Sunday, July 6, 2014

ဟာသအိမ်ကလေး... Episode 9

လက်ဘက်ရည်ဆိုင်ရှေ့က မိုးယုယ ကျော်သွားတော့မှ သီတို့ သုံးယောက် သက်ပြင်းကို ဟင်းကနဲ ချနိုင်တော့သည် ။ ပြည့်ဦး … ပြည့်ဦး ။ ငါ့မှာတော့ ဒင်းလေးကို ချစ်လွန်းလို့ ရုပ်ရှင်ကားတွေထဲကလို စပိုင်မကြီး လုံးလုံးဖြစ်လို့ ။ ငါ့ဒုက်ခတွေကိုတော့ ဒင်းလေးက မသိနိုင်ရှာဘူးပေါ့လေ ။
 
ဟဲ့ ကမတွေ … လာ … သောက်ပြီးပြီ ဆိုရင်လည်း ငါတို့ လိမ့်ကြမယ်လေ … အမျိုးသား ရေကူးကန်မှာ ရေသွားကူးကြတာပေါ့ …
 
သီက ကျန်းမာရေးအတွက် ရေကူးချင်တာ ဖြစ်သော်လည်း ရေကူးကန်ဟု ကြားလိုက်သည်နှင့် မိသန့်နှင့် မိမြတ်တို့နှစ်ယောက် မျက်လုံးတွေ အရောင်လက်သွားကြသည် ။
 
ဟဲ့ … သွားမယ်လေ မိသီရဲ့ … သည်ဝိုင်းကို ငါ ရှင်းလိုက်မယ် …
 
မိမြတ်က လက်ဘက်ရည်ဘိုး ရှင်းမည်လုပ်တော့ မိသန့်က အတင်း လုရှင်းသည် ။
 
အို … သည် တစ်ဝိုင်းလောက်ကတော့ ငါပဲ ရှင်းပါ့မယ် … နေ … နေ … ငါ ရှင်းလိုက်မယ် …
 
ဟဲ့ … ငါရှင်းပါမယ်ဆိုနေမှ နင်က ဘာလို့ အတင်း လုပြီး ၀င်ရှင်းရတာလဲ … တော်တော် လုတာ ၀ါသနာ ပါနေတယ် … ဟုတ်လား …
 
မိမြတ်က ရန်စတော့ မိသန့်ကလည်း ငြိမ်မနေ … ။ ပြန်ပြီး ကပ်ကပ်လန် ရန်တွေ့သည် ။
 
ဟဲ့ … ငါ့ဘာသာ ဆောက်ဆံ ရှိလို့ ငါရှင်းမယ် ပြောတာ … ဘာဖြစ်လဲ … နင့်ဆီက လုရအောင်လည်း လက်ဘက်ရည်ဆိုင် ပိုင်ရှင်က နင့်လင် မဟုတ်ဘူး …
 
ဟဲ့ … ငါ့လင် ဖြစ်စရာ မလိုဘူး … လက်ဘက်ရည် တစ်ခွက် သုံးရာကို ငါးရာပေးပြီး သောက်လိုက်လို့ရတယ် … သိလား …
 
အမလေး … နင်က ငါးရာပေးသောက်ရင် ငါက ငါးရာပေးပြီး အဲ့လက်ဘက်ရည်ကို သွန်လိုက်မှာ … နားလည်လား …
 
သူတို့ကို ကြည့်ပြီး သီ စိတ်ညစ်လာသောကြောင့် ကြားထဲမှ အတင်းဝင် ဖျန်ဖြေပေးလိုက်ရသည် ။
 
ကောင်မတွေရယ် … နင်တို့ဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် ချေကြမယ် ဆိုတာကြီးပဲ … နင်လည်း မရှင်းနဲ့ … နင်လည်း မရှင်းနဲ့ … နင်တို့က တကယ်ရှင်းချင်တာမှ မဟုတ်ဘဲ … ချေနေကြတဲ့ ဟာကို …
 
သီ သူတို့နှစ်ယောက်ကို အော်ပြီး ခပ်တည်တည် စားပွဲထိုးကို လှမ်းခေါ်လိုက်သည် ။
 
ညီလေးရေ … ချေမယ် …
 
စားပွဲထိုးက ကြောင်တောင်တောင် ကြည့်သည် ။ သည်တော့မှ သီ တစ်ယောက် ကိုယ့်စကား မှားသွားမှန်း ကိုယ် သိတော့သည် ။
 
အဲလေ … မဟုတ်ပါဘူး … ရှင်းမယ်လို့ ပြောတာ … ဟီးဟီး …
 
မင်းမြတ် တစ်ယောက် စိတ်ညစ်နေမိသည် ။ ဖေဖေက မင်းမြတ်ကို Project တစ်ခု အစအဆုံး ဆွဲခိုင်းလိုက်သောကြောင့် ဖြစ်သည် ။ နောက်ဖွင့်မည့် Shopping Mall အတွက် ဘော့စ် တစ်ယောက်က အပ်ထားသော စီမံကိန်း ဖြစ်သည် ။
 
သည် စီမံကိန်းက မင်းမြတ်တို့ ကုမ်ပဏီ တစ်ခုလုံးနှင့်လည်း ဆိုင်နေသည် ။ မင်းမြတ် ကောင်းကောင်းမွန်မွန် မလုပ်နိုင်ပါက ကုမ်ပဏီပါ နာမည် ပျက်နိုင်သည် ။ ဖေဖေကလည်း သည်လောက် အရေးကြီးသည့် ပရောဂျက်ကို ဘာလို့ မင်းမြတ်ကိုမှ လွှဲထားသည် မသိ ။ မင်းမြတ်လည်း စိတ်ညစ်မိရသည် ။
 
အစ်ကို … ဘာဖြစ်နေတာလဲဟင် … စိတ်ညစ်စရာ ရှိနေလို့လား …
 
အင်း … အစ်ကို project အတွက် စိတ်ပူနေလို့ပါ ညီရယ် …
 
နေမင်းထိုက်က မင်းမြတ်ကို ကြည့်ပြီး သူကိုယ်တိုင်လည်း မကူညီနိုင် ဖြစ်နေမိသည် ။ ထို့ကြောင့် အလုပ်ရှုပ်နေသော ကိုမင်းမြတ်ကို ပျော်အောင် ဘယ်လို ထားပေးရမည်ကိုသာ သူ စဉ်းစားနေမိတော့သည် ။
 
ရင်မှာခံစား … လူတွေ မမြင်နိုင်ပေ … အသည်းထဲက … အတွင်းကြေ …
 
ဗုဓ်ဒေါ …
 
မင်းမြတ် လန့်သွားမိသည် ။ ဟုတ်တယ်လေ ။ နေမင်းထိုက်က သူတို့ ကုမ်ပဏီက သတို့သမီးဝတ်စုံကြီးကို ၀တ်ပြီး ဒေါက်ဖိနပ်ကြီးစီးပြီး အရှေ့ကို ရောက်လာတာကိုး … ။ အဖြူဝမ်းဆက်ကြီးနဲ့ဆိုတော့ မင်းမြတ် ဖြူဖြူကျော်သိန်းကို အပြင်တွင် အရှင်လတ်လတ် မြင်လိုက်ရသလို ခံစားလိုက်ရသည် ။
 
ညီ … ဒါက … ဒါက ဘာလုပ်တာလဲဟင် …
 
မင်းမြတ် မေးသည်ကို နေမင်းထိုက် ပြန်မဖြေပဲ သီချင်းကို ဆက်ဆိုပြလိုက်သည် … ။ 
 
သည်ဒဏ်ရာများ … လူတွေ မသိနိုင်ပေ … အသည်းထဲက … အတွင်းကြေ … အဟေးဟေး … အစ်ကို … ညီ့ ပါဖောင်းမန့် မိုက်ရဲ့လား … ဟင် …
 
နေမင်းထိုက် … ညီ ဘာတွေ အရူးထနေတာလဲ …
 
အစ်ကို စိတ်ညစ်နေတယ် ဆိုလို့ ညီက ပျော်အောင် လုပ်ပေးနေတာလေ …
 
ဟာ … ဘာကြီးတွေ ၀တ်လာတာလဲကွာ … မရှက်ဘူးလား …
 
ဟာ … အစ်ကိုကလည်း … အခန်းထဲမှာ အစ်ကိုနဲ့ ညီနဲ့ နှစ်ယောက်ပဲ ရှိတဲ့ဟာကို … ဘာကို ရှက်ရမှာလဲ … ညီ ခုနက အခန်းတံခါးလည်း လော့ခ်ချပြီးသွားပြီ …
 
မင်းမြတ် စိတ်ညစ်ညစ်နှင့်သာ ခေါင်းကို ကုတ်ပြီး ပြောလိုက်ရသည် ။
 
ညီ့ကို အစ်ကို ပြောဖို့ တစ်ခု မေ့နေတာ … အစ်ကို့ အခန်းတံခါး လော့ခ်က မနေ့ညနေက ပျက်သွားလို့ … အဲ့ဒါ …
 
အိုးမိုင်ဂေါ့ဒ် …
 
နေမင်းထိုက် လှည့်ကြည့်လိုက်တော့ အခန်းအပြင်တွင် လူတွေ အတိုးအဝှေ့ အလုအယက်နှင့် ကြည့်နေကြသည် ။ သူ့ ပါဖေါင်းမန့်တွေ … ။ ကုန်ပါပြီ ။ အရှက်တွေတော့ ကုန်ပါပြီ ။
 
ဝိုင်းကြည့်နေသော မျက်လုံးများထဲတွင် မျက်မှန်ပါသော မျက်လုံးပြူးပြူးတစ်စုံက တော်တော် ထူးခြားနေသည်ဟု ထင်သည် ။ နေမင်းထိုက် ခြေဖျားထောက်ကာ သေချာအောင် ကြည့်မိလိုက်သည် ။ မြတ်စွာဘုရား … ။ ကယ်တော်မူကြပါ ။ ဦးမြတ်သူရ … ။ ဘုရား … ဘုရား ။
 
ရေကူးကန်သို့ သီတို့ အုပ်စု ရောက်သွားတော့ တော်တော်လေး သာသာယာယာ ရှိလှသည် ။ အားလုံးက ဘောင်းဘီတိုလေးတွေနှင့် မိုက်နေကြသည် ။ သီကတော့ သူများတွေလို မငမ်းနိုင် ။ ပြည့်ဦးမေးလျှင် ဘယ်လို ပြောရမည်ကိုသာ တွေးရင်း စိတ်ညစ်နေမိသည် ။
 
သီ … နင့်ကြည့်ရတာ မအာလိုက်တာဟယ် … ငါတို့နဲ့ လာခွီစမ်းပါဟဲ့ …
 
ငါ တွေးနေတာပါဟယ် … ပြည့်ဦးကို ဘယ်လို ပြောရမလဲဆိုတာ …
 
ဟဲ့ … အဲ့လောက်ကြီး တွေးမနေပါနဲ့ဟာ … အချိန်တန်တော့လည်း ပြည့်ဦး နားလည်အောင် ငါတို့ရှင်းပြရမှာပဲပေါ့ … နင် အရင်ကလို မလုပ်တော့ဘူးလား … အဆင်လေးတွေနားရောက်ရင် ရေနစ်ချင်ယောင် ဆောင်တဲ့ အကယ်ဒမီ ပြကွက်တွေလေ …
 
မလုပ်နိုင်ပါဘူးဟယ် … နင်တို့ပဲ လုပ်ကြပါ …
 
သီနှင့် မိမြတ်တို့ စကားပြောနေကြချိန်တွင် ဘေးက မိသန့်က ရောက်လာသည် ။ ပြီးတော့ မိမြတ်ကို တိုးတိုးလေး ကပ်ပြောသည် ။
 
ဟဲ့ … ဟိုနားမှာ ကူးနေတဲ့ တစ်ယောက် ကိတ်တယ်ဟဲ့ … ငါ ရေငုပ်သလိုလိုနဲ့ ခေါင်းနဲ့ ၀င်တိုက်ပစ်ခဲ့တယ် … ခိခိခိ … သာယာထှာအေ …
 
မိမြတ်က မိသန့်စကားကို ကြားတော့ နှာခေါင်းကို ရှုံ့လိုက်သည် ။ ပြီးတော့ သူပဲ လင်စိတ် သားစိတ် ကုန်ခမ်းနေသော စတိုင်ဖြင့် ပြောလိုက်သည် ။
 
ဟဲ့ … ငါတို့ကတော့ နင့်လို မထော်မနန်းတွေ မလုပ်နိုင်ပါဘူးအေ … ငါတို့က ဗာဂျင် စစ်စစ်လေ …
 
အမလေးဟယ် … အံ့အောတယ် … ဘယ်လို ဗာတာလဲ … ဗီ အီး အာ V E R ဗာတာလား …
 
အမလေး … ငါတို့က တော့ပ်စစ်စစ်ဟဲ့ …
 
ဟဲ့ … နင့်ကိုယ်နင် တော့ပ်လို့ ပြောချင်ရင် အိမ်ရောက်ရင် မှန်ကြည့်လိုက်ဦး … သိလား …
 
ဟဲ့ … ငါက မှန်ကြည့်ပြီး ဘာလုပ်ရမှာလဲ …
 
ငါက မှန်ကို ထောင်ကြည့်ခိုင်းတာ မဟုတ်ဘူးဟဲ့ … မှန်ကို ကြမ်းပြင်ပေါ်ကိုချ … ပြီးရင် နင်က မှန်အပေါ်ကနေ ခွပြီး ရပ်လိုက် … ပြီးရင် အောက်ငုံ့ကြည့်လိုက်  … အသူရာတကယ်လောက် နက်တဲ့ ချောက်ကြီး တစ်ခု တွေ့လိမ့်မယ် … သိလား … အဲ့ဒါကို ကြည့်ပြီးမှ တော့ပ်လို့ လာပြော …
 
အမလေး … သက်သက်ကြီးနော် … ငါကတော့ မသိဘူး … နင်က မှန်ကြည့်နေကြဆိုတော့လည်း ငါ့ကို နည်းလမ်းပေးပေါ့ …
 
ပြောရင်းနှင့် ကောင်မနှစ်ကောင် ရေကူးကန်မှာ ရန်ထဖြစ်နေကြသောကြောင့် သီ ၀င်တားပေးလိုက်ရသေးသည် ။ စိတ်ညစ်ထှာနော် ။ ကိုယ့်ဘာသာ ပြည့်ဦးကို ဘယ်လို ပြောရမလဲ မသိလို့ စိတ်ညစ်နေတာကို ကောင်မ နှစ်ကောင်ကို ထိန်းရတာ ပိုပြီး ခက်ခဲနေသလားပဲ … ။
 
ဘေးနားက ရေကူးနေသော ကောင်လေးတစ်ယောက် ရေကူးရင်း ကြွက်တက်သွားသောကြောင့် ရေနစ်မလို ဖြစ်သွားသည်ကို သီ ကူညီလိုက်ရသေးသည် ။ ကောင်လေးက ချောချောလေး ဖြစ်သည် ။ သီ့ကို မျက်ဝန်းနက်နက်တွေနဲ့ စိုက်ကြည့်ပြီး ကျေးဇူးတင်စကားလည်း ပြောနေသေးသည် ။ သီ့ခမျာ ကိုယ့်ကိုယ်ကို မေခလာ နတ်သမီး လိုလို ၊ ဘာလိုလိုနဲ့ စဉ်စားရင်း ကြက်သီးထကာ စိတ်ညစ်နေသည့်ကြားက သာယာဖြစ်အောင် သာယာပစ်လိုက်မိသေးသည် ။
 
ဦးမြတ်သူရ ဒေါသက သည်တစ်ခါတော့ ကြောက်စရာ ကောင်းလှသည် ။ နေမင်းထိုက်ကို မျက်စိကြီး ပြူးပြူးကြီးနှင့် ကြည့်နေသည်ကပင် နေမင်းထိုက် သေလို့ရလောက်သည် ။ ဘုရားတရားမလို့ သည်လူကြီး စိတ်ကောင်း ၀င်နေပါစေ … ။
 
မင်း ငါ့သား အနားက ခွါဖို့ဆိုရင် ငါ မင်းကို ဘယ်လောက် ပေးရမလဲ …
 
ဒိုင်ယာလော့ခ်ကြီးကလည်း ရိုးလိုက်တာဟု နေမင်းထိုက် တွေးလိုက်မိသည် ။ ဒါပေမယ့် သူကလည်း ရုပ်ရှင်တွေ တော်တော် ကြည့်ခဲ့တာဆိုတော့ ရုပ်ရှင်တွေထဲကလိုပဲ နေမင်းထိုက် ပြန်ပြောပစ်လိုက်သည် ။
 
ဦးလေးရယ် … တကယ်တော့ အချစ်ဆိုတာ ငွေနဲ့ တန်ဖိုးဖြတ်လို့မရပါဘူး …
 
အေး … အဲ့ဒါဆိုလည်း ပြီးတာပဲ … ငါလည်း အကုန်အကျ သက်သာတာပေါ့ …
 
ဗျာ …
 
အေး … ပြီးတော့ မနက်ဖြန်ကစပြီး မင်း အလုပ်လာစရာ မလိုတော့ဘူး …
 
ဝမ်းသာလိုက်တာ ဦး … အဲလေ … အစ်ကိုကြီးရယ် … ဒါဆို ကျွန်တော် အိမ်မှာနေရင်းနဲ့ပဲ ရုံးတက်ရမယ်ပေါ့နော် … အလုပ်တွေကို ရုံးမှာ လာလုပ်စရာ မလိုတော့ဘူးပေါ့ … အစ်ကိုကြီးရယ် … သဘောကောင်းလိုက်ထှာ …
 
ဟေ့ကောင် … နောက်မနေနဲ့ကွ … ငါ မင်းကို အလုပ်ထုတ်လိုက်တာ … အလုပ်ထုတ်လိုက်တာ …
 
ဘယ်လို … အာ … မလုပ်ပါနဲ့အစ်ကိုကြီးရယ် … ကျွန်တော့်မှာ မကျန်းမာတဲ့ အမေအိုကြီးကို လုပ်ကျွေးနေရတာပါ …
 
နေမင်းထိုက် ချက်ချင်း ရုပ်ရှင်ထဲကလို ၀ါဝါ၀င်းရွှေ စတိုင် ဖမ်းပစ်လိုက်သည် ။ အခြောက်တို့လက်နက်က မျက်ရည်ဆိုတာ သိတယ် မဟုတ်လား ။ ပြောနေရင်းမှ အိမ်မှာ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပြီး ရှောပင်းမော တကာ ပတ်နေသော မေမေ့ကို စိတ်ထဲမှ တောင်းပန်လိုက်ရသည် ။
 
အဖေကလည်း အသက်ကြီးလို့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့လို့ပါ အစ်ကိုကြီးရယ် … ကျွန်တော်တို့ မိသားစုက ချို့တဲ့ပါတယ် …
 
နေမင်းထိုက် မျက်ရည်လေး တစမ်းစမ်းလုပ်လိုက် … နှပ်ကလေး ညှစ်လိုက်နှင့် ပြောနေမိသည် ။ ပွဲရုံတွင် အလုပ်တွေ တစ်နေ့တစ်နေ့ မနားအောင် လုပ်နေရသော ဖေဖေ့ကိုလည်း စိတ်ထဲကပဲ တောင်းပန်မိလိုက်သည် ။
 
တကယ်တော့ နေမင်းထိုက်က သည်အလုပ်ကို တက်ကသိုလ် ပြီးပြီးချင်း ပျင်းနေသောကြောင့် ၀င်လုပ်ခြင်း ဖြစ်သည် ။ ဖေဖေ့ပွဲရုံအလုပ်ကို ဦးစီးခိုင်းသည်ကို စိတ်မပါသောကြောင့်လည်း ပါသည် ။ အစကတော့ ခဏပဲ လုပ်မည်ဟု တွေးထားမိပြီး အခုတော့ ကိုမင်းမြတ် ရှိနေသောကြောင့် အလုပ်တွင် ပျော်ကာ ဘယ်လိုပဲ ထွက်ခိုင်း ထွက်ခိုင်း မထွက်နိုင်ခြင်း ဖြစ်သည် ။
 
သားကို စာနာပါဦး … အာကိုကြီး … အဲ … အစ်ကိုကြီးရယ် …
 
ဦးမြတ်သူရ နေမင်းထိုက်ကို ကြည့်ပြီး သူပါ လိုက်ငိုချင်လာသည် ။ သြော် … ။ သည်လိုဆိုတော့လည်း ဦးမြတ်သူရ နေမင်းထိုက်ကို အလုပ်မထုတ်ရက် ။ မတတ်နိုင်ဘူးလေ ။ သည်အလုပ်နဲ့ စားနေရတဲ့ မိသားစုတွေ ရှိတယ် မဟုတ်လား … ။
 
အေးပါကွာ … မထုတ်တော့ပါဘူး … မင်းသာ အစ်ကိုကြီး သားနဲ့ မပတ်သက်ဘူးဆိုရင် မင်းကို လခ နှစ်ဆ ပေးပါ့မယ် …
 
ဟုတ်ကဲ့ပါ … အစ်ကိုကြီးက ကျွန်တော့် ကျေးဇူးရှင်ပဲ … အစ်ကိုကြီး စိတ်တိုင်းကျ ဖြစ်ရပါစေမယ် …
 
အေးပါကွာ … ဟုတ်ပါပြီ … မင်း ပြန်လို့ရပါပြီ …
 
ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ် … ဖေဖေ …
 
ဟေ … ဟေ့ကောင် … မင်းငါ့ကို ဘယ်လို ခေါ်လိုက်တယ် …
 
ဦးမြတ်သူရ နဖူးကြီး နီလာပြီး ဒေါသထွက်လာသည်ကို မြင်သောကြောင့် နေမင်းထိုက် အခန်းထဲက တစ်ချိုးတည်း ပြေးတော့သည် ။ သည်အဖိုးကြီးက ဒေါသထွက်ရင် သူများတွေလို နှာခေါင်းတွေ ၊ ပါးတွေ နီလာတာ မဟုတ် … ။ နဖူးကြီး နီလာတာ ဖြစ်သည် ။ ထို့ကြောင့် ဦးမြတ်သူရ နဖူး နီလာပြီဆိုလျှင် ဝေးဝေးရှောင်ကြဟု ရုံးက ၀န်ထန်းတွေက အချင်းချင်း လက်တို့သတိပေးကြခြင်း ဖြစ်သည် ။
 
ပြည့်ဦးကို သီ အဖြစ်မှန်တွေ အကုန်ပြောပြလိုက်သည် ။ အစကတော့ ပြည့်ဦး မယုံ ။ သီ့ကို မျက်လုံးပြူးပြီး ကြည့်နေသည် ။ နောက်တော့ သီ သေသေချာချာ ရှင်းပြလိုက်တော့ ပြည့်ဦး သဘောပေါက်သွားသည် ထင်သည် ။ ပြည့်ဦး မျက်နှာမှာ ၀မ်းနည်းရိပ်တွေ ပေါ်လာလေသည် ။
 
မြတ်သီဟရယ် … ငါတော့ သွားပါပြီကွာ … ငါက မိုးကို အရမ်းချစ်တာကွ … မိုးယုယရယ် … လုပ်ရက်လိုက်တာကွာ … ငါ့ကိုများ ကာဗာ ထားရက်လိုက်တာ …
 
ပြောပြောဆိုဆိုနှင့် သီ့ကို ဖက်ကာ ပြည့်ဦး ငိုတော့သည် ။ ဘုရား ဘုရား ။ သီ ရင်တွေ အကိတ်ကြီး ခုန်သွားမိသည် ။ လူက အသည်းနုပါတယ် ဆိုနေမှ ။ သူဆိုတာလည်း လူကို ရင်ခုန်အောင် အားကြီးလုပ်တာပဲ ။ အို ။ ဟိုဟာမ မကြိုက်ရင်လည်း နေပါစေ ။ ဟို အာရ်ဇာနည် သီချင်းလိုပေါ့ ။ ပြန်ဆုံချိန်ကျ ကြွေကာနေလည်း ကောက်ယူမယ် ဆိုတာလေ ။
 
သီ ကိုယ့်ဘာသာ ဖာဆန်ဆန်တွေးရင်း ကျေနပ်သွားမိသည် ။ သို့သော် ထိုအချိန်တွင် ပြည့်ဦး ပြောလိုက်သော စကားတစ်ခွန်းကြောင့် သည် ခေတ် စကားနှင့် ပြောရလျှင် သီ နင်သွားသည် ။ အခြောက်စကားနှင့် ပြောရလျှင်တော့ သီ ဂွမ်းသွား ၊ ဂါသွားတော့သည် ။
 
ငါ့ကို ကာဗာထားတာဆိုလည်း ငါ ကျေနပ်တယ်ကွာ … တစ်သက်လုံး ကာဗာအဖြစ်နဲ့ ဆိုလည်း ငါကျေနပ်တယ် …
 
သည်စကားကို ကြားလိုက်ရတော့ ငိုနေသော ပြည့်ဦးကို ကြည့်ပြီး သီပါ ငိုချင်သွားမိတော့လေသည် ။

By Min Khant

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...