Monday, July 7, 2014

ဟာသအိမ်ကလေး... Episode 10

ဆေးကျောင်းသား ဆေးကျောင်းသူများ ပျော်ရွှင်ကြသော Fresher Welcome ကျင်းပသော အချိန်ပင် ရောက်လာခဲ့ပြီ ဖြစ်လေသည် ။ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ကျောင်းတက်ပြီး သုံးလလောက် ကြာသောအချိန်မှ လုပ်ကြခြင်း ဖြစ်သည် ။
 
မိသန့်နှင့် မိမြတ်တို့ကတော့ သီချင်းဆိုမည် တကဲကဲ ဖြစ်နေကြသည် ။ ကောင်မတွေက တော်တော်လေး ရွနေကြသည် ။ တစ်ယောက်က ဖြူဖြူကျော်သိန်း အတွင်းကြေကို ဆိုမည်လုပ်သည် ။ မိသန့်က အတွင်းကြေ ဆိုမည် ပြောတော့ မိမြတ်က မေခလာ့သီချင်း ငါ ဘုရင်မ ဆိုမည် ပြောသောကြောင့် သီ မနည်း တားထားရသည် ။
 
နောက်ဆုံး တစ်ယောက်က အာရ်ဇာနည် သီချင်းဆိုပြီး တစ်ယောက်က ဟန်ထူးလွန် သီချင်း ဆိုရန် သီကပင် သီချင်းတွေ စီစဉ်ပေးလိုက်ရသည် ။ ဟုတ်တယ်လေ ။ အာ့တွေသာ သွားဆိုလို့ကတော့ သီတို့ သုံးယောက် အဖွဲ့က အလိုလိုနေရင်း မိုးကြိုးငှက်ငယ်လေးများအဖွဲ့ဆိုပြီး အပြောခံရတော့မှာ ။ ဟုတ်တာလည်း ဟုတ်တာပေါ့လေ ။ ဒါပေမယ့် လူသိခံလို့ မဖြစ်တာက မဖြစ်တာဘဲဆိုတော့ကာ … ။
 
သီရယ် … နင်လည်း တက်ဆိုပါလား … နင့်အချစ်တွေ ပြည့်ဦး မြင်အောင်လေ … ခွင့်ပြုတယ် ခွင့်လွှတ်တယ် ဆိုလိုက်လေ … သူ့မျက်နှာလေးကို တစိမ့်စိမ့် ကြည့်ရင်းနဲ့ … မကောင်းဘူးလား …
 
ငါ … ငါမဆိုရဲပါဘူးဟာ …
 
လုပ်စမ်းပါဟာ … နင်ကလည်း … အရင်က သီ မဟုတ်တဲ့ အတိုင်းဘဲ … နင့်ကြည့်ရတာ အချစ်ရဲ့ ကျေးကျွန်ဖြစ်နေပြီ …
 
ငါလည်း မသိတော့ပါဘူးဟာ …
 
အေး နော် … ငါ ပြောထားပြီးပြီနော် … ခွင့်ပြုတယ် ခွင့်လွှတ်တယ် သီချင်း နင် တက်ဆိုရင်ဆို … မဆိုရင် ငါကတော့ ငါဘုရင်မ သီချင်းဘဲ ဆိုမှာ …
 
ဟုတ်တယ်သီ … နင် အဲ့သီချင်း တက်မဆိုရင် ငါက ဂိုးသွင်းကောင်းတဲ့ တို့ကိုကို သီချင်း တက်ဆိုမှာ … ဘာမှတ်နေလဲ …
 
ကောင်မတွေ … နင်တို့ဘာသာ ပွင့်ချင်တာ … ပွင့်ချင်တယ် မပြောဘူး … ငါ့ကို သူခိုးသေဖေါ်ညှိနေကြတယ် … နင့်တို့ဘာသာ ဓါးမြရုပ်နဲ့ ခြောက်ချင်နေကြပြီးတော့ … တကတည်း … OTS မတွေ …
 
အဲ့လို ပျစ်ပျစ်နှစ်နှစ်နဲ့ အာသွက်လျှာသွက်ပြောတာမှ ငါတို့ရဲ့ သီကွ … ကောင်မ … နင် ဆိုမှာ မဟုတ်လား …
 
ဆိုမယ်ဟေ့ … ဆိုမယ် … ဆိုမယ် …
 
ပြောပြောဆိုဆို သီ လွယ်အိတ်ထဲက ဇီးထုပ်ကို ထုတ်စားတော့ ကောင်မနှစ်ကောင်ကပါ အတင်း ၀ိုင်းလုစားကြသည် ။ သီတို့ အဖွဲ့တွင် စကားပုံ တစ်ခု ရှိသည်လေ ။ အခြောက်မှန်းသိအောင် အချဉ်ထုပ်ဆောင်တဲ့ ။ ကောင်မတွေ ။ သူတို့ဘာသာတော့ ယူမလာဘူး ။ သူများဟာဆို အားကြီး ကပ်စားချင်ကြတယ် ။
 
ဟေ့ … ရွှတ် … ရွှတ် …
 
ဖြူပွင့်လွှာ အနောက်က လှမ်းခေါ်လိုက်သံကြောင့် လှည့်ကြည့်မိသည် ။ သြော် ။ သူတို့အတန်းက ကောင်မလေးပဲ ။ နာမည်က မိုးဘာဆိုလား ။ သြော် ။ မိုးယုယ ။ ဖြူပွင့်လွှာ ပြန်ပြုံးပြလိုက်သည် ။
 
တစ်ယောက်တည်း ဘယ်သွားမလို့လဲကွ …
 
သြော် … ငါ ကျောင်းသားရေးရာမှာ ပိုက်ဆံသွားသွင်းမလို့ …
 
ကိုယ်ပါ လိုက်ခဲ့ပေးမယ်လေ …
 
ဖြူပွင့်လွှာက အနောက်ကို ရှာသလို လိုက်ကြည့်တော့ မိုးယုယ ကြောင်သွားသည် ။ ဘာတွေ လိုက်ကြည့်နေတာပါလိမ့် ။
 
ဘာရှာနေတာလဲ …
 
မသိဘူးလေ … ကိုဆိုတော့ … ဘယ်က ကိုလဲလို့ …
 
ကိုယ့်ကိုယ်ကို ပြောတာလေကွာ … သည်က ကိုမိုးက လိုက်ခဲ့ပေးမှာ …
 
ဘလို … ကိုမိုး … နင်က … နင်က ဘယ်လိုလုပ် ကိုမိုးဖြစ်သွားတာလဲ …
 
ဖြူပွင့်လွှာ အသံက ကျယ်သွားသောကြောင့် မိုးယုယက လက်ညှိုးကို ပါးစပ်နားကပ်ပြီး ရှူး တိုးတိုး ဟူသော ပုံစံ လုပ်ပြသည် ။ ဖြူပွင့်လွှာ အံ့သြလွန်းသောကြောင့် မျက်စိတွေပင် ပြူးပြီး နားတွေပင် ထောင်တက်သွားရသည် ။
 
စိတ်မဆိုးပါနဲ့ ဖြူလေးရယ် … ကိုယ်ကလေ … မင်းလေးကို … မြင်ကတည်းက တိတ်တခိုး စွဲလမ်းနေခဲ့ရတာပါ … ဖြူလေး ယုံရဲ့လားဟင် …
 
ဟင့်အင်း … မသိဘူး … ဒါပေမယ့် ငါအခု ကျောင်းသားရေးရာ သွားတာ နင် မလိုက်လာနဲ့နော် … ငါ … ငါ နင့်ကိုကြောက်တယ် …
 
ပြောပြီး ဖြူပွင့်လွှာ ကျောင်းသားရေးရာဘက်ကို အပြေးတစ်ပိုင်း သွားတော့သည် ။ ဘုရား ဘုရား ။ လောကကြီး ဘာတွေ ဖြစ်ကုန်ပါလိမ့် ။ ဖြူပွင့်လွှာ လိုက်ပင် မလိုက်နိုင်တော့ ။ သူချစ်နေရသော မြတ်သီဟက ပျော့တော့တော့ နွဲ့တဲ့တဲ့လေး ဖြစ်နေပြီး သူ့ကို ချစ်ပါသည်ဟု လာပြောနေသော သူက ဘောပြားကြီး ဖြစ်နေပြန်သည် ။ ဖြူပွင့်လွှာတစ်ယောက် မူးပင် မူးသွားရတော့သည် ။
 
ဟေ့ကောင်တွေ … ကြားပြီးပြီလား …
 
မိသန့် ပြောလိုက်သောစကားကြောင့် အားလုံး ကြောင်သွားကြသည် ။ မိမြတ်က ၀င်အော်သည် ။
 
နင့်စကားကလည်း အရင်းမရှိ အဖျားမရှိနဲ့ … နင့်လိုပဲနော် … တုံးတိကြီး …
 
ဟဲ့ … အရင်းကော … အဖျားကော နင့်ကို ပြရမလား … ပြောလိုက်စမ်းဘာ …
 
အမလေး … ရွံထှာ … ဝေါ့ …
 
ကဲကဲ … နင်တို့ကလည်း တွေ့တာနဲ့ ကိုက်မယ်ဆိုတာချည်းပဲ … ကဲ … မိသန့်ပြော …
 
သီ ၀င်ထောက်ပေးလိုက်တော့မှ ကောင်မနှစ်ကောင် ငြိမ်သွားကြသည် ။ ပြီးတော့မှ လေသံလေးနှင့် သီတို့ကို ပြောပြသည် ။
 
နင့်ကို လိုက်ကြောင်နေတဲ့ စပေါ်မကို ပြည့်ဦးရဲ့ ဘောပြားမက ကြိုက်နေလို့တဲ့ …
 
ဘလို …
 
သီနှင့် မိမြတ်တို့ ပြိုင်တူ အော်လိုက်မိကြသည် ။ မိသန့်က ရှူးတိုးတိုးဟု လုပ်ပြသည် ။
 
ဟဲ့ … တိုးတိုး ပြောပါ … ဘောပြားကြားလို့ ငါတို့ကို သူ့ခုနှစ်လက်မ ခါးပတ်နဲ့ လာလုပ်နေဦးမယ် …
 
ကျေနပ်တယ်အေ … ခုနစ်လက်မဆိုရင် လွှတ်လိုက်စမ်းဘာ … ခိခိ …
 
သီ စဉ်းစားမိသည် ။ အင်း … ။ ဇာတ်လမ်းကြီးကတော့ ၀ိုင်းကြီး ပတ်ပတ် ဒူဝေေ၀ ဖြစ်နေပြီ ဖြစ်သည် ။ သီက ပြည့်ဦးကို ကြိုက်သည် ။ ပြည့်ဦးက မိုးယုယကို ကြိုက်သည် ။ မိုးယုယက ဖြူပွင့်လွှာကို ကြိုက်သည် ။ ဖြူပွင့်လွှာက သီ့ကို ကြိုက်သည် ။ သီတို့ လေးပွင့်ဆို ဇာတ်လမ်းထဲတွင် ဘာမဆိုင် ညာမဆိုင် ဟို အခြောက်မ နှစ်ယောက်ကိုပါ ထည့်ပြီး ခြောက်ပွင့်ဆိုင် လုပ်ပစ်လိုက်သည် ။
 
ခြောက်ပွင့်ဆိုင် … ခြောက်ပွင့်ဆိုင် …
 
ဟဲ့ … သီ … ဘာပြောတာလဲဟ …
 
မိသန့်က မေးတော့ မိမြတ်က လူတတ်ကြီး လုပ်ပြီး ၀င်ဖြေသည် ။
 
နင်ကလည်း … ပိန်းပဟယ် … အခြောက်တွေ ပွင့်ပြီး ဆိုင်မှာ ထိုင်တာကို ပြောတာ နေမှာပေါ့ … ဒါလေးတောင် မသိဘူး …
 
 
 
ဟေ့ကောင် … နေမင်းထိုက် … မင်း အခုလုပ်နေတဲ့ အလုပ်ကို ထွက်လိုက်တော့ …
 
ဖေဖေက အလုပ်ထွက်ခိုင်းနေသောကြောင့် နေမင်းထိုက် စိတ်ညစ်သွားသည် ။ သည်အလုပ်ကို နေမင်းမထွက်ချင် ။ ကိုမင်းမြတ် အနားမှာ ရှိနေရလျှင် နေမင်းထိုက် ပျော်သည် ။ သို့သော် နေမင်းက ဖေဖေ့ကို ခဏပဲ အဲ့မှာ လုပ်ပါမည်ဟု ကတိပေးထားခဲ့ဖူးသည် ။
 
ဖေဖေရယ် … သား အဲ့မှာ ပျော်လို့ပါ … အဲ့မှာပဲ ဆက်လုပ်လို့ မရဘူးလားဟင် …
 
ဒါဆို ငါ့လုပ်ငန်းတွေကို ဘယ်သူက ဦးစီးပေးမှာလဲကွ …
 
That’s right My son , မင်း ဒက်ဒီ ပြောတာ အရမ်း Right တယ် … မာမီလည်း ဆက်ပို့ (suppose) လုပ်တယ် …
 
မေမေက လက်သည်းနီကို လေလေး မှုတ်ရင်း ပြောနေသည် ။ နေမင်းထိုက် မေမေက တော်တော်လေးတော့ ဘိုဆန်သည် ။ စကားပြောလျှင်လည်း အင်္ဂလိပ်လိုတွေ ညှပ်ညှပ်ပြောတတ်သည် ။ အသံထွက်က သိပ်မကောင်းတော့ တစ်ခါတစ်ခါ နေမင်းထိုက် မနည်း နားထောင်ရသည် ။
 
တစ်ခါတုန်းက ဆိုပေါ့ … ။ မနက်စောစောစီးစီး မာမီပြောလိုက်သော စကားကြောင့် နေမင်းထိုက် လန့်သွားဘူးသည် ။ သားရယ် … မင်း ဖေဖေက အရမ်း ဖက်ခ် တာပဲတဲ့ ။ ဗျာမေမေ … ဘာပြောတာလဲ ဆိုတော့မှ သားဖေဖေက ၀ိတ်မလျှော့တော့ အရမ်းဝလာတာကို ပြောတာတဲ့ ။ သိဘူးလေ … ။ နားထဲမှာ ကြားတာ F_ck လို့ ကြားတာကိုး … Fat လို့မှ မကြားမိပဲ ။ အဲ့လို အင်္ဂလိပ်ကို ကောင်းသော မေမေ ဖြစ်သည် ။
 
မင်း သည်နေ့ အလုပ်မှာ တစ်ခါတည်း ထွက်စာ တင်ခဲ့ … ကြားလား … မင်း ဖေဖေ့ကို အဲ့မှာ ခဏပဲ အတွေ့အကြုံရအောင် လုပ်ပြီးရင် ထွက်ပါ့မယ်ဆို …
 
ဟုတ်တယ်သား … မင်း ဒယ်ဒီပြောတာ … အရမ်း Right တယ် … မန်းဆိုတာ သူ ဆေး (say) ထားတဲ့ စကားကို တည်အောင် ဒူး(do) ရတယ် သားရဲ့ … သား မန်း(man) မဟုတ်ဘူးလား … ပရောမစ်ကို တည်လိုက်စမ်းပါကွယ် …
 
စိတ်ညစ်ရသည့်အထဲတွင် မေမေ့ အင်္ဂလိပ်စာ ညှပ်ပြောနေသည်ကို နားထောင်ရသည်လည်း ပါသေးသည် ။ သား မန်း မဟုတ်ပါဘူး မနေ့က ကားတစ်စီး ဘေးက ရှပ်တိုက် သွားတာ ၀ူးကနဲ အသံမြည်သွားလို့ သား အခု ၀ူးမန်း ဖြစ်နေပါပြီ လို့ပါ ပြောပစ်လိုက်ချင်သည် ။
 
ဟုတ်ကဲ့ပါ … သား … သား သည်ရက်ပိုင်းအတွင်း ထွက်နိုင်အောင် လုပ်ပါ့မယ် …
 
ကုမ်ပဏီကို ရောက်တော့ ကျက်သရေတုံးမကို စတွေ့လိုက်ရသည် ။ စည်သူမ … ။ ဟိုတစ်လောက ဦးမြတ်သူရ နယ်လွှတ်လိုက်လို့ နည်းနည်း မျက်စိအေးသွားခဲ့သေးသည် ။ ကောင်မက ထုံးစံအတိုင်း အသံစွာစွာ ဆာတာတာနှင့် ကိုမင်းမြတ် အနားတွင် စကားတွေ သွားပြောနေသည် ။
 
ကိုကိုမြတ်ရယ် … စည့်ကိုလေ … ကိုကို့အဖေက အရင် နယ်လွှတ်လိုက်တယ် … နယ်ရောက်တော့ နယ်က သူဋ္ဌေးက သဘောကျလို့ ထပ်ပြီး နယ်လွှတ်လိုက်ပြန်ရော … အဲ့လိုနဲ့ အဆင့်ဆင့် နယ်လွှတ်လိုက်ကြလို့ သည်လောက် ကြာသွားတာလေ … ကိုကိုမြတ်ရော စည့်ကို နယ်လွှတ်ဦးမှာလားဟင် …
 
ကောင်မက သူ့ဖင်ကြီးကို အနောက်ကို ကောက်ကောက်ကြီး ပစ်ထားပြီး အတင်းကြီး နယ်လွှတ်ခိုင်းနေသည် ။ တေရော … တေရော ။ အဲ့တာတွေကို စိတ်မချလို့ နေမင်းထိုက် သည်ကုမ်ပဏီက မထွက်နိုင်တာ ။ နေမင်းထိုက် ရှိနေတာတောင် ကောင်မက သည်လောက် စမံထနေတာ ။
 
အေး … နင့်ကို ကိုကိုမြတ်တော့ နယ်မလွှတ်ဘူး … ငါပဲ နယ်လွှတ်ပေးမယ် … ဒူးရင်းသီးကို မော်တာတပ်ပြီး နင့်ကို နယ်ပေးမယ် …
 
မသိလို့နော် … မေးပါဦးမယ် … နင့်ကို ဘယ်သူက မေးနေလို့ နင်က လာဖြေနေတာလဲ …
 
စည်သူမက ဒဲ့ကြီး ပြောချလိုက်သောကြောင့် နေမင်းထိုက် ဆက်ဆက်ထိမခံ နာသွားမိသည် ။ ဒင်းလို ခြောက်မကများ ။
 
ဟဲ့ … ကိုမင်းမြတ်ကို ပြောတာ ငါ့ကို ပြောတာနဲ့ တူတူပဲ … နားလည်လား …
 
အဲ့လိုဖြစ်ရအောင် ကိုမင်းမြတ်က နင့်ကို တရားဝင် ယူထားတာလည်း မဟုတ်ဘူး … အရေးထဲ စိုးမြတ်သူဇာနဲ့ လာတွေ့နေသေးတယ် …
 
ကဲကဲ … နေမင်းထိုက် … ညီ … ဘာမှမပြောနဲ့တော့ … လာ … အစ်ကို ညီနဲ့ ပြောစရာရှိလို့ … ရုံးခန်းထဲ ခဏလိုက်ခဲ့ …
 
အခန်းထဲရောက်တော့မှ နေမင်းထိုက် မကျေနပ်သမျှကို တတွတ်တွတ် ရွတ်မိတော့သည် ။
 
ညီကလည်းကွာ … စိတ်ကို ထိန်းမှပေါ့ … သူ့ကို အစ်ကိုက ကြိုက်မှ မကြိုက်တာ … ညီလည်း သိတာပဲကို … ညီ့ကို ချစ်လို့ ညီ့ကိုပဲ အစ်ကို ရွေးခဲ့တာလေ …
 
ကဲပါ … ဟုတ်ပါပြီ … ညီ့ကို ပြောစရာ ရှိတယ် ဆိုတာ ဘာလဲဟင် …
 
ဖေဖေက အစ်ကိုတို့ အကြောင်းတွေကို ရိပ်မိကုန်ပြီ … ဘယ်လို လုပ်ရမှန်းကို အစ်ကို မသိတော့ဘူး ညီရယ် …
 
အစ်ကို … ညီ့ဖေဖေကလည်း အလုပ်က ထွက်ခိုင်းနေပြီ … သူ့အလုပ်မှာ ကူပြီး လုပ်ပေးစေချင်နေပြီ …
 
ညီက ဘာပြောလိုက်လဲ … မထွက်ချင်ဘူးလို့ မပြောလိုက်ဘူးလား …
 
ဘယ်နေမလဲ … ပြောတာပေါ့ အစ်ကိုရယ် … ဒါပေမယ့် ဘယ်လိုလုပ်ရမလဲကို မသိတော့ပါဘူး …
 
မင်းမြတ်ရော နေမင်းထိုက်ရော နှစ်ယောက်လုံး ပြိုင်တူသက်ပြင်းချမိကြသည် ။ တစ်ခါတစ်လေတော့လည်း လောကကြီးသည် ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာတတ်ပေ ။ ထိုအခါတွင် ပျော်စရာတွေသည် လွမ်းစရာများ ဖြစ်လာတတ်ကြလေသည် ။
 
မင်းမြတ် … မင်းကိုငါ ကြည့်နေတာ တော်တော် လွန်နေပြီနော် … အဲ့ကောင်လေးနဲ့ မင်း သည်နေ့လဲ အခန်းထဲမှာ နှစ်ယောက်ထဲ တွေ့တယ်ဆို … ဟုတ်လား …
 
ဖေဖေ မေးလိုက်သော စကားကြောင့် မင်းမြတ် စိတ်ညစ်သွားမိသည် ။ ဖေဖေကလည်း မင်းမြတ်ကို သည်တစ်လောဆိုလျှင် ကျပ်ဖို့ပဲ သိသည် ။
 
အေး … မင်းကို အခု ငါ အတွင်းရေးမှူး ပြောင်းပေးလိုက်ပြီ … နေမင်းထိုက်နေရာမှာ စည်သူဆိုတဲ့ ကောင်လေးကို ငါ ခန့်လိုက်ပြီ … သည်ကောင်လေးက နေမင်းထိုက်လို မဟုတ်ဘူး … ယောက်ျားပီပီသသ … ကျားကျားယားယားလေး …
 
မင်းမြတ် ဖေဖေ့စကားကြောင့် မျက်စိပင် ပြူးသွားသည် ။ သည်လောက် မိတ်ကပ်တွေနဲ့ ခြောက်နေတာကို ယောက်ျား ပီပီသသ ကျားကျားလျားလျားလေးတဲ့ ။ လုပ်ကြပါဦး အရပ်ကတို့ရေဟုသာ မင်းမြတ် အော်လိုက်ချင်သည် ။
 
အခန်းတံခါး ခေါက်ပြီး ၀င်လာသူက စည်သူဖြစ်သည် ။ ၀င်လာကတည်းက ရေမွှေးနံ့ မွှန်ထူနေပြီး မိတ်ကပ်တွေ အွန်ထားသော စည်သူမကို ယောက်ျားစစ်သည်ဟု ပြောသော ဖေဖေ့ကို မင်းမြတ် အံ့သြပြီး နှစ်ခါပြန် ကြည့်မိသည် ။
 
အစ်ကိုကြီး … သည်မှာနော် … အစ်ကိုကြီး ယူခိုင်းတဲ့ စာရွက်စာတမ်းတွေ …
 
စာရွက်တွေ ချပြီးသွားတော့ စည်သူမက မင်းမြတ်တို့ သားအဖ နှစ်ယောက်လုံးကို မျက်စိမှိတ်ပြပြီး ဖင်ကို ရမ်းပြီး အခန်းပြင် ထွက်သွားလေသည် ။
 
တွေ့လား … မင်းရဲ့ နေမင်းထိုက်နဲ့ တခြားစီပဲ …
 
မင်းမြတ် ဖေဖေ့အကဲခတ် ကျွမ်းကျင်မှုကို စလံပေး လက်ဖျားခါလိုက်ရလေတော့သည် ။

By Dr. Min Khant

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...