ ပတ်သက်ခဲ့တဲ့သူပဲဖြစ်ရမယ်၊ သူဟာ ကျော်ဆိုတဲ့သူကို သိပ်တွေ့ချင်နေတာပဲဖြစ်ရမယ်၊ ကျွန်တော် ဆက်လက်စဉ်းစားကြည့်လိုက်တော့ ကျော် ဆိုတာ ယောက်ျားလေးနာမည်လို့ ကျွန်တော်ထင်တယ်၊ အကယ်ရ်ျ ကျော် ဆိုတာ ယောက်ျားလေးနာမည်ဖြစ်ဖြစ်၊ မိန်းကလေးနာမည်ဖြစ်ဖြစ် အခုလို သတိရလာတိုင်း တသသရေရွတ်နေပုံထောက်ရင် သူအရမ်းမြတ်နိုးရသူပဲဖြစ်ရမယ်၊ အကယ်ရ်ျသာ ကျော်ဆိုတာ ယောက်ျားလေးဖြစ်ခဲ့မယ်ဆိုရင်တော့ သူဟာ ကျွန်တော်လို ဂေးတစ်ယောက်ပဲဖြစ်ရမယ်လို့ ဂေးပီပီ ဆွဲထည့် ထင်ခဲ့မိတယ်ဗျာ၊ သူ အမြန်ဆုံးသတိရလာပြီး သူသိပ်တွေ့ချင်တဲ့ ကျော်ဆိုတဲ့သူကို အမြန်ဆုံးတွေ့ရပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးကြရအောင်လားဗျာ”
ထိုစတေတပ်လေးကြောင့် လွှမ်းကျော် စဉ်းစားမိသည်။ အစ်ကိုသည် ဒိုင်ယာရီထဲတွင် အစ်ကို၏ချစ်သူ ကျော်ဇင်ဆိုသူအား ကျော် ဟု ခေါ်ခဲ့သည်ကို သတိရမိသည်။ အခု ထိုသူ ကိုမာဖြစ်နေတာက (၁၈) နှစ်ရှိပြီတဲ့။ အစ်ကိုပျောက်ဆုံးသွားခဲ့တာကလည်း (၁၈)နှစ်။ ဘယ်လိုကြီးများလဲ။ ထိုကိုမာဖြစ်နေသူသည် အစ်ကိုမှန်ခဲ့မယ်ဆိုရင် ကိုမာဖြစ်နေတာက ဘာကြောင့် (၁၈)နှစ် ဖြစ်နေရတာလဲ။ ဘာကြောင့် သတိရလာတိုင်း ကျော် လို့ ရေရွတ်နေခဲ့ရတာလဲ။ လွန်ခဲ့တဲ့ (၁၈)နှစ်ကပဲ အစ်ကိုက ကျော်ဇင်ဆိုသူနဲ့ ထွက်သွားခဲ့တာပဲမဟုတ်လား။ အဖြစ်အပျက်တွေက ရှုပ်ထွေးနေခြင်းကြောင့် လွှမ်းကျော် ခေါင်းပင် မူးဝေနောက်ကျိသွားရသည်။ ပိုသေချာစေရန် ထိုကိုမာဖြစ်နေသူကို လွှမ်းကျော်တွေ့ရမှ ဖြစ်မည်။ ထိုစတေတပ်တင်သော ဆေးကျောင်းသားလေးကိုလည်း မေးသင့်တာ မေးကြည့်ရဦးမည်။
ထိုဆေးကျောင်းသားလေးအား မေးရန်အတွက် လွှမ်းကျော် ဖေ့ဘုတ်ပေါ်တစ်နေကုန်ရောက်နေခဲ့ရင်း ထိုဆေးကျောင်းသားလေးအား စောင့်နေမိသည်။ ထိုဆေးကျောင်းသားလေးသည် ည (၁၁)နာရီကျော်မှ တက်လာတာတွေ့ရသည်။ လွှမ်းကျော် အငမ်းမရမေးလိုက်မိသည်။
“ဟဲလို မင်္ဂလာပါညီလေး”
“ဟုတ်ကဲ့ မင်္ဂလာပါဗျာ”
“ညီတင်ထားတဲ့ စတေတပ်လေးကို မှတ်မိသေးလား၊ ဆေးရုံတစ်ရုံမှာ ကိုမာဖြစ်နေတဲ့လူအကြောင်းပေါ့”
“လာပြန်ပြီသည်အကြောင်း၊ ကျွန်တော်တော့ ဘာပဲလုပ်လုပ် မဆင်မခြင်လုပ်မိသလို ဖြစ်နေရတာချည်းပါပဲလား၊ ကျွန်တော်တော့ အမှုတွေ ဘာတွေပတ်တော့မလား မသိတော့ပါဘူးဗျာ၊ ကျွန်တော် အဲ့သည်စတေတပ်လေးတင်မိလို့ လူတစ်ယောက်ကလည်း လာမေးပြီးပြီဗျ၊ သူ့ကို ဘယ်ဆေးရုံမှာလဲ၊ အခန်းနံပါတ်ဘယ်လောက်လဲဆိုပြီး နှိုက်နှိုက်ချွတ်ချွတ်ကိုမေးသွားတာဗျ၊ ကျွန်တော်လည်း မစဉ်းစားမဆင်ခြင်ပဲ ပြောလိုက်မိတယ်၊ ကျွန်တော်ပြောလိုက်လို့ ကိုမာဖြစ်နေတဲ့သူ တစ်ခုခုဖြစ်သွားမှာ သိပ်ကြောက်နေမိတယ်ဗျာ၊ အခု အစ်ကိုကကော ကျွန်တော့်ကို ဘာမေးမလို့လဲဗျ”
“ဘာ ဘယ်လို လူတစ်ယောက်က လာမေးတယ်ဟုတ်လား၊ သူက ဘယ်သူလဲ”
“သူ့အကောင်က ဘာတဲ့၊ ကျော်ဇင်ဆိုလား”
“ဘာကျော်ဇင် ဟုတ်လား”
“ဟုတ်တယ်၊ အဲ အခုမှပဲ ကျွန်တော်စဉ်းစားမိတော့တယ်၊ ကိုမာဖြစ်နေတဲ့သူက ကျော် ကျော်လို့ ရေရွတ်နေတာက ကျော်ဇင်ဆိုတဲ့သူများလားဗျာ”
လွှမ်းကျော်ခေါင်းထောင်သွားရသည်။ တကယ်ပဲလား။ အစ်ကိုတစ်ယောက် (၁၈)နှစ်လုံးလုံး ကိုမာဖြစ်နေခဲ့ပြီး (၁၈)နှစ်လုံးလုံး ကျော်ဇင်ဆိုသော အစ်ကို၏ ချစ်သူနဲ့ အတူတူနေခွင့်မရခဲ့ဘူးများလား။ ဘာကြောင့်လဲ။ ဒါဆို အစ်ကိုတို့အကြောင်း မေမေသိသွားခဲ့သည့်နေ့က အစ်ကို့အား မေမေနှင်ချခဲ့သည့်နေ့မှာပဲ အစ်ကို ယာဉ်တိုက်မှု ဖြစ်ခဲ့တာလား။ ထို့ကြောင့်ပဲ ကျော်ဇင်ဆိုသူကလည်း အစ်ကို့ကို ရှာနေခဲ့တာများလား။ ပြီးတော့ (၁၈)နှစ်လုံးလုံး မေမေ၏အိမ်သို့ ပြန်ရောက်မလာပဲ ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့တာများလား။ ပြီးတော့ အစ်ကို့ကို ရှာတွေ့ဖို့အတွက် အစ်ကို့အကောင့်လေးအား ရိုက်ပြီး အားကြိုးမာန်တက်ရှာခဲ့ပေမဲ့ ကျော်ဇင်၏အကောင့်လေးအား ရိုက်နှိပ်ပြီး ရှာဖို့အတွက်တော့ ဘာကြောင့် စိတ်ကူးမရခဲ့မိပါလိမ့်။ သည့်အတွက် လွှမ်းကျော် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိသည်။
“ဟိုင်း ဟိုင်း ဟိုင်း ဟလို ဟလို အစ်ကို တစ်ခုခုပြန်ပြောဦးလေးဗျာ၊ ကျွန်တော် အမူတွေ ဘာတွေ တကယ်ပတ်တော့မှာလားဗျ၊ ကျွန်တော် အရမ်းကြောက်နေပြီ၊ တစ်ခုခုပြန်ပြောပါဦးအစ်ကိုရ”
ထိုဆေးကျောင်းသားလေးအား လွှမ်းကျော် နှစ်သိပ်ပေးလိုက်သည်။
“ညီလေး အမှုမပတ်ပါဘူး၊ အဲ့သည် ကိုမာဖြစ်နေတဲ့သူက အစ်ကိုရှာနေတဲ့ အစ်ကို့ရဲ့ အစ်ကိုအရင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ အဲသည်ကိုမာဖြစ်နေတဲ့သူသာ အစ်ကို့ရဲ့ အစ်ကိုအရင်း ဖြစ်နေခဲ့ရင် ခုလို စတေတပ်လေးတင်ပေးတဲ့ ညီ့ကို အစ်ကိုအရမ်းကျေးဇူးတင်နေမှာပါ၊ ပြီးတော့ အစ်ကိုရှာနေတဲ့ အစ်ကို့ရဲ့ အစ်ကိုဟာ ညီထင်ထားသလို ဂေးတစ်ယောက်ဟုတ်ပါတယ်၊ အစ်ကို့ထက် အရင် သတင်းဦးသွားတဲ့ ကျော်ဇင်ဆိုတဲ့သူဟာလည်း အစ်ကိုက ကျော် ကျော် လို့ ရေရွတ်ခဲ့တဲ့ အစ်ကို့ရဲ့ အစ်ကို သိပ်ချစ်တဲ့ ချစ်သူပါ”
“အဲ့လိုလား၊ အစ်ကိုတို့ မိသားစုလေး ပြန်တွေ့ကြပါစေလို့ ညီ ဆုတောင်းပေးပါတယ်ဗျာ”
“ကျေးဇူးပါညီလေး၊ အစ်ကို အခုပဲ အစ်ကိုရှိတဲ့ ဆေးရုံကိုသွားမယ်၊ အခန်းနံပါတ် ညီမှတ်မိလား”
“မှတ်မိတယ်………၊ အဲသည်အခန်းကို သွားလိုက်ပါ”
Zzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz
လူသေပေမဲ့ စိတ်က မသေ။ စကားတွေ မပြောနိုင်ပေမဲ့ နှုတ်က တတွတ်တွတ်ပြောနေသည်။ မျက်လုံးတွေ မှေးမှိတ်ထားခြင်းကြောင့်  မည်းမှောင်နေပေမဲ့ စိတ်ဝိညာဉ်လိပ်ပြာကတော့ ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။ ထိုသူကား ဆေးရုံခုတင်ထက် အခန်းနံပါတ်……တွင် လဲလျောင်းအိပ်စက်နေသော မိုးလွှမ်းပင်ဖြစ်သည်။
“မေမေ သားကို အဲ့သည်လို မဆက်ဆံပါနဲ့၊ ဖေဖေတစ်ခုခုပြောပါဦး၊ မေမေ့ကိုဖြောင်းဖျပေးပါဦး”
ဖေဖေသည် နီမြန်းနေသောမျက်နှာ၊ တင်းမာနေသော မျက်နှာထားဖြင့် တစ်ဖက်သို့ လှည့်လိုက်ရင်း -
“မိုက်လိုက်တဲ့သား”
ဟု ဆိုပြီး အခန်းထဲ ၀င်သွားသည်။ အမြဲတမ်း ကိုယ့်ဘက်ကပါတဲ့ ဖေဖေကတောင် ခုလိုမျိုးပြောလာတော့ မိုးလွှမ်း ၀မ်းနည်းရပါသည်။ မေမေကလည်း မျက်စောင်း ခပ်စူးစူးထိုးပြီး ညီလေးလူမမယ်လေးကိုပွေ့ကာ အိပ်ခန်းထဲ ခေါ်သွားသည်။ ကိုယ့်ဘက်မှာ မပါကြသည့် မိဘများကြောင့် မိုးလွှမ်း အင်မတန်မှ ၀မ်းနည်းရပါသည်။ ၀မ်းနည်းမှုကြောင့် ကျော့်ကို သတိရမိသည်။ မိဘတို့က သိသွားတဲ့အကြောင်း၊ တားမြစ်တဲ့အကြောင်း ကျော်လည်း သိသွားရင် အရမ်းဝမ်းနည်းနေမလား။ ကျော့်ဖုန်းနံပါတ်လေးကို နှိပ်လိုက်သည်။ ကျော့်ကို ဘယ်လိုများ ပြောရပါ့မလဲ။
“ဟဲလို ကျော်လား”
“ကျော်ဇင့်ဖုန်းဟုတ်ပါတယ်၊ လက်ခံနေသူကတော့ ကျော်ဇင်မဟုတ်ဘူး”
“သြော် ကျော်ဇင့်ကို ဖုန်းပေးလိုက်နိုင်မလား၊ သူ့ကို ပြောစရာလေးရှိလို့ပါ”
“မင်းက မိုးလွှမ်းလားကွ”
“ဟုတ်ပါတယ်၊ ကျွန်တော်မိုးလွှမ်းပါ၊ ယူက ဘယ်သူလဲ၊ ဘာလို့ ကျွန်တော့်ကို သိနေရတာလဲ၊ ပြီးတော့ ဘာကြောင့် ကျော်ဇင့်ဖုန်းကို ကိုင်ထားရတာလဲ“
“ဟဲ ဟဲ ဘယ်လိုပြောရမလဲ၊ ပြောရမှာတော့ အားနာပါရဲ့ကွာ”
“ဘာလဲဗျ”
“အခုငါက ကျော်ဇင်နဲ့ အတူရှိနေတာလေ၊ ဟိုတယ်မှာပေါ့”
“ဘာ ဘာ”
“ဟဲ ဟဲ သိပ်အံ့သြသွားလား၊ ကျော်ဇင်က ပြောလိုက်ပါ့မယ် ပြောလိုက်ပါ့မယ်လို့ ပြောခဲ့ပေမဲ့ မပြောခဲ့သေးဘူးထင်တယ်၊ အင်းလေ သူကလည်း မင့်ကို သိပ်အားနာနေလို့ပဲဖြစ်မှာပေါ့၊ သူ မပြောတော့ ငါပဲပြောရမှာပေါ့ကွာ၊ ငါနဲ့ကျော်ဇင်က ကျောင်းဖွင့်စကတည်းက ချစ်နေခဲ့ကြတာ၊ ငါတို့ရဲ့ ချစ်သူသက်တမ်းက ရက်(၁၀၀)ပြည့်တော့မယ်၊ အဆောင်မှာ နေ့တိုင်းအတူအိပ်ခဲ့ကြတယ်လေ၊ ကျောင်းပိတ်ရက် မင်းမရိပ်မိအောင် မင်းဆီ လာနေပေးရတဲ့နေ့ကလွဲရင်ပေါ့”
“ဘာ ဘာ ဘာပြောတယ်”
“နားမရှင်းဘူးလား၊ ဒါဆိုလည်း ထပ်ပြောရသေးတာပေါ့၊ ကျော်ဇင်က မင့်ကိုမချစ်ဘူးတဲ့၊ ငါ့ကိုပဲ ချစ်တာတဲ့၊ ငါနဲ့ပဲ တစ်သက်လုံးအတူတူနေမှာတဲ့၊ ချစ်သူကိုမေ့ပြီး ပန်းချီထဲမှာပဲ စိတ်ရောက်နေတဲ့ မင့်ကို စိတ်ကုန်တယ်တဲ့ ဟားဟား”
“မင်း မင်း ဘယ်သူလဲ၊ ဘာလို့ မဟုတ်တာတွေလျှောက်ပြောနေရတာလဲ၊ ငါတို့အချစ်ကို ဘာလို့ သွေးခွဲစကားပြောရတာလဲ၊ မင်း ဘာပြောပြော ငါ ကျော်ဇင့်ကို ယုံတယ်”
“ယုံတယ်တဲ့၊ တယ်ဟုတ်နေပါလား၊ မင်းယုံတယ်ဆိုတဲ့ ကျော်ဇင်က အခု ငါနဲ့ အမှောင်ခန်းထဲမှာ ၀ိုင်သောက်ရင်း အတူတူရှိနေတယ်လေ၊ မင်းယုံအောင် ငါ ဓာတ်ပုံပို့လိုက်မယ်၊ ကဲ ဘယ်လိုလဲ”
ပို့လိုက်သော ပုံလေးကို မိုးလွှမ်း လက်တုန်တုန်နဲ့ ကြည့်နေမိသည်။ ပက်လက်အိပ်နေသော ကျော်ဇင်။ ကျော်ဇင့်ရဲ့အပေါ်မှာ ယောက်ျားလေးတစ်ယောက်က နမ်းနေသောပုံ။ မယုံကြည်နိုင်လွန်းတာကြောင့် လက်ထဲက ဖုန်းပင် လွတ်ကျသွားသည်။ ဖုန်းထဲက တစ်ဖက်က အသံကိုလည်း ပီပီသသကြားလိုက်ရသေးသည်။
“ဒါတောင် မင်း အရမ်းခံစားရသွားမှာစိုးလို့ ရိုးရိုးပုံလေးပို့တာနော်၊ မင်း သိသွားပြီဆိုတော့ ကျော်ဇင့်ကို လက်လွှတ်လိုက်ပါ၊ ကျော်ဇင်မပြောဖြစ်တဲ့စကားကို မင်းက အလိုက်သတိနဲ့ နားလည်လိုက်ပါ၊ မင်းသိပ်ချစ်တဲ့ ကျော်ဇင် မချစ်မနှစ်သက်တဲ့သူကို အောင့်ကာနမ်းရတဲ့ အဖြစ်မျိုးမဖြစ်စေချင်ရင် လက်လွှတ်လိုက်ပေါ့ ဟုတ်ပြီလား”
လေးဖင့်သော ခြေလှမ်းများဖြင့် မိုးလွှမ်း ဦးတည်ရာမဲ့စွာ လမ်းလျှောက်နေခဲ့မိသည်။ အချိန်သည်ကား ည (၈)ခန့်။
မိုးလွှမ်း ဦးတည်ရာမဲ့စွာဖြင့် အသိစိတ်လွတ်နေသူတစ်ယောက်ပမာ လမ်းလျှောက်နေခြင်းကြောင့် မြို့ပြင်သို့ပင် ရောက်လို့ ရောက်မှန်းမသိ။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသလို မိုးတွေက သည်းကြီးမည်းကြီးရွာနေသည်။ မိုးလွှမ်း၏မျက်ရည်များသည် မိုးရေစက်များဖြင့် ရောယှက်ကုန်သည်။ မိုးရေကြောင့် ခိုက်ခိုက်တုန်နေပေမဲ့ မိုးလွှမ်းဂရုမစိုက်နိုင်ပါပေ။ ဂရုစိုက်ရမှန်းပင်မသိ။ ရှေ့တွင် မှောင်မည်းမည်းနှင့် မိုးရေများကြားမှာ ကားတစ်စီးလာနေမှန်းသိပေမဲ့ ရှောင်ဖယ်လိုက်ဖို့ မိုးလွှမ်းမှာ အင်အားတွေ ကုန်ဆုံးနေသလိုလို။ ထို့ကြောင့် မိုးလွှမ်း၏ ခန်ဓာကိုယ်လေးအား ထိုကားသည် အရှိန်ပြင်းစွာဖြင့် ၀င်တိုက်မိသွားသည်။ မိုးလွှမ်းကိုယ်လေးမှာ လေလိုလွင့်ပါးသွားပြီး လမ်းဘေးသို့ ထိုးကျသွားလေသည်။ ကားသမားသည် ထိုမြင်ကွင်းအား မြင်သလားပင်မသိ။ တဟုန်တည်းမောင်းထွက်သွားသည်။ သွေးအိုင်ထဲမှာ မိုးလွှမ်း၏ နှုတ်က ရေရွတ်နေခဲ့သည်။ အသံပင်မထွက်နိုင်သောကြောင့် စိတ်နဲ့သာ ရေရွတ်နေခဲ့ရသည်။
“ကျော် ငါ့ကို ကယ်ပါဦး” လို့။
Vvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvv
ဆေးကျောင်းသားလေးပြောပြခဲ့သော အခန်းနံပါတ်အား တွေ့လိုက်ရတော့ အသက်ရှုပင် မှားတော့မလို ဖြစ်နေခဲ့ရသည်။ သည်အခန်းထဲတွင် ရှိနေသော လူနာသည် မိုးလွှမ်းဖြစ်ပါစေလို့ ကျော်ဇင် မျှော်လင့်မိသည်။ ကျော်ဇင်(၁၈)နှစ်လုံးလုံး ရှာဖွေနေခဲ့ရသော အသက်တမျှ ချစ်ရသည့် အချစ်ဦး မိုးလွှမ်းဖြစ်ပါစေလို့ မျှော်လင့်ရပါသည်။ တံခါးလေးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ လဲလျောင်းနေသူ၏ မျက်နှာအား မြင်တွေ့လိုက်ရတော့ ကျော်ဇင် ကြက်သေသေသွားမိသည်။ နှုတ်ခမ်းလေးတွေ တုန်ယင်လာပြီး မျက်ရည်တွေ အိုင်ထွန်းလာရသည်။ ဟုတ်တယ်။ သူဟာ ကျော်ဇင် အသက်တမျှ ချစ်ရသော၊ (၁၈)နှစ်လုံးလုံးပျောက်ဆုံးနေခဲ့သော အချစ်ဦးမိုးလွှမ်းမှ မိုးလွှမ်းအစစ်။ သူ့မျက်နှာလေးကို မြင်လိုက်ရုံနဲ့ မှတ်မိနေမိတုန်း။
“လွှမ်းးးးး”
ကျော်ဇင် အပြေးကလေး မိုးလွှမ်းဆီ လှမ်းလိုက်သည်။
“လွှမ်းးးးး”
မိုးလွှမ်း၏ လက်ကလေး၊ ပါးကလေးကို မထိမကိုင်ရက် ဖြစ်နေမိသည်။
“အဖြစ်ဆိုးလှချေလားလွှမ်းရယ်၊ ဒါတွေအားလုံးဟာ ငါ့အပြစ်တွေပါလွှမ်း၊ မျက်လုံးဖွင့်ပြီး ငါ့ကို ကြည့်လိုက်ပါဦးလွှမ်းရယ်၊ မင်း ငါ့ကို အရမ်းတွေ့ချင်နေတယ်မဟုတ်လား၊ မင်း ကျော် ကျော် ကျော်လို့ တတွတ်တွတ်ရွတ်နေတဲ့ မင်းရဲ့ ကျော်လေး မင်းရှေ့ ရောက်လာပြီလေ၊ ငါ့ကို တစ်ခုခုပြန်ပြောပါဦးလွှမ်းရယ်”
လွှမ်း၏ လက်ကလေးကို ဆုပ်ကိုင်လိုက်မိသည်။
“မင်း အိပ်ယာထဲမှာ (၁၈)နှစ်လုံးလုံးနေခဲ့ရတယ်ပေါ့ ဟုတ်လားလွှမ်း၊ မင်းအဖြစ်က အရမ်းဆိုးတာပါလားလွှမ်းရယ်”
လွှမ်း၏ မျက်လုံးအိမ်တွင် မျက်ရည်လေးများစီးကျလာသည်ကို မြင်လိုက်ရသည်။
“လွှမ်း လွှမ်း မင်းသတိရလာပြီလား၊ မျက်လုံးဖွင့်ပါဦး၊ မင်းတွေ့ချင်တဲ့ ငါ ရောက်လာပြီလေ”
လွှမ်း၏ လက်ကလေးကပါ လှုပ်လာသည်။ (၁၈)နှစ်လုံးလုံး မေ့မြောနေခဲ့သမျှ အချစ်၏ စွမ်းအားကြောင့် နိုးထလာခြင်းဖြစ်ပေလိမ့်မည်။
“လွှမ်း ငါ ငါလေ ငါပါ မင့်ရဲ့ ကျော်ဇင်လေးပါ၊ ၀မ်းသာလိုက်တာ လွှမ်းရယ်”
ထိုအဖြစ်အပျက်အား နောက်တွင်ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့သူက လွှမ်းကျော်။ လွှမ်းကျော်လည်း အစ်ကို့အနားအပြေးကလေး ရပ်လိုက်မိသည်။
“အစ်ကို”
ဟု တိုးညင်းစွာ ခေါ်လိုက်မိသည်။ လွှမ်းအား အစ်ကိုဟု ခေါ်သော ကောင်လေးအား ကျော်ဇင် နားမလည်စွာ ကြည့်နေမိသည်။ ကျော်ဇင်၏ အဖြစ်ကို လွှမ်းကျော် နားလည်လိုက်ခြင်းကြောင့် ခေါင်းလေးလှည့်ပြီး ပြောပြလိုက်သည်။
“အစ်ကိုက အစ်ကို့ရဲ့ချစ်သူ ကျော်ဇင်ဆိုတာလား”
ကောင်လေးစကားကြောင့် ကျော်ဇင် မျက်မှောင်ကျုံ့ လိုက်မိသေးသည်။
“ညီ ညီလေးက ဘယ်လိုသိတာလဲ”
“ကျွန်တော် လွှမ်းကျော်လေ”
“ဘာ လွှမ်း လွှမ်ေးကျာ် ဟုတ်လား၊ ဒါ ဒါဆို လွှမ်းရဲ့ ညီလေးပေါ့”
“ဟုတ်ပါတယ် အစ်ကိုကျော်ဇင်ကလည်း ကျွန်တော့်ကို သားအဖြစ် မွေးစားဖို့ စီစဉ်ခဲ့တဲ့ လွှမ်းကျော်ပါ၊ အစ်ကိုတို့အကြောင်းကို အစ်ကို့ရဲ့ ဒိုင်ယာရီစာအုပ်ထဲကနေ သိခွင့်ရခဲ့တာပါ၊ ကျွန်တော်လည်း အစ်ကို့ကို ရှာနေခဲ့တာပါ။ ဆေးကျောင်းသားလေးရဲ့ စတေတပ်ကြောင့် ခုလို အစ်ကို့ကို ရှာတွေ့ခဲ့ရတာပါ”
“တကယ်ပဲလား၊ လွှမ်းရယ် မျက်လုံးဖွင့်ကြည့်ပါဦးကွာ၊ မင်းသိပ်ချစ်တဲ့ မင့်ရဲ့ညီလေးလည်း မင့်ရှေ့ ရောက်လာခဲ့ပြီလေ၊ မင့်ညီလေးက မင်းနဲ့ အရမ်းတူတာပဲ၊ တော်တော်ကြီးကို အရွယ်ရောက်နေပြီ သိရဲ့လား”
မိုးလွှမ်း၏ မျက်လုံးလေးများ တဖြည်းဖြည်းပွင့်လာသည်ကို တွေ့လိုက်ရသည်။
“လွှမ်း မျက်လုံးပွင့်လာပြီ ငါ့ကို မြင်ရရဲ့လား”
“အစ်ကို ကျွန်တော် အစ်ကို့ရဲ့ညီလေးပါ၊ လွှမ်းကျော်ပါ၊ အစ်ကိုအရမ်းချစ်တဲ့ လွှမ်းကျော်လေ၊ အစ်ကိုကိုယ်တိုင်နာမည်ပေးခဲ့တဲ့ လွှမ်းကျော်လေ”
မျက်လုံးတွေ ပွင့်နေပေမဲ့ ဘေးဘက်သို့ လှည့်ကြည့်လို့ မရတာကြောင့် လွှမ်း၏ မျက်နှာလေးအား လှည့်ပေးလိုက်ရသည်။ လွှမ်း၏ နှုတ်က စကားပြောချင်နေဟန်ရှိသည်။ နှုတ်ခမ်းလေးများ လှုပ်ရှားနေသည်။
“လွှမ်း မင်း ဘာပြောချင်လို့လဲ၊ ငါနားထောင်နေပါတယ်”
“ကျော ကျော ကျော် ကျော်”
တစ်လုံးချင်းပြောလာသော စကားကြောင့် ကျော်ဇင် ၀မ်းသာမှုနှင့်အတူ ငိုချလိုက်မိသည်။
“မင်း မင်း ငါ့ကို မှတ်မိတယ်ပေါ့လေ၊ ၀မ်းသာလိုက်တာလွှမ်းရယ်”
ပြီး လွှမ်းကျော်ဘက်လှည့်လာခြင်းကြောင့် အစ်ကို၏လက်အား လွှမ်းကျော်ဆုပ်ကိုင်လိုက်သည်။
“အစ်ကို ကျွန်တော်ပါ၊ အစ်ကို့ညီလေးအရင်းပါ၊ လွှမ်းကျော်ပါ”
မိုးလွှမ်း၏ မျက်နှာလေးက မျက်ရည်များနှင့်အတူ ပြုံးယောင်သမ်းလာသည်။
“ညိ ညိ ညီ ညီလေး လေးးး”
မိုးလွှမ်း၏ မျက်လုံး မှေးမှိတ်သွားလေသည်။
“လွှမ်းးးးးးးး”
“အစ်ကို…..”
ပြိုင်တူ အော်လိုက်ကြလေသည်။
Ccccccccccccccccccccccccccccccccccccccccccccccccc
ဆရာဝန်က မိုးလွှမ်း၏ အခြေအနေကောင်းမွန်ကြောင်း၊ မကြာမီနေကောင်းသွားမည်ဖြစ်သည့်အတွက် စိတ်ပူရန်မလိုကြောင်း နှစ်သိပ်လိုက်လေသည်။ ဆရာဝန်အားလုံးကလည်း လူနာရှင်စောင့်မျှော်ခြင်းဖြစ်သည့်အတွက် ခုလို လူနာရှင်များရောက်လာသည့်အတွက် အလွန်ဝမ်းသာကြောင်းပြောပြလေသည်။ လူနာသည် ကိုယ်တွေ့ချင်သောသူအား တွေ့လိုက်ရပါက ချက်ချင်းနေကောင်းသွားနိုင်ကြောင်းလည်း ပြောပြလိုက်လေသည်။ ကျော်ဇင်နှင့် လွှမ်းကျော်ကလည်း မိုးလွှမ်းအား ပြုစုစောင့်ရှောက်ပေးခဲ့သည့်အတွက် ကျေးဇူးဆပ်မကုန်ကြောင်း ပြောပြလေသည်။
ဆရာဝန်ထွက်သွားတော့ ကျော်ဇင်နှင့် လွှမ်းကျော်တို့ စကားပြောဖြစ်ကြလေသည်။ လွှမ်းကျော်က အဘယ်ကြောင့် (၁၈)နှစ်လုံးလုံး အစ်ကိုနှင့် အတူတူရှိမနေရသည့်အကြောင်းမေးမြန်းလေရာ ကျော်ဇင်က ရှင်းပြလေသည်။ လွှမ်းကျော်လည်း အကြောင်းစုံ နားလည်သွားပြီးနောက် အစ်ကို့အား အလွန်အမင်း သနားသွားလေသည်။ အစ်ကို့ကို အမြန်ဆုံးသာ သတိရလာစေလိုသည်။
ကျော်ဇင်သည် မိုးလွှမ်းဘေးမှာ အချိန်ပြည့်ရှိနေပေးသည်။ မိုးလွှမ်း၏ ဝေယျာဝစ္စများကို ကိုယ်တိုင်လုပ်ပေးသည်။ လွှမ်းကျော်သည်လည်း အစ်ကို့ဘေးမှာ အမြဲတမ်းရှိနေပေးလေသည်။ တစ်ပါတ်တိတိကြာတော့ မိုးလွှမ်း သတိရလာသည်။ ကျော်ဇင်ကော လွှမ်းကျော်ပါ ဘေးမှာ ရှိနေသည်။
“လွှမ်း ငါလေ သတိရလာပြီလား၊ ငါ့ကိုမြင်ရဲ့လား”
မိုးလွှမ်းသည် ကျော်ဇင့်အားရီဝေေ၀ကြည့်သည်။ ပြီး မျက်ရည်များ စီးကျလာသည်။
“အစ်ကို ကျွန်တော်ပါ၊ အစ်ကိုရဲ့ ညီလေးပါ၊ လွှမ်းကျော်လေ၊ အစ်ကိုကိုယ်တိုင် နာမည်ပေးခဲ့တယ်လေ”
“ညီ ညီလေးလေး”
“ဟုတ်ပါတယ်အစ်ကို၊ အစ်ကိုရဲ့ညီလေးပါ”
“ညီ ညီ လေး သည်အရွယ်တောင် ရောက်လာပြီပေါ့၊ သည်အရွယ်ထိရောက်အောင် ညီလေးကို အစ်ကို ဘာမှလုပ်မပေးနိုင်ခဲ့တဲ့အတွက် အစ်ကို တောင်းပန်ပါတယ်ညီလေးရယ်”
“မဟုတ်တာအစ်ကိုရာ၊ ညီလေး အစ်ကိုမရှိပေမဲ့လည်း ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းခဲ့ရပါတယ်”
“ညီလေး ကျောင်းဘယ်ရောက်ပြီလဲ”
သည်မေးခွန်းကြောင့် လွှမ်းကျော် နည်းနည်းရှက်သွားလေသည်။
“အင်းဗျ ညီလေး မြန်မာစာ ပထမနှစ်ပဲရှိသေးတယ်၊ အဝေးသင်တက်နေပါတယ်၊ (၁၀)တန်းကို (၃)နှစ် ဖြေခဲ့ရတယ်၊ ပြီးတော့ အိမ်ထောင်လည်း ကျသွားပြီ၊ မေမေတို့က အတင်းစီစဉ်လို့ အိမ်ထောင်ကျခဲ့ရတာပါ၊ ဒါပေမဲ့ ညီလေးဇနီးကို အရမ်းချစ်ပါတယ်”
“ဒါ ဒါဆို ညီလေးက ဂေးမဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူးအစ်ကို၊ ညီလေးက ယောက်ျားစစ်စစ်ပါ၊ အစ်ကို့အကြောင်း ညီလေး အားလုံးသိပြီးပါပြီ၊ အစ်ကိုရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးကိုတွေ့တယ်၊ အစ်ကို့ဘ၀ကို ညီလေးစာနာပါတယ်”
“ညီလေးက လိမ္မာလိုက်တာ၊ အစ်ကိုသာရှိရင် ညီလေး(၁၀)တန်းကို နှစ်ချင်းပေါက်ပြီး အမှတ်ကောင်းကောင်းနဲ့ အောင်မှာသေချာတယ်၊ အခုတော့ ညီလေးကို အစ်ကို စာသင်ခွင့်မရလိုက်ဘူး၊ အစ်ကိုတောင်းပန်ပါတယ်ညီလေးရယ်”
“အစ်ကိုရယ် ဒါတွေ ပြောမနေပါနဲ့တော့၊ အစ်ကိုမြန်မြန်နေကောင်းအောင်နေပါနော်”
“အဖေနဲ့အမေကောဟင်”
“နေကောင်းကြပါတယ်၊ အဖေကောအမေပါ အစ်ကို့ကို အရမ်းတွေ့ချင်နေတယ်၊ မေမေက အစ်ကို့ကို ခွင့်လွှတ်ပါတယ်တဲ့၊ အစ်ကို့တို့ကို နားလည်ပေးပါသတဲ့”
မိုးလွှမ်းသည်ကျော်ဇင့်အားကြည့်လိုက်လေသည်။
“ကျော် မင်း ဘာလို့ ငါ့ရှေ့ ရောက်နေရတာလဲဟင်၊ မင့်ချစ်သူဆီ ပြန်သွားပါလား၊ သူစိတ်ဆိုးနေလိမ့်နေလိမ့်မယ်”
“လွှမ်းရယ်၊ အဖြစ်အပျက်တွေက မင်းထင်သလို မဟုတ်ခဲ့ရပါဘူး၊ ငါ ချောက်တွန်းခံခဲ့ရတာပါ၊ ငါ လုပ်ကြံခံခဲ့ရတာပါ၊ ထွန်းသူဆိုတဲ့ကောင်က ငါ့ကို တစ်ဖက်သတ်ချစ်နေခဲ့တာပါ၊ ငါက ငြင်းခဲ့တယ်၊ သူတစ်နေ့ ငါ့ကို အိပ်ဆေးခတ်ပြီး လုပ်ကြံခဲ့တာပါ၊ အဲ့သည်အကြောင်း မင့်ကိုပြောဖို့ ငါ (၁၈)နှစ်လုံးလုံး မင့်ကိုရှာခဲ့ရတာပါ၊ ငါ့မှာတော့ မင့်စိတ်နဲ့ သေမလိုတောင်ဖြစ်ခဲ့ရတယ်၊ စားမ၀င် အိပ်မပျော်ခဲ့ဘူး၊ မင်းက ပျောက်ချက်သားကောင်းနေခဲ့တာကိုး၊ ငါ့အဖြစ်ကို ထွန်းသူလည်း မကြည့်ရက်တော့တာကြောင့် သူ့အမှားကို ၀န်ခံလိုက်တယ်၊ ငါ့မှာတော့ မင့်ကိုတွေ့ချင်တဲ့စိတ်နဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ရပါတယ်ကွာ”
“အဲ့ အဲ့လိုလားကျော်”
“အင်းး သူလည်း ကံမကောင်းခဲ့ဘူးလွှမ်း၊ သူလည်း ယာဉ်တိုက်မှုဖြစ်ပြီး ကွယ်လွန်ခဲ့တာ (၁၀)နှစ်ကျော်ပြီ”
“ဖြစ်ရလေ”
“လွှမ်း မင်းမှတ်မိသေးလား၊ ငါတို့ လက်ဖက်ရည်ဆိုင်လေး ဖွင့်ကြမယ်ဆိုတာလေ၊ အခု ငါ့စွမ်းအားနဲ့ လက်ဖက်ရည်ဆိုင်လေး ဖွင့်နိုင်ခဲ့ပြီ၊ မင့်ကို ပြန်တွေ့ရင် မင်းနဲ့ငါ အတူတူနေနိုင်ဖို့အတွက်ပေါ့၊ ငါက ဆိုင်ရှင်ကြီးဖြစ်နေပေမဲ့၊ ငါ့မှာ ၀န်ထမ်းတွေ များစွာရှိပေမဲ့ ငါကိုယ်တိုင် စားပွဲထိုးလေး လုပ်နေဆဲပါလွှမ်းရယ်၊ ဘာလို့ဆို ငါ့ဆိုင်မှာလာတဲ့ ဧည့်သည်တွေထဲမှာ မင်းများပါလေမလားဆိုတဲ့ အထင်ကြောင့်ပေါ့”
“ကျော်ရယ်”
မိုးလွှမ်းသည် မျက်ရည်များသာ စီးကျနေသည်။
“အခု ငါတို့ပြန်တွေ့ကြပြီ၊ မင့်မိဘတွေကလည်း ငါတို့ကို သဘောတူပါသတဲ့၊ မင်းမပျော်ဘူးလား၊ ငါတော့ အရမ်းပျော်တယ်ကွာ၊ ငါတို့တစ်သက်လုံး အတူတူနေသွားကြမယ်နော်”
မိုးလွှမ်းသည် ခေါင်းမညိတ်ခဲ့ပါပေ။ ၀မ်းသာဟန်လည်း မပြခဲ့။ အဘယ်ကြောင့်လဲဆိုတာ ကျော်ဇင်ကော လွှမ်းကျော်ပါ နားမလည်ကြ။
“မင်း ငါ့ကို ဘယ်လို ရှာတွေ့တာလဲဟင်”
“ဖေ့ဘုတ်မှာ ဆေးကျောင်းသားလေးတင်တဲ့ စတေတပ်တစ်ခုကြောင့် ရှာတွေ့ခဲ့ရတာပါ”
“ဖေ့ဘုတ် ဟုတ်လား၊ စတေတပ်ဟုတ်လား၊ ဘာကိုပြောတာလဲဟင်”
“လွှမ်းရယ်၊ မင်းသတိမေ့မြောနေတုန်း ခေတ်ကြီးက အများကြီး တိုးတက်ပြောင်းလဲနေခဲ့တာကွ၊ ဒါတွေကို နောက်မှပဲ ဖြည်းဖြည်းချင်းပြောပြမယ်”
“ငါ အိမ်ပြန်ချင်တယ်”
ထိုစဉ် မိဘနှစ်ပါးနှင့် ခိုင်ငြိမ်းစံတို့ ရောက်လာသည်။ မိခင် အလောတကြီး ပြေးလာလေသည်။
“သားကြီးးးးးးး”
Zzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz
လွှမ်းကျော်သည် အစ်ကိုဆေးရုံက ဆင်းပါက အစ်ကိုနေခဲ့သည့် အခန်းလေးတွင် နေချင်လိမ့်မည်ထင်သောကြောင့် အစ်ကိုနေထိုင်ရန် အသင့်ဖြစ်ရန်အတွက် အခန်းဖယ်ပေးထားသည်။ အခန်းကိုလည်း သပ်သပ်ရပ်ရပ်လေးဖြစ်အောင် သန့်ရှင်းရေလုပ်ထားသည်။ အစ်ကိုရေးဆွဲခဲ့သော “စိမ်းရောင်ခြယ်အိမ်ကလေး” ကိုလည်း ဖုန်သုတ်ထားရင်း နဂိုအတိုင်းရှိနေစေသည်။
အစ်ကိုက ဆေးရုံမှ ဆင်းချင်သောကြောင့် ဆရာဝန်က ခွင့်ပြုလိုက်သည်။ သို့သော် အစ်ကို၏ခြေထောက်သည် ပြန်မကောင်းနိုင်တော့သောကြောင့် ၀ှီးချဲလ်နဲ့ဖြစ်သည်။ အစ်ကိုသည် နေ့စဉ်နေ့တိုင်း အစ်ကိုရေးဆွဲခဲ့သော “စိမ်းရောင်ခြယ်အိမ်ကလေး” အား ၀ှီးချဲလ်ပေါ်ကနေ ငေးကြည့်နေတတ်သည်။ စကားလည်း အလွန်နည်းလေသည်။ အစ်ကို၏ချစ်သူ ကိုကျော်ဇင်ကလည်း အစ်ကို့ထံ နေ့တိုင်းလာတတ်သည်။ လာတိုင်းလည်း အစ်ကို့အတွက် စားစရာလေးများ ပါပါလာတတ်သည်။ ကိုကျော်ဇင်သည် ဆိုင်အလုပ်များ ရှိသေးသည့်အတွက် အစ်ကို့အတွက် အချိန်များများမပေးနိုင်ခဲ့ပေ။
တစ်နေ့ အစ်ကိုက ပျော်ပွဲစားလုပ်ရန် ပူဆာလေသည်။ လွှမ်းကျော်တို့လည်း အစ်ကို့စိတ်တိုင်းကျ ဖွယ်ဖွယ်ရာရာများပြင်ဆင်သည်။ အခန်းကိုလည်း အဆင်တန်ဆာဆင်သည်။ မိခင်နှင့် ခိုင်ငြိမ်းစံတို့ကလည်း အားတက်သရောပါဝင်ကူညီသည်။ ကျော်ဇင်ကလည်း လာရောက်ကူညီလေသည်။ လွှမ်းကျော်ကတော့ပြုံးပြုံးလေးနှင့်သာ ကြည့်နေခဲ့သည်။
ညရောက်တော့ မိသားစု စုံစုံလင်လင်နှင့် ဒင်းနားစားကြသည်။ ကာရာအိုကေလည်းဆိုကြသည်။ ညဥ့်နက်ချိန်ရောက်တော့ စားသောက်ပွဲလေး ပြီးဆုံးသွားလေသည်။ ကျော်ဇင်ကတော့ မိုးလွှမ်းအား အကြင်နာပေးပြီး ပြန်သွားလေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“အစ်ကို နံနက်စာ စားရအောင် ထတော့လေ၊ အိပ်နေတုန်းလား၊ ညက တော်တော်ပင်ပန်းသွားတယ်ထင်တယ်”
အခန်းထဲက အစ်ကို့အသံ မကြားရပေ။ တံခါးက ချက်ချမထားတာတွေ့လိုက်ရသောကြောင့် လွှမ်းကျော်ဝင်ကြည့်လိုက်သည်။ အစ်ကို့ကို မတွေ့ရပေ။ လွှမ်းကျော် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ခေါင်းအုံးလေးပေါ်တွင် စာလေးတစ်စောင်ကို တွေ့လိုက်ရသည်။ လွှမ်းကျော် တုန်ယင်စွာဖြင့် ဖတ်ကြည့်လိုက်သည်။
“ဖေဖေ မေမေနဲ့  ညီလေးတို့နဲ့ ချစ်သော ကျော်ဇင်အတွက် စာရေးလိုက်ပါတယ်၊ သားလေ အရင်တုန်းက သားတို့ မိသားစုလေး စိမ်းလန်းနွေးထွေးတဲ့ မိသားစုလေး ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ “စိမ်းရောင်ခြယ်အိမ်ကလေး” ကိုရေးဆွဲဖြစ်ခဲ့ပါတယ်၊ ခုတော့ သားရဲ့ ရည်မှန်းချက်တွေ ဖြစ်လာမယ်မထင်တော့ဘူး၊ စိမ်းလန်းနွေးထွေးတဲ့ မိသားစုဘ၀လေးကို သား ထူထောင်နိုင်တော့မယ်မထင်ဘူး၊ သားလို ဒုက္ခိတတစ်ယောက်မှာ ဘာအင်အားမှ မရှိတော့ဘူး၊ နောင်အနာဂတ်မှာ မနေ့ညတုန်းကလို ပျော်ရွှင်တဲ့ အဖြစ်မျိုးတွေ ကြုံရလိမ့်မယ်မထင်ဘူး၊ သားမသေခင်မှာ ဖေဖေ မေမေနဲ့ ညီလေးရယ်၊ ချစ်သော ကျော့်ကို တွေ့ခွင့်ရလိုက်တဲ့အတွက် သား အတိုင်းမသိ ၀မ်းသာမိတယ်၊ အတူဖြတ်သန်းခဲ့တဲ့အချိန်တွေမှာ ပျော်လည်း ပျော်ခဲ့ရပါတယ်၊ သား အားလုံးကို ချစ်တယ်၊ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်
သားကြီး မိုးလွှမ်း”
ထိုစာအား လွှမ်းကျော် မေမေ့ထံ အပြေးကလေး လှမ်းပေးလိုက်လေသည်။
“မေမေ အစ်ကိုမရှိတော့ဘူး၊ လုပ်ပါဦး၊ အစ်ကိုမရှိတော့ဘူးဗျ”
“ဘာပြောတယ်သားလေး”
“အစ်ကိုမရှိတော့ဘူးလို့၊ ဟောသည်မယ် အစ်ကိုစာရေးခဲ့တယ်”
“ဘာ ဘာ ဘာ စာရေးခဲ့တယ် ဟုတ်လား”
မိခင်သည် စာအား ဆတ်ကနဲ့ လှမ်းယူလိုက်ပြီး တုန်ယင်စွာ ဖတ်လေသည်။ ဖတ်အပြီး လဲကျတော့မတတ်ဖြစ်သွားခြင်းကြောင့် လွှမ်းကျော်နှင့် ခိုင်ငြိမ်းစံက ဖေးမပေးလိုက်သည်။
“သားကြီးကို ကျွန်မသတ်တာ၊ သားကြီးကို ကျွန်မသတ်တာ”
မိခင်သည်။ အရူးတစ်ယောက်လို အော်ဟစ်နေလေတော့သည်။
“မေမေ စိတ်ထိန်းပါဦးဗျ”
“ဟင့်အင်း သားကြီးကို ပြန်ခေါ်ပေး၊ သားကြီးကို ထွက်သွားခွင့်မပေးဘူး၊ သားကြီးကို မေမေ၀အောင်မချစ်ရသေးဘူး၊ သားကြီးကို ပြန်ခေါ်ပေးပါ”
ထိုစဉ် ပါဆယ်ထုပ်များနှင့် ကျော်ဇင်ရောက်လာသည်။
“ဘာဖြစ်နေကြတာလဲ”
“သားကြီးမရှိတော့ဘူးသားရဲ့၊ သားကြီးကိုပြန်ခေါ်ပေးပါသားရယ်”
“ဗျာ လွှမ်းမရှိတော့ဘူး ဟုတ်လား”
ကျော်ဇင့်လက်မှ ပါဆယ်ထုပ်သည် လွတ်ကျသွားလေသည်။
“သားကြီးက စာရေးထားခဲ့တယ်သားရဲ့၊ အမလေး မေမေ့ရဲ့သားကြီး မေမေ့ရဲ့ မေတ္တာ ဂရုဏာတွေကို တ၀ကြီးမခံစားခဲ့ရဘူး”
ကျော်ဇင်သည် စာအား အလျင်အမြန်ယူပြီး ဖတ်လိုက်သည်။ ခေါင်းကို ခါယမ်းပြီး မိုးလွှမ်းအခန်းဆီသို့ ပြေးဝင်သွားသည်။ သို့သော် မိုးလွှမ်းရှိမနေပါပေ။ နောက် ကျော်ဇင်သတိရသွားဟန်ဖြင့် မိုးလွှမ်းအချိန်ဖြုန်းလေ့ရှိသော ခေါင်မိုးထပ်ဆီသို့ အပြေးကလေးတက်လိုက်သည်။ လှေကား၏ ခြေရင်းတွင် လဲမှောက်နေသော ၀ှီးချဲလ်အားတွေ့လိုက်ရသောကြောင့် အပေါ်ထပ်သို့ သုတ်ခြေတင်ပြေးလိုက်သည်။ အပေါ်ထပ်တွင် ကြိုးတစ်ချောင်းနှင့် မှောက်ရက်လဲကျနေသော မိုးလွှမ်းအားတွေ့လိုက်ရသောကြောင့် အပြေးကလေးထူလိုက်သည်။
“လွှမ်း လွှမ်း မင်း မင်း ဒါ ဒါ ဘာလုပ်တာလဲ၊ ဘာလုပ်တာလဲလို့”
မိုးလွှမ်း၏ ကိုယ်အား ဆောင့်ကာ လှုပ်ယမ်းနေသည်။ မိုးလွှမ်းသည် မျက်ရည်များဖြင့် ကျော့်အားကြည့်သည်။
“ကျော် ကျော် ကျော်”
ကျော်ဇင်သည် မိုးလွှမ်းအား တင်းကြပ်စွာ ဖက်တွယ်ပစ်လိုက်သည်။
“ငါတောင်းပန်ပါတယ်လွှမ်းရယ်၊ နောက်ဆို သည်လိုမလုပ်ပါနဲ့တော့”
ထိုစဉ် မိခင်ဖြစ်သူနှင့် လွှမ်းကျော်တို့ အပြေးတစ်ပိုင်းရောက်လာသည်။
“သားကြီး”
မိခင်သည် အားကြီးအား တင်းကြပ်စွာ ပြေးဖက်လိုက်သည်။
“မေမေ့ရဲ့သားကြီး၊ မေမေ့ရဲ့သားကြီး ဘာမှမဖြစ်ပါဘူးနော်၊ အမလေး မေမေ့ရဲ့သားကြီးရယ်”
မိခင်သည် ဖက်ကာပဲငိုလေသည်။
“သားကြီး ဘာကြောင့် မေမေ့ကို စိတ်ဆင်းရဲအောင်လုပ်ရတာလဲဟင်၊ ဘာကြောင့် မေမေတို့ကို ထားခဲ့ဖို့ လုပ်ရတာလဲဟင်၊ မေမေ့ကို မထားခဲ့ချင်စမ်းပါနဲ့သားကြီးရယ်”
“မေ မေမေ”
“ပြောလေသားကြီး မေမေနားထောင်နေပါတယ်၊ ပြောလေသားကြီး”
“သား သား မသေချင်သေးဘူး၊ သား အသက်ရှင်နေချင်သေးတယ်၊ သားကို ဆက်ပြီး အသက်ရှင်ခွင့်ပြုပါမေမေရယ်”
“ခွင့်ပြုတာပေါ့သားကြီးရယ်၊ သားကြီးအသက်ရှင်နေမှ မေမေပါ အသက်ရှင်နေမှာပါသားကြီးရယ်”
“ဒုက္ခိတဖြစ်နေတဲ့သားကို မေမေမငြူစူပါနဲ့နော်၊ သားအတတ်နိုင်ဆုံး မေမေငြူစူရအောင် နေပါ့မယ်လို့ ကတိပေးပါတယ်၊ သားကို ဆက်ပြီး အသက်ရှင်ခွင့်ပြုပါနော်”
“ဒါပေါ့သားကြီးရယ်၊ မေမေမငြူစူပါဘူး၊ သားကြီးက မေမေ့ရဲ့သားပဲဟာ မေမေဘာကြောင့် သားကြီးကို ငြူစူရမှာလဲ”
“ညီလေးကလည်း အစ်ကို့ကို ဘယ်တော့မှ ငြူစူမှာ မဟုတ်ပါဘူးအစ်ကို၊ ညီလေးက ညီလေးမှာ အစ်ကိုတစ်ယောက်ရှိမှန်းမသိခင်ကတည်းက အစ်ကိုတစ်ယောက်လောက်လိုချင်နေခဲ့တာ၊ ညီလေးရဲ့ ဆန္ဒကို အစ်ကိုက ဖြည့်ပေးပါဗျာ၊ ညီလေးရဲ့ အစ်ကိုအဖြစ် ဆက်ရှိနေပေးပါအစ်ကိုရာ”
“ညီလေးရဲ့ ဆန္ဒကို ဖြည့်ပေးချင်ပေမဲ့ အစ်ကိုက ဘာမှ အသုံးမ၀င်တော့တဲ့ ဒုက္ခိတတစ်ယောက်ဖြစ်နေခဲ့ပြီလေ”
“မင်းက ဘာကြောင့် အသုံးမ၀င်တော့တဲ့လူဖြစ်ရမှာလဲလွှမ်း၊ မင်းမှာ အရည်အချင်းတွေ ရှိပါသေးတယ်၊ မင်းကောင်းကောင်းကြီး အလုပ်လုပ်နိုင်ပါသေးတယ်၊ မင်းမေ့သွားပြီလား၊ မင့်ရဲ့ဝါသနာကို မေ့သွားပြီလား၊ မင်း ပန်းချီဆက်ဆွဲဖို့ စိတ်ကူးမရှိတော့ဘူးလား၊ ပြီးတော့ မင့်ကို (၁၈)နှစ်လုံးလုံး ပြုစုစောင့်ရှောက်လာခဲ့တဲ့ ဒေါက်တာတို့ရဲ့ အင်အားတွေ အလဟသ၁ ဖြစ်စေတော့မှာလား”
ကျော်ဇင့်စကားကြောင့် မိုးလွှမ်းမျက်နှာ ၀င်းလက်သွားသည်။
“ဟုတ်သားပဲကျော်၊ ငါ ပန်းချီဆွဲနိုင်ပါသေးတယ်၊ ငါဘာလို့ သတိမရခဲ့တာပါလိမ့် ငါ့ကို (၁၈)နှစ်လုံးလုံးစောင့်ရှောက်ခဲ့တဲ့ ဒေါက်တာတို့ရဲ့ ကျေးဇူးကို ငါ တစ်နေ့ပြန်ဆပ်ရဦးမယ်”
“အစ်ကိုနောက်ဆို စိမ်းရောင်ခြယ်အိမ်ကလေးရဲ့ ရှေ့ မှာ ညီလေးတို့ပုံလေးပါအောင်ထည့်ဆွဲပေးပါလား၊ အစ်ကို့ရဲ့ခယ်မလေး ခိုင့်ကိုပါ ပါအောင်ဆွဲပေးနော်”
ခိုင်က လွှမ်းကျော်၏ ဗိုက်ခေါက်အား ဆွဲလိမ်လိုက်သည်။
“သိပ်ရတာပေါ့ညီလေးရယ်”
“ဖေဖေ့ရဲ့ပုံကော ပါမှာလားသားကြီးရ”
အမြဲတမ်း တိတ်တိတ်နေတတ်သော ဖေဖေကပါ ၀င်ပါလာသည်။
“ပါမှာပေါ့ဖေဖေရ”
ခုမှပဲ မိသားစုလေးက စိုပြေသွားလေသည်။ ခုမှပဲ “စိမ်းရောင်ခြယ်အိမ်ကလေး” ဖြစ်သွားလေတော့သည်။
ဒေးဗစ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နှလုံးသားရှိသူတိုင်း ခံစားတတ်ပါစေ။။။။။။။။။။။။။။။။။။။။။။။။
14/7/2014
Afternoon 3;00 PM

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...