Sunday, July 27, 2014

မြင်နေခွင့်လေး

အချိန်နာရီတိုင်းမှာ … အနီးလေး ရှိပေမယ့် …
ရင်ခုန်သံများဟာ … မိုင်တွေခြားနေခဲ့ …
 
အနီးဆုံးတွင် ရင်ချင်းကပ် ရှိနေကြသော်လည်း ဝေးနေသကဲ့သို့ …
 
မင်းချမ်း အိပ်ရာက ထလိုက်တော့ ပထမဆုံး ချစ်သူ၏ လက်ကလေးကို ဖွဖွလေး ဆုပ်ကိုင်လိုက်မိသည် ။ ရုန်းပြန် လှုပ်ရှားမှု မရှိသောကြောင့် ချစ်သူ အိပ်နေသေးသည်ဟု မင်းချမ်း မှတ်ချက်ချလိုက်သည် ။ မင်းချမ်း ချစ်သူနှင့် နီးရာသို့ တိုးကပ်လိုက်ပြီး ချစ်သူ၏ ပါးပြင်ကို မိမိ ပါးပြင်နှင့် ထိကပ်လိုက်မိသည် ။
 
သို့သော်လည်း … ဘာလုပ်ရမည်နည်း … အနီးဆုံးတွင် ရင်ချင်းကပ် ရှိနေကြသော်လည်း ဝေးနေသကဲ့သို့ ။ ထိုကဲ့သို့ ခံစားရသည်ဘဲ ။ မင်းချမ်း ဘာလုပ်ရမည်နည်း ။
 
မြင်ချင်လှသည် ။ ချစ်သူ၏ မျက်နှာကို မင်းချမ်း မြင်ချင်လှသည် ။ တကယ်လို့ … သူလို ဒုက္ခိတ တစ်ယောက်ကို မြတ်မင်းမောင် ဆိုသော သူ့ချစ်သူက ပစ်သွားပါစေဦးတော့ ။ ချစ်သူ မျက်နှာလေးကို မြင်နေခွင့်လေး ။
 
မြင်နေခွင့်လေး တစ်ခု ရှိသည် ဆိုလျှင်ပင် မင်းချမ်း ကျေနပ်ပြီ … ။
 
မုတ်သုံလေရူးက တဖြူးဖြူးဖြင့် ကျီစယ်ခဲ့သည် ။ မင်းချမ်း ချမ်းစိမ့်စိမ့် ဖြစ်သွားသောကြောင့် ဘီဒိုဆီသို့ စမ်းတ၀ါးဝါး လျှောက်ခဲ့သည် ။ အနွေးထည်ကို ယူဝတ်လိုက်သည် ။ မျက်မမြင်တစ်ယောက် ဖြစ်သော်လည်း သည်အိမ်တွင်းတွင်တော့ မင်းချမ်း ကောင်းမွန်စွာ သွားလာတတ်ပြီ ဖြစ်သည် ။
 
ကော်ဖီကို ဖျော်ဖို့ မင်းချမ်း ဓါတ်ဗူး ဖွင့်လိုက်သည် ။
 
ချမ်းလေး … ကိုယ် ဘယ်နှခါ ပြောရမလဲ … ကော်ဖီကို မဖျော်ပါနဲ့လို့ … ရေနွေးပူ လောင်သွားတော့ ဘယ့်နှယ့်လုပ်မလဲ …
 
ထိုကဲ့သို့ ပြောခဲ့ဖူးသော ချစ်သူ အသံလေးကို မင်းချမ်း ပြန်ကြားယောင်လာသည် ။ ယခုတော့ …
 
အနီးဆုံးတွင် ရင်ချင်းကပ် ရှိနေကြသော်လည်း ဝေးနေသကဲ့သို့ … ။
 
မရှိတော့ပါ ။ အရင်လို ဆူဆူပူပူလုပ်တတ်သော ချစ်သူ၏ စိုးရိမ်တတ်သော ပူပန်တတ်သော စိတ်ကလေးကို မင်းချမ်း ရှာမတွေ့တော့ပါ ။ ယခုတော့ တစ်အိမ်တည်းတွင် တူတူနေနေကြသော သူစိမ်းနှစ်ယောက်ထက် သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ပိုမလာတော့ပါ ။
 
ခုံဆွဲထုတ်သံကို မင်းချမ်းကြားလိုက်သည် ။ ချစ်သူ သူ့ဘေးတွင် လာထိုင်မှန်း မင်းချမ်းသိလိုက်ပြီ ။
 
ချစ်သူ စကားတစ်ခွန်းမှ မပြောပါ ။ ကော်ဖီကို သူ့ဘာသာ ဖျော်သောက်နေသည် ။ ဒါဖြင့်ရင် မင်းချမ်း ဖျော်ပေးသော ကော်ဖီကိုရော ။ မင်းချမ်းမသိပါ ။ သို့သော် မင်းချမ်း ဖြေသာပါသေးသည် ။ တကယ်လို့ ကော်ဖီကို မြတ်မင်းမောင် သွန်ပစ်လျှင်ပင် မင်းချမ်း မြင်စရာ အကြောင်း မရှိ ။
 
တစ်အိမ်တည်းတွင် တူတူ နေနေကြသော သူစိမ်းနှစ်ယောက် … ။ ထိုစကားသည် မင်းချမ်းရင်ကို ထိခိုက်နာကျင်စေလွန်းလှပါသည် ။
 
ကိုယ်တို့ လမ်းခွဲကြရအောင် …
 
ထိုစကားကို မင်းချမ်း မျှော်လင့်ထားပြီး ဖြစ်သော်လည်း တကယ်တမ်း ကြားလိုက်ရတော့ မင်းချမ်း အသားကျအောင် အတော်ပင် ကြိုးစား နားထောင်ခဲ့ရပါသည် ။ နားကြားမှားခြင်းပင် ဖြစ်ပါစေဟု မင်းချမ်း ဆုတောင်းခဲ့သေးသည် ။
 
မင်းချမ်း ဘာမှ ပြန်မပြောခဲ့ပါ ။ ဆိတ်ဆိတ်နေခြင်းသည် လက်ခံသည်ဟု မြတ်မင်းမောင် ယူဆလျှင် မြတ်မင်းမောင် စကားကို မင်းချမ်း လက်ခံခြင်းဖြစ်မည် ။ ဆိတ်ဆိတ်နေခြင်းသည် ငြင်းပယ်သည်ဟု မြတ်မင်းမောင် ယူဆလျှင် မြတ်မင်းမောင် စကားကို မင်းချမ်း ငြင်းပယ်ခြင်းဖြစ်မည် ။
 
တကယ်တော့ သိပ်ချစ်မိသွားသောအခါတွင် အရာရာသည် ချစ်သူ အလိုကျသာ ဖြစ်လာစေခဲ့သည် ။
 
အခန်းတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည် ။ သို့သော် လေတိုက်သံတစ်ချို့ကိုတော့ မင်းချမ်း ကြားနေရဆဲဖြစ်သည် ။ နောက်တော့ ခုံကို ဆွဲဖယ်ပြီး ချစ်သူ ထထွက်သွားသောအသံကို မင်းချမ်း ကြားလိုက်ရသည် ။ သွားလိုလျှင် သွားပါစေတော့ ။ မင်းချမ်း နေခဲ့ရသည် ။
 
တကယ်တော့ သိပ်ချစ်မိသွားသောအခါတွင် အရာရာသည် ချစ်သူ အလိုကျသာ … ။
 
မျက်မမြင်တစ်ယောက်သည် မျက်စေ့မြင်သူတစ်ယောက်ကို တွယ်တာအားကိုးခြင်းဖြင့်သာ ချစ်ခြင်းဖြစ်ကြောင်း မင်းချမ်း မိုက်မဲစွာဖြင့် မိမိကိုယ်ကို လိမ်ညာလိုက်သည် ။
 
သို့သော်လည်း …
 
ရှိနေဦးမည်ဆိုလျှင်ပေါ့လေ ။ မင်းချမ်း မြင်နေခွင့်လေး ရှိချင်ပါသေးသည် ။ သူ တစ်ခါမှပင် မမြင်ခဲ့ဖူးသော ချစ်သူ၏ မျက်နှာလေးကို မင်းချမ်း မြင်ချင်ပါသေးသည် ။ မြင်နေခွင့်လေးကို မင်းချမ်း မျှော်လင့်ချင်ပါသေးသည် ။ အနည်းဆုံး ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ။ မင်းချမ်း သည်အိမ်လေးထဲတွင် သူပြန်လာမည့် တစ်နေ့ကို စောင့်ချင်ပါသေးသည် ။
 
မြတ်မင်းမောင် မျက်ရည်ကို သုတ်လိုက်သည် ။ ဆေးရုံထဲသို့ တစ်ခေါက် ပြန်ဝင်လာရပြန်ပြီ ။ သူ့ရောဂါကို သူ နားလည်ပြီး ဖြစ်သောကြောင့် မတုန်လှုပ်တော့သော်လည်း ချမ်းလေးအတွက် စိုးရိမ်လှသည် ။ သူမရှိလျှင် မျက်မမြင်ဘ၀နှင့် တစ်ယောက်တည်း ကျန်ခဲ့မည့် ချမ်းလေး ။
 
အိုး … ။ ဒါပေမယ့်လည်း ဘာဖြစ်သေးလည်း ။ သူ ချမ်းလေးအတွက် အတတ်နိုင်ဆုံး လုပ်ပေးခဲ့သည်ပဲ ။ သူ စိတ်ဖြောင့်ဖြောင့်နှင့် ချမ်းလေးကို ထားခဲ့ပြီး ထွက်သွားနိုင်ရမှာပေါ့ ။ သူ့အရှေ့တွင် ရှိနေသော ကိုယ်အင်္ဂါ လှူဒါန်းမှု စာရွက်ကို သူ လက်မှတ်ထိုးလိုက်သည် ။ သူ မရှိတော့လျှင်ပင် ချမ်းလေးအတွက် အလင်းရောင် တစ်စုံ ချန်ပေးနိုင်ခဲ့လျှင် မြတ်မင်းမောင် ကျေနပ်ပြီ ။
 
အိမ်ရှေ့ဝရံတာ တံခါးသည် လေပြင်း တိုက်ခတ်မှုကြောင့် ပွင့်နေခဲ့သည် ။ ထိုတံခါးကို မြတ်မင်းမောင်က မင်းချမ်း ပြုတ်ကျမည်စိုးသောကြောင့် အသေပိတ်ခဲ့သည် ။ ယခုတော့ လေပြင်းကြောင့် ထိုတံခါးသည် ပွင့်နေခဲ့သည် ။
 
မင်းချမ်း ဦးတည်ရာမဲ့ အိမ်ထဲတွင် တစ်ယောက်တည်း လျှောက်နေခဲ့သည် ။ အရှေ့တွင် ကျွံကျနေသော ကြမ်းပြင်နှင့် လမ်းဆုံးရှိနေသည်ကို မင်းချမ်း မမြင်နိုင်ခဲ့ ။ တစ်ချက် … ။ လေဟာနယ်ထဲသို့ မင်းချမ်း ရောက်သွားခဲ့သည် ။ အေးခနဲ တစ်ချက် ခံစားရပြီး နာကျင်မှုကို မင်းချမ်း ခံစားလိုက်ရသည် ။ ထို့နောက်တွင် ဘာဖြစ်သွားသည်ကို မင်းချမ်း မသိတော့ … ။
 
မင်းချမ်း အသိစိတ်တစ်ခုလုံးလည်း အမှောင်ဖုံးသွားခဲ့သည် ။ ချစ်သူ မျက်နှာလေးကိုပင် မင်းချမ်း မမြင်နိုင်လောက်အောင် အသိစိတ်တစ်ခုလုံး အမှောင်ဖုံးသွားခဲ့သည် ။
 
မြတ်မင်းမောင် စာချုပ်ကို လက်မှတ်ထိုးပြီး ထလိုက်သည် ။ တင်းထားသော သူ့အားများကို လျှော့ချလိုက်မှုကြောင့် သူ တုန်းကနဲ လဲကျသွားခဲ့သည် ။ သူ နောက်ဆုံး မြင်လိုက်ရသည်က ဆေးရုံမျက်နှာကျက်များ ။ သို့သော် သူ အားတင်း ကြိုးစားကာ မဖွင့်ချင်တော့ ။
 
မြတ်မင်းမောင် မျက်လုံးတွေကို ပြန်မှိတ်လိုက်သည် ။ အသိစိတ် တစ်ခုလုံး အမှောင်ကျသွားခဲ့သည် ။ သို့သော် မြတ်မင်းမောင် ၀မ်းမနည်းပါ ။ သူ့တွင် ရှိနေသော အလင်းတစ်စုံကို သူ သိပ်ချစ်သော မင်းချမ်းဆီသို့ လွှဲပြောင်းပေးရမည်ဆိုသော အသိဖြင့်ပင် မြတ်မင်းမောင် သေပျော်ချေပြီ ။
 
ပြီး … (မင်းခန့်နိုင်)

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...