Friday, July 4, 2014

ဟာသအိမ်ကလေး... Episode 5

Episode 5
 
သီတစ်ယောက် သည်နေ့ ကျောင်းလာရသည်ကို ရင်ခုန်နေမိသည် ။ ဟိုတစ်နေ့က ဘောလုံးပွဲ သွားကြည့်တုန်းက တွေ့ထားသော အဆင်လေးကိုလည်း ရှာရဦးမှပါပဲ ။ မျက်နှာကိုလည်း မိတ်ကပ် ပါးပါးလေး လူးထားပြီး နှုတ်ခမ်းနီ အရောင် ဖျော့ဖျော့လေးကိုပါ ဆိုးထားလိုက်သည် ။ ကိုရီးယားမင်းသမီး စတိုင်ပေါ့ကွယ် ။
 
ခဏနေတော့ မိသန့်နဲ့ မိမြတ်တို့ ရောက်လာတော့ ၀ိုင်းဝုန်းကြပါလေရော ။
 
ဟယ် … မိတ်ကပ်သရဲမ … နှုတ်ခမ်းနီနဲ့ ယောက်ျားကြီးတော့ …
 
ဟုတ်ပါ့ သီရယ် … နင့်ကိုယ်နင်လည်း ကြည့်ပါဦး … မိတ်ကပ်တွေနဲ့ … ရူးနေအောင် အလှပြင်ထားတာနော် … ကြောက်ဖို့တောင် ကောင်းတယ် …
 
အမလေးဟယ် … စောစောစီးစီး အချင်းချင်း သက်သက်ကြီးတွေ လာဝုန်းနေကြတယ် … အေးပါ သားကြီးမတို့ရယ် … နင်တို့ပဲ ဝေါ်ကုန်းကြပါ …
 
ဟဲဟဲ … စတာပါ … ငါ့သူငယ်ချင်းက လှပါတယ် …
 
အေးပါ … ငါတို့က စတာပါ … အင် … ဒါနဲ့ နင့်လက်သည်းက ဘာလို့ ပန်းရောင် ဖြစ်နေတာလဲ …
 
သီက လက်သည်းနှစ်ဖက်ကို သည်မနက်မှ စိတ်ကူးပေါက်ပြီး လက်သန်းလေးတွေကို ရွေးကာ ပန်းရောင် ဆိုးထားခြင်း ဖြစ်သည် ။ လူကြားထဲမှာဆိုတော့ အသံကို မြှင့်ပြီး ကျားသံကြီးနှင့် ပြန်ဖြေပစ်လိုက်သည် ။
 
ဟာ … သားကြီးတို့ကလည်း … ဒါက ပန့်ခ်လေကွာ … လက်သည်းဆိုးတာ ငါတို့ ပန့်ခ်ကာတွေ အလုပ်လေ …
 
မိသန့်က ဘေးနားကပ်ကာ တိုးတိုးလေး ၀ုန်းလိုက်သေးသည် ။
 
အေးပါ ပန်ကာမရယ် … ဟိုက အမည်းရောင် ဆိုးတာဟဲ့ … နင်က ပန်းရောင်တွေ … ပန့်ခ်ခြောက် ဖြစ်နေဦးမယ် … သတိလည်း ထားဦး …
 
ဟဲ့ … ဒါနဲ့ သီ … နင် သည်နေ့ ဘယ်သူနဲ့ ဒိတ်ထားလို့ သည်လောက်တောင် အလှတွေ ပြင်လာတာလဲ …
 
ဒါကမှ သီဖြေချင်နေသော မေးခွန်းဖြစ်သည် ။ ထို့ကြောင့်လည်း ဖြေချင်ရက် စက်စက်ယို ဖြစ်ကာ ပြန်ဖြေပေးလိုက်သည် ။
 
ဟိုနေ့က ဘောလုံးကွင်းက အဆင်လေးလေ … သူလည်း ငါတို့ကျောင်းကပဲတဲ့ … သည်နေ့ ငါက အတန်းထဲရောက်ရင် သူ့ကို ရှာပြီး သူ့အနား သွားထိုင်မှာ … နင်တို့လည်း လိုက်ခဲ့ကြနော် …
 
လိုက်ခဲ့မှာပေါ့ဟယ် … ငါတို့ သုံးယောက်က ကြယ်စင်ညီအစ်မတွေ မဟုတ်လား … ဟိဟိ …
 
အရေးထဲ မိမြတ်က ဇန်းထနေသေးသည် ။ ပြီးတော့မှ သီ့ကို ၀ိုင်းမေးကြသည် ။
 
ဟဲ့ … နင် ဒါနဲ့ ဘာလို့ ပါးနီ မလိမ်းလာတာလဲ … ဟင် …
 
ဟယ် … ပါးနီလိမ်းရင် ငါ ပွင့်အာသွားမှာပေါ့ …
 
နင့်ကို ငါတို့ လိမ်းပေးပါ့မယ် … သီရယ် … ကဲ … မိသန့်ရေ … ၀မ်း … တူး … သရီး …
 
ပြောပြီး နှစ်ယောက်လုံးက သီ့ကို ၀ိုင်းပြီး ပါးဆွဲလိမ်ကြသည် ။ ကမတွေ ။ ဒင်းတို့ လုပ်တာနဲ့ပဲ သီ့ပါးနှစ်ဖက်လုံး ပန်းရောင်လေးတွေ သန်းသွားသည် ။
 
ဘယ်ရမလဲ ။ သီပဲ ။ အိတ်ထဲက မှန်ကို ထုတ်ပြီး ကြည့်လိုက်တာပေါ့ ။ ဖော်လော်တွေ ။ သည်လိုကျတော့လည်း မဆိုးပါဘူး ။ ငါ့မျက်နှာလေးက ပန်းရောင်သွေးပြီး လှသွားသား ။ တစ်ယောက်တည်း သီ ကျေနပ်ပစ်လိုက်တော့သည် ။ ငိငိငိ … ။
 
**********************************************
 
နေမင်းထိုက် ကိုမင်းမြတ်ကို စိတ်ကောက်ပြီး စကားမပြောတော့ ။ စိတ်ညစ်ညစ် ရှိသည်နှင့် အွန်လိုင်းတွင် ချက်တင် ထိုင်လိုက်မိသည် ။ သည်လိုနှင့် အွန်လိုင်းတွင် လူတစ်ယောက်နှင့် ခင်သွားတော့သည် ။ ထိုလူက နေမင်းထိုက်ကို အပြင်တွင် တွေ့ဖို့ အတင်းတောင်းဆိုသည် ။
 
အစကတော့ နေမင်း ငြင်းလိုက်သေးသည် ။ နောက်တော့ ထိုကောင်လေးက အတင်း တောင်းဆိုနေသောကြောင့် နေမင်းထိုက်တို့ ကော်ဖီဆိုင်တွင် တွေ့ဖြစ်ကြသည် ။
 
ထိုကောင်လေးကို နေမင်း အရင်ကလည်း တစ်ခါမှ မမြင်ဖူးခဲ့ ။ ထိုနေ့ကျမှ တွေ့ရခြင်းဖြစ်သည် ။ နေမင်းက အပြာရောင် ၀တ်လာမည်ဟု ပြောထားလိုက်ပြီး ဆိုင်တွင် ကြိုရောက်ကာ စောင့်နေလိုက်သည် ။
 
ခဏနေတော့ ဆိုင်ထဲကို စလင်းဘတ်အိတ်ကြီး တစ်လုံးနှင့် ယောက်ပြားကြီး … အဲလေ … ယောက်ျားကြီး တစ်ယောက် ၀င်လာသည် ။ ဖိနပ် ထိပ်ရှူးကို စီးထားပြီး ဘောင်းဘီက စကင်နီ ဖင်ကျပ်ကို ၀တ်ထားသေးသည် ။ နေမင်းထိုက် ကြည့်ပြီး မျက်လုံး ပြူးသွားသည် ။
 
မဟုတ်ပါစေနှင့်ဟု ဆုတောင်းရင်းမှ ထိုအခြောက်မက နေမင်းထိုက် ၀ိုင်းဆီကို တည့်တည့် မတ်မတ် ရောက်လာသည် ။ ပြီးတော့ ဆံပင်ကို ဖျက်ကနဲ ဖျက်ကနဲ လူးကာ ခါလိုက်သေးသည် ။ ဆံပင်ကလည်း စာကလေးသိုက် မုန်တိုင်းမိထားသလို တွန့်လိမ် ရှုပ်ပွနေသည် ။
 
အစ်ကိုက ကိုနေမင်းထိုက် မဟုတ်လား … ကျွန်တော်က ဘုန်းလက်ယာပါ …
 
အမလေး ။ သူ့တစ်ကိုယ်လုံး ကျားတာ ဆိုလို့ နာမည် တစ်ခုပဲ ရှိတာပါလားဟု နေမင်းထိုက် တွေးလိုက်မိသည် ။ အယာမက နေမင်းထိုက်ကို တစ်ချက် ပြုံးပြီး ကြည့်လိုက်သေးသည် ။ ပြီးတော့မှ စကားတွေ ပြောကြသည် ။
 
ဒါနဲ့ အစ်ကိုက ဘာ ရိုးလ်လဲဟင် …
 
နေမင်းထိုက် စိတ်ညစ်သွားသည် ။ အမှန်တော့ နေမင်းထိုက်က ဗာ ဖြစ်သည် ။ သို့သော် မဖြေချင်သေးသောကြောင့် သူ့ဘက်က မေးခွန်း ပြန်ထုတ်လိုက်သည် ။
 
ညီကရော … ဘာရိုးလ်လဲဟင် …
 
ကျွန်တော်ကလား … ကျွန်တော်က တော့ပ် အုန်းလီးပါ အစ်ကို …
 
တော့ပ်အုန်းလီး ဟူသော စကားကို ခေါင်းကို တွန့်ကာ ဆံပင်ကို ခါရင်း ပြောပစ်လိုက်ခြင်း ဖြစ်သည် ။ နေမင်းထိုက် ကြည့်ရင်း မူးသွားသည် ။ အဘကိုသာ ထခိုင်းပြီး အဘထ ရှူပစ်လိုက်ချင်တော့သည် ။ သြော် … သူ့ခမျာ တော့ပ်အုန်းလီးတွေကိုပဲ လိုက်ရှာတယ်လို့ ပြောတာ ဖြစ်မှာပါလေ ။
 
အစ်ကိုကရော … ဘာရိုးလ် လဲဟင် …
 
အစ်ကိုက … အစ်ကိုက ဘော့တွန် အုန်းလီးပါကွယ် …
 
နေမင်းထိုက် သက်သက် ရွဲ့ကာ ပြောပေးလိုက်ခြင်းဖြစ်သည် ။ အင်းလေ ။ ဘော်တွန်ဆိုလည်း မှန်မှန်ပြောပေါ့ ။ သူ့ကို ဘယ်သူက ဘာလုပ်မှ မှတ်လို့ ။ နေမင်းထိုက် သည်လို ပြောလိုက်တော့ ဘုန်းလက်ယာမ တစ်ယောက် ဂါရှီ ဖြစ်သွားပုံရသည် ။ မျက်နှာကြီးလည်း ပျက်သွားပုံရသည် ။
 
တကယ်တော့ ဘုန်းလက်ယာ တွေးထားတာက ထိုအစ်ကိုကြီးက တော့ပ်ဆိုလျှင် သူလည်း တော့ပ်မို့ ရိုးလ် တူနေပါသည်ဟု ပြောကာ ပြီးတော့မှ အစ်ကို့ကို ချစ်လို့ ညီ ဘော်တွန် နေပေးပါမည်ဟု မူမလို့ ဖြစ်သည် ။ အခုတော့ ဘော်တွန်ကျားကျားနှင့် လာတွေ့နေရတော့ ဘုန်းလက်ယာ စိတ်ညစ်သွားသည် ။
 
သြော် … ဒါဆိုရင် မဖြစ်ဘူး ထင်တယ်နော် …
 
နေမင်းထိုက် ရယ်ချင်သွားသည် ။ မှတ်တောင် ထားရဦးမယ် ။ ငါက ဘော်တွန်လို့ ပြောတာကို တော့ပ်ဆိုတဲ့ ဟာမက မဖြစ်ဘူး ထင်တယ်တဲ့ ။ သည်တော့ နေမင်းထိုက်လည်း ခေါင်းငြိမ့်ပြီး ထောက်ခံလိုက်သည် ။
 
အင်း … ဟုတ်တယ် … ညီရဲ့ … မဖြစ်လောက်ဘူး …
 
သည်နေ့တော့ ဒိတ်တင်လုပ်လိုက်ရတာ တော်တော်လေး မတန်ဘူး ဖြစ်သွားသည် ထင်သည် ။ ထိုအကြောင်းကို နေမင်းထိုက် သူငယ်ချင်းများကို ပြန်ပြောပြတော့ သူငယ်ချင်းများက ခွက်ထိုးခွက်လန် ရယ်ကြသည် ။ နင် မှန်နန်းဆောင်တွေ ဗုံးမကွဲခဲ့တာ တော်သေးတာပေါ့ဟု အားပေးသူများကလည်း အားပေးကြရှာပါသည် ။
 
*********************************************************
 
မင်းမြတ် ကုမ်ပဏီတွင် အလုပ်လုပ်နေပြီ ဖြစ်သောကြောင့် ဒေါ်သက်ထားက ဦးမြတ်သူရကို အရင်ကထက်စာလျှင် စိတ်ချသွားရသည် ။ ဟုတ်တယ်လေ ။ သူ့သား ရှိနေတယ်ဆိုတော့ သည်လူကြီး ဘယ် ကမြင်းရဲပါ့မလဲလို့ပေါ့ ။ သို့သော် မှန်းချက်နှင့် နှမ်းထွက်က လွဲလေသည် ။
 
သူ့သားရှိမှပင် ဦးမြတ်သူရက ရှယ်လီ့ဆီ ပိုသွားတော့သည် ။ လက်မှတ်ထိုးစရာ အရေးကြီး ကိစ်စတွေရှိလျှင် မင်းမြတ်နှင့်သာ လွှဲထားလိုက်သည် ။ မင်းမြတ်ကလည်း အခုမှ စလုပ်ရသည်ဆိုတော့ အပျော်ကြီး ပျော်နေသည် ။ ခိုင်းသမျှ မညည်းမညူ လုပ်ပေးနေမိသည် ။
 
ဖေဖေ … သည်မှာ ဟိုဘက် ကုမ်ပဏီနဲ့ စာချုပ်လုပ်ထားတာ … လက်မှတ်ထိုးရမယ် …
 
သားပဲ ထိုးပေးလိုက်လေ သားရယ် …
 
စာရင်းမှူးက စာရင်းတွေ လာတင်ပြရင်ရော ဖေဖေ … ဖေဖေ လက်မှတ်ထိုးပေးမှာလား …
 
သားပဲ ထိုးပေးလိုက်လေ သားရယ် …
 
ဟို ရှယ်လီဆိုတဲ့ မိန်းမ လာရင်ရောဟင် ဖေဖေ …
 
သားပဲ ထိုးပေးလိုက်လေ … သားရယ် … အဲလေ … ဟုတ်ပါဘူး … အဲ့ဒါ ဖေဖေ ထိုးရမှာ … ဟီးဟီး …
 
ဖေဖေရယ် … သရုပ်ပျက်တွေ သိပ်မလုပ်ပါနဲ့ … ဖေဖေဟာလေ … ကုမ်ပဏီမှာ လူကြီး ဖြစ်ပြီး သရက်ပြုတ်တွေ သိပ်စားတာပဲ …
 
ဘာတုန်းဟ … သရက်ပြုတ်ဆိုတာ …
 
သရုပ်ပျက်တာကို ပြောတာလေ … ဖေဖေ … အဲ့မိန်းမကို ဖေဖေ မြန်မြန် ဖျက်ရင် ဖျက်နော် … မဖျက်ရင် သား ဖေဖေ့ကို မေမေနဲ့ တိုင်မိလိမ့်မယ်နော် …
 
အေးပါ သားရယ် … ဖေဖေလည်း မြန်မြန်ပြီးအောင် ဆေးသောက် … အဲလေ … ကြိုးစားနေပါတယ် … မကြာခင် ဇာတ်လမ်း ပြီးတော့မှာပါ … သားရယ် …
 
ဦးမြတ်သူရ သားဖြစ်သူကို ယုံအောင်လည်း တော်ကီပစ်ရသေးသည် ။ မဟုတ်လို့ သက်ထား သိသွားလျှင်တော့ မလွယ် ။ အိမ်ပေါ်မှ ခေါင်းနှင့်ဆင်းရနိုင်သည် ။ မယားကြီးတောင် မနိုင်ဘဲ မယားငယ် ထားချင်တော့လည်း ခံပေါ့နော် ။
 
ဦးမြတ်သူရ သက်ပြင်းကိုသာ ချလိုက်မိတော့သည် ။ သြော် … ။ ဒါနဲ့ ညနေ ရှယ်လီနဲ့ ချိန်ထားသေးတာပဲ … ။ သားယုံအောင်တော့ ညနေ အလုပ်ရုံ အစည်းအဝေး ရှိတယ်လို့ ပြောရမှာပဲ ။ ဟုတ်တယ်လေ ။ ရှယ်လီ့ကို အလုပ်ရုံမှာ ချိန်းထားတာ ဆိုတော့ကာ ။
 
************************************************************
 
အရေးထဲ ရှာတော့မှ ထိုကောင်လေးက ရှာမတွေ့ ။ သီတို့ သုံးယောက် တော်တော် ရှာလိုက်ရသည် ။ နောက်တော့မှ အကောင်က အရှေ့တန်းနားမှာ သူ့ဟာမနှင့် ထိုင်နေသည် ။ သူ့ဟာမကို သီ အဝေးမှာ ကတည်းက မျက်စောင်းကြီး ထိုးချပစ်လိုက်သည် ။
 
ပြီးတော့ သီတို့ သုံးယောက် မထိုင်စဖူး အထူးလုပ်ကာ အရှေ့တန်း ၀င်ထိုင်ပစ်လိုက်သည် ။ အမြဲတမ်း အနောက်တန်းမှာ ထိုင်နေပြီး အခုမှ အရှေ့တက်ထိုင်တော့ လူတွေကပင်အံ့သြကုန်သည် ။ သူတို့ သုံးယောက်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည် ။
 
ကိုရယ် … ညကလေ… သိလား … မီးလေ … ရုပ်ရှင်ကြည့်တာ … အရမ်းရယ်ရတာပဲ … အခြောက်မကြီးက မင်းသားကို အတင်းလိုက်ကပ်တာ … သိလား …
 
ထိုကောင်လေး ဘေးနားက စပေါ်က အမှန်တော့ သူ့ဘာသာ ရုပ်ရှင်အကြောင်း ပြောလိုက်ခြင်း ဖြစ်သည် ။ သို့သော် သီ့စိတ်ထဲတွင်တော့ သူ့ကို ၀ုန်းသည်ဟု ထင်သွားသည် ။ ဒေါသလည်း ထွက်သွားပြီး ခုနက ဆွဲလိမ်ထားသော ပါးနီကလည်း ပိုပြီး နီရဲသွားသည်ဟု ထင်လိုက်ရသည် ။
 
စိတ်တိုတိုနှင့် သီ ထိုခုံမှ ထလိုက်သည် ။ ပြီးတော့ မိသန့်နှင့် မိမြတ်တို့ကိုလည်း အနောက်တန်း ပြန်ထိုင်ကြဖို့ ပြောလိုက်သည် ။ စိတ်ထဲတွင်တော့ မယ်မဒီနှင့် မာကျူရီ ရုပ်ရှင်ထဲကလို မယ်မဒီ … နင့်ကိုငါ မုန်းဒယ်ဒယ်ဒယ်ဒယ်ဒယ်ဒယ်ဒယ် …. ဟု ပဲ့တင်ထပ်ကာ အော်နေမိတော့သည် ။ ကမရယ် … ရေခပ်မကြုံ ထင်းခွေ ကြုံမှာပေါ့ဟု စိတ်ထဲက တေးမှတ်ထားလိုက်တော့သည် ။
 
********************************************************
 
ကိုကိုမြတ်ရယ် … တကယ်တော့ စည်သူ့ဘ၀က အချစ်အတွက် ကံမကောင်းခဲ့သူပါကွယ် … သူ့တစ်ယောက်ထဲကို မိုးမမြင် လေမမြင် ချစ်ခဲ့ပေမယ့် ကျွန်တော် ပြန်ရလိုက်တာကတော့ အမုန်းနဲ့ အရှုံးတွေပါပဲ … ချစ်ရတဲ့ လူရဲ့ ရက်ရက်စက်စက် စွန့်ပစ်ခြင်းကို ခံခဲ့ရတာပါ … အမှန်တော့ ကျွန်တော်က အွန်ဂျယ်ပါ ကိုကိုရယ် …
 
ထမင်းဝိုင်းတွင် စည်သူက မင်းမြတ်ကို သူ့ဘ၀အကြောင်းတွေ ရင်ဖွင့်နေခြင်း ဖြစ်သည် ။ နေမင်းထိုက်ကတော့ စည်သူမကို ခဏခဏ မျက်စောင်း ထိုးနေမိသည် ။ ကမက အရေးထဲ လာပြီး ငိုချင်း ကပြနေသေးသည် ။
 
အမလေးနော် … သူ့ကို ရေနှစ်သက်တဲ့လူကလည်း ပေါ်ကို မပေါ်နိုင်သေးဘူး …
 
နေမင်းထိုက်က သူ့ဘာသာသူ ပြောသလိုနှင့် တုပ်ထည့်ပေးလိုက်သည် ။ သည်ရက်ပိုင်း နေမင်းထိုက် ကိုမင်းမြတ်ကို စကားမပြော ။ စိတ်ကောက်နေလိုက်သည် ။ ကိုမင်းမြတ်ကတော့ လိုက်ချော့ရှာသည် ။ ၂ရက်လောက် နေရင်တော့ စိတ်ကောက် ပြေလိုက်ပါမယ်ဟု တွေးထားလိုက်သည် ။
 
ထိုအချိန်တွင် ကုမ်ပဏီ ရုံးခန်းထဲတွင် ဖွင့်ထားသော ၀ိုင်းစုခိုင်သိန်း၏ သီချင်းလေးက ပျံ့လွင့်နေလေသည် ။
 
အကြောင်းတစ်ခု … ကြုံကြိုက်တဲ့ အခါ … သတိရမိသူပါ … ဟိုးတုန်းက စိတ်နဲ့ဆို … ငိုလိုက်မိမှာပါ … နှလုံးသားက မင်းအတွက် နေရာ … သီးသန့်ရှိနေတာ …
 
ကိုကိုမြတ်ရယ် … အဲ့သီချင်းလေးကလေ … တစ်ချိန်က သူ ကျွန်တော့်ကို ဆိုပြခဲ့တာပေါ့ … သိလား …
 
ဟင် … ညီပြောတော့ ညီ့ချစ်သူနဲ့ ပြတ်သွားတာ သုံးနှစ် ရှိပြီဆို …
 
ဟုတ်တယ်လေ … အစ်ကို …
 
ဟင် … အဲ့တုန်းက ၀ိုင်းစုရဲ့ သည်အခွေတောင် မထွက်သေးဘူး … သူက ဘယ်လိုလုပ် ဆိုပြတာလဲ …
 
စည်သူမ ရှက်ကိုး ရှက်ကန်းဖြစ်သွားသည် ။ ပြီးမှ ဖြေမိဖြေရာ ကောက်ဖြေလိုက်မိသည် ။
 
ဝိုင်းစုက သူ့အခွေ မထွက်ခင် Sample ဝေတာလေ … အဲ့တုန်းထဲက သူက အဲ့သီချင်းကို ရနေတာ …
 
အမလေး … ၀ိုင်းစုခိုင်သိန်းကတောင် Sample ကို သုံးနှစ်လောက် စောပြီး ဝေလိုက်သေးတယ်တဲ့ … မှတ်တောင် ထားရဦးမယ် …
 
နေမင်းထိုက် စည်သူ့ကို ၀ုန်းချလိုက်ပြီး ထမင်းစားပွဲဝိုင်းမှ ထွက်သွားလိုက်သည် ။ မင်းမြတ် နေမင်းထိုက်ကို ကြည့်ပြီး ပြုံးလိုက်မိသည် ။ သူ သည်နေ့ နေမင်းကို ရည်းစားစကား ပြောဖို့ မှန်းထားခြင်း ဖြစ်သည် ။ ထို့ကြောင့် ၀ိုင်းမှ တိတ်တိတ်လေး ထကာ နေမင်းထိုက် အနောက်ကို လိုက်လာခဲ့မိလေတော့သည် ။

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...