Sunday, July 27, 2014

အဆုံးမဲ့ မိုးရာသီ

နိဒါန်း
 
အုံ့မှိုင်းသော မိုးရာသီ၏ စိုစွတ်သော နေ့တစ်နေ့ ။
ကောင်လေးနှစ်ယောက် ၊ ကောင်မလေး တစ်ယောက်တို့သည် လမ်းကလေးတစ်ခုထဲတွင် ထီးမဆောင်းပဲ အတူတူ လျှောက်လာနေကြသည် ။
လူကြီးသုံးယောက် ထီးမပါဘဲ အတူ လမ်းလျှောက်နေခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်၏ အံ့သြမှုများကိုလည်း သူတို့ ဂရုစိုက်ကြလိမ့်မည် မဟုတ်ချေ ။
သို့သော် ပြောစရာရှိသည်က တစ်ခုပဲရှိသည် ။ သူတို့ သုံးယောက်လုံးသည် ထိုလမ်းကလေးတွင် တံတားတစ်ခု ဆောက်ရန် ပြင်ဆင်နေကြသော အင်ဂျင်နီယာများ ဖြစ်ကြလေသည် ။
 
သူတို့ သုံးယောက်၏ အတိတ်ကို မသိသော သူများကတော့ ထိုလမ်းကလေးတွင် သူတို့ သုံးယောက် အတူ ရှိနေသည်ကို အံ့သြကြလိမ့်မည် မဟုတ် ။
သို့သော် သူတို့ အတိတ်ကို သိသော သူများအဖို့မှာကား … ။
ထိုကဲ့သို့ဖြင့် အဆုံးမဲ့ မိုးရာသီဟူသော ဇာတ်လမ်းသည် ပေါ်ပေါက်လာခဲ့လေသတည်း ။
 
(၁)
 
ကလေး သုံးယောက် မိုးရွာထဲတွင် တူတူ ပြေးဆော့နေကြသည် ။ မိုးများက သည်းထန်လွန်းနေသောကြောင့် ပတ်ဝန်းကျင်ကိုပင် တစ်ခါတစ်ခါ သဲသဲကွဲကွဲ မမြင်ရချေ ။
 
မုတ်သုံ … နင်ငါ့ကို မိအောင်ဖမ်းနော် ...
 
သက်လည်၏ စိမ်ခေါ်မှုကြောင့် မုတ်သုံဟူသော ကလေးက မမိမိအောင် လိုက်ဖမ်းသည် ။
 
မုတ်သုံ … ကရော်ကရော် … သနားပါတယ် … ငါ့ကိုလည်း မိအောင် မဖမ်းနိုင်ဘူး …
 
အေးချမ်း၏ အော်သံကြောင့် မုတ်သုံ စိတ်ရှုပ်သွားသည် ။ ဘယ်သူ့ကို လိုက်ရမှန်း မုတ်သုန် မသိတော့ ။ ခေါင်းကုတ်ကာသာ မိရာလူကို မုတ်သုံ ပြေးလိုက်တော့သည် ။
 
သည်လမ်းလေးထဲတွင် ကားအသွားအလာမရှိ ။ လမ်းအဆုံးတွင် ချောင်းငယ်လေး တစ်ခုသာ ရှိသည် ။ ချောင်း၏ ဟိုဘက်တွင် ရပ်ကွက်တွေရှိကြသည် ။
 
ကားအသွားအလာနည်းသောကြောင့် မုတ်သုံ ၊ အေးချမ်းနှင့် သက်လည်ဆိုသော သူငယ်ချင်းသုံးယောက်တို့ကစားရာနေရာသည် ထိုလမ်းကလေးပင် ဖြစ်ခဲ့လေသည် ။ ထိုမျှဆိုလျှင် ထိုလမ်းလေးနှင့် သူတို့ သုံးယောက် ပတ်သတ်ပုံကို အတန်ငယ် ရိပ်စားမိလောက်ချေပြီ ။
 
(၂)
 
သို့နှင့် …
 
မုတ်သုံနှင့် အေးချမ်းဆိုသော ကောင်လေးနှစ်ယောက် ချစ်သူ ဖြစ်ခဲ့ကြလေသည် ။ သက်လည်ဆိုသော ကောင်မလေး လုံးဝမသိခဲ့ ။ အခင်အမင်လည်း မပျက်ခဲ့ကြ ။ ဆယ်တန်းကျောင်းသားဘ၀ ရောက်လာကြပြီဖြစ်သောကြောင့် လမ်းလေးထဲတွင် မကစားဖြစ်ကြတော့ ။ သို့သော်လည်း ထိုလမ်းလေးထဲတွင် တစ်ခါတစ်ရံ စာသွားထိုင်ကျက်တတ်ကြသည် ။
 
သက်လည် မပါသော အခါများဆိုလျှင် အေးချမ်းသည် မုတ်သုံ၏ ပုခုံးကို မှီကာ သစ်ပင်အောက်က ခုံတန်းလေးတွင် မုတ်သုံရှင်းပြသမျှ စာများကို စိတ်လိုလက်ရ နားထောင် နေတတ်လေသည် ။
 
မုတ်သုံ … ငါ့ကို တကယ်ချစ်ရဲ့လားဟင် …
 
ချစ်တာပေါ့ အေးချမ်းရယ် …
 
ဒါနဲ့ ငါမသိလို့မေးပါရစေဦး … သက်လည်လို ကောင်မလေး ချောချောလေး ရှိရက်သားနဲ့ မင်း ဘာလို့ ငါ့ကို ရွေးခဲ့တာလဲဟင် … ပြီးတော့ … အင်း … ပြီးတော့ ငါထင်တာ ပြောရရင် သက်လည်က မင်းကို စိတ်ဝင်စားနေသလိုပဲ …
 
မဟုတ်ပါဘူး အေးချမ်းရယ် … လျှောက်မတွေးနေနဲ့ … ငါစာရှင်းပြတာသာ နားထောင် … နော် … မင်းဟာလေ … စကားသိပ်များတာပဲ … ငါ သက်လည်ကို ခံစားလို့မရတာ မင်းလည်း သိရက်နဲ့ …
 
အေးချမ်း ဘာမှ မပြောတော့ဘဲ မုတ်သုံ၏ ပုခုံးပေါ်တွင် ပြန် မှီတွယ်နေလိုက်သည် ။ အရာရာသည် အေးချမ်း လွန်းခဲ့လေသည် ။
 
(၃)
 
အင်ဂျင်နီယာ တက္ကသိုလ်ကို သူငယ်ချင်း သုံးယောက်လုံး တူတူ တက်ခဲ့ကြသည် ။ အရင်ကအတိုင်း အခင်အမင် မပျက်ခဲ့ကြ ။
 
သို့သော် သည်တလောတွင် သက်လည်၏ မုတ်သုံအပေါ်ထားသော အချစ်များမှာ ပိုမို ပေါ်လွင်လာခဲ့သည် ။ သည်နေ့လည်း သက်လည် တစ်ယောက် အချစ်သီချင်း တစ်ပုဒ်ကို အေးအေးလူလူလေး ဆိုနေလေသည် ။
 
သက်လည် … ဟိတ် …
 
အေးချမ်းက ပုခုံးပုတ်ပြီး လှမ်းခေါ်လိုက်သောကြောင့် သက်လည် ရုတ်တရက် လန့်သွားရသည် ။ သူမ အခု မုတ်သုံအကြောင်း စဉ်းစားနေသည် မဟုတ်ပါလား ။ ကျောင်းတွင် ရုပ်ချော စာတော်ပြီး သဘောကောင်းသော မုတ်သုံကို တခြားကောင်မလေးများ လက်ထဲတော့ သက်လည် အပါမခံနိုင်ပါ ။
 
နင်က ဘာလို့ သည်လောက်တောင် လန့်သွားရတာလဲ သက်လည်ရဲ့ …
 
သြော် … ဟဲဟဲ … ဘာမှ မဟုတ်ပါဘူး …
 
ဘာမှမဟုတ်ပါဘူးသာ ဆိုတယ် … နင့်မျက်နှာက ပြုံးလို့ …
 
အေးချမ်းပြောမှ သက်လည် မနက်က မုတ်သုံပြောသော စကားများကို ပြန်သတိရလာမိသည် ။ ပြီးတော့ ကိုယ့်ဘာသာကိုယ် ရှက်ပြီး ထပ်ပြုံးမိပြန်သည် ။
 
ပြောလေဟ … နင်က ငါ့ကို လျှိုထားတယ်ပေါ့ … ဟုတ်လား …
 
မဟုတ်ပါဘူးဟာ … မနက်က … မုတ်သုံလေ … ဘာမှန်းကို မသိဘူး … ငါ့ကို လာပြောသွားတာ … သူ ငါ့ကို သူငယ်ချင်းအဆင့်ထက် ပိုပြီးတော့ ချစ်တယ် ဆိုလား … ဘာဆိုလားဟာ … ငါလည်း မသိတော့ဘူး …
 
ကြည်နူးနေသော သက်လည်မျက်နှာကိုကြည့်ကာ အေးချမ်းရင်ထဲတွင် နာကျင်လာရသည် ။ သည်သို့ဖြင့် လမ်းလေးထဲတွင် မုတ်သုံနှင့် အေးချမ်း စကားပြောကြရန် အကြောင်းဖန်လာလေသည် ။
 
(၄)
 
မုတ်သုံ … ရှင်းကွာ … ငါ့ကို ရှင်းပြစမ်းပါ … မင်းနဲ့ သက်လည်က ဘာတွေလဲ …
 
သူငယ်ချင်းတွေလေ အေးချမ်းရဲ့ …
 
မုတ်သုံမျက်နှာ ပျက်ယွင်းနေပါသည် ။ အကဲခတ်ကောင်းသော အေးချမ်းကလည်း ဒါကို တန်းသိနေလေသည် ။
 
မနေ့က မင်း သက်လည်ကို ဘာပြောခဲ့သလဲ … မနေ့က မနက်ပိုင်းကလေ …
 
ဘာ … ဘာမှ မပြောခဲ့ပါဘူးကွာ …
 
ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါကွာ … မင်း သက်လည်နဲ့ ချစ်သူ ဖြစ်နေတာလား …
 
ရုတ်တရက် မိုးတွေက ရွာကျလာသည် ။ မုတ်သုံ လက်ထဲတွင် ကိုင်ထားသောထီးကို ဖွင့်ဖို့တော့ သတိရသေးသည် ။ သို့သော် မဖွင့်ဖြစ် ။ အေးချမ်းကို ရှင်းပြဖို့ စကားတွေကိုသာ ခေါင်းထဲ စီစဉ်နေရသည် ။
 
မဟုတ်ဘူး … မဖြစ်ပါဘူးကွာ …
 
ဒါဖြင့်ရင် သက်လည်ကို မင်း အဲ့စကားသွားပြောတဲ့ ရည်ရွယ်ချက် … ငါ … ငါ အဲ့ဒါကို သိချင်တယ် …
 
ဟုတ်တယ် … ငါပြောခဲ့တယ် အေးချမ်း … ငါတို့တွေ သဘာဝကို လွန်ဆန်လို့မှ မရတာပဲ … ပြီးတော့ ငါ့အိမ်ကလည်း ငါ့ကို ကျောင်းပြီးတာနဲ့ အိမ်ထောင်ပြုစေချင်ပြီ … တကယ်လို့ ငါအိမ်ထောင်ပြုဖြစ်ရင် ငါ လက်တွဲရမယ့်လူက သက်လည်ပဲ ဖြစ်စေချင်တယ် …
 
အေးချမ်း မျက်နှာ အထိုးခံလိုက်ရသလို ပူရှိန်းရှိန်ဖြစ်သွားရသည် ။ ထို့အပြင် ရှက်ရွံ့ နာကျင်မှုများကလည်း ရင်ထဲကို တဆစ်ဆစ် တိုးဝင်လာလေသည် ။
 
ကောင်းပြီလေ … မုတ်သုံ … မင်း အဲ့လို ဖြစ်စေချင်မှတော့ ငါ ဘယ်တတ်နိုင်ပါ့မလဲ … ငါတို့ လမ်းခွဲကြတာပေါ့ …
 
အေးချမ်း၏ လမ်းခွဲကြတာပေါ့ ဟူသော စကားကြောင့် မုတ်သုံ ရင်ထဲတွင် ဘာမှ မရှိတော့သလို ၊ လစ်ဟာသွားသလို ခံစားလိုက်ရသည် ။
 
အေးချမ်း … မင်း ဘာစကားပြောတာလဲ … ငါ မင်းကို လမ်းမခွဲနိုင်ဘူး …
 
မုတ်သုံ … မင်း လောဘကြီးလှချည်လား … သက်လည်ရှိနေတဲ့နောက်တော့ ငါ့ကို ထပ်ပြီး နာကျင်ရအောင် မင်း နှိပ်စက်ဦးမလို့လား … မလုပ်ပါနဲ့တော့ မုတ်သုံရယ် … ငါတို့ … ငါတို့ သူငယ်ချင်းတွေလိုပဲ နေကြရအောင်နော် …
 
အေးချမ်း မျက်ရည်တွေကျလာသည် ။ အသားတွေ တဆက်ဆက် တုန်လာသည် ။ အေးချမ်း၏ ခန္ဓာကိုယ်သည် မိုးထဲတွင် သိမ့်သိမ့်တုန်နေလေသည် ။
 
မုတ်သုံနားလည်လိုက်ပြီ ။ အေးချမ်းကို သူ အဆုံးရှုံးမခံနိုင်တော့ ။ အေးချမ်းကို သူ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည် ။
 
အေးချမ်း … ငါ မင်းက လွဲပြီး ဘယ်သူ့ကိုမှ မချစ်ဘူး … ဟုတ်ပြီလား … ငါ့ကို ယုံစမ်းပါကွာ … ငါ သက်လည်ကို ထပ်ပြီး သည်လိုစကား မပြောတော့ဘူး … ငါ မင်းကို အဆုံးရှုံးမခံနိုင်ဘူး အေးချမ်း … ငါ မင်းတစ်ယောက်တည်းကိုပဲ ချစ်တယ် …
 
မိုးများက သည်းထန်စွာ ရွာသွန်းဆဲ ။ မုတ်သုံ၏ ရင်ခွင်ထဲတွင် အေးချမ်း သူ့ခေါင်းကို ၀ှက်ထားကာ ငိုကြွေးနေလေတော့သည် ။
 
(၅)
 
နောက်ပိုင်းတွင် အေးချမ်း၏ သံသယများ ပိုမိုကြီးထွားလာခဲ့သည် ။ မုတ်သုံနှင့် သက်လည်ကို အတူတူ တတွဲတွဲ ပိုတွေ့လာရသည် ။ တစ်ခါတစ်ရံ သုံးယောက်အတူထိုင်လျှင်တောင်မှ အေးချမ်းကို လူပိုတစ်ယောက်လို ပစ်ထားကြလေသည် ။
 
မုတ်သုံကို မေးတော့လည်း သက်လည်ဘက်မှ တောင်းဆိုလွန်းသောကြောင့် အချို့နေရာများကို လိုက်လျောကာ တူတူ သွားပေးခြင်းမှလွဲပြီး အခြား မည်သည့်အကြောင်းမျိုးမှ မရှိဟု ဆိုလာသည် ။
 
သို့သော် မုတ်သုံနှင့် သက်လည်ကို တွဲတွေ့တိုင်း အေးချမ်းရင်က နာကျင်မှုသည် ပိုပို တိုးလာရလေသည် ။
 
သက်လည် … မနက်ဖြန်အားလား …
 
အေးချမ်း ဖုန်းဆက်လိုက်တော့ သက်လည် ချက်ချင်းပြန်မဖြေသေး ။ စဉ်းစားနေပုံရလေသည် ။
 
အင်း … ဟိုလေ … မုတ်သုံနဲ့ ချိန်းထားတာတော့ ရှိတယ် …
 
ဟုတ်လား … ဒါပေမယ့် မနက်ဖြန် ငါ့မွေးနေ့လေ … ငယ်ငယ်တည်းက ခင်လာတဲ့ သူငယ်ချင်းကို နင့်မွေးနေ့အတွက် အချိန်လေး တစ်ခုတောင် မပေးချင်ဘူးလား သက်လည်ရဲ့ …
 
အိုး … အေးချမ်း … ဆောရီးဟာ … ငါ မေ့သွားတယ် … အိုကေ … နင့်မွေးနေ့ကို ငါနဲ့ မုတ်သုံနဲ့ တူတူ လာမယ် … ဘယ်မှာလုပ်မှာလဲ ပြော …
 
ဟင့်အင်း … မုတ်သုံကို မဖိတ်ဘူး … ငါ နင့်တစ်ယောက်တည်းကိုပဲ ဖိတ်မှာ …
 
သက်လည် တိတ်ဆိတ်သွားလေသည် ။ သို့သော် အေးချမ်းမွေးနေ့ကို သက်လည်တစ်ယောက်တည်း ရောက်လာခဲ့ပါသည် ။
 
သက်လည် … နင့်ကိုငါ ချစ်တယ် …
 
ရုတ်တရက် ပြောလာသော အေးချမ်း စကားကြောင့် သက်လည် ကြောင်အစွာဖြင့် အေးချမ်းကို ကြည့်နေမိသည် ။ ပြီးမှ စကားပြောဖို့ကို ပြန်သတိရပုံပေါ်လေသည် ။
 
ငါ … ငါ့မှာလေ …
 
ငါနင့်ကို အတင်းအကျပ်ကြီး ချက်ချင်း အဖြေမပေးခိုင်းဘူး သက်လည် … နင်စဉ်းစားပါဦး … တစ်လ … တစ်လတိတိ ငါ စောင့်မယ်နော် … နင် သွေးအေးအေး စဉ်းစားပြီးမှ ငါ့ကို အဖြေပြန်ပေးပါ …
 
သက်လည် ကျောက်ရုပ်လို တိတ်ဆိတ်ကာ တစ်စုံတစ်ခုကို တွေးတောနေလေသည် ။
 
(၆)
 
မုတ်သုံ … ငါ တဖြည်းဖြည်းနဲ့ ရှက်လာပြီဟာ …
 
သက်ပြင်းလေးချကာ ပြောလိုက်တော့ သက်လည် စကားကြောင့် မုတ်သုံ အံ့သြသွားရသည် ။ သက်လည်က ဘာကို ရှက်တာပါလိမ့် ။ ထို့အပြင် သည်တစ်လော အေးချမ်းလည်း ထူးဆန်းနေသည်ဟု မုတ်သုံထင်မိသည် ။ ယခင်ကလို အေးချမ်း သူ့အပေါ် ကြင်နာနွေးထွေးမှုများ မရှိတော့ ။ လူချင်းနီးသော်လည်း စိတ်ချင်း ဝေးနေကြသည်ဟု ထင်မိသည် ။
 
သည်နေ့လည်း သက်လည်နဲ့ တူတူ အပြင်ထွက်မည်ကို အေးချမ်းကို ဖုန်းဆက်ပြောမိတော့ အေးချမ်းက သွားစေချင်ပုံမပေါ် ။ သို့သော် မုတ်သုံ သက်လည်ကို အားနာသောကြောင့် သက်လည်ချိန်းသောဆီသို့ ရောက်လာရသည် ။ ငယ်ငယ်က သူတို့ ဆော့ကစားခဲ့သော လမ်းကလေးမှာပါပင် ။
 
ဘာကို ရှက်တာလဲ သက်လည်ရဲ့ …
 
တခြားလူတွေတောင် ပြောကုန်ကြပြီဟာ … ငါတို့က ချစ်သူလားတဲ့ … ငါက မဟုတ်သေးဘူးလို့ပြောတော့ သူတို့က ငါ့ကို အနေအထိုင် ဆင်ခြင်ခိုင်းကြတယ် … မိန်းကလေးဖြစ်ပြီး ပေါ့တန်တန်မနေနဲ့တဲ့ … ငါ ဘယ်လောက်ရှက်ရလဲ … နင်သိရဲ့လား …
 
သြော် … ဒါက ငါတို့ရဲ့ ခင်မင်မှုကို နားမလည်တဲ့ သူတွေက ပြောတာပါဟာ … နင်ရယ် … ငါရယ် … အေးချမ်းရယ်ဆိုတာ …
 
တော်ပါဟာ … အေးချမ်းကို ထည့်မပြောပါနဲ့ … နင်စကားပြောတိုင်း အေးချမ်း အေးချမ်းဆိုတာကြီးကို ထည့်မပြောလို့ မရဘူးလား …
 
ဟာ … နင်ကလဲ … အေးချမ်းကလည်း ငါတို့ရဲ့ အခင်ဆုံး သူငယ်ချင်းလေ …
 
ဒါပေမယ့် … ဒါပေမယ့် အခုက မတူတော့ဘူးဟ … ထားပါတော့ … ငါ … ငါနင့်ကို မေးမယ် … နင်ငါ့ကို တစ်ခါက ပြောခဲ့ဖူးတဲ့ ငါ့ကို သူငယ်ချင်းထက် ပိုတဲ့ အချစ်မျိုးနဲ့ ချစ်တယ်ဆိုတဲ့ စကား … အဲ့သည့်စကားရဲ့ အဓိပ္ပါယ်ကို ငါ သိချင်တယ် …
 
မိန်းကလေးတစ်ယောက်ကို ချစ်တယ်ဟု မုတ်သုံ လွယ်လွယ်ကူကူ မပြောတတ် ။ အထူးသဖြင့် ယခုလို ငယ်ငယ်တည်းက ခင်လာသော အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ကိုလည်း မုတ်သုံ မလိမ်ချင် ။ ပိုဆိုးသည်က အေးချမ်း ။ အေးချမ်းတစ်ယောက်လုံး သူ့တွင်ရှိနေသည်လေ ။
 
အဲ့ … အဲ့ဒါက … ငါနင့်ကို ငါ့ညီမလေး အရင်းတစ်ယောက်လိုလည်း ချစ်တယ်လို့ ပြောချင်လို့ပါဟာ … ငါတောင် အဲ့စကားကို မေ့သွားပြီ သက်လည်ရ … 
 
မိန်းမတစ်ယောက်၏ အရှက်နှင့် နာကျည်းမှုကို မုတ်သုံ နားမလည်ခဲ့ ။ ထို့ကြောင့်လည်း မုတ်သုံ သည်စကားကို ပြောထွက်ခဲ့သည် ။ မုတ်သုံကို နာကျင်စွာကြည့်ရင်း မျက်ရည်များ ၀ဲလာသော သက်လည်ကို ကြည့်ကာ မုတ်သုံ ကိုယ့်ကိုယ်ကို အပြစ်ရှိသူ တစ်ယောက်လို ခံစားမိလေတော့သည် ။
 
(၇)
 
ငါနဲ့ သက်လည်တို့ ချစ်သူတွေ ဖြစ်သွားပြီ …
 
ရုတ်တရက်ပြောလာသော အေးချမ်းစကားကြောင့် မုတ်သုံ ကြောင်အ သွားရသည် ။ အေးချမ်း ပြောနေတာတွေကို ကြားပြီး သူ့နားကိုသူ မယုံနိုင်သေးချေ ။
 
အေးချမ်း … မင်း ဘာတွေ လျှောက်လုပ်နေတာလဲ … မင်းနဲ့ ငါနဲ့က ချစ်သူတွေလေ …
 
ဟုတ်လား မုတ်သုံ … ငါတို့က ချစ်သူတွေတဲ့လား … ဟုတ်လား … ပြောစမ်းပါဦးကွ … မင်းငါ့အပေါ်ကို ဘယ်တုန်းကများ အလေးအနက်ထားခဲ့ဖူးလို့လဲ …
 
ငါ … ငါ မင်းအပေါ်ကို တစ်ခါမှ သစ္စာမဖေါက်ခဲ့ဖူးဘူး အေးချမ်း … အခု မင်းလုပ်ရက်က ငါ့အပေါ် သစ္စာဖောက်တဲ့လုပ်ရက်ဆိုတာ မင်း သိရဲ့လား …
 
ငါ သိတာပေါ့ မုတ်သုံရယ် … ငါ သိပ်ကို သိတာပေါ့ … ဒါပေမယ့် မင်းပြောတာ မှားနေတယ် … မင်း ငါ့ကို သစ္စာဖောက်ခဲ့ဖူးပါတယ်ကွာ … မင်းမှတ်မိလား … ဂျူလိုင်လ ခြောက်ရက်နေ့တုန်းက မင်းကိုငါ ချိန်းခဲ့တာလေ … အဲ့နေ့က မင်းလာခဲ့သလား …
 
အဲ့နေ့က ငါ ပြောခဲ့သားပဲ … သက်လည်အတွက် ဘုရားမှ ယတြာချေပေးစရာရှိလို့လို့ …
 
ဟားဟား … ဟုတ်ပါတယ် … ငါလိုကောင်က မင်းအတွက် ဘယ်အရေးကြီးပါ့မလဲ … အဲ့နေ့က မင်းကို ဘုရားသွားဖို့ သက်လည်ကို ငါပဲ ပြောခိုင်းခဲ့တာ … ငါ … ငါ အရူးထပြီးတော့ပေါ့လေ … ငါ့မွေးနေ့ကို မင်းများ သတိတရ ရှိမလား ဆိုပြီးတော့ပေါ့လေ …
 
မုတ်သုံ ကိုယ့်နဖူးသာ ကိုယ် ရိုက်လိုက်ချင်တော့သည် ။ ကိုယ့်ချစ်သူ မွေးနေ့ကို မေ့သော သူ့ကိုယ်သူလည်း ဒေါသ ထွက်သွားရသည် ။
 
မင်းတော့ မသိခဲ့ဘူး … ဒါပေမယ့် အဲ့နေ့က ငါ သက်လည်ကို ရည်းစားစကားပြောခဲ့တယ် …
 
မုတ်သုံ ဘာစကားမှ မပြောနိုင်ဘဲ အေးချမ်းကိုသာ ကြည့်နေမိသည် ။ အေးချမ်း၏ နှုတ်ခမ်းမှ ထွက်ကျလာမည့် ရက်စက်သည့်စကားများကို မုတ်သုံ ထပ်မကြားချင်ပါ ။ သို့သော် အေးချမ်း ပြောထွက်ခဲ့လေသည် ။
 
ငါ … ငါတို့ လမ်းခွဲကြရအောင် …
 
အေးချမ်းထွက်သွားပြီး ခဏအကြာတွင် မိုးတွေ ရွာလာသည် ။ မုတ်သုံ ထိုနေရာမှ မရွှေ့မိ ။ ငိုပြီး ရပ်ကျန်နေခဲ့သော မုတ်သုံကို အေးချမ်း တစ်ချက်လေးပင် လှည့်မကြည့်မိခဲ့ ။
 
(၈)
 
သက်လည် … နင်မသိတာတွေ အများကြီး ရှိသေးတယ် … နင်နဲ့ နင်နဲ့ အေးချမ်း လုံးဝမဖြစ်ဘူး …
 
နင် ဘာတွေ ဖြစ်နေတာလဲ မုတ်သုံ … ငါ့ကို ထပ်ပြီး အရူးမလုပ်နဲ့တော့ …
 
မဟုတ်ဘူး … မဟုတ်ဘူးဟာ … အေးချမ်းက နင့်ကို တကယ်မချစ်ဘူး …
 
နေစမ်းပါဦး … နင်က ဘာသက်သေရှိလို့ သည်စကားကို ပြောရတာလဲ …
 
နင် … နင့်ကို ငါ ပြောလို့ မဖြစ်ဘူး သက်လည် … ဒါပေမယ့် နင်တို့ နှစ်ယောက်လုံးဝမဖြစ်ဘူးဟာ …
 
မဖြစ်ဘူး … ဟုတ်လား … ငါတို့ နှစ်ယောက်ကို မဖြစ်ဘူးလို့ ပြောတဲ့အတွက် ငါ ၀မ်းသာပါတယ် … ဘာလို့လဲဆိုတော့ ငါက နင်မဖြစ်ဘူးလို့ ပြောတာကို မဖြစ်ဖြစ်အောင် လုပ်မှာမို့ပဲ …
 
နင် စိတ်လိုက်မာန်ပါ မဆုံးဖြတ်လိုက်ပါနဲ့ သက်လည်ရယ် …
 
မုတ်သုံ ပြောနေသော စကားများကို သက်လည် နားမလည် ။ သို့သော် ယခုအချိန်တွင် သက်လည် စိတ်ထဲတွင် အရွဲ့တိုက်ချင်စိတ်တစ်ခုသာ ရှိတော့သည် ။ မိန်းကလေးတစ်ယောက်ကို မချစ်နိုင်ဘဲ favour တွေ ပေးခဲ့သော မုတ်သုံ ။ မိန်းကလေးတစ်ယောက်၏ အချစ်ကို ဟာသတစ်ခုလို လုပ်ပစ်သော မုတ်သုံ ။ မုတ်သုံ မဖြစ်စေချင်သည့်အတိုင်း သက်လည် လုပ်ဖို့ ဆုံးဖြတ်လိုက်သည် ။
 
မကြာခင် ငါနဲ့ အေးချမ်းတို့ လက်ထပ်တော့မယ် …
 
အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သော သက်လည် စကားကြောင့် မုတ်သုံ ပြာယာခတ်သွားလေတော့သည် ။
 
(၉)
 
သက်လည် … ဒါ … ဒါဘယ်နေရာလဲ … ငါတို့ ဘယ်ကို ရောက်နေတာလဲ …
 
အေးချမ်း မေးသောစကားကြောင့် သက်လည် ပြုံးလိုက်သည် ။ သက်လည် ကားကလေးကို အိမ်တစ်အိမ်ရှေ့ ထိုးရပ်လိုက်သည် ။ ယခု သူတို့ မှော်ဘီက သက်လည် မိဘတွေ ၀ယ်ထားသော အိမ်တစ်အိမ်သို့ ရောက်နေကြလေသည် ။
 
ငါတို့ ခိုးပြေးလာတာလေ အေးချမ်းရဲ့ …
 
သက်လည် … နင် ဘာတွေ လုပ်နေတာလဲ … ဘာ … ခိုးပြေးလာတယ် … ဟုတ်လား …
 
ဟုတ်တယ် … ငါတို့ လက်ထပ်ဖို့ ပြောလိုက်တိုင်း နင်က တစ်လပြီးတစ်လ ရွှေ့လာခဲ့တာ … အခုတော့ မရတော့ဘူး အေးချမ်း … ငါ အိမ်မှာလည်း စာရေးလာခဲ့ပြီးပြီ … ငါ ယောက်ျားနောက် လိုက်သွားပါပြီလို့ …
 
မဟုတ်သေးဘူး သက်လည် … ငါတို့ ရန်ကုန်ကို ပြန်ရအောင် …
 
နင် ငါ့ဘက်ကို နည်းနည်းမှ မစဉ်းစားပေးတော့ဘူးလားဟင် … အေးချမ်း … ငါက မိန်းကလေးပါဟာ …
 
အိမ်ခေါင်မိုးကို မိုးရေစက်များ အဆက်မပြတ်ကျနေသံကို အေးချမ်းကြားနေရသည် ။ မုတ်သုံကို ရွဲ့ပြီး သက်လည်ကို ရည်းစားစကားပြောခဲ့သော်လည်း ယခုလို လက်ထပ်ဖို့အထိကို မရည်ရွယ်ခဲ့ ။ ယခုမှ မုတ်သုံကို လွမ်းလာသည် ။ မုတ်သုံရယ် ။ ကံကြမ္မာက ငါနဲ့ မင်းကို ဆုံဆည်းခွင့် မပေးတော့ဘူးထင်ပါရဲ့ကွာ ။
 
အေးချမ်းရှေ့တွင် ထိုင်နေရင်းမှ သက်လည် ငိုနေမိသည် ။ မုတ်သုံကို အရွဲ့တိုက်ကာ အေးချမ်းနှင့် ခိုးရာလိုက်ပြေးခဲ့သော်လည်း တကယ်တော့ မုတ်သုံကို သက်လည် လုံးဝ မမေ့နိုင်သေး ။ သို့သော် မုတ်သုံ၏ ညီမလေးတစ်ယောက်လို ချစ်ပါတယ် ဟူသော စကားကို ပြန်ကြားယောာင်သောအခါတွင် သက်လည် အံကို တင်းနေအောင်ကြိတ်ကာ အေးချမ်း၏ ရင်ခွင်ထဲတို့ တိုးဝင် ငိုရှိုက်နေမိလေတော့သည် ။
 
နိဂုံး …
 
ကိုးနှစ်ဟူသော အချိန်ကာလကို ဖြတ်ကျော်ခဲ့ကြလေသည် ။ သူငယ်ချင်း သုံးယောက် သည်လမ်းကလေးထဲတွင် ပြန်ဆုံကြသည် ။
 
သည်လမ်းကလေးကို ဟိုဘက် ရပ်ကွက်မှ လမ်းကလေးနှင့် ဆက်စပ်ကာ လမ်းဖောက်မည် ။ ကြားတွင် ခြားနေသော ချောင်းကလေးကို တံတားထိုးမည် ။ ကတ္တရာလမ်းခင်းကြမည် ။ လမ်းတံတား အင်ဂျင်နီယာသုံးယောက် ပြန်ဆုံကြသောအခါ တစ်ယောက်ကို တစ်ယောက် အံ့သြစွာ ငေးကြည့်နေမိကြလေသည် ။
 
သည်လမ်းကို တံတားခင်းမယ်ဆိုတော့ သည်ပရောဂျက်မှာ သူတို့သုံးယောက်လုံး ပါဝင်ခဲ့ကြသည် ။ ဒါကလည်း တိုက်ဆိုင်မှုတော့ မဟုတ် ။ မိမိတို့ ငယ်ဘ၀ အမှတ်တရ လမ်းကလေးဖြစ်နေသောကြောင့် သူတို့ သုံးယောက်လုံး ထိုနေရာကို အထက်လူကြီးများထံ တောင်းဆိုခဲ့ကြခြင်းဖြစ်သည် ။
 
သို့သော် သုံးယောက်လုံး ထိုသို့ ပြန်လည် ဆုံကြရလိမ့်မည်တော့ သူတို့တွေ လုံးဝ ထင်မထားမိကြချေ ။
 
ခုံကလေးတွင် ကလေးဘ၀ကလို သုံးယောက်သား တူတူထိုင်ဖြစ်ကြသည် ။
 
ပြောစမ်းပါဦး … ငါတို့တွေ မတွေ့ဖြစ်တဲ့ ကိုးနှစ်အတွင်းမှာ ဘာတွေ ပြောင်းလဲခဲ့ကြသလဲဆိုတာ …
 
မုတ်သုံက မေးလိုက်တော့ အေးချမ်းက ရယ်သည် ။
 
မင်း စင်ကာပူကို ထွက်သွားတာက လွဲရင် ငါတို့ကတော့ နေမြဲအတိုင်း ရန်ကုန်မှာ ကျန်ခဲ့ကြတာပဲလေ …
 
အေးချမ်းစကားကိုကြားတော့ မုတ်သုံက ပြုံးရုံသာပြုံးသည် ။
 
မင်းနဲ့ သက်လည်နဲ့ လမ်းခွဲခဲ့တဲ့အကြောင်းတော့ မပြောတော့ဘူးပေါ့လေ …
 
ထိုစဉ် သက်လည်၏ ဖုန်းက အသံမြည်လာလေသည် ။
 
ဟဲလို … မောင်လား … အင်း … ခဏနေရင် အလုပ်ပြီးတော့ မှာပါ … သြော် … အင်း … လာကြိုလေ … နေရာက ……………………………..
 
သက်လည် ဖုန်းချလိုက်သောအခါ မုတ်သုံနှင့် အေးချမ်းတို့က သက်လည်ကို ပြုံးစစ ကြည့်နေကြမှန်း သက်လည် သိလိုက်သည် ။
 
ဟာ … သည်နှစ်ယောက်တော့ … ငါ ယောက်ျားရသွားတာ အဲ့လောက်တောင် ရယ်စရာ ကောင်းနေလို့လား …
 
သက်လည်၏ တရင်းတနှီးစကားကြောင့် သူတို့ စကားဝိုင်းလေးသည် ပြန်လည် စိုပြည်သွားကြပြန်သည် ။
 
ငါ့အမျိုးသားက ငါ့ကို တကယ်ချစ်တာလေ …
 
သက်လည် ထပ်ပြောလိုက်သောစကားကြောင့် မုတ်သုံရော အေးချမ်းပါ မျက်နှာတွေ ထူပူသွားကြရသည် ။
 
ငါနင့်ကို တောင်းပန်စရာတွေ အများကြီးရှိခဲ့ပါတယ် သက်လည်ရယ် … ဒါကြောင့်လည်း ငါတို့ ကွာရှင်းပြီးတော့ ငါနင့်ကို လာမတွေ့ရဲခဲ့တာပါ …
 
အေးချမ်းပြောသောစကားကို သက်လည်က ကြားလိုက်တော့ သိပ်ခံစားရပုံမပြချေ ။ ပြီးခဲ့သော ပုံပြင်တစ်ပုဒ်ကို ပြန်နားထောင်သလိုသာ အေးအေးဆေးဆေး နားထောင်နေလေသည် ။
 
ငါလည်း နင့်ကို ကျေးဇူးတင်ပါတယ် အေးချမ်းရယ် … ငါ့ကို မချစ်တဲ့ လူတစ်ယောက်ရဲ့ လက်ထဲမှာ ငါ့တစ်ဘ၀လုံး မနစ်မွန်းသွားအောင် နင်လုပ်ပေးခဲ့တယ်လို့ ငါတွေးပြီး စိတ်ထဲမှာ ဖြေသာပါတယ်ဟာ … နင်ငါ့ကို တကယ် မချစ်မှန်း စောစောစီးစီး သိခဲ့ရတာ ငါ ကံကောင်းတာပေါ့ …
 
အေးချမ်း သက်လည်ကို မျက်နှာပူ အားနာသွားရသည် ။ သူတို့ ကွာရှင်းမည့်နေ့မတိုင်ခင် တစ်ရက်က သက်လည်ကို သူတကယ်မချစ်မှန်း ပြောပြခဲ့သည် ။ သက်လည် အစကတော့ သူ့ကို အံ့သြစွာ ကြည့်နေသည် ။ နောက်တော့ သက်လည် နားလည်သွားခဲ့ပုံရလေသည် ။ အိမ်ထောင်သက် တစ်နှစ်အတွင်း သူ့ကို တစ်ခါမျှပင် မကြင်နာခဲ့ဖူးသော ယောက်ျားတစ်ယောက်ကို အချစ်မပါဘဲ တစ်သက်လုံး လက်တွဲဖို့ မဖြစ်နိုင်ကြောင်း သက်လည် နားလည်သွားခဲ့ရသည် ။
 
နေစမ်းပါဦး … မုတ်သုံ … နင်ရော ဘယ်လိုလဲ … လူပျိုကြီးပဲလား … စင်ကာပူမှာ ကောင်မလေး ချောချောလေး မရခဲ့ဘူးလား …
 
မုတ်သုံ ရယ်လိုက်သည် ။ ပြီးတော့ ခေါင်းကို လေးလေးပင်ပင်သာ ခါလိုက်မိသည် ။
 
ဟော … ဟိုမှာ ငါ့အမျိုးသား လာကြိုပြီ … ငါ ပြန်တော့မယ်နော် … နောက်တော့ နင်တို့ နှစ်ယောက်နဲ့ ငါ့အမျိုးသားကို မိတ်ဆက်ပေးပါ့မယ် … သည်နေ့တော့ ချိန်းထားတာလေးရှိနေလို့ …
 
သက်လည်ထသွားတော့ မုတ်သုံနှင့် အေးချမ်းတို့သာ ကျန်ခဲ့သည် ။ နှစ်ယောက်သား စကားစဖို့ တော်တော်လေး ခက်နေသည် ။ အေးချမ်းက စကားကို အရွှန်းဖောက်ပြီး စသည် ။
 
ကောင်မလေး မရခဲ့ဘူးဆိုတော့ ကောင်လေးကော ရခဲ့ရဲ့လား …
 
အေးချမ်းက ရယ်လျက် မေးသော်လည်း မုတ်သုံက ခပ်တည်တည်သာ ။ ပြီးတော့ အေးချမ်းဘက်လှည့်ပြီး အေးချမ်းမျက်နှာကို ကြည့်ကာ ဖြေးဖြေးချင်း ပြောလိုက်သည် ။
 
ငါ့ဘ၀မှာ ငါ တကယ်ချစ်ခဲ့တာဆိုလို့ လူတစ်ယောက်ပဲ ရှိခဲ့ဖူးတယ် …
 
မုတ်သုံ၏ စကားအဆုံးတွင် အေးချမ်းမျက်နှာ ရဲကနဲဖြစ်ကာ ရှက်သွားရလေသည် ။ ထို့နောက်တွင် အခြားစကားများကို လှီးလွှဲကာဖြင့် အေးချမ်း ပြောနေလေတော့လေသည် ။
 
ပြီး … 
(မင်းခန့်နိုင်) 

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...