Tuesday, July 1, 2014

မှောင်ထဲက ဌက်ကလေး


၂၀၂၅ခုနှစ်………….
သူငယ်ချင်း ၀ိုင်းက အဖော်စပ်လာသည်။
“ဟေ့ယောင်ညိုမင်း ငါ အသစ်တစ်ယောက်တွေ့ထားတယ်၊ သူက သိပ်ဖြောင့်တာတဲ့ကွ၊ ပစ္စည်းလည်းကြီးတယ်၊ ဈေးနှုန်းလည်းသက်သာတယ်၊ ငါတို့ တစ်ချီလောက်သွားဆွဲကြမလား”
“တော်ပါပြီကွာ၊ ဒါမျိုးတွေက ငွေကုန် လူပင်ပန်းတာပဲ အဖတ်တင်ပါတယ်ကွာ”
“မင်းကလည်း တစ်ချီလောက်ပါဆို၊ မင်း မင့်မိန်းမနဲ့ အနှစ်နှစ်ကျော်လုံးလုံးအတူတူနေလာတာ မငြီးငွေ့ဘူးလားကွ၊ ပြီးတော့ မင်းတို့ ချစ်ကြတာက အရသာကောရှိလို့လားကွ၊ ငါကတော့ အိမ်က မိန်းမကို စိတ်ကုန်တယ်ကွာ”
“မင်းမရစ်နဲ့ဝိုင်း”
“ညိုမင်းရာ၊ မင်းစိတ်မပါလည်း ငါ့အတွက်အဖော်အဖြစ်လိုက်ခဲ့စမ်းပါ”
“ငါတို့ အသက်တွေလည်း ကြီးနေပါပြီကွာ”
“ဘာလဲ မင်းက ငါနဲ့ သေခန်းပြတ်ချင်လို့လား၊ ဒါမှမဟုတ် မင့်စိတ်က ပြောင်းလဲသွားလို့လား”
“ဟာကွာ သည်လောက်ရှိလှတာ၊ အဖော်အဖြစ်လိုက်မှာမဟုတ်ဘူး၊ ငါလည်း တစ်ချီလောက်ချတာပေါ့ကွာ၊ ဘယ်နေ့သွားချင်လဲ ပြော”
“ဒီညပဲ သွားကြစို့”
“အိုကေ”
[][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][]
သူငယ်ချင်းဝိုင်း၏ ဆွဲခေါ်မှုကြောင့် ညိုမင်း လိုက်ပါလာခဲ့သည်။ ၀ိုင်းက သွက်လက်နေသည်။ ညိုမင်းလည်း နည်းနည်းတော့ သွက်သလိုရှိလာသည်။
အခန်းရှေ့ ရောက်တော့ ၀ိုင်းက ဘဲလ်တီးလိုက်သည်။ တံခါးပွင့်သွားသည်။ အခန်းထဲမှာ မှောင်မည်းနေသည်။ ပြီးမှ အထဲက လူက မီးဖွင့်လိုက်ခြင်းကြောင့် လင်းထိန်သွားသည်။
“ငါတို့ရောက်လာပြီ၊ အဖော်လည်းပါတယ်”
“ရပါတယ်ဗျာ၊ ကြိုဆိုပါတယ်၊ ကြွပါ”
အထဲကလူက ကြိုဆိုရင်း ရှေ့ မှ သွားသည်။ ထိုသူသည် ညိုမင်းတို့နှင့် ရွယ်တူလောက်ရှိသည်။ ၀ိုင်းနဲ့ ညိုမင်း အတွင်းသို့ ၀င်လိုက်ကြသည်။
“ရော့”
ထိုသူက ကွန်ဒုံးနှစ်ခုကို ကမ်းပေးလိုက်သည်။ ၀ိုင်းက လက်ခံရင်းမေးလိုက်သည်။
“ဒါက ပါမှဖြစ်မှာလား”
“ဒါပေါ့ဗျာ”
ထိုသူကို ညိုမင်း ကြည့်လိုက်သည်။ တဒင်္ဂအတွင်းမှာပင် သူ့ကို မှတ်မိသွားသည်။ သူဟာ သူမှ သူအစစ်။ သူ သူ သူဟာ သည်အလုပ်တွေ လုပ်နေတာပါလား။ သူ ဘာကြောင့် သည်အလုပ်တွေ လုပ်နေရတာလဲ။ သူ့ကို ညိုမင်း အံ့သြမင်သက်စွာ ငေးကြည့်နေမိသည်။ ပါးစပ်လည်း အဟောင်းသား ဖြစ်နေရသည်။
ထိုသူကလည်း ညိုမင်းအား မှတ်မိဟန်တူသည်။ ညိုမင်းနဲ့ အတော်ကြာမျှ မျက်ဝန်းချင်းဆုံနေကြသည်။ သို့သော် သူ့မျက်နှာက ပကတိ တည်ငြိမ်အေးစက်လျှက်ရှိသည်။
“ဟေ့ယောင် ယူလေကွာ ဘာငေးနေတာလဲ၊ မင်းနော်၊ အစကတော့ မလိုက်ချင်ဘူးဘာဘူးနဲ့ ခုတော့….ဟာ ဟေ့ကောင် ဘယ်လဲကွ”
ညိုမင်း အခန်းထဲမှ လျင်မြန်စွာ ပြေးထွက်သွားသည်။
“ဆောရီးနော်၊ သည်နေ့တော့ မဖြစ်တော့ဘူးထင်တယ်၊ နောက်နေ့မှပဲ လာခဲ့တော့မယ်”
ဝိုင်းက ထိုသူအား နှုတ်ဆက်ပြီး ညိုမင်းနောက် အပြေးကလေးလိုက်သွားသည်။ ထိုသူ သူငိုင်လျှက် ကျန်ခဲ့သည်။ ထို့နောက် နှုတ်မှ အသံလေး ထွက်လာသည်။
“နောက်ဆုံးတော့ မင်းပေါ်လာပြီပေါ့ ညိုမင်း၊ အင်း ပေါ်လာတော့လည်း အချိန်ကိုက်ပါပဲလား”
၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏၏
မှောင်ရိပ်ကျသော အရက်ဆိုင်တွင် ညိုမင်း အရက်ခွက်များကို တစ်ခွက်ပြီးတစ်ခွက် လျင်မြန်စွာ မော့သောက်ပစ်လိုက်သည်။ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
“သူဟာ ဖြူမောင်ပဲ၊ ငါ့အမြင်မမှားဘူး၊ သူဟာ ဖြူမောင်မှ ဖြူမောင်အစစ်၊ ဟင်း ဟင်း သူ သူ ဘာလို့ သည်အလုပ်တွေ လုပ်နေတာရလဲ၊ ဘာဖြစ်လို့လဲ၊ ဟင်း ဟင်း မဟုတ်သေးဘူး၊ သူ သူ ဒီလိုဖြစ်နေတာ ငါ့ကြောင့်၊ ငါက တရားခံပဲ၊ အားလုံးဟာ ငါ့ကြောင့် ဖြစ်ရတာ”
ညိုမင်း အရက်များကို ထပ်ထပ်ပြီး မော့သောက်ပစ်လိုက်ပြန်သည်။ နောက် စားပွဲပေါ် မျက်နှာအား မှောက်ချလိုက်သည်။ ညိုမင်း၏ စိတ်အစဉ်ကတော့ အတိတ်ဆီသို့….။
??????????????????????????????????????????????????????????????????????????????????
လွန်လေခဲ့သော အနှစ် နှစ်ဆယ်ခန့်က………
ဟိုတယ်တစ်ခုမှ အခန်းထဲတွင် ညိုမင်းနဲ့ ဖြူမောင် ရောက်ရှိနေခြင်းဖြစ်သည်။ ဖြူမောင် သန့်စင်ခန်းသွားနေစဉ် ဖြူမောင်သောက်မည့် ဖန်ခွက်ထဲသို့ အိပ်ဆေးများ ညိုမင်းထည့်လိုက်သည်။ ဖြူမောင် ၀င်လာတော့ ညစာအဖြစ် ခေါက်ဆွဲဘူးများကို နှစ်ယောက်သား စားလိုက်ကြသည်။ အိပ်ဆေးထည့်ထားသော ဖန်ခွက်ကို ဖြူမောင်သောက်တော့ ညိုမင်းစိုက်ကြည့်နေမိသည်။ ထို့နောက် တဖြည်းဖြည်းချင်း ဖြူမောင် လဲကျသွားသည်။
ဖြူမောင့်ကိုယ်လေးကို ညိုမင်းပွေ့ယူပြီး ခုတင်ထက်တွက် တင်လိုက်သည်။ စောင်လည်း ခြုံပေးလိုက်သည်။ နောက် စားပွဲပေါ်တွင် စာလေးတစ်စောင်ကို ရေးလိုက်သည်။
“ငါ တောင်းပန်ပါတယ်ဖြူမောင်၊ ငါ တကယ်တော့ မင့်အိမ်မှာပဲ မင်းနဲ့ တစ်သက်လုံးအတူနေချင်ခဲ့တာပါ၊ နောက်ဆုံး မင့်မိဘတွေသိသွားတော့ ငါတို့နှစ်ယောက်လုံးနှင်ချခံခဲ့ရတယ်၊ ငါတို့နှစ်ယောက်ကို မင့်မိဘတွေက နားလည်ပေးနိုင်လိမ့်မယ်လို့ ငါ ထင်ထားခဲ့တာပါ၊ ခုတော့ ထင်သလို ဖြစ်မလာခဲ့ဘူး၊ သည်တော့ မင်းနဲ့အတူ ရေရှည်အထိ လက်တွဲသွားဖို့ ငါ့မှာ အင်အားမ၇ှိတော့ဘူး၊ မင့်ကိုလည်း မင့်မိဘတွေနဲ့ ခွဲနေရတဲ့ အဖြစ်မျိုး၊ သားမိုက်တစ်ယောက်အဖြစ်မျိုးဖြစ်မှာ ငါ မလိုလားဘူး၊ ဒါ့ကြောင့် မင်း မင့်မိဘတွေဆီပဲ ပြန်ပါ၊ မင့်မိဘတွေက မင့်ကို ခွင့်လွှတ်နိုင်မှာပါ၊ သားသမီးကို နိုင်တဲ့ မိဘဆိုတာ မရှိဘူးမဟုတ်လား၊ ဒါ့ကြောင့် မင်းမိဘတွေဆီကိုပဲ ပြန်သွားလိုက်ပါနော်၊ ငါကတော့ လက်ထဲမှာ ဘာမှမရှိလို့ မင့်ရဲ့ လက်ဝတ်ရတနာတွေကို ယူသွားတော့မယ်၊ ငါ့ကို ခွင့်လွှတ်ပါ၊ ခွင့်မလွှတ်ချင်လည်း ခွင့်မလွှတ်ပါနဲ့”
စာလေးကိုခေါက်ပြီး စားပွဲလေးပေါ်မှာ တင်ထားလိုက်သည်။ ပြီးနောက် ဖြူမောင်၏ အိတ်ထဲမှ လက်ဝတ်ရတနာများစွာကို ယူပြီး ဘောင်းဘီအိတ်ထဲထည့်လိုက်သည်။ ပြီးနောက် ဖြူမောင်၏ ပါးလေးကို ခပ်ဖွဖွလေး နမ်းလိုက်သည်။
“ငါသွားတော့မယ်ဖြူမောင်”
ထို့နောက် အခန်းထဲမှ ညိုမင်း ပျောက်ကွယ်သွားသည်။
မှောက်နေရင်းက ညိုမင်း၏ နှုတ်မှ ထွက်လာသည်။
“ငါ တောင်းပန်ပါတယ်ဖြူမောင်”
()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()()
ဖြူမောင် ကုလားထိုင်လေးဆွဲပြီး လေသာပြတင်းပေါက်ကို ဖွင့်လိုက်သည်။ လေအေးတချို့ ဖြူမောင့် မျက်နှာပေါ် ဖြတ်ပြေးသွားသည်။ ပတ်ဝန်းကျင်ကို ဖြူမောင် ငေးရီလိုက်သည်။ မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ လခြမ်းပဲ့လေးသာနေသည်။ ကြယ်ကလေးတွေလည်း မှိတ်တုတ်မှိတ်တုတ်မြင်နေရသည်။ ထိုကြယ်ကလေးကိုကြည့်ရင်း အတိတ်ဆီသို့ ရောက်ရှိသွားသည်။ ကြယ်ကလေးလည်း မှုန်ဝါးသွားလေသည်။
??????????????????????????????????????????????????????????????????????????????????????
လွန်လေခဲ့သော အနှစ်နှစ်ခန့်က…….
ပွေ့ချီထားသော ညိုမင်း၏ ခနဓာကိုယ်ကြီးကို ခုတင်ပေါ်သို့ ဗိုင်းကနဲ့ ပစ်ချလိုက်သည်။ ဖြူမောင်လည်း ခုတင်ပေါ် ဒူးထောက်တက်လိုက်ပြီး ညိုမင်းအား ခလိထိုးလိုက်သည်။
“အးး ယားတယ်.. ယားတယ်”
“သည့်ထက်ပိုယားအောင်လုပ်မယ်ကွ”
“အား ဟားဟား သေပါပြီ၊ ရယ်ရလို့ မောပြီးသေတော့မယ်၊ တော်ပါတော့ဗျာ”
ထိုအခါမှ ဖြူမောင်က ညိုမင်း၏ ခန္ဒာကိုယ်ပေါ်သို့ မှောက်ချလိုက်သည်။ မျက်နှာချင်း ထိကပ်လုမတတ်။
“အရမ်းချစ်တယ် ညိုမင်းရယ်”
“ငါကလည်း ချစ်ပါတယ်ကွ”
ဖြူမောင်က ရွှန်းရွှန်းစားစားဖြင့် ရယ်ပြလိုက်သည်။
“ငါ့ကို ချစ်ရင် နမ်းစမ်းကွာ”
ညိုမင်းက ဖြူမောင်၏ နှုတ်ခမ်းအား ရွှတ်ကနဲ့ နမ်းလိုက်သည်။ ဖြူမောင်က ကြည်ဖြူစွာ လက်ခံလိုက်သည်။
“ငါ့အချစ်က ဖြူစင်ပါတယ်ဖြူမောင်၊ မင့်ရဲ့ ဂုဏ်ပကာသနတွေ မက်လို့ မဟုတ်ပါဘူး”
“ယုံပါတယ်ညိုမင်းရယ်၊ ဒါတွေ ပြောမနေစမ်းပါနဲ့၊ ငါတို့ တစ်သက်လုံး အတူနေသွားကြမယ်နော်”
“ဒါပေါ့ဖြူမောင်ရ”
အနမ်းပန်းများက သည့်ထက် ကြမ်းသည်ထက် ကြမ်းလာသည်။ နှုတ်ခမ်းချင်းမှသည်  သည် လည်တိုင်၊ လည်တိုင်မှသည်. ရင်အုံ။ ရင်အုံမှသည်…..။ ……။
ထိုစဉ် ဂျိုင်းကနဲ့ တံခါးဖွင့်သံနှင့်အတူ မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ဖြူမောင်၏ မိဘနှစ်ပါးကို တွေ့လိုက်ရသည်။ ဖေဖေ၏လက်ထဲတွင် လူဆိုးရိုက်တုတ်။ မေမေ၏လက်ထဲတွင် ကြက်မွှေးတံမြက်စည်း။
ညိုမင်းနှင့် ဖြူမောင်လွန်စွာလန့်သွားပြီး အ၀တ်အစားများကို အလျင်အမြန်ဝတ်လိုက်ကြသည်။ ဖေဖေသည် လျင်မြန်စွာ ပြေးလာပြီး ပါးစပ်မှ တတွတ်တွတ်ပြောရင်း ညိုမင်းနှင့် ဖြူမောင့်အား မညှာတာစတမ်းရိုက်သည်။ မေမေကလည်း မညှာပေ။ ၀င်ရိုက်လေသည်။
“ခွေးသူတောင်းစားတွေ၊ စောက်လကားအခြောက်တွေ၊ ခွေးကျင့်ခွေးကြံတဲ့ကောင်တွေ”
“ဖေဖေ မလုပ်ပါနဲ့”
“ဟေ့ကောင် ဖြူမောင် ငါမင်းကို အခြောက်လုပ်ဖို့ မွေးထားတာမဟုတ်ဘူးကွ၊ လူတလုံးသူတလုံးဖြစ်အောင် မွေးထားတာ၊ ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် မွေးထားတာ၊ ယောက်ျားချင်း ကြိုက်ဖို့ မွေးထားတာ မဟုတ်ဘူးကွ၊ နားလည်လား၊ သေစမ်း ခွေးသူတောင်းစား”
“ဟုတ်တယ်၊ ဒီလိုကောင်စားမျိုး နာနာသာရိုက်စမ်းယောက်ျား”
“ဟေ့ကောင် ညိုမင်း မင်းက အရိပ်နေနေ အခက်ချိုးချိုး ချိုးတဲ့ကောင်ပဲ၊ မင်းကို ငါ့သားနဲ့ လိင်ဆက်ဆံဖို့ အလုပ်ခန့်ထားတာမဟုတ်ဘူး၊ မင်းကိုလည်း အခုကတည်းက အလုပ်ဖြုတ်လိုက်ပြီ”
ပြောရင်း ညိုမောင့်အား ရိုက်လေသည်။
“ကျွန်တော်တောင်းပန်ပါတယ်သူဋ္ဌေး”
“ဖေဖေ ညိုမောင့်ကို မရိုက်ပါနဲ့၊ ညိုမောင့်မှာ အပြစ်မရှိပါဘူး၊ အားလုံးက သားဘက်က စခဲ့တာပါ”
“မင်းလိုစောက်ဆင့်မရှိ ရွံရှာစရာကောင်းတဲ့ကောင်ကို သားအဖြစ်ဆက်အသိအမှတ်ပြုစရာ အကြောင်းမရှိဘူး၊ မင်းလိုကောင်အတွက် ငါရှက်တယ်၊ ခုချက်ချင်း ငါ့အိမ်ပေါ်က ဆင်းသွားစမ်းကွာ”
“ဖေဖေ သားတောင်းပန်ပါတယ်၊ သားတို့ကို မနှင်ပါနဲ့၊ မေမေ ဖေဖ့ကို ကူပြောပေးပါဦး”
“အံမယ် ခွေးသူတောင်းစားလိုကောင်က အကူအညီတောင်းနေလိုက်တာ၊ မင်းဟာ ငါ့သားမဟုတ်တော့ဘူး၊ နောက်ဆို ငါ့ကို မေမေလို့ လုံးဝ မခေါ်တော့နဲ့”
“မလုပ်ပါနဲ့ဖေဖေနဲ့မေမေရယ်၊ သားတို့ကို မနှင်ပါနဲ့၊ ဖေဖေပြောတော့ သားကို ကုမပဏီကို သားလက်ထဲ လွှဲအပ်ပေးမယ်ဆို၊ သားကို နှင်ချလိုက်ရင် ဘယ်လိုလုပ်မလဲ၊ ကုမ်ပဏီကို ဘယ်သူ အုပ်ချုပ်မလဲ”
“မင်းလိုစောက်ခြောက်မျိုးကို ငါ့ကုမ်ပဏီကို လွှဲအပ်ပေးရမယ်ဟုတ်လား၊ ကြားရတာနဲ့တင် ရွံစရာကောင်းလိုက်တာ၊ မင်းလိုကောင်လက်ထဲ ငါသေတောင် လွှဲမပေးဘူးမှတ်၊ နောက်ထပ်သားတစ်ယောက်ထပ်မွေးမယ်၊ အချိန်ရှိသေးတယ်”
ပြောရင်း ဖေဖေလက်ပါလာသည်။ လူဆိုးရိုက်တုတ်ဖြင့် မညှာစတမ်းရိုက်ခြင်းကြောင့် ဖြူမောင်နှင့် ညိုမင်း အခန်းထဲက လျင်မြန်စွာ ပြေးထွက်သွားခဲ့ရသည်။
ညိုမင်း တစ်ကိုယ်လုံး တုန်ယင်နေသည်။ ဖြူမောင်၏ ဖေဖေရိုက်ထားသည့် ဒဏ်ရာများကလည်း နာကျင်လွန်းလှသည်။ ဖြူမောင်လည်း ထိုနည်းလည်းကောင်းပင်။
“ဘယ်လိုလုပ်ကြမလဲဖြူမောင်၊ ငါတို့ ဘယ်သွားကြမလဲ၊ ငါတို့နှစ်ယောက် ဘယ်လိုရှေ့ ဆက်ကြမလဲ၊ တစ်ခုခုလုပ်ပါဦးဖြူမောင်ရယ်၊ ငါ အရမ်းကြောက်လာပြီ”
တုန်ယင်ပြီး မျက်ရည်စမ်းစမ်းနှင့်ပြောရှာသော ညိုမင်းအား ဖြူမောင် သနားဂရုဏာသက်စွာ ပွေ့ဖက်လိုက်သည်။
“စိတ်မပူပါနဲ့ညိုမင်းရယ်၊ ဒီအခြေအနေဆိုးက တစ်နေ့ လွတ်မြောက်သွားမှာပါ၊ မင်း ဘာမှမကြောက်နဲ့ ငါရှိတယ်”
“ငါ သူဋ္ဌေးကို အရမ်းကြောက်တယ်ဖြူမောင်”
ဖြူမောင်လည်း လတ်တလောတော့ ဘာမှ မကြံတတ်သေး။ ရင်ထဲမှာတော့ ၀မ်းနည်းမှုတွေ ကြီးစိုးနေခဲ့ရသည်။
နှစ်ယောက်သား ဟိုတယ်တစ်ခုဆီသို့ သွားတည်းလိုက်ကြသည်။ ဖူးယောင်နေသော ဒဏ်ရာများကို အ၀တ်စကိုလုံးပြီး တစ်ယောက်တစ်လှည့် အုံပေးနေကြသည်။ နုနယ်လွန်းသည့် ညိုမင်းကတော့ မျက်ရည်လေးတွေ စီးကျနေမြဲဖြစ်သည်။
“တစ်ခုခုကြံပါဦး ဖြူမောင်ရယ်”
“စိတ်အေးအေးထားပါညိုမင်းရာ၊ စိတ်မလှုပ်ရှားစမ်းပါနဲ့”
“ဟင့်အင်း၊ ငါ သည်အတိုင်းမနေနိုင်ဘူး၊ ငါ သူဋ္ဌေးကို အရမ်းကြောက်တယ်၊ သည်လိုနဲ့ သူဋ္ဌေးက ငါတို့ကို သတ်လိမ့်မယ်၊ ငါတို့ ထွက်ပြေးကြရအောင်နော်၊ နော်လို့”
“အလျင်စလို မလုပ်စမ်းပါနဲ့ ညိုမင်းရယ်”
သူဋ္ဌေးပြောတာမကြားဘူးလား၊ ငါ့ကိုအလုပ်ထုတ်လိုက်ပြီတဲ့၊ မင့်ကိုလည်း သားအဖြစ်အသိအမှတ်မပြုတော့ဘူးတဲ့၊ ငါတို့ နိုင်ငံခြားကို ထွက်သွားကြရအောင်နော်”
ညိုမင်းစကားကြောင့် ဖြူမောင် တွေဝေသွားရသည်။ ရိုက်နှက်ခဲ့စဉ်က ဖေဖေနဲ့မေမေပြောသွားသော စကားများကို မြင်ယောင်လိုက်မိသည်။ ဖေဖေနှင့်မေမေတို့၏ စိတ်ကြီးပုံကိုလည်း သိထားသည်။
“နိုင်ငံခြားကို ထွက်သွားချင်တာလားညိုမင်း”
“အင်း ဟုတ်တယ်၊ ငါ တို့ နိုင်ံငံခြားသွားကြမယ်၊ အတူတူနေကြမယ်နော်”
“ဒါပေမဲ့ ငါတို့ လက်ထဲမှာ ပိုက်ဆံမှ မရှိတာပဲ”
“ဒါက လွယ်ပါတယ်၊ ညကျရင် မင့်မိဘတွေရဲ့ ပိုက်ဆံတွေ ဒါမှမဟုတ်ရင် လက်ဝတ်ရတာနာတွေကို မသိအောင် သွားယူကြမယ်လေ”
“ဒါတော့ မဖြစ်သေးဘူးညိုမင်း”
“ဘာလို့ မဖြစ်ရမှာလဲ၊ ငါတို့ ရှေ့ ဆက် အတူတူနေနိုင်ဖို့ ပိုက်ဆံများများလိုတယ်၊ မင်း ဘာမှ တွေဝေမနေပါနဲ့ဖြူမောင်”
“ညိုမင်းရယ်၊ ငါ့လက်ထဲမှာ ပိုက်ဆံမရှိပေမဲ့ မင့်ကို မငတ်အောင် ရှာကျွေးနိုင်ပါတယ်”
“မရဘူး၊ သွားယူဆိုသွားယူရမယ်၊ မယူရင် မင်းနဲ့ငါ အပြတ်ပဲ၊ ဘာလဲ မင်းငါ့ကို အပြတ်ခံချင်တာလား၊ ပြောစမ်း”
“ငါ့ကို သည်လို အကျပ်မကိုင်ချင်စမ်းပါနဲ့ညိုမင်းရာ”
“အကျပ်ကိုင်နေတာမဟုတ်ဘူး၊ အတည်ပြောနေတာ၊ မင်းမသွားရင် ငါ့ ဖာသာတစ်ယောက်တည်း ထွက်သွားမယ်၊ နောက်ဆို ငါ့ကို မတွေ့ရတော့ဘူးမှတ်”
ချစ်ရသူ၏စကားကို ဖြူမောင် မလွန်ဆန်နိုင်တော့ပါ။
“ငါသွားပါ့မယ် ညိုမင်းရယ်”
ညိုမင်း၏ မျက်နှာ ၀င်းလက်သွားသည်။ ချက်ချင်း ဖြူမောင်၏ ကိုယ်လေးကို တင်းကြပ်စွာ ပွေ့ဖက်ပစ်လိုက်သည်။
“ငါ မင်းကို အရမ်း ချစ်တယ် ဖြူမောင်”
ဖြူမောင်ကတော့ တိတ်ဆိတ်နေသည်။ လုပ်ငန်းကြီးတစ်ခုကို စရတော့မည်။
????????????????????????????????????????????????????????????
ည ဆယ့်နှစ်နာရီကျော်ခန့်………….
အမှောင်ရိပ်ထဲတွင် ဓာတ်မီးငယ်လေးတစ်လက်နဲ့ ဖြူမောင် လှုပ်ရှားနေသည်။ ဖေဖေနှင့်မေမေထားသည့် လက်ဝတ်ရတနာများနှင့် ငွေကြေးများ ဘယ်နေရာတွင်ရှိသည်ကို ဖြူမောင်သိသည်။ ဖြူမောင်ကလည်း ဘယ်တုန်ကမှ မိဘတို့၏ ငွေကြေးများကို ခိုးဝှက်ခြင်းမပြုခဲ့ခြင်းကြောင့် မိဘများက ယုံယုံကြည်ကြည်သိမ်းထားတတ်သည်။ ဖြူမောင်ကလည်း အသုံးအဖြုန်းမကြီးခြင်းကြောင့်လည်း ပါမည်။ ငွေကြေးအချို့ နှင့် လက်ဝတ်ရတနာများစွာကို ဖြူမောင်ဖြည်းလေးစွာ ယူလိုက်မိသည်။ အစကတော့ လက်က တွန့်နေသေးသည်။ နောက် ခေါင်းယမ်းကာ ယူလိုက်ရသည်။  နှုတ်ကလည်း ခပ်တိုးတိုး ပြောလိုက်သေးသည်။
“သည်ငွေတွေကို သားတစ်နေ့ ပြန်ပေးပါ့မယ် ဖေဖေနဲ့မေမေရယ်”
နောက် မိဘများ၏ အိပ်ခန်းထဲသို့ တိတ်တဆိတ်ဝင်လိုက်သည်။ မိဘနှစ်ပါးက အိပ်မောကျနေသည်။ ဖြူမောင် နေရာမှ ဒူးထောက်ထိုင်ကာ ဦးတိုက် ၀တ်ချလိုက်သည်။
“ဖေဖေနဲ့မေမေ့ကို ကန်တော့ခဲ့ပါတယ်၊ သားလေ ဖေဖေနဲ့မေမေတို့ရဲ့ သားလိမ္မာလေးတစ်ယောက် သိပ်ဖြစ်ချင်ခဲ့တာပါ၊ သားတောင်းပန်ပါတယ်”
ဖြူမောင် မျက်ရည်များကို သုတ်လိုက်သည်။ ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
YYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYY
ဖြူမောင် အိပ်ယာမှ နိုးတော့ ပြတင်းပေါက်ဆီမှ နေရောင်က ဖြူမောင့်မျက်နှာပေါ်သို့ ထိုးကျနေပေပြီ။ ဖြူမောင် ဘေးဘီဆီကြည့်လိုက်သည်။ ဖြူမောင်လန့်သွားသည်။ ညိုမင်း မရှိတော့ပါလား။ သန့်စင်ခန်းများသွားနေသလားဆိုပြီး လိုက်ရှာကြည့်သေးသည်။ သို့သော် ညိုမင်းကို မတွေ့ရတော့ပါ။ ဖြူမောင် ၀မ်းနည်းလာသည်။ ထိုခဏ စားပွဲပေါ်မှ စာခေါက်ကလေးကို တွေ့လိုက်ရသည်။ ညိုမင်း ထွက်သွားခဲ့ပြီလား။ စိတ်အထင်က ကြီးစိုးနေခြင်းကြောင့် မျက်ရည်လေးများက စီးကျလာသည်။ စာခေါက်လေးကို ဖြည်းလေးစွာ ဖြန့်ကြည့်လိုက်သည်။
စာလေးကို ဖတ်အပြီး ဖြူမောင် ဟီးကနဲ့ ငိုချလိုက်သည်။ ခေါင်းကိုလည်း တွင်တွင် ခါယမ်းနေမိသည်။ ထိုနေ့က ဖြူမောင်တစ်ယောက် ခုတင်ပေါ်တွင် တုပ်တုပ်မျှ မလှုပ်ပဲ ငြိမ်သက်စွာ ထိုင်နေခဲ့မိသည်။ ညိုမင်း ပြန်လာလိမ့်မည်အထင်နဲ့ ဆက်စောင့်နေခဲ့သည်။ သို့သော် ညိုမင်း ပြန်ရောက်မလာခဲ့ပါ။ နောင်နေ့တွင်လည်း ဆက်စောင့်နေခဲ့သေးသည်။ သို့သော်လည်း နေ၀င်ကာ မိုးသာချုပ်သွားသည်။ ညိုမင်း၏ အရိပ်အယောင်လေးမျှပင် မတွေ့ခဲ့ရပါ။ ထိုညက လေသာပြတင်းပေါက်လေးကနေ မိုးကောင်းကင်ကြီးကို ဖြူမောင် ငေးကြည့်နေခဲ့မိသည်။ လခြမ်းပဲ့ကလေး သာနေသည်။ ကြယ်ကလေးတွေလည်း မှိတ်တုတ်မှိတ်တုတ် မြင်နေရသည်။ ထိုကြယ်ကလေးများသည် ကြည့်ရင်းကြည့်ရင်း မှုန်းဝါးသွားလေသည်။ မျက်ရည်များကြောင့်ပင်ဖြစ်လိမ့်မည်။
ထွန်းသစ်စ နံနက်ခင်းမှာ ဖြူမောင်တစ်ယောက် လေလွင့်သူတစ်ယောက်လို လမ်းလျှောက်နေမိသည်။ ခုံတန်းလျားလေးပေါ် ထိုင်ချလိုက်တော့ အဘိုးကြီးတစ်ယောက် သတင်းစာဖတ်နေတာတွေ့ရသည်။ ထိုသတင်းစာလေးထဲတွင် “သားအဖြစ်မှ စွန့်လွှတ်ခြင်း” ဆိုသော သတင်းလေးတစ်ခုကို ဖြူမောင် အမှတ်မထင် မြင်လိုက်ရသည်။ ထိုသတင်းစာရွက်လေးကို ဖြူမောင် အလျင်အမြန်လုဖတ်လိုက်သည်။
“ကျွန်တော် ကျွန်မတို့၏သား မောင်ဖြူမောင်သည် မိဘတို့၏ စကားကို နားမထောင်ပါ၊ မျက်နှာမပြ၀ံ့သည့် ရှက်ဖွယ်လိလိအဖြစ်ကိုလည်း ကျူးလွန်ခဲ့ဖူးသည်။ ကျွန်တော်ကျွန်မတို့၏ လက်ဝတ်ရတနာများကိုလည်း ယူဆောင်သွားပါသည်။ သို့ပါရ်ျ ဂ/မမန(နိုင်)………. ကိုင်ဆောင်သူ မောင်ဖြူမောင့်အား သားအဖြစ်မှ လုံးစွန့်လွှတ်လိုက်သည်။ နောက်နောင် မောင်ဖြူမောင်နှင့် ပတ်သက်သော ကိစ္စအ၀၀များကို လုံးဝ တာဝန်မယူပါကြောင်း
ဦး……+ဒေါ်……..”
ထိုသတင်းကြောင့် ဖြူမောင် ရူးမတတ်ခံစားလိုက်ရသည်။ ဖြူမောင့်ကမ္ဘာကြီးသည် ပြိုလဲပျက်စီးသွားပေပြီ။
ဖြူမောင့်ဘေးမှာ ဘယ်သူမှ မရှိတော့ပေ။ ဖြူမောင် ဘာဆက်လုပ်မလဲ။ ဖြူမောင် သတိရလိုက်မိသည်။ သူငယ်ချင်းတစ်ယောက်။ သူ့ဖုန်းနံပါတ်လေး ဖုန်းထဲမှာ ထည့်ထားမိလို့ တော်ပေသေးသည်။
“ဟုတ်ကဲ့ ပြောပါခင်ဗျာ”
“ထိုက်ဝေလား”
“ဟုတ်ပါတယ်ခင်ဗျာ၊ ဘာများကူညီပေးရမလဲခင်ဗျာ”
“ငါ ဖြူမောင်ပါ၊ သိလား”
“ဖြူမောင် ဘယ်သူပါလိမ့်”
“ဖေ့ဘုတ်မှာ မင့်ရဲ့ ကြော်ငြာကို ရှယ်လုပ်ဖို့ ငါ့ကို အကူအညီတောင်းဖူးတယ်လေ၊ ငါကလည်း ရှယ်ပေးခဲ့ဖူးတယ်လေ၊ မှတ်မိလား”
“သြော် အေး သိပြီ၊ မှတ်မိပြီ”
“ငါ ငါ မင်းရဲ့ အကူအညီကို လိုတယ်ထိုက်ဝေ”
“ဘာများလဲ၊ ငါ အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်ဖြူမောင်၊ ပြောပါ”
“ဒီည ငါ မင့်ဆီ လာပါရစေ၊ မင့်လိပ်စာပေးလိုက်ပါလား”
“ရပါတယ်…… အဲ့သည်လိပ်စာအတိုင်းလာခဲ့၊ ငါ စောင့်နေမယ်”
“ကျေးဇူးတင်လိုက်တာ ထိုက်ဝေရာ”
“မလိုပါဘူးကွာ၊ မင့်ကျေးဇူးကြောင့် ငါ့ဆီ ဖောက်သည်တွေ တော်တော်များများလာကြတယ်ကွ”
ကြယ်ကလေးများသည် ကြည့်ရင်းကြည့်ရင်း မှေးမှိန်သွားသည်။ မျက်ရည်များကြောင့်ပင် ဖြစ်လိမ့်မည်။ ထိုခဏ “ဟွပ်” ကနဲ့ ချောင်းဆိုးလိုက်ခြင်းကြောင့် အတိတ်တို့သည်ေ၀၀ါးပျောက်ကွယ်သွားခဲ့ရသည်။ ပါးစပ်ကို လက်ဝါးဖြင့် အုပ်လိုက်ခြင်းကြောင့် လက်ထဲတွင် သွေးခဲများ ပါလာသည်ကို ဖြူမောင်တွေ့လိုက်ရသည်။ ဖြူမောင် မိုးကောင်းကင်ကြီးကို ပြန်လည် မော့ကြည့်လိုက်မိပြန်သည်။
[][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][]
အိမ်ရှေ့ ဘဲလ်တီးသံကြောင့် အိမ်ဖော်မလေးက သွားဖွင့်လိုက်သည်။ ဧည့်သည်ရောက်နေမှန်းသိပေမဲ့ ညိုမင်း အရက်ကို အသောက်မပျက် ဆက်သောက်နေလိုက်မိသည်။ ဧည့်ဝတ်မကျေချင်နေပါစေ။
“ဟာ ဟေ့ကောင် ညိုမင်း မင်း အရက်တွေ သောက်လို့ပါလား၊ ငါ့ကျတော့ မခေါ်ဘူးကွာ”
ဝိုင်းစကားကို ညိုမင်း ဂရုမစိုက်ပါ။ အရက်ကိုသာ ဆက်သောက်နေလိုက်သည်။
“မင်း အခုတလော ဘာဖြစ်နေတာလဲကွာ၊ မနေ့ညက ငါ့ကိုတောင်မစောင့်ပဲ ဘယ်ထွက်ပြေးတာလဲကွ၊ ငါ့မှာတော့ ရှာလိုက်ရတာကွာ”
ညိုမင်း ဂရုမစိုက်ပြန်ပါ။
“ဟဲ ဟဲ ဒီည အဲ့ကောင်ဆီ ပြန်သွားကြမလား၊ အဲ့ကောင်က တော်တော်ဖြောင့်တာပဲနော်”
ဝိုင်းစကားကြောင့် ညိုမင်း ဖန်ခွက်အား “ခွပ်” ကနဲ့ မြည်အောင် ချပစ်လိုက်သည်။ ခက်ထန်သော မျက်နှာ ပြူးကျယ်သော မျက်လုံးများနဲ့ ၀ိုင်းအား ကြည့်လိုက်သည်။ ၀ိုင်း အင်မတန်လန့်သွားသည်။ ညိုမင်း ၀ိုင်း၏ ကော်လာစအား ဆွဲပစ်လိုက်သည်။
“မင်း မင်း မသွားရဘူး၊ မင်း အဲ့သည်ကောင်ဆီ လုံးဝ မသွားရဘူး၊ မင်းသွားရင် မင့်ကို ငါ အသေသတ်မယ်”
“ဟာ ဟာ ဟေ့ကောင် ဒေါသကို လျှော့ပါဦးကွ၊ မင်းကလည်း လက်ပါချင်တာချည်းပဲ၊ ဘာလို့လဲကွ ပြောစမ်းပါဦး၊ ဘာကြောင့် ငါ့ကို တားရတာလဲ”
ညိုမင်း မဖြေပါ။ အေးစက်စက်သာ နေလိုက်သည်။
“ပြောလေသူငယ်ချင်း”
“မမေးနဲ့ကွာ”
“ငါလည်း သိချင်တာပါ့ကွ”
“မမေးနဲ့ဆို”
ညိုမင်း၏ လက်သီးက ၀ိုင်း၏ မျက်နှာပေါ်သို့ ရောက်တော့မတတ်ဖြစ်သွားသည်။ ၀ိုင်း မင်သက်စွာနဲ့ ညိုမင်းအား ငေးကြည့်နေလိုက်သည်။
[][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][]
ညိုမင်း ဘဲလ်ကို တီးရန် မ၀ံ့မရဲဖြစ်နေသည်။ လက်ညှိေုးလေးက လေထဲမှာပဲ ရပ်တန့်သွားခဲ့သည့် အကြိမ်ပေါင်းမနည်းတော့။ နောက်မှ ညိုမင်း အားတင်းကာ ဘဲလ်ကို နှိပ်လိုက်သည်။ ဘဲလ်က နှိပ်သော်လည်း အသံမမြည်။ တံခါးဖွင့်ထားသည်ထင်သည်။ ညိုမင်း တံခါးကို အသာလေး စေ့လိုက်သည်။ အထဲတွင် ဖြူမောင်၏ မြင်ကွင်းအား ညိုမင်း မမြင်ချင်မှအဆုံး မြင်တွေ့လိုက်ရသည်။ ဖောက်သည်တစ်ယောက်အား ဖျော်ဖြေပေးနေသည့် ဖြူမောင်၏ မြင်ကွင်း။ ဖြူမောင်၏ ခနဓာကိုယ်တစ်ခုလုံးအား ဖောက်သည်အား အပ်နှံပေးနေရသည့်မြင်ကွင်း။ ထိုမြင်ကွင်းက ညိုမင်း၏ ရင်ကို အပ်နဲ့ ထိုးဆွသလို ခံစားလိုက်ရသည်။ တစ်ချိန်က ညိုမောင် သိပ်ချစ်ခဲ့သည့် ဖြူမောင့်အား ခုလိုမြင်ကွင်းမျိုးဖြင့် မြင်တွေ့လိုက်ရခြင်းကို ညိုမောင် နည်းနည်းလေးမှ မမြင်ရက်ခဲ့ပါ။ ညိုမင်း ပါးစပ်အဟောင်းသား ငေးကြည့်နေခဲ့မိသည်။
ညိုမင်းအားလည်း ဖြူမောင် မြင်ပါသည်။ သို့ပေမဲ့ ဖြူမောင် ဖောက်သည်အား ၀တ်မပျက်ခဲ့။ မျက်ဝန်းအကြည့်တွေက ပကတိ တည်ငြိမ်အေးစက်နေဆဲပေါ့။
ညိုမင်း မခံစားနိုင်တော့ခြင်းကြောင့် အခန်းအပြင်ဘက်ဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။ နံရံအား လက်သီးဖြင့် အကြိမ်ပေါင်းစွာ ထိုးပစ်လိုက်သည်။ မျက်ရည်များကလည်း စီးကျနေခဲ့သည်။
“ဖြူမောင်ရယ်…”
ညိုမင်း အရက်များကို မူးအောင် သောက်ပစ်လိုက်မိပြန်သည်။ အတော်ညဥ့်နက်ချိန် ဖြူမောင်၏ အခန်းဆီသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်လှမ်းခဲ့လိုက်သည်။ ဖြူမောင့်အား အသင့်တွေ့သည်။ ဖြူမောင့်အား ညိုမင်း ရီဝေရစ်ထွေနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဖြူ ဖြူမောင်”
ဖြူမောင် လှည့်မကြည့်ပါပေ။ ညိုမင်း ဒူးထောက်လိုက်သည်။
“ငါ့ကို မှတ်မိသေးလားဖြူမောင်”
ဖြူမောင် တိုးတိုးလေးသာ ဖြေလိုက်သည်။
“မှတ်မိပါတယ်”
ညိုမင်း ဘာစကားမှ မပြောနိုင်သေးပဲ ရှိုက်ကြီးတငင် ငိုကြွေးနေလိုက်သည်။
“ငါ ငါ တောင်းပန်ပါတယ် ဖြူမောင်ရယ်”
ဖြူမောင် မျက်ရည်လေး ပေါက်ကနဲ့ကျသွားခြင်းကြောင့် ခေါင်းကို မော့လိုက်သည်။
“ဘာအတွက်ကြောင့် ငါ့ကို တောင်းပန်ရတာလဲ”
“မင်း ဘာလို့ သည်လို အခြေအနေထိ ဖြစ်သွားရတာလဲဖြူမောင်၊ မင်း သည်လိုဖြစ်သွားရတာက ငါ့အပြစ်တွေလားဟင်ဖြူမောင်၊ ငါ့ကို တစ်ခုခုပြန်ပြောပါဦးကွာ”
“ငါ့မှာ ရွေးချယ်စရာမှ မရှိတာညိုမင်းရာ”
“မင်း ဘာလို့ ရွေးချယ်စရာမရှိရမှာလဲ၊ မင့်မိဘတွေဆီ ပြန်သွားပါလို့ ငါ မပြောခဲ့ပါလားဖြူမောင်ရာ”
“အဖြစ်အပျက်တွေက မင်းထင်သလို မဟုတ်ခဲ့ဘူးညိုမင်း”
“ဘာ ဘာ ဘာအဓိပ်ပါယ်လဲဟင်”
“မင်းထွက်သွားပြီး မနက်ဖြန်မှာ ငါ့ကို ပစ္စည်းခိုးတဲ့ သားမိုက်အဖြစ်နဲ့ သားအဖြစ်စွန့်လွှတ်လိုက်တဲ့ သတင်းတစ်ခုဖတ်လိုက်ရတယ်”
“ဘယ်လို…….”
အံ့သြခြင်းများစွာနဲ့ ညိုမင်း၏ အသံက ငိုသံပါ ရောစွက်လာသည်။
“အဲ့ဒါကြောင့် မင်း သည်အခြေအနေမျိုးရောက်သွားခဲ့ရတာပေါ့ဟုတ်လားဖြူမောင်၊ မင်း သည်လိုဖြစ်ခဲ့ရတာက ငါ့အပြစ်ကြောင့်ပေါ့ဟုတ်တယ်မဟုတ်လားဖြူမောင်၊ ငါ့အပြစ်တွေကို ငါ ဘယ်လို ဆေးကြောရမလဲဖြူမောင်ရယ်၊ ငါ့ကို သတ်လိုက်ပါတော့လား၊ ငါ့ကို အသေသတ်လိုက်ပါတော့လား”
ပြောရင်း ဖြူမောင်၏လက်ကိုဆွဲရင်း မိမိ၏ ပါးကို နာနာရိုက်နေလိုက်သည်။ ဖြူမောင် လက်ကို အတင်းဖယ်ခါပစ်လိုက်သည်။
“ကိုယ့်ကိုယ်ကိုယ်အရမ်းလည်း အပြစ်တင်မနေပါနဲ့ညိုမင်းရာ၊ အဖြစ်အပျက်တွေက ဖြစ်ပြီးမှတော့ ဘာတတ်နိုင်မှာလဲ၊ ကံလို့ပဲ သတ်မှတ်လိုက်ပါတော့ကွာ”
“သည်အခြေအနေမှာတောင် မင်း သည်လို စကားပြောထွက်နိုင်သေးတာလားဖြူမောင်ရာ၊ မင်း ငါ့ကို မမုန်းဘူးလား၊ ငါ့ကို နာကျဉ်းမနေဘူးလား၊ ငါ့ကိုသေအောင်သတ်လိုက်ပါတော့လား”
ဖြူမောင် ခုတင်လေးပေါ်မှဆင်းပြီး ညိုမင်း၏ မျက်ရည်လေးများကို သုတ်ပေးလိုက်သည်။ ပြီးနောက် မေတ္တာကရုဏာအပြည့်နဲ့ ညိုမင်း၏ ခနဓာကိုယ်လေးအား ပွေ့ဖက်လိုက်သည်။
“အရမ်းဝမ်းမနေပါနဲ့ညိုမင်းရယ်၊ ခုလိုဖြစ်ရတာက မင်းတစ်ယောက်တည်းရဲ့ အပြစ်မဟုတ်ပါဘူး၊ ငါ့မိဘတွေရဲ့ အပြစ်လည်း ပါတာပဲ မဟုတ်လား”
“ မင်း ဘာလို့ သည်အလုပ်ကို ရွေး ချယ်လိုက်ရတာလဲဟင်”
“ငါ့မှာ ရွေးချယ်စရာ မရှိတော့လို့ပေါ့၊ ငါလည်း ကြံမိကြံရာနဲ့ သည်အလုပ်ကို လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရမိသွားရာက သည်အလုပ်ကို ရွေးချယ်ဖြစ်ခဲ့တယ်ဆိုပါတော့”
“သူကကောဟင်”
“သူကတော့ နားလည်ပေးနိုင်သူတွေ့လို့ သည်အလုပ်ကို စွန့်လွှတ်လိုက်ပြီ”
“မင့်ကိုကော နားလည်ပေးနိုင်သူ တစ်ယောက်ယောက်တောင် ပေါ်မလာခဲ့ဘူးလားကွာ”
“ပေါပါတယ်ကွာ၊ ဒါပေမဲ့ ငါ ငြင်းခဲ့ပါတယ်၊ ငါ့တစ်ကြိမ်အသည်းကွဲခဲ့ရပြီးပြီ၊ ထပ်ပြီးအသည်းကွဲခဲ့ရမယ်ဆိုရင် ငါ့နှလုံးသားက ခံစားနိုင်မယ်မထင်ဘူး၊ ပြီးတော့ ငါ ချစ်တာက တစ်ယောက်တည်းရယ်”
ဖြူမောင် ညိုမင်း၏ မျက်နှာလေးကို ရွှန်းရွှန်းစားစားကြည့်လိုက်သည်။
“ငါ့ကိုပဲ စောင့်မျှော်နေခဲ့တယ်ဆိုပါတော့ကွာ”
“သိပ်ဟုတ်တာပေါ့ညိုမင်း၊ ငါ မင်းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့ရတာပါကွာ”

ထိုစကားကြောင့် ညိုမင်း ရင်ထဲ စစ်ကနဲ့ နာကျင်သွားရသည်။
“ငါ သေလောက်တဲ့ အပြစ်ကို လုပ်ခဲ့မိပါတယ်ဖြူမောင်ရယ်”
ညိုမင်း ဖြူမောင့်အား တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ အလှပြင်မှန်ကလေးရှေ့ တွင် တစ်ချိန်က ဖြူမောင်နှင့်အတူရိုက်ခဲ့သော ဓာတ်ပုံမှန်ဘောင်လေးကို တွေ့လိုက်ရခြင်းကြောင့် ညိုမောင့်ရင်ထဲ ပိုပိုပြီး နာကျင်ရပြီး မျက်ရည်တွေ အိုင်ထွန်းလာရသည်။
“မင်းကော ငါ့ငွေတွေ ပစ္စည်းတွေကို ယူပြီး ဘယ်ထွက်သွားတာလဲဟင်၊ အိမ်ထောင်ရော ကျသွားပြီလား၊ မိန်းမယူလိုက်တာလား”
ညိုမောင် မျက်ရည်လေးများကို သုတ်ပြီး ခေါင်းကလေးငုံ့ကာ ဖြေလေသည်။
“အင်း ငါ ယူအက်(စ်)အေကို ထွက်သွားခဲ့တာပါ၊ အဲ့ဒီမှာပဲ ငါ့ကိုအရမ်းချစ်တဲ့ မေရီနဲ့ လက်ထပ်ခဲ့တယ်၊ ခု ငါ့မှာ သားတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ရနေပြီ၊ သားကတော့ စင်ကာပူမှာ ကျောင်းတက်နေတယ်၊ သမီးလေးကတော့ ဆယ်တန်းရောက်ပြီ၊ ပြီးတော့ ငါ့မှာ ကိုယ်ပိုင်ကုမ်ပဏီတစ်ခုထောင်ထားတယ်၊ အားလုံးဟာ မင့်ကျေးဇူးကြောင့်ဆိုရင် ပိုမှန်တာပေါ့ဖြူမောင်”
ညိုမင်းစကားကြောင့် ဖြူမောင် အသက်မပါစွာ ရယ်ချလိုက်သည်။
“ဟင်း ဟင်း မင်းတို့ကတော့ ကြီးပွားနေလိုက်တာ၊ ငါ့မှာတော့ လှောင်အိမ်ထဲက ငှက်လေးနဲ့ မခြားပါဘူးကွာ ဟွပ် ဟွပ်”
ပြောရင်း ချောင်းတွေပါ ဆိုးလာသည်။
“ဖြူမောင်ရရဲ့လား၊ မင်းနေကောင်းရဲ့လား”
“ငါ သိပ်နေမကောင်းဘူးညိုမင်း”
“ဘယ်လိုတွေဖြစ်တာလဲ၊ ငါ မင်းကို ဆေးကုပေးပါ့မယ်၊ မင်း ဘာရောဂါဖြစ်နေတာလဲ”
“ငါ့လိုလူအတွက် ဘာရောဂါလဲ မေးနေဦးမှာလားကွာ၊ ငါ့မှာ အိပ်ရှ်အိုင်ဗွီရှိမှန်းသိပြီးနောက်မှာ ဘာဆေးမှ မသောက်ခဲ့ဘူး၊ မကုခဲ့ဘူး၊ ငါလိုလူက ဆက်ပြီး အသက်ရှင်နေတော့ကော ဘာအဓိပ်ပါယ်ရှိတော့မှာလဲ၊ ဆေးမကုခဲ့လို့ ငါ့မှာ ရောဂါပေါင်းစုံ ပြည့်နှက်နေပြီ”
“အားလုံးက ငါ့အပြစ်တွေပါ ဖြူမောင်ရယ်”
ညိုမင်း ငိုပြန်လေသည်။ ပြီးမှ….
“မင်း ငါ့အိမ်လိုက်ခဲ့ပါ၊ ငါနဲ့ အတူတူနေကြမယ်နော်၊ လိုက်ခဲ့ပါနော်”
ဖြူမောင် ခေါင်းခါလိုက်သည်။
“ငါ့ကို မင်းနဲ့ အတူနေစေချင်သလားညိုမင်း”
“တကယ်ပေါ့ဖြူမောင်ရာ၊ ငါ မင်းကို တစ်သက်လုံး ကြင်နာသွားပါ့မယ်၊ သည်တစ်ခါတော့ ငါ့ကို ယုံပါ”
ဖြူမောင်ရယ်လိုက်သည်။ ဖြူမောင့်ရယ်သံက ခြောက်ကပ်လွန်းလှသည်။
“မင်းပြောတဲ့အတိုင်း ငါနေချင်တယ်၊ ဒါပေမဲ့ မင်းကတိတစ်ခုတော့ ပေးရမယ်၊ မင့်ဇနီးနဲ့ သားသမီးတွေကို စွန့်လွှတ်ရမယ်၊ မင်းလုပ်နိုင်မလားညိုမင်း”
“အဲ့ အဲ့ဒါကျတော့…”
ညိုမင်းစကားကြောင့် ဖြူမောင် ဟက်ကနဲ့ ရယ်ချလိုက်သည်။ ရယ်လိုက်သမှ အကြာကြီး။ ညိုမင်းကတော့ တုံဏှိဘာဝေပေါ့။ ရယ်ပြီးမှ မထင်မှတ်သည့် မေးခွန်းကို မေးလိုက်သည်။
“သည်မှာ ညိုမင်း မင်း ငါ့ကို အရင်လို ချစ်သေးလား”
“ချစ် ချစ် သေးတာပေါ့ဖြူမောင်ရာ”
“ဒါတောင် မင်းငါ့ကို ရှာဖို့ တစ်ကြိမ်မှတောင် စိတ်ကူးမရှိခဲ့ဘူးမဟုတ်လား”
“ဒါကတော့ .. ငါလည်း အိမ်ထောင်ကျသွားပြီဆိုတော့..၊ မင်းလည်း အိမ်ထောင်တစ်ခုထူထောင်ပြီး ပျော်ရွှင်နေလောက်ပြီထင်လို့ပါ၊ မင်းကို မရှာသင့်တော့ဘူးထင်လို့ပါ”
“အင်းပါ ဟုတ်ပါပြီ၊ မင်း ငါ့ကို နမ်းပေးနိုင်မလား”
“သိပ်ရတာပေါ့ဖြူမောင်ရယ်”
ညိုမင်း ဖြူမောင်၏ နှုတ်ခမ်းလေးအား ရွှတ်ကနဲ့ နမ်းလိုက်သည်။
“ချစ်တယ်လို့ကော ပြောပါဦးလားကွာ”
“ငါ ဖြူမောင့်ကို အရမ်းချစ်တယ်”
“သည်လောက်ဆို ငါကျေနပ်ပြီ”
“ဖြူမောင် မင်း ဘာတွေ ပြောနေတာလဲ”
ညိုမင်း၏ အမေးကို ဖြူမောင် မဖြေပါ။
“ငါ့ကို တစ်ခုလောက် ကူညီပါဦးလားညိုမင်း”
“ဘာများလဲ”
[][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][
ဂျင်းဘောင်းဘီအပြာနုရောင်လေးနဲ့ မီးခိုးရောင်ဖျော့ဖျော့ဘော်ဒီဖစ်လက်ရှည်လေးကို ၀တ်ထားခြင်းကြောင့် ဖြူမောင်တစ်ယောက် ဆယ်ကျော်သက်လေးအလား ထင်မှတ်မှားလောက်သည်။ ဖြူမောင်မှန်ရှေ့ မှာ မိမိ၏ ပုံရိပ်တုကို အကြာကြီးထိုင်ကြည့်နေမိသည်။ ဖြူမောင်၏ ရုပ်ရည်လေးက အသက်အရွယ်ကြောင့် အရေးအကြောင်းလေး နည်းနည်းပါးပါးထင်နေပေမဲ့ ငယ်ရွယ်တုန်းကလို လှဆဲပဆဲပေါ့။ ဒါပေမဲ့ နှုတ်ခမ်းလေးတွေကတော့ ဖြူဖျော့နေသည်။ နီသွားစေရန် နှုတ်ခမ်းနီဖျော့ဖျော့လေးဆိုးလိုက်သည်။ ထိုစဉ် နောက်မှ ခြေသံ ဖော့ဖော့ကြားလိုက်ရသည်။ ညိုမင်းရောက်လာပြီထင်သည်။
ညိုမင်း ဖြူမောင့်နောက်တွင် ရပ်လိုက်မိသည်။ မှန်ထဲတွင် ညိုမင်း၏ ပုံရိပ်ကို ဖြူမောင် မြင်လိုက်ရသည်။ ညိုမင်း နောက်ကနေ ဖြူမောင်၏ကျောလေးကို သိုင်းဖက်လိုက်ရင်း မှန်ကိုကြည့်သည်။
“မင်း အရမ်းလှနေပါလားဖြူမောင်”
“မင်းလည်း ငယ်ရုပ်တောင်မပျောက်သေးဘူးနော်”
“ဟုတ်လို့လား”
ပြောရင်း ဖြူမောင်၏ လည်တိုင်လေးကို နမ်းလိုက်သည်။ လည်တိုင်လေးမှသည် ပါးလေးကို ဖွဖွလေးနမ်းလိုက်သည်။ ဖြူမောင်ကလည်း ကြည်ဖြူစွာ လက်ခံလိုက်သည်။
“သွားကြစို့ညိုမင်း”
[][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][][]
ညိုမင်း၏ ဗင်ကားဖြူလေးက ခြံကြီးတစ်ခြံရှေ့ သို့ ထိုးရပ်လိုက်သည်။ ညိုမင်းကော ဖြူမောင်ပါ ကားပေါ်မှ ဆင်းလိုက်ကြသည်။ ညိုမင်း ဖြူမောင့်ကို အပြေးကလေး ဖေးကူလိုက်သည်။
ခြံကြီးထဲမှ တိုက်အိမ်ကြီးကို ဖြူမောင် ငေးမော်ကြည့်လိုက်သည်။
“ငါတို့အိမ်ကြီးက အရင်အတိုင်းပဲ မပြောင်းလဲသေးဘူးနော်”
ညိုမင်းလည်း လိုက်ငေးကြည့်ပြီး ဖြေလိုက်သည်။
“အင်း ဟုတ်တယ်”
“ဟောဟိုမှာ ကြည့်လိုက်စမ်း ငါစိုက်ထားခဲ့တဲ့ ခရေပင်လေးတွေတောင် အရိပ်ရပင်ကြီးတွေ ဖြစ်ကုန်ပြီနော်”
“အင်း ဟုတ်သားပဲ”
“ထင်းရှုးပင်ကြီးက ထင်ထားတာထက်တောင် အရပ်ပိုရှည်နေပြီပဲ”
“အင်း အင်း၊ ဒါတွေ မင်းစိုက်ထားခဲ့တာပေါ့လေ”
“ဟုတ်တယ်၊ ငါနဲ့ မေမေအတူတူစိုက်ခဲ့တာပေါ့ကွာ၊ အဲသည်အချိန်လေးတွေကို ပြန်လိုချင်လိုက်တာ၊ ဟောဟို ခုံတန်းလျားလေးက ဖေဖေနဲ့ငါ အတူတူလုပ်ခဲ့တာပေါ့၊ ဟိုဒန်းလေးပေါ်မှာ ဖေဖေရယ် ငါရယ် မေမေရယ် ငယ်ငယ်တုန်းက အတူတူစီးခဲ့ဖူးတယ်”
ဖြူမောင့်မျက်ရည်တွေကို ညိုမင်း မြင်နေရသည်။
“အင်း အမှတ်တရတွေက သိပ်များခဲ့တာပဲနော်”
ထိုစဉ် ဆိုင်ကယ်တစ်စီးနဲ့ ခေတ်လူငယ်ကောင်လေးတစ်ယောက်က ခြံထဲသို့ ၀င်ရန် တံခါးအား ဖွင့်နေသည်။ ဘေးတွင် သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးနှစ်ယောက်က ခြံထဲသို့ အဘယ်ကြောင့် ငေးကြည့်နေရသည်ကို နားမလည်နိုင် ဖြစ်နေရသည်။
“သည်မှာ အန်ကယ်တို့ ဘယ်သူ့ကို တွေ့ချင်လို့ပါလဲခင်ဗျာ”
အသံကြားရာဆီသို့ နှစ်ယောက်သား လှည့်ကြည့်လိုက်ကြသည်။ ဖြူမောင်က ပြန်ပြောလိုက်သည်။
“ညီလေးက ဘယ်ကလဲဟင်”
“ဘယ်ကမှာလဲဗျ၊ ဒါ ကျွန်တော်တို့အိမ်ဗျ”
“သြော် ဒါနဲ့ သည်အိမ်က ဦး… ဒေါ်… တို့ရဲ့ အိမ်ဟုတ်ပါတယ်နော်”
“ဟုတ်ပါတယ်ဗျာ၊ ကျွန်တော်က ဦး… ဒေါ်… တို့ရဲ့ တစ်ဦးတည်းသောသားပါ”
ဖြူမောင် ထိုကောင်လေးကအား ရီဝေစွာ ကြည့်လိုက်သည်။ သူဟာ ဖြူမောင့်ညီလေးပေါ့။ မိဘများက ဖြူမောင့်အား နှင်ချခဲ့စဉ်က သားတစ်ယောက် ထပ်ယူမယ်ဟု ပြောခဲ့သည်ကို မှတ်မိလိုက်သည်။ သိပ်ချစ်စရာကောင်းသည့် ဖြူမောင့်ညီလေးပါလား။ ထိုကောင်လေး၏ ပုခုံးနှစ်ဖက်ကို ဖြူမောင် လှမ်းကိုင်လိုက်သည်။
“မင်းဟာ တကယ်ပဲ ဦး.. ဒေါ်… တို့ရဲ့ သားပေါ့လေ”
“ဟုတ်ပါတယ်ဆိုမှဗျာ၊ ဖယ်စမ်းပါ ခင်ဗျားလက်ကလည်း အေးလိုက်တာ၊ သရဲကျနေတာပဲ”
ထိုကောင်လေးက ဖြူမောင်၏ လက်အား ဖယ်ခါချလိုက်သည်။ ဖြူမောင်ကတော့ အပြုံးမပျက်ပေါ့။
“ညီလေးနာမည်ဘယ်လိုခေါ်လဲဟင်”
“အို ဘာလို့ပြောရမှာလဲဗျ၊ လူစိမ်းတစ်ယောက်ကို”
“သြော် မပြောချင်လည်း ရပါတယ်၊ အစ်ကို့နာမည်က ဖြူမောင်တဲ့”
“ဖြူမောင် ဟုတ်လား၊ ကျွန်တော့်နာမည်နဲ့ တော်တော်လေးဆင်တာပဲ၊ ကျွန်တော်နာမည်က ညိုမောင်တဲ့၊ နာမည်က တော်တော်တောဆန်တယ်ဗျ နော်”
ပြောရင်း ကောင်လေးက ရယ်လေသည်။
“ဖြူမောင် ညိုမောင်”
ဖြူမောင် ရေရွတ်လိုက်သည်။ ညီလေးနဲ့ နာမည်ဆင်တူလေးပေးခဲ့သည့် မိဘနှစ်ပါးကို ဖြူမောင် အလွန်ကျေးဇူးတင်နေမိသည်။
“ညီလေးက ကျောင်းတက်နေတာလားဟင်၊ ဘယ်နှတန်းရောက်ပြီလဲ”
“စီးပွားရေးတက္ကသိုလ် ပထမနှစ် တက်နေပါတယ်ဗျ”
“သြော် အေး ကောင်းတယ်၊ ပြီးတော့ ညီလေးမှာ ချစ်သူရှိလားဟင်”
“ခင်ဗျားက တော်တော်စပ်စုတာပဲနော်၊ ဟဲ ဟဲ မပြောချင်ပေမဲ့ ကြွားချင်တဲ့အနေနဲ့ ပြောရတာပေါ့ဗျာ၊ ကျွန်တော့်မှာ ဆယ်တန်းတုန်းကတည်းက ချစ်သူရခဲ့တယ်၊ ခုလည်း တက္ကသိုလ်မှာ ချစ်သူနဲ့ အတူတူ ကျောင်းတက်နေတယ်”
“အင်း အင်း ညီလေးရဲ့ ချစ်သူက ကောင်လေးလား ကောင်မလေးလားဟင်”
“ဟာဗျာ ခင်ဗျားကြီးက စိတ်မှ မှန်သေးရဲ့လား၊ ကောင်ကလေးက ကောင်မလေးကို ချစ်ရတာလေဗျာ၊ ကျွန်တော်က ကောင်လေးဆိုတော့ ကျွန်တော့်ချစ်သူက ကောင်မလေးပေါ့ဗျ”
ကောင်လေးက စိတ်ပျက်ပျက်နဲ့ ပြန်ဖြေလိုက်ပြန်သည်။ ပြီးမှ အမှတ်ရသွားဟန်နဲ့…
“သြော နေပါဦး ခင်ဗျားကြီးတို့က ကျွန်တော့်ကို ဂေးလို့များ ထင်မှတ်နေသလားဗျ၊ နိုး နိုး ကျွန်တော် ဂေးမဟုတ်ဘူး၊ ယောက်ျားစစ်စစ်၊ ရှင်းလား”
ကောင်လေးက စိတ်ဆတ်တဲ့ လေသံနဲ့ ပြောလေသည်။ ကောင်လေးစကားကြောင့် ဖြူမောင်၏ မျက်နှာ ၀င်းလက်သွားသည်။ ခေါင်းလည်း တညိတ်ညိတ်လုပ်နေလိုက်သည်။
“ကောင်းတယ် ညီလေး၊ ကောင်းတယ်၊ သိပ်ကောင်းတယ်”
“ကဲ ပြော ခင်ဗျားတို့က ဘာလို့ ကျွန်တော်တို့ အိမ်ကြီးကို ကြည့်နေရတာလဲဗျ၊ ဘယ်သူ့ကို တွေ့ချင်လို့လဲပြော”
“မဟုတ်ပါဘူးညီလေး၊ အစ်ကိုတို့နှစ်ယောက်က လေးညှင်းခံ ထွက်နေကြတာပါ”
“ဒါဆိုလည်း ကျွန်တော် သွားတော့မယ်”
“နေ နေပါဦး၊ ညီလေးရဲ့ မိဘတွေကော နေကောင်းကြရဲ့လား”
“ကောင်းပါတယ်ဗျာ၊ ကျွန်တော့်အဖေက အသက်ကြီးပေမဲ့ အလုပ်တွေကို လုပ်နိုင်တုန်းပါဗျာ၊ အမေကတော့ အိမ်ရှင်မတာဝန် ကျေတုန်းပါပဲ”
ဖြူမောင် သိပ်ကျေနပ်သွားလေသည်။ ခြံထဲသို့ ၀င်သွားသော ညီလေးကို မမှိတ်မသုန် ငေးကြည့်နေမိသည်။ ကောင်လေးပျောက်သွားတော့မှ ညိုမင်းဘက်သို့ ပြန်လှည့်လိုက်သည်။
“ညိုမင်းရယ်၊ ငါ့ညီလေးက သိပ်ချစ်စရာ ကောင်းတာပဲနော်၊ ဟွပ် ဟွပ်”
“ဖြူ ဖြူမောင် ရရဲ့လား”
“ငါ့ ငါ့ ညီလေးကလေ ငါ ငယ်ငယ်တုန်းကအတိုင်းပဲနော်၊ ငါနဲ့ ရုပ်ချင်းအရမ်းဆင်တာပဲကွာ၊ ဟုတ်တယ်မဟုတ်လား ညိုမင်း”
“ဟုတ်တယ် မင်းနဲ့ သိပ်တူတယ်”
“ညီလေးကို ငါ အရမ်းချစ်တာပဲ”
“အေးပါ၊ မင်း အနားယူရမယ်ဖြူမောင်၊ စကားမပြောတော့နဲ့နော်”
“ငါ ဟိုရှေ့ က ခုံတန်းလျားလေးမှာ ထိုင်ချင်တယ်”
လမ်းပလက်ဖောင်းဆီမှ ခုံတန်းလျားလေးပေါ်သို့ ဖြူမောင့်အား ညိုမင်း တွဲပို့ပေးလိုက်သည်။ ဖြည်းညင်းစွာ ထိုင်လိုက်ကြသည်။ ညိုမင်း၏ ပုခုံးလေးပေါ်သို့ ဖြူမောင် ခေါင်းကလေးကို မှီလိုက်သည်။ ဖြူမောင် တိတ်ဆိတ်နေသည်။ ဖြူမောင်၏ အသက်ရှုသံ ခပ်ပြင်းပြင်းကို ညိုမင်း အတိုင်းသား ကြားနေရသည်။ ဖြူမောင် အမောဖြေနေဟန်တူသည်။  
“အဖေရော အမေရော နေကောင်းကြလို့ ညီလေးရော တစ်ယောက်ရလို့ ငါ အရမ်းပျော်မိတယ်ညိုမင်းရယ်”
“အေးပါ”
ဖြူမောင် ဘောင်းဘီအိတ်ထဲမှ ပစ္စည်းများကို ထုတ်ယူနေလိုက်သည်။ ထွက်လာခဲ့သည်က အဖိုးမဖြတ်နိုင်သည့် လက်ဝတ်ရတနာများစွာ။ တစ်ချိန်က ညိုမင်း ယူဆောင်သွားခဲ့သည့် လက်ဝတ်ရတနာများထက် အဆများစွာ ပိုပေလိမ့်မည်။
“ငါ့ကို တစ်ခုလောက် ကူညီပါ ညိုမင်း၊ ဒါ ဒါတွေ ဖေဖေနဲ့ မေမေတို့ရဲ့ လက်ထဲကို ရောက်အောင် ထည့်ပေးပါနော်၊ သည်တစ်ခါတော့ မင်းကို ယုံကြည်စိတ်ချရတယ်မဟုတ်လား”
“ဖြူမောင်ရယ်…”
“ငါ အဖေနဲ့အမေတို့ရဲ့ ပစ္စည်းတွေကို ယူသွားတုန်းက ပြန်ပေးပါ့မယ်လို့ ကြိမ်းဝါးခဲ့တယ်၊ ဒါ့ကြောင့် ကတိအတိုင်း ငါ ပြန်ပေးချင်လို့ပါ”
“ဖြူမောင့်…..”
ညိုမင်း ငိုလေသည်။
“ဒါတွေအတွက်နဲ့ မင်း ဆေးမကုခဲ့တာလား ဖြူမောင်ရာ”
“အဖေနဲ့အမေ့အတွက် အသုံးမ၀င်ဘူးဆိုရင်တောင် ငါ့ညီလေးအတွက် အသုံးဝင်ကောင်းဝင်မှာပါ၊ ဒါတွေနဲ့ ငါ့ညီလေး သည်တစ်သက် မပူမပင်မကြောင့်မကျနေနိုင်လိမ့်မယ်ထင်ပါတယ်ကွာ၊ အဖေနဲ့အမေ့ကို ပြန်ပေးဖို့ စုထားရင်းနဲ့ ငါ့ညီလေးအတွက်ပါ အသုံးဝင်သွားတော့ ငါ အရမ်း ပျော်မိတယ်ညိုမင်း”
ညိုမင်း ဘာမှမပြောပဲ ငိုမြဲသာ ငိုလေသည်။
“အဖေနဲ့အမေ့ကို ပြောပေးပါ၊ ငါ သားလိမ္မာတစ်ယောက် မဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့၊ အဖေနဲ့အမေ့ကို အရမ်းချစ်ပါတယ်လို့ လို့….”
ညိုမင်း တိတ်ဆိတ်နေမြဲ။
“မင်း မင်းလည်း ငါ့အတွက်နဲ့၊ မင်းလုပ်ခဲ့တဲ့ ကိစ္စတွေအတွက်နဲ့ အရမ်းစိတ်မကောင်းမဖြစ်ပါနဲ့၊ မင်း ကြားဖူးတယ်မဟုတ်လား၊ လူဖြစ်လာတာကိုက ၀ဋ်ကြွေးကြောင့်တဲ့၊ ငါ့ရဲ့ အခြေအနေတွေကလည်း ငါ့ရဲ့ဝဋ်ကြွေးရှိလို့ ဖြစ်ခဲ့ရတယ်လို့ပဲ သဘောထားလိုက်ပါကွာ၊ ဒါ့ကြောင့် မင်း မင်း မင်းကိုယ်မင်းလည်း အရမ်း အပြစ်တင်မနေပါ ပါ …”
ဖြူမောင့်အသံလေးတွေ တိုးတိမ်ဝင်သွားသည်။ ညိုမင်းကတော့ ကျောက်ရုပ်ပမာ ထိုင်နေဆဲပါပဲ။ အချိန်တော်တော်ကြာသည်အထိပေါ့။
The Endddddddddddddddddddddddddddddddddddddddddddddddddddddddddddddd
နှလုံးသားရှိသူတိုင်းခံစားတတ်ပါစေ။
ဒေးဗစ်

2 comments:

  1. ကောင်းလိုက်တာဗျာ...................

    ReplyDelete
  2. OMG, David! You just made me cry! So touching! Is this a real story? We should make a movie about it!

    ReplyDelete

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...